အခန်း ၁၃၆ ။ ရွှင်ရှူး၏စမ်းသပ်မှု
ရွှင်ရှူးက အင်မတန်မြန်ဆန်စွာပဲ မတ်တတ်ရပ်လာတယ်။ သူက ထခုန်ပြီး ဝတ်ရုံတွေကို ဖယ်ကာ အပိုင်းပိုင်းဖြဲလိုက်တယ်။ မြေကြီးပေါ်ပစ်ချပြီး ဒေါသတကြီး တက်နင်းလိုက်သေး။ လက်တစ်ဖက် ယမ်းလိုက်တော့ ဝတ်ရုံပြာတစ်စုံက ပေါ်လာပြီး အမြန်ဝတ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ ဝတ်ရုံတွေက ကြမ်းပြင်ကို မထိတော့ဘူး။
“ဟေး မင်းတို့ ဒီကိုဘာလာ… အာ ဟုတ်သား ငါ့ဆောင်းဝိညာဉ်သစ်ရွက်က လူတိုင်းအတွက် မဟုတ်ဘူး”
သူက ချောင်းဟန့်လိုက်တယ်။ သူက စောနလေးကတင် ချော်လဲကျမထားသလိုမျိုး အထက်တန်းကျပြီး မြင့်မားတဲ့ ကိုယ်နေဟန်ထား ပြန်ထိန်းလေတယ်။ တကယ်လို့ မျက်နှာပေါ်က ရွှံ့ကြောင့်သာ မဟုတ်ရင် သူလဲကျတာက စိတ်ကူးယဉ်နေတာလို့ သူတို့ထင်မိဦးမှာ။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
“အယ်… ဧကရာဇ်ငယ်ရွှင်ရှူး” ဖေဖေနျိုက ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တာလေ – သူက ထိတ်လန့်မှုကနေ ပထမဆုံး သတိပြန်ဝင်လာတယ်။ ထိန်းချုပ်ထားတဲ့ အမူအရာနဲ့ သူက ပြောလာတယ်။
“ဒီရတနာက အရမ်းတန်ဖိုးကြီးတာ ကျွန်တော်တို့သိပါတယ်၊ ဧကရာဇ်ငယ်ရွှင်ရှူးက အမြဲရက်ရောပြီး အရှင့်မှာပဲ ဆောင်းဝိညာဉ်သစ်ရွက်ရှိတယ်လို့ ကြားဖူးထားလို့ပါ၊ ဒါကြောင့်…” ရွှင်ရှူးက အထင်သေးနေသေးတဲ့ပုံမြင်တော့ ကူယွဲ့ ချက်ချင်း မကျေမနပ်ဖြစ်နေတဲ့ မုန်လာဥဖြူကိုမပြီး ရွှင်ရှူးထံ ကမ်းပေးဖို့လုပ်လိုက်တယ်။
“ဧကရာဇ်ငယ်ရွှင်က အမတတစ်လောကလုံးမှာ အသိမ်မွေ့ဆုံး အမတလို့ကြားဖူးပါတယ်၊ ကျွန်တော်တို့ အပင်ဝိညာဉ်တစ်ခုနဲ့ကြုံခဲ့ရတာ ကံကောင်းတာပါပဲ၊ သူက အပင်အသက်မှာ နောကျေပါတယ်၊ တကယ်လို့ သူ့ကို အရှင်နဲ့ သုံးလပဲ နေခွင့်ပြုရင် အရှင့်ရဲ့ ဒီလှပတဲ့ဥယျာဉ်က ပိုခမ်းနားလာမယ်ဆိုတာ ကတိပေးပါတယ်”
“ကျီကျီကျီ…” ကူယွဲ့စကားပြောပြီးပြီးချင်း မုန်လာဥဖြူက အသက်လုနေသလို ရုန်းတော့တယ်။ သုံးလနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
“အပင်တိညာဉ်လား” ဧကရာဇ်ငယ်ရွှင်ရှူးက တကယ်ကိုပဲ ကူယွဲ့လက်ထဲက မုန်လာဥဖြူကို လှမ်းကြည့်ရလောက်တဲ့အထိ စိတ်ဝင်စားပေမဲ့ သူ့မျက်နှာက ချက်ချင်းနီးပါးကို ရွံရှာမှုနဲ့ ပျက်ယွင်းသွားတယ်။
“ဘယ်လိုလုပ် ဒီလိုရုပ်ဆိုးတဲ့ ပေါင်းပင်က ငါ့ဥယျာဉ်လှလှလေးထဲ ဘယ်လိုလုပ် သင့်တော်မှာလဲ”
“ကျီကျီကျီ…” မင်းကမှရုပ်ဆိုးတာ၊ မင်းတစ်မိသားစုလုံးကမှ ရုပ်ဆိုးတာ။
ကူယွဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ ဒီရွှင်ရှူးက သာမန်ကြွားတဲ့လူတင် မဟုတ်ဘူး အတော်လေးလည်း စိတ်ကြီးဝင်တာပဲ။ သူ တစ်ခဏစဉ်းစားပြီး မုန်လာဥဖြူကို ခါယမ်းလိုက်တယ်။
“မုန်လာဥဖြူ၊ ငါနဲ့ပူးပေါင်း၊ မင်းရဲ့ လူအသွင်ပုံစံပြောင်းလိုက်”
“ဟမ့်” မုန်လာဥဖြူက တကယ်ပဲ ကြီးလာပေမဲ့ လူအသွင်တော့ မပြောင်းဘူး။ တောက်ပတဲ့အလင်းနဲ့အတူ မုန်လာဥဖြူလေးက ဧရာမကြီးဖြစ်သွားတယ်။ ကူယွဲ့က သူ့လက်နဲ့တောင် အလေးချိန် မခံနိုင်တော့လို့ ဒူးထောက်ကျလုနီးပါးပဲ။
“ချီး” ဒီမုန်လာဥဖြူငတုံးကတော့ ဒီမှာ သုံးလပဲနေရမှာကို ဘာတွေ ကြေးများနေတာလဲ။
“မင်း ဒီည ယိချင်းဆီမှာ နှပ်ခံရအောင် ငါပစ်လိုက်မှာနော်”
ဒါပေမဲ့ မုန်လာဥက ခြိမ်းခြောက်ခံရတဲ့ပုံ မပေါ်။ ရင်ဘတ်ကို ချီပြီး ပြန်တောင်အာခံလိုက်သေးတယ်။
“ဖွီ” နောက်တော့ တဖြည်းဖြည်း နဂိုမူလအရွယ်အစားဆီ ပြန်ကျုံ့သွားတယ်။
“…” ဒီညတော့ ငါတို့ ဟင်းပွဲအပိုတွေစားရတော့မယ်။
“တော်ပြီ” ရွှင်ရှူးက ဒီအပင်ဝိညာဉ်ကို လုံးဝစိတ်မဝင်စားဘူး။ ဘယ်ကနေမှန်းမသိ သူက ယပ်တောင်တစ်ခု ထုတ်လာတယ်။ မျက်နှာက ရွှံ့တွေဖုံးနေသေးပေမဲ့ သူ့ဘာသာသူ အထာပေါက်တဲ့ဟန်နဲ့ ယပ်ခတ်နေတယ်။
“ငါအထင်ကြီးအောင် အများကြီးကြိုးစားစရာမလိုဘူး၊ မင်းဆောင်းဝိညာဉ်သစ်ရွက်ကို လိုချင်ရင် ငါ့စည်းကမ်းတွေကို လိုက်နာရုံပဲ”
သူက တစ်အောင့်စဉ်းစားပြီးတဲ့နောက် လက်တစ်ဖက်ယမ်းလိုက်တော့ အဖြူရောင်သေတ္တာတစ်ခု ပေါ်လာတယ်။ သူက လက်ယမ်းပြီး ငွေရောင်ဓားမြှောင်တစ်ချောင်း သေတ္တာထဲပေါ်လာတော့တာပဲ။ ဓားမြှောင်က ရှန်းရင်နဲ့ ကူယွဲ့ဆီ ပျံသန်းသွားပြီး သူတို့နားပတ်နေပြီးမှ ရွှင်ရှူးကိုင်ထားတဲ့သေတ္တာထဲ ပြန်ရောက်သွားတယ်။
“မင်းက ဓားကျင့်ကြံသူဖြစ်ပြီး ဓားသိုင်းတွေကို နားလည်သဘောပေါက်ရုံနဲ့ အမတနယ်မြေထဲ ဝင်နိုင်မယ်ထင်နေတာပဲ” သူက သေတ္တာကို မပြီး ပြောလိုက်တယ်။
“ဒီသေတ္တာထဲမှာ ရတနာတစ်ခုရှိတယ်၊ ငါ့ရတနာ ဒဿမအဆင့် အမတဓားပဲ၊ ဒီသေတ္တာက ဝိညာဉ်စုပ်ယူကျောက်တုံးတွေနဲ့ လုပ်ထားတာ၊ တကယ်လို့ ဒီသေတ္တာကို ဖွင့်ဖို့ လိုတဲ့အရာ မင်းမှာရှိပြီး အထဲကဓားကိုထုတ်နိုင်ရင် ဆောင်းဝိညာဉ်သစ်ရွက်ကို ပေးမယ်၊ မဟုတ်ရင် မင်းအရည်အချင်းမရှိပုံနဲ့ အမတနယ်မြေထဲကသွားတာ သေတွင်းတူးသလိုပဲဖြစ်မယ်”
အဲလိုနဲ့ သူက လှည့်ပြီးလက်ကို မလိုက်လေတယ်။ သူ့နောက်မှာ လူတစ်ယောက်ထက် သုံးဆလောက် ပိုရှည်တဲ့ အပင်ကြီးတစ်ပင် ဖြစ်နေတယ်။ အပင်က လုံးပတ်ထူပြီး ယိချင်း သူတို့ကို ပြခဲ့တဲ့ဟာနဲ့ဆင်တဲ့ လေးပွင့်ဆိုင်ပဲရိုင်းတွေဖုံးလွှမ်းနေတာကိုမြင်လိုက်ရတယ်။
“တကယ်လားဟင်” ကူယွဲ့က မျက်လုံးအရောင်တလက်လက်နဲ့ မေးကြည့်လိုက်တယ်။
“ငါက ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်ငယ်ပဲ၊ မင်းလို အဆင့်နိမ့်ဓားအမတတစ်ယောက်ကို လျှောက်ပြောရလောက်တဲ့အထိ အဆင့်မနိမ့်ဘူး” ဒီနှစ်ယောက် သေတ္တာကိုဖွင့်နိုင်မယ်လို့ ရွှင်ရှူး တစ်စက္ကန့်လေးတောင် မတွေးဘူး။ တံခါးဝမှာ ခြေချတည်းက သူတို့ ကျင့်ကြံဆင့်ကို သူ အာရုံခံပြီးပြီ။ တစ်ယောက်က အလွန်ဆုံးမှမြေအမတ၊ နောက်တစ်ယောက်ကတော့ ရွှေအမတ။ ဒါက အဆင့်မြင့်အမတတွေတောင် မဖွင့်နိုင်တဲ့ ဒဿမအဆင့်အမတသေတ္တာပဲ။
သူ စကားပြောပြီး လက်မြှောက်လိုက်တော့ သေတ္တာက သူတို့နှစ်ယောက်ဆီ ပျံလာတယ်။
ကူယွဲ့ ချက်ချင်း သေတ္တာကိုလှမ်းဖမ်းပြီး ရွှင်ရှူးအတွေးကို နားလည်သွားတယ်။ ဝိညာဉ်စုပ်ယူကျောက်တုံးတွေက အရမ်းကိုခိုင်ခံ့ပြီး မသေမျိုးချီကို တောင့်ခံနိုင်တယ်။ ဆိုလိုတာက သေတ္တာကို အမတအစွမ်းတွေနဲ့ ဖွင့်လို့မရဘူးပေါ့။ သူတို့တွေ ကာယစွမ်းအားသုံးရမှာပဲ။ ကျင့်ကြံဆင့်အရ သူ မလုပ်နိုင်တာတော့ ကူယွဲ့သေချာတယ်။ ဒါပေမဲ့… သူ့မှာ cheat ရှိတယ်လေ
“ရှန်းရင် မင်း ဒီသေတ္တာကို ရှင်းလိုက်” သူက လှည့်ပြီး သူမဆီသေတ္တာကို ကမ်းပေးလိုက်တယ်။ Cheatသမားယင်က တခြားအစွမ်းမရှိပေမဲ့ အကုန်လုံးထက် ပိုပြီးပြင်းထန်တယ်
“ဟမ်” ရှန်းရင်က သေတ္တာကိုကိုင်ထားလျက်သား။
“ဘယ်လိုမျိုးလဲ”
“မင်းသဘောပဲ၊ ဒီတိုင်းသာ ဖျက်ဆီးလိုက်”
“အော်”
သူက ခဏထပ်တွေးပြီး ထည့်ပြောလိုက်တယ်။
“ငါတို့ ထုတ်ဖို့ပဲလို…”
သူ စကားမဆုံးခင် အက်ကွဲသံကြီးပေါ်လာလေရဲ့။ ရှန်းရင်က လက်သီးဆုပ်ပြီးနောက်တော့ ဖြေလျှော့လိုက်တယ်။ တစ်ချိန်က ခိုင်မာပြီး တောင့်တင်းတဲ့ဝိညာဉ်စုပ်ယူသေတ္တာက ခုတော့ဖုန်မှုန့်ဖြစ်သွားပြီ။ အထဲက အမတဓားတောင်…။
“ဘာထုတ်ရမှာ” ရှန်းရင်နောက်ဆုံးတော့ ကူယွဲ့ ဘာပြောလဲ နားလည်သွားပြီ။ သူမ ဖုန်မှုန့်အပုံလေးကိုငုံ့ကြည့်လိုက်တယ်။
“အာ… နောက်ကျလွန်းသွားပြီလား”
ရွှင်ရှူး ။ ။ “…”
ကူယွဲ့ ။ ။ “…”
တစ်ခဏနေသော်…။
“ငါ့ဒဿမအဆင့်အမတဓား” ရွှင်ရှူး မှင်တက်သွားပြီး မျက်လုံးတွေပြူးကျယ်ကုန်တယ်။
“အာ… နောက်ကျသွားလွန်းပြီလား”
ရွှင်ရှူး ။ ။ “…”
ကူယွဲ့ ။ ။ “…”
တစ်ခဏအကြာ…
“ငါ့ဒဿမအဆင့် အမတဓား” ရွှင်ရှူး တအံ့တဩရေရွတ်ပြီး မျက်လုံးတွေပြူးကုန်တယ်။
“ဖေဖေနျို၊ ဘာ…ဘာလုပ်ကြမလဲ”
ရှန်းရင်က တုန်နေပြီ။ အဲလူကဘာလို့ ငါတို့ကိုဝါးစားတော့မလို ကြည့်နေတာလဲ။
“မင်းကငါ့မေးတယ်ပေ့ါ” ကူယွဲ့ကတော့ သွေးအန်ချင်နေပြီ။
“ဘာလို့ အကြောင်းမရှိ အပိုင်းပိုင်းခြေမွှပစ်လိုက်ရတာလဲ”
“နင်ပဲဖျက်ဆီးလို့ ပြောတယ်မဟုတ်လား”
“…” ငါ မင်းကို သေတ္တာနဲ့အတူ ဓားကိုတော့မဖျက်ဆီးခိုင်းပါဘူးနော်။
“ဧကရာဇ်… ငယ်”
“မင်းတို့… မင်းတို့၂ယောက်လုံး…” ရွှင်ရှူးလေသံက ဒေါသတကြီး။ သူ့လက်ထဲကယပ်တောင်က ဓားအဖြစ် ပြောင်းပြီး သူတို့ကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်တော့တယ်ာ
ကူယွဲ့ ရင်ထိတ်သွားတယ်။ ငါတို့တော့ဂွမ်းပြီ။
“ရှန်းရင် ငါတို့ ဘာလုပ်ကြမလဲ”
“… ပြေး” ရှုံးနိမ့်သွားတဲ့ယင်ဟာ လှည့်ပြီး ချက်ချင်း ခြေကုန်သုတ်တော့တယ်။
ကူယွဲ့ သူ့နားထဲလေတစ်ချက်တိုးသွားတာခံစားလိုက်ရပြီး cheatက အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်သွားပြီဆိုတာ မြင်လိုက်ရလေတယ်။
“ဟိုလီရှစ်”
“မင်းတို့၂ယောက်လုံးကိုသတ်မယ်” ရွှင်ရှူးက ဓားမြှောက်ပြီး ကူယွဲ့ဆီ ဦးတည်လာတော့တယ်။
“ခွေး*သား၊ မင်း သစ္စာလုံးဝမရှိဘူးပဲ၊ မင်းသိတာ…”
ကူယွဲ့ စကားပြောတာမဆုံးခင် ရှန်းရင်က နောက်လေပြင်းတစ်ချက်နဲ့အတူ ပြန်ပေါ်လာတယ်။ သူမက ကူယွဲ့ကို ရွှင်ရှူးဓားမထိခင်လေးတင် ကောက်ဆွဲပြီး ထွက်ပြေးကြတော့တယ်။
ရွှင်ရှူးက လေကိုပဲ ပိုင်းလိုက်ရပြီး ဒေါသနဲ့တုန်ယင်နေတော့တယ်။ ဒါပေမဲ့ သူ သူတို့အရှိန်အဝါကို အာရုံခံမရတော့ဘူး။
“မင်းတို့ပြေးတာ အရမ်းမြန်လို့ပေါ့၊ ငါနဲ့ထပ်မတွေ့စေ…”
အဲအချိန်မှာတင် နောက်လေပြင်းတစ်ချက်နဲ့ လူနှစ်ယောက်က ထပ်ပေါ်လာတယ်။ ဒီတစ်ကြိမ်တော့ သူတို့ရွှင်ရှူးဘေးက ဖြတ်ပြေးတာ မျှော်စင်လေးဆီရောက်တဲ့အထိပဲ။ သူတို့ကရပ်ပြီး သစ်ပင်ကို အမြစ်ကနေ ဆွဲနုတ် မပြီး… ဆောင်းဝိညာဉ်အပင်နဲ့အတူ နောက်ဆုံးအကြိမ် တူတူပျောက်ကွယ်သွားကြလေရဲ့။
ရွှင်ရှူး ။ ။ “…”
တစ်ခဏအကြာ…
သူ့စိတ်က လုံးဝကို ဗလာကျင်းနေပြီ။ နောက်ဆုံးထိန်းထားတဲ့ ထိန်းချုပ်မှုလည်း ပျောက်ကွယ်သွားတယ်။
“ခွေး*သားနှစ်ကောင်၊ ခုချက်ချင်း အဲမှာရပ်ကြ”
——————
လီရွှေ့မြစ်။
“ယိချင်း၊ ယွီဖုန်းအမတမြို့ဆီ ဒီခရီးက အရမ်းအန္တရာယ်များပေမဲ့ ဒါက မင်းအတွက် အခွင့်အရေးပဲ၊ မင်း အားကုန်ထုတ်ဖို့လိုတယ်”
နတ်ဒေဝါဧကရာဇ်ကောယိုးက ပြုံးပြီး ယိချင်းကို ပြောတယ်။
“တကယ်လို့ မင်း ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ရှာတွေ့ရင် ကိုယ်တော် မင်းကို သေချာပေါက် ရက်ရက်ရောရော ဆုချမယ်”
“ကျေးဇူးပါ နတ်ဒေဝါဧကရာဇ်” ယိချင်း သူ့ကိုလှမ်းကြည့်ပြီး မြန်မြန်ပဲ အကြည့်အောက်ချလိုက်တယ်။
“အဲမြို့ထဲ ကျွန်တော်ဝင်တဲ့ရည်ရွယ်ချက်က ကျွန်တော့်ကျင့်ကြံမှုကို လေ့ကျင့်ဖို့ပါ၊ ကျွန်တော် ဓားရှာနိုင်၊ မရှာနိုင်ကတော့ ကံပါပဲ၊ အာမ မခံရဲပါဘူး”
ကောယိုး ယိချင်းက သူ့အတွက်ဘာကောင်းလဲဆိုတာ မသိရကောင်းလား ဆိုတဲ့ပုံနဲ့ မျက်နှာပေါ် မချင့်မရဲအမူအရာဖြတ်ပြေးသွားတယ်။ သူ စက္ကန့်ပိုင်းအတွင် ဣန္ဒြေဆယ်ပြီး ပြောလိုက်တယ်။
“သေချာပေါက်ပေါ့” ကောင်းကင်ကိုမော့ကြည့်ပြီး သူယိချင်းကို လောလိုက်တယ်။
“နောက်ကျနေပြီ၊ မင်း မြန်မြန်ထွက်ခွာသင့်ပြီ”
“ခဏစောင့်ပေးပါဦး” ယိချင်းက သူတို့ဆီဦးတည်နေတဲ့ လမ်းကို မျှော်လင့်တကြီးကြည့်လိုက်ပေမဲ့ ရင်းနှီးတဲ့မျက်နှာတွေကို မတွေ့ရသေးဘူး။ သူမနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိတော့တယ်။ ဆရာက သူ့ကို ဒီအချိန် ဒီနေရာမှာတွေ့မယ် ကတိပေးထားတာ။ ဘာလို့ရောက်မလာသေးတာလဲ။ လမ်းပျောက်သွားတာလား။
အမတဧကရာဇ်ကောယိုးက ငြင်းခံရတာနဲ့ပတ်သက်ပြီး နေသားမကျဘူး။ ယိချင်းက သူ ဆုချီးမြှင့်ဖို့ ကြိူစားတာကို သုံးလေးကြိမ် ငြင်းပစ်တယ်ဆိုတဲ့အချက်ကိုအသာထား – အမတမြို့သွားဖို့တောင် သူ့ဆရာခွင့်ပြုချက်ကို တောင်းချင်တယ်။ သူ နောက်တော့ သဘောတူလာပေမဲ့ မထွက်ခွာခင် လီရွှေ့မြစ်မှာ နေ့တစ်ဝက်နေဖို့ အတင်းပြောပြန်တယ်။ ဟိုးအရင် ကောယိုး အဆင့်မြင့်အမတအဖြစ်တက်လှမ်းခဲ့တည်းက သူ့အာဏာကို ဂရုမစိုက်တဲ့လူနဲ့ တစ်ခါမှမကြုံဖူးဘူး။ ယိချင်းက ပြန်နောက်ဆုတ်ဖြို တွေးနေတာလား။
“ယိ…” သူ ယိချင်းကို ဓားကျင့်ကြံသူဖြစ်ရုံနဲ့ လေကြီးလေကျယ်မလုပ်သင့်ကြောင်း သတိပေးဖို့ရှိသေး ယိချင်းက ကြားဖြတ်ပြောလာတယ်။
“သူတို့ရောက်လာပြီ”
ဘာ။
ကောယိုးမတုံ့ပြန်နိုင်ခင် လူတချို့ သူ့ဘေးက ဖြတ်ပြေးသွားတာ မြင်လိုက်ရတယ်။ လေပြင်းလို့ သူ့မျက်နှာမှာတောင် ဖုန်တွေကပ်ကုန်ပါလေရော။
မြစ်ဘေးမှာ လူနှစ်ယောက် ထပ်ရပ်နေခဲ့တယ်။ တစ်ယောက်က ဖြူဖပ်ဖြူရော်ဖြစ်ပြီး အချိန်မရွေးအန်ချတော့မလိုဖြစ်နေတဲ့ ယောက်ျားတစ်ယောက်။ သူ့ဘေးမှာက ပခုံးပေါ် သစ်ပင်ကြီးထမ်းထားတဲ့… ဝတ်ရုံစိမ်းနဲ့ မိန်းမတစ်ယောက်။ သစ်ပင်ပေါ်က သစ်ရွက်တွေက အတော်လေး ရင်းနှီးနေသလိုပဲ
အဲဒါ… ဆောင်းဝိညာဉ်သစ်ပင်လေ
သစ်ပင်တစ်ခုလုံးကြီး
Σ(°△°|||)
…