အခန်း ၁၃၅ ။ အိမ်၌ ဝတ်ကောင်းစားလှဝတ်ခြင်း
“ယွီလင်းအမတနယ်မြေက အပြင်အမတဘုံပိုင်တဲ့ ဆန်းကြယ်ဘုံတစ်ခုပဲ”
ရှုကျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောတော့တယ်။
“ရှေးတုန်းက ကောင်းကင်မျိုးနွယ်က မြေတစ်ကွက်ချန်ထားခဲ့တယ်လို့ပြောကြတယ်၊ အဲမြေက ပတ်ဝန်းကျင်က အရမ်းကိုဆိုးယုတ်ပြီး အန္တရာယ်များပေမဲ့ အင်မတန်ကံကောင်းတယ်တဲ့၊ ဒဏ္ဍာရီအရတော့ နတ်ဒေဝါဧကရာဇ်တွေအကုန်လုံး အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ကို ရှာတွေ့ခဲ့တယ်ပြောတယ်”
“အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်လား”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“အဲဒါဘာလဲ”
“အဲဒါက ရှေးခေတ်ကောင်းကင်မျိုးနွယ်က လောကကိုဖန်တီးပြီးတော့ ထားရစ်ခဲ့တဲ့ စကြဝဠာဖန်တီးရတနာပဲ၊ နတ်ဒေဝါဧကရာဇ်ဆယ်ယောက်က သူတို့ရဲ့ မြင့်မားတဲ့ ကျင့်ကြံဆင့်ကြောင့်တင် မကဘူး၊ ဒီကောင်းကင်လက်နက်ရှိလို့ပါ စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်တာလို့ ကြားဖူးတယ်၊ ကောင်းကင်လက်နက်က ဖန်တီးမှုအစွမ်း ပါဝင်တယ်တဲ့”
“ဒါဆို ဓားရှာတာကျတော့ရော” ယိချင်းက မေးလိုက်တယ်။
“အော် အဲဒါကတော့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ကို နတ်ဒေဝါဧကရာဇ်ဆယ်ယောက် ရှာတွေ့ချိန် ဖန်တီးသူတွေက ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ထားခဲ့တယ်တဲ့၊ ပြောကြတာတောာ့ အဲဒါကို ကောင်စကင်ခွဲဖို့သုံးခဲ့တာတဲ့လေ၊ အဲဓားက အဲဒီအမတနယ်မြေမှာ ကျန်ရစ်နေပြီး ရှာတွေ့ဖို့ကံပါလာသူကိုစောင့်ဆိုင်းနေဆဲတဲ့”
“ကောင်းကင်ဖွင့်နတ်လက်နက်လား” ရှန်းရင်ကတန့်သွားတယ်။
“ဆိုလိုတာက ကောင်းကင်ကို ဟက်တပ်ဖွင့်ခွဲတာမျိုးလား”
ရှုကျန်းက အသည်းအသန်ခေါင်းညိတ်ပြတယ်။
“အစီအရင်ခြောက်မျိုးဓားက ကောင်းကင်နဲ့မြေကြီးကိုခွဲလို့ရတဲ့အထိ တကယ်ကိုအင်အားကြီး သန်မာတယ်ပြောကြတယ်၊ သုံးလောကကိုတောင် ပိုင်းဖြတ်နိုင်တယ်လို့ ပြောဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး”
“အော် အဲဒါ သိပ်တော့မခက်ဘူးမလား” တံခါးဖွင့်ဖို့ပဲလိုတာလေ။
ကူယွဲ့နဲ့ယိချင်းတို့နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူတို့ရုတ်တရက် ရှန်းရင်က လက်တစ်ဖက်တည်းနဲ့ တခြားဘုံဆီ ရောက်တဲ့တံခါးကို ဖွင့်ခဲ့တာ သတိရသွားတယ်။ ချက်ချင်းပဲ ကောင်းကင်လက်နက်အပေါ် သူတို့စိတ်ဝင်စားမှုနဲ့ သိချင်စိတ်က အနုတ်ရောက်သွားတော့တယ်။ ဟီးဟီး အဲလိုအိုမင်းနေတဲ့ ကောင်းကင်လက်နက်တွေက cheat ကိုနိုင်နိုင်လို့လား။
အဲနေရာကို သွားဖို့ လုံးဝကိုမလိုဘူး။
“ဟားဟားဟား ရောင်းရင်းအမတရှန်းကတော့ နောက်နေတာဖြစ်ရမယ်” ရှုကျန်းက သူနောက်နေတယ်ထင်ပြီး ဆက်ပြောတော့တယ်။
“ဒီယွီလင်းအမတနယ်မြေက အရမ်းအန္တရာယ်များနိုင်ပေမဲ့ အထဲမှာ မရေမတွက်နိုင်အောင် ဆန်းကြယ်ပြီး ထူးခြားတဲ့ရတနာတွေရှိတယ်၊ နေရာအနှံ့မှာ ရှာတွေ့နိုင်တဲ့ ကျောက်တုံး၊ မြေဆီလွှာနဲ့ အပင်တွေကတောင် ထိပ်တန်းအမတလက်နက်တွေဖန်တီးဖို့အတွက် ကုန်ကြမ်းတွေပဲ၊ လမ်းတစ်လျှောက် ကောက်ယူလာတဲ့ ဘယ်ကျောက်တုံးမဆို အဆင့်လေး၊ အဆင့်ငါးအမတလက်နက်တွေ သွန်းလုပ်ဖို့ သုံးနိုင်တယ်၊ သူတို့တွေက အမတဘုံမှာရှာဖို့ခက်တာတွေ”
လက်နက်ဖန်တီးတာ
“သွား မင်းသွားရမယ်” ကူယွဲ့ ယိချင်းပခုံးကိုပုတ်လိုက်တယ်။
“စားဖိုမှူး… ယိချင်း၊ မင်း မဟူရာအမတတက်လှမ်းပြီးပြီဆိုတော့ စလေ့ကျင့်ဖို့ အချိန်ရောက်ပြီထင်တယ်၊ နတ်ဒေဝါဧကရာဇ်က မင်းကို ဒီလောက်တောင် သဘောကျမှတော့ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူး”
“ကျွန်တော် မသွားဘူး” ယိချင်း ချက်ချင်း သူ့ကို ငြင်းပြီး ရှန်းရင်ခွက်ထဲ လက်ဖက်ရည်ဆက်ငှဲ့ပေးနေတယ်။
“တကယ်လို့ ကျွန်တော်သွားရင် သုံးလအနည်းဆုံးပဲ၊ အရမ်းကို ကြာလွန်းတယ်” သူ့ဆရာဘေးကနေ ထွက်သွားလို့ မဖြစ်ဘူး။ တစ်ကောင်ကောင်က လာပြီး သူ့ဆီကနေ ဆရာကိုလာလုယူမလဲဆိုတာ ဘယ်သူသိမှာလဲ။
ကူယွဲ့ ဒီငတုံးကို ရိုက်နှက်ချင်သွားတယ်။ ဝူတိဂိုဏ်းကလက်နက်မဲ့နေတာ သူသိရဲ့လား။ ကူညီနိုင်တာကို မလုပ်ဘူးလား။ ဒါအခွင့်အရေးကောင်းကြီးကို။ ကူယွဲ့ အံကြိတ်ပြီး ရှန်းရင်ဘက်လှည့်မေးလိုက်တယ်။
“မင်းတပည့်ကိုပြောလို့ရလား”
“ဒါပေမဲ့ တကယ်ကြာလွန်းတယ်လေ…” သုံးလတောင်
“နောက်လအတွက် မင်းရဲ့စားသောက်စရိတ်ကို နှစ်ဆတိုးပေးမယ်”
“စားဖိုမှူး၊ ဖေဖေနျို မှန်တယ်” ရှန်းရင်က ယိချင်းဘက် တည်ကြည်တဲ့အကြည့်နဲ့ လှည့်ပြောလိုက်တယ်။
“ဂိုဏ်းရဲ့အကျိုးအတွက် နင် ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်လို့မဖြစ်ဘူး”
ယိချင်း ။ ။ “…”
“ဟုတ်တယ်” ကူယွဲ့ မျက်လုံးတွေက စကားပြောရင်း တောက်ပလာတယ်။
“ဒါမှမဟုတ် မင်း ရှန်းရင်ရော ငါ့ကိုပါအတူခေါ်သွားလို့ရလား နတ်ဒေဝါဧကရာဇ်ကို မေးကြည့်လေ”
“မထင်ဘူးနော်” ယိချင်း ပါးစပ်တောင်မဟခင် ရှုကျန်းက ဝင်ဖြေလာတယ်။
“ညီကိုကူယွဲ့၊ ခင်ဗျားကတော့ မသိပေမဲ့ ယွီလင်အမတနယ်မြေက နှစ်တစ်ထောင်မှတစ်ခါပွင့်တာ၊ ဝင်ဖို့အတွက် လီရွှေ့မြစ်ကိုဖြတ်ရ်ယ်၊ ဒီမြစ်က အဲအရာဒါမှမဟုတ် လူက အထူးပစ္စည်းတစ်ခု မသယ်လာသရွေ့ ဘယ်ဟာကိုမှဖြတ်ခွင့်မပေးဘူး၊ အမတရောင်းရင်းယိချင်း နတ်ဒေဝါဧကရာဇ်က ခင်ဗျားကို ဒီပစ္စည်းပေးလိုက်မှာပဲမဟုတ်လား”
ယိချင်း တန့်သွားပြီးနောက်တော့ မှတ်မိသွားတယ်။ သူ အမြန် ဝတ်ရုံထဲကနေ သစ်ရွက်စိမ်းတစ်ခု ထုတ်လိုက်တယ်။
“ဒါက ကျွန်တော် အမတနန်းတော်ထဲဝင်ချိန် သူပေးခဲ့တာပဲ၊ သူက မဟူရာအမတဖြစ်လာလို့ ဂုဏ်ပြုတဲ့လက်ဆောင်တဲ့”
“ဒါပဲ” ရှုကျန်းက အတည်ပြုလိုက်တယ်။
“ဒါကဆောင်းဝိညာဉ်သစ်ရွက်ပဲ တုန်းဇယ်က ရှန်းတုန်းအမတဗိမာန်ရဲ့ ဧကရာဇ်ငယ် ရွှင်ရှူးမှာပဲ ရှိတာ”
ရှန်းရင် သူ့လက်ဖဝါးထဲက သစ်ရွက်ကြီးကိုလှမ်းကြည့်လိုက်တယ်။ လေးပွင့်ဆိုင်ပဲရိုင်းပွင့်ကြီးနဲ့တူတာပဲ – စားလို့မရဘူးပေါ့။ ဒါက ဘယ်လောက်များထူးခြားလို့လဲ
“ဒါတင်မကဘူး၊ ယွီလင်းအမတနယ်မြေရဲ့ အပြင်မှာ ထူထဲပြီး အားကောင်းတဲ့ဓားချီတွေရှိနေတာ၊ ဓားဆန္ဒအပေါ် ဉာဏ်အလင်းပွင့်မှု အတော်လေးရှိထားတဲ့ ဓားအမတတွေ ဒါမှမဟုတ် နတ်ဒေဝါဧကရာဇ်တွေပဲ ဓားချီကိုဖြတ်သန်းပြီး နယ်နိမိတ်ထဲဝင်နိုင်မှာ”
ရှုကျန်းက ဆက်ပြောတယ်။
“အဲဒါကြောင့် အရှင်မင်းကြီးက ဓားကိုရှာဖို့ ဓားအမတတွေကို လွှတ်ရတာပဲ”
ဒီလိုကိုး ဆိုလိုတာက သူတို့က ခွင့်ပြုလက်မှတ်လိုတယ်၊ စိတ်တိုင်းကျ နယ်နိမိတ်ထဲဝင်လို့မရဘူးပေါ့။
“ညီကိုရှု၊ ဧကရာဇ်ငယ်ရွှင်ရှူးက… ဘယ်လိုမျိုးလဲ”
“ညီကိုကူယွဲ့ အလောမကြီးပါနဲ့” ကူယွဲ့က မျှော်လင့်ချက်တွေ ဖုံးကွယ်ထားသေးတာမြင်တော့ ရှုကျန်း သူ့ကို နားချလိုက်တယ်။
“ဓားအမတတွေပဲ ယွီလင်းအမတနယ်မြေထဲ ဝင်လို့ရတာပါ”
“ငါက ဓားအမတလေ”
“ဘာ” သူက ဓားအမတလား။ ဘယ်တုန်းတည်းက ဓားအမတတွေ အဲလောက်များလာတာလဲ။
“အင်း…” သူ ရှန်းရင်ကို ကြည့်လိုက်တယ်။ ဒါတိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူးမလား။
“အော် ခင်ဗျား သူ့ကိုစိုးရိမ်ဖို့မလိုပါဘူး”
ကူယွဲ့က ယုံကြည်ချက်ရှိရှိ ရှုကျန်း ပခုံးကိုပုတ်လိုက်တယ်။
“ဓားချီက ပြဿနာလုံးဝမဟုတ်ပါဘူး၊ တကယ်တော့ ဓားချီကနေ ကျုပ်တို့ကိုယ်ကျုပ်တို့ ကာကွယ်ဖို့ သူမကို အသုံးမချဘူးဆိုရင် သူမကိုအခက်တွေ့အောင်လုပ်နေသလိုတောင်ဖြစ်မှာ”
ရှုကျန်း ။ ။ “…”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…” ခွေး*သား
——————
တုန်းဇယ်တွင်။
သူတို့ရဲ့ မိတ်ဖက်အသစ် ရှုကျန်းပြောတာတော့ဧကရာဇ်ငယ်ရွှင်ရှူးက လူထူးဆန်းတဲ့။ သူက ဧကရာဇ်ငယ်အဆင့်အတန်းကို ရပြီးပြီဆိုပေမဲ့ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံရတာ မကြိုက်လို့ အရှေ့ပိုင်းတောရိုင်းထဲမှာရှိတဲ့ အမတဗိမာန်ထဲမှာပဲ တစ်ယောက်တည်းနေရတာကြိုက်တယ်တဲ့။ သူက အပင်စိုက်ရတာ ကြိုက်ပေမဲ့ အမတဆေးမြစ်တွေ၊ အပင်တွေတော့ မစိုက်ဘူးတဲ့၊ အဲအစား တာအိုအစေ့တွေကိုပဲ သဘောကျတာတဲ့လေ။
ကူယွဲ့ ဒါကိုကြားချိန် ဧကရာဇ်ရွှင်ရှူးက နောက်ထပ် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လူတစ်ယောက်ပဲဆိုတာ သဘောပေါက်သွားတယ်။ ငါးရက်အကြာမှာတော့…။
သူနဲ့ရှန်းရင် အရမ်းကို ဒေါသထွက်ပုံပေါ်နေတဲ့ မုန်လာဥဖြူကိုကိုင်ထားပြီး ရှန်းတုန်းအမတဘုံဗိမာန်ရှေ့ ရပ်နေတယ်။
“မမလေး… တကယ်ပဲ တို့ကိုစွန့်ပစ်တော့မို့လား”
မုန်လာဥဖြူ အရွက်တွေက ဆေးစိမ်ထားတဲ့အရွက်တွေလိုမျိုး အကုန်ရှုံ့တွနေတယ်။ ကြည့်ရတာ လုံးဝကို ဝမ်းနည်းပက်လက်ဖြစ်ပုံပဲ။
“ကျေးဇူးပြုပြီး အဲလိုမလုပ်ပါနဲ့၊ မုန်လာဥဖြူက မမလေးဟာအဖြစ် မွေးလာပြီး မမလေးဟာအဖြစ်နဲ့ပဲ သေမှာ၊ တို့သန့်စင်တဲ့ကိုယ်ခန္ဓာကို တခြားတစ်ယောက် ညစ်ညမ်းစေမှာမျိုး ခွင့်ပြုနိုင်လို့လား”
ရှန်းရင်က သူ့ကိုကြည့်ပြီး ကျယ်လောင်စွာ သက်ပြင်းချလိုက်တယ်။
“အင်း ခွင့်ပြုနိုင်တာပေါ့” နင်က အသီးအရွက်ပဲကို။
မုန်လာဥ ။ ။ “…” နှလုံးသားလေးနာကျင်သွားပြီ
“ဗိမာန်အပြင်မှာ ဘယ်သူရှိနေတာလဲ” သူတို့နားဘေးကနေ အသံတစ်သံကြားလိုက်ရပြီး သူတို့ပေါ် ပြင်းထန်တဲ့အမတဖိအားတစ်ခု ဖိချလာတာ ခံစားလိုက်ရတယ်…။
ကူယွဲ့ ရင်ထဲထိတ်သွားတယ်။ သူ အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတော့ သူ့ကိုယ်ပေါ်ကဖိအားကို လျှော့ချနိုင်လိုက်တယ်။
“ဝါငယ် ဝူတိဂိုဏ်းမှ ဓားကျင့်ကြံသူ ကူယွဲ့က ဧကရာဇ်ငယ်ရွှင်ကို ဂါဝရပြုဖို့ရောက်လာတာပါ”
“ဓားကျင့်ကြံသူလား” အဲလူက အထက်စီးဆန်ပြီး နှိမ်တဲ့အသံပေါက်နေတယ်။
“အမတနယ်မြေကဓားကို ရှာဖို့အတွက် သေရမှာမကြောက်တဲ့ နောက်ထပ်လူပဲ ဝင်လာခဲ့ချေ”
ချက်ချင်းပဲ သူတို့ရှေ့က ကျောက်တုံးနံရံပေါ် ရေးထားတဲ့ “ရှန်းတုန်းအမတဗိမာန်” စာလုံးတွေက ရုတ်တရက် လူသာမန်တစ်ယောက် ဖြတ်သွားလို့ရတဲ့ အပေါက်တစ်ခုအဖြစ် ကွဲထွက်သွားတယ်။ သူတို့ အပေါက်ထဲကနေ အပင်ချီနဲ့အတူ ပြင်းထန်တဲ့ဓားချီတွေ ထွက်လာတာကို အာရုံခံမိလိုက်တယ်။
ကူယွဲ့ အထဲဝင်မို့ရှိသေး သူ့ဘေးက ပျင်းရိပြီး အိပ်ငိုက်နေတဲ့ရှန်းရင်ကိုပါ ဆွဲခေါ်လာရတယ်။ နှစ်ယောက်လုံး ဗိမာန်ထဲဝင်လာတော့ သူတို့ရှေ့ကမြင်ကွင်းက ရောင်စုံပန်းမျိုးစုံပြည့်နေတဲ့ ပန်းမြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
သူတို့နဲ့ မနီးမဝေးမှာ မျှော်စင်လေးတစ်ခုရှိနေတယ်။ မကြီးပေမဲ့ ဝါးရဲ့ အဖြူစင်းကြောင်းတွေကိုပဲ သုံးပြီးဆောက်ထားတာ။ ကြည်လင်လွန်းလို့ ဖန်နန်းတော်နဲ့တောင်ဆင်နေတယ်။ အဲမှာဝိုင်းနေတဲ့ မသေမျိုးချီကြောင့် မျှော်စင်တစ်ခုလုံး တောက်ပနေသလိုပဲ။
ဒါ… အတော်လေး ညှို့ဓာတ်ပါတယ်လို့ပြောနိုင်တယ်။
ပိုပြီးတောင် ညှို့ယူနေတာက သူတို့ရှေ့မှာ မြေကြီးတစ်လျှောက် ရှည်လျားလှတဲ့ အာရုံစိုက်ခံစရာ ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်ထိုင်နေတဲ့လူပဲ။ သူက မြေကြီးကနေ ဖူးပွင့်နေတဲ့ ပန်းပွင့်နီကြီးလိုပဲ။ ဆံပင်က ကျောကနေ ကျဆင်းနေပြီး ရှည်လွန်းလို့ ခြေဖဝါးနဲ့တောင် တိုက်နေတယ်။ ဝတ်ရုံတွေက ရင်ဘတ်မှာဟနေပြီး ပိုးသားလို ချောမွတ်တဲ့အသားပေါ်နေတယ်။ တကယ်လို့ ရင်ဘတ်ပြားပြီး ယောက်ျားလေးဆိုတာသာ မသိသာရင် ကူယွဲ့တော့ သူ့ကို လိင်ပြောင်းသူလို့တောင် သတ်မှတ်မိလောက်တယ်။
ရွှင်ရှူးက ဝင်လာတဲ့လူတွေကို လှမ်းကြည့်တယ်။ သူ့မျက်လုံးထဲ အထင်သေးမှုအပြည့်နဲ့။
“နှုတ်ဆက်ပါတယ် ဧကရာဇ်ငယ်ရွှင်ရှူး”
ကူယွဲ့ တယဉ်တကျေးအလေးပြုလိုက်တယ်။
“မင်းက ဆောင်းဝိညာဉ်အရွက်အတွက် လာတောင်းတဲ့ ဓားကျင့်ကြံသူလား”
သူက ရုတ်တရက်ပြုံးပြီး လှည့်လိုက်တော့ ဝတ်ရုံနီက ညှင်သာစွာ တွန့်ခါသွားတယ်။ သူတို့ သူ့ကိုကြည့်လေ လှတယ်လို့တွေးမိလာလေပဲ။ သူ့ရုပ်ရည်ကို လုံလုံလောက်လောက် ကျေနပ်စရာကောင်းအောင် ဖော်ပြနိုင်မဲ့စကားလုံး ဒီကမ္ဘာမှာမရှိသလိုပဲ။ လူပုံစံမုန်လာဥဖြူတောင် သူ့ဘေးရပ်နေရင် ဘာမှမဟုတ်တော့ဘူး။
စောနလေးကတင် သမ်းနေတဲ့ ရှန်းရင်တောင် မျက်လုံးပြူးကြည့်နေပြီ။
ကူယွဲ့လန့်သွားပြီး ရှန်းရင်ကို အမြန်ဆွဲကာ ခပ်တိုးတိုးသတိပေးလိုက်တယ်။
“ဟိတ်၊ သူ့ရုပ်ရည်ကြောင့် စိတ်အာရုံမလွင့်နဲ့၊ ငါတို့လုပ်စရာ အရေးကြီးကိစ္စတွေရှိတယ်”
“မဟုတ်ဘူး…” ရှန်းရင် မျက်လုံးမှိတ်တုတ်မှိတ်တုတ်နဲ့ ကြောင်အမ်းနေဆဲ။
“ထူးဆန်းတယ်လို့ ထင်မိရုံပါ”
“ဘာထူးဆန်းတာလဲ”
“သူ့ဝတ်ရုံတွေလေ” အရမ်းကို… ရှည်လွန်းတယ်။
“ဟမ်” ယောက်ျားလေးအနီဝတ်တာ သိပ်မထူးဆန်းပါဘူး။ ကူယွဲ့ ဒါကိုပြောမို့ဆဲဆဲ ရှန်းရင်က ဆက်ပြောလာတယ်။
“သူတို့က ရှည်လွန်းတော့… သူတက်မနင်းမိဘူးလား”
“ဟမ်”
သူမ စကားပြောပြီးပြီးချင်း အဲလူထရပ်တာမြင်လိုက်ရတယ်။
“မင်းတို့ ဆောင်းဝိညာဉ်သစ်ရွက်က…” သူ စကားမဆုံးခင် သူ့ဝတ်ရုံသူတက်နင်းမိတော့တယ်။ ကိုယ်က ဟိုဘက်ဒီဘက်ယိမ်းသွားပြီး ရှေ့ကို ဟပ်ထိုးလဲကျတာမှ မျက်နှာတစ်ပြင်လုံး ရွှံ့တွေပေတဲ့အထိ သူ့ရှေ့ကမြေဆီလွှာထဲ အရှိန်ပြင်းပြင်းလဲသွားလေတယ်။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
အဲကြောင့် အိမ်မှာ ဝတ်ကောင်းစားလှဝတ်တမ်း မကစားသင့်တာ။
…