အခန်း ၁၃၄ ။ နတ်ဒေဝါဧကရာဇ်၏တာဝန်အပ်နှင်းမှု
“ဟုတ်တယ်လေ” စိတ်လှုပ်ရှားနေတဲ့ အမူအရာက ကူယွဲ့မျက်နှာပေါ်က အပြုံးကို အစားထိုးသွားတယ်။
“မြင့်မြတ်တဲ့နေရာက အင်မတန်ဝေးလံပြီးအန္တရာယ်များလွန်းတယ်၊ ဒါကြောင့် ကိုယ်ခန္ဓာနဲ့ ဝင်ဖို့ အကြံမပေးချင်ဘူး၊ ညီကိုရှုသာ ကျုပ်ကိုယုံရင် ခင်ဗျားရဲ့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်ပါ၊ ကျုပ် ဒီအဆောင်နဲ့ ခင်ဗျားကိုပို့ပေးမယ်”
တစ်ခဏတာ ရှုကျန်းက မရေမရာဖြစ်သွားတယ်။ မျက်နှာပြင်ထက်ပေါ်လာတဲ့ ခံစားချက်က သူ့စိတ်တွင်းကလွန်ဆွဲနေမှုကို ဖော်ပြနေတာပေါ့။ ဒါပေမဲ့ တစ်ခဏကြာတော့ သူက အံကြိတ်ပြီး ခေါင်းညိတ်ပြတော့တယ်။
“ကျုပ် ညီကိုကူယွဲ့ကိုယုံပါတယ်၊ စလိုက်ကြရအောင်” ဒီလိုပြောပြီး သူကထရပ်ကာ ထိုင်ခုံကို ဘေးရွှေ့လိုက်တယ်။ နောက်တော့ ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။
စက္ကန့်ပိုင်းအတွင်း ပုံရိပ်တစ်ခု သူ့ခေါင်းပေါ် လွင့်မျောလာတယ်။ ဒါက သူ့ကောင်းကင်စိတ်အာရုံရဲ့ အသွင်ယူမှုပဲ။
ပြုံးပြီး ကူယွဲ့က ရှေ့တက်လာတယ်။
“ဂရုစိုက်ပါ ညီကိုရှုရေ၊ ဒီနေရာက ဆန်းကြယ်တဲ့နေရာဆိုပေမဲ့ တံလျှပ်တွေနဲ့ပြည့်နေတဲ့ နေရာလည်းဖြစ်ပါတယ်၊ ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေ ခင်ဗျားရှေ့ ပေါ်လာလိမ့်မယ်၊ ဒါကြောင့် အဲမှာအကြာကြီး မနေပါနဲ့၊ ခံနိုင်ရည်မရှိတော့ရင် ပြန်သာလာခဲ့ပါ”
ရှုကျန်းခေါင်းညိတ်ပြတာ မြင်တော့ ကူယွဲ့ လက်ထဲက အဆောင်ကို အသက်သွင်းပြီး ပုံရိပ်ပေါ် ကပ်လိုက်တယ်။ ချက်ချင်းပဲ ရှုကျန်းပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားတော့တယ်။
“နင် သူ့ကိုဘယ်ပို့လိုက်တာလဲ” ရှန်းရင် တအိအိစားရင်း မေးလိုက်တယ်။
မျက်နှာပေါ် ဖြူစင်တဲ့ အကြည့်လေးနဲ့ ကူယွဲ့ကထိုင်ချပြီး ရေတစ်ခွက်ငှဲ့လေတယ်။
“ငါ သူ့ကို ဝူတိဂိုဏ်းဆီ ပို့လိုက်တာ”
“ဟမ်”
“ပိုပြီး တိတိကျကျပြောရရင် တောင်ခြေပေါ့”
“တောင်ခြေလား” ရှန်းရင် လိုက်ပြောရင်း သူ့ကို မသင်္ကာသလို ကြည့်မိတော့တယ်။
“ဒီတစ်ကြိမ် ဘာကလိမ်ကကျစ်ကျပြန်ပြီလဲ”
ကူယွဲ့ ရေတစ်ငုံသောက်ပြီး မြေခွေးတွေလို မျက်လုံးမှေးလိုက်တယ်။
“ဘာကလိမ်ကကျစ်လဲ၊ ငါ သူ့ကို လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို မြန်မြန်တက်လှမ်းအောင် လုပ်ပေးနိုင်တဲ့ မြင့်မြတ်တဲ့နေရာရှာတွေ့ထားတယ်လို့ပဲ ပြောခဲ့တာ၊ သူ့နည်းလမ်း၊ သဘောပေါက်နားလည်မှုပဲဖြစ်ဖြစ်၊ သူ့ခံစားချက်နဲ့ ကောင်းကင်စိတ်အာရုံအားလုံးကိုပါ မြှင့်တင်ပေးနိုင်တယ်ပေါ့”
“ဘာမြင့်မြတ်တဲ့နေရာလဲ” သူမ ဘာလို့ ဝူတိဂိုဏ်းမှာ ဒီနေရာကို မကြားဖူးရတာလဲ။
“နတ်ဆိုးချီလေ” ဝူတိဂိုဏ်းထဲက နတ်ဆိုးထျီက တကယ်ကိုပဲ လူတစ်ယောက်ရဲ့ အလားအလာကို လှုံ့ဆော်ပေးနိုင်တယ်။ ဒီလိုလူတစ်ယောက်ရဲ့ ကျင့်ကြံမှုမြှင့်တင်ဖို့အတွက် သဘာဝနေရာကနေ အမြတ်မထုတ်ရင် နှမြောစရာပေါ့။
“ငါ စုံစမ်းမှုတွေလုပ်ပြီးပြီ၊ သူက ချုံလန်တိုင်းပြည်ရဲ့ အချမ်းသာဆုံးလူပဲ၊ မြို့ထဲက ဆိုင်တစ်ဝက်ကျော်လေးက သူပိုင်တာ၊ တကယ်လို့ ဝူတိဂိုဏ်းကို အဆင့်မြင့်၊ အထက်တန်းကျ၊ ခေတ်ဆန်ပြီး ဇိမ်ကျတဲ့ ကျင့်ကြံရေးလေ့ကျင့်မှုအတွက် နာမည်ကြီးတဲ့ မြင့်မြတ်တဲ့နေရာအဖြစ် ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် သေချာပေါက် သူ့အကူအညီကိုလိုတယ်”
“ဒီတော့… အဲလိုအုတ်အုတ်ကျက်ကျက်အပြီးမှာ နင်သူ့ကိုရောင်းခဲ့တာက နတ်ဆိုးချီတဲ့လား”
ကြည့်ရတာ ဖေဖေနျို မရောင်းနိုင်တာ ဘာမှမရှိဘူးထင်ပါတယ်။ ခရီးမသွားခင် ယွီဟုန်နဲ့ တခြားကောင်မလေးတွေကို တောင်ခြေမှာ နေ့တစ်ဝက်လောက် အင်းကွက်အစီအရင်ချခိုင်းခဲ့တာ မဆန်းတော့ဘူး။ ဒီရည်ရွယ်ချက်အတွက်ကြောင့်ပဲဖြစ်ရမယ်မလား။
“ငါက အစုံလိုက်ပါတာကို ကြော်ငြာနေတာလေ၊ မင်းနားမလည်ဘူးလား၊ ဘာပဲဖြစ်ဖြစ် အဲနေရာကို ဝင်သွားတာ သူ့ကောင်းကင်စိတ်အာရုံပဲ၊ သူ့ကိုယ်မှမဟုတ်တာ၊ နတ်ဆိုးချီဝင်မဲ့ပြဿနာ မရှိပါဘူး”
“အာ…” ဒါပေမဲ့ နတ်ဆိုးချီက သိသာလွန်းတယ်လေ။ ဒီလူထွက်လာတာနဲ့ အမှန်ကို သိသွားပြီး။ ဇယားရှင်းမှာကို ကူယွဲ့ မစိုးရိမ်ဘူးလား။
“အဲလိုဖြစ်မှာ မဟုတ်ဘူး” ကူယွဲ့မျက်နှာပေါ် ကောက်ကျစ်တဲ့အပြုံးနဲ့။ သူမစိတ်ထဲ ဘာရှိနေလဲ သူသိနေတဲ့အတိုင်းပဲ။
ရှန်းရင် ကိစ္စအကြောင်းစဉ်းစားနေတုန်း ကြမ်းပြင်မှာထိုင်နေတဲ့လူက ရုတ်တရက် အကြမ်းပတမ်း လှုပ်ယမ်းပြီး သတိပြန်ဝင်လာတယ်။ ကူယွဲ့ ချက်ချင်း သူ့ဆီသွားလိုက်တော့ မျက်နှာက ဖြူဖျော့ပြီး ချွေးစေးတွေပြန်နေတယ်။
“ညီကိုကူယွဲ့၊ အဲနေရာက…” သူ ကူယွဲ့ကို အသည်းအသန် လှမ်းဆွဲပြီးတစ်ခုခုကို ပြောဖို့ အသည်းအသန်ဖြစ်နေပုံပဲ။
“ညီကိုရှု၊ သွေးမပျက်ပါနဲ့” သူ့ကို ဖြတ်ပြောပြီး ကူယွဲ့က နောက်တစ်ကြိမ် စီးပွားရေးအကွက်မြင်တဲ့ လုပ်ငန်းရှင်မျက်နှာပုံစံဖမ်းတော့တယ်။ ခပ်မြူးမြူးရယ်ပြီး သူကပြောတော့တယ်။
“ဒီမြင့်မြတ်တဲ့နေရာမှာမြင်ရတဲ့ အရာတွေက လူတွေပေါ်မူတည်ပြီး ကွာခြားပါတယ်၊ ဒါပေမဲ့ သူတို့က အစစ်မဟုတ်ပါဘူး၊ မစိုးရိမ်ပါနဲ့၊ ခင်ဗျားရဲ့ ကောင်းကင်စိတ်အာရုံထဲဝင်ကြည့်ပြီး အသက်ရှူနှုန်းကို အရင်စစ်ကြည့်ပါဦး”
ရှုကျန်းက သူ့စကားကြောင့် စိတ်ပြန်ထိန်းလိုက်တယ်။ အသက်ပြင်းပြင်းရှူပြီး သူက မျက်လုံးပိတ်ကာ အသက်ရှူနှုန်းကိုထိန်းညှိတော့တယ်။ နောက်တော့ အတွင်းပိုင်းစိတ်အာရုံစစ်ဆေးမှု စတင်လိုက်တယ်။ ချက်ချင်းပဲ သူ့မျက်လုံးတွေက ရုတ်တရက် ပြူးပွင့်လာပြီး မှင်တက်နေတဲ့ အမူအရာနဲ့ အံ့ဩတကြီး ပြောတော့တယ်။
“ဟမ်… ကျုပ်ကောင်းကင်စိတ်အာရုံ…”
သူ့ကောင်းကင်စိတ်အာရုံက တကယ်ပဲ ပိုအားကောင်းလာတယ်ဆိုတာ သိခဲ့ရတယ်။ ဒီပြောင်းလဲမှုက သေးငယ်ပေမဲ့ သူ့လိုမျိုးနှစ်ပေါင်းထောင်ချီ ကျင့်ကြံမှုမှာ တိုးတက်မှု နည်းနည်းလေးတောင် မမြင်ခဲ့ရတဲ့ လူအတွက်တော့ အံ့အားသင့်ဖွယ်ပဲ။ သူ အထဲမှာ ဆယ့်ငါးမိနစ်စာလောက်တောင် မနေခဲ့တဲ့ သိသာတဲ့အချက်ကို ထည့်ပြောဦးလေ။
ရှုကျန်းမျက်နှာက အပျော်နဲ့ တောက်ပသွားတယ်။ သူ့ပျော်ရွှင်မှုကိုမထိန်းချုပ်နိုင်တော့တဲ့ပုံနဲ့ စိတ်လှုပ်ရှားစွာပြောလေတယ်။
“ညီကိုကူယွဲ့ပြောတာ တကယ်အမှန်ပါပဲ၊ ဒီကမ္ဘာမှာ ဒီလိုအံ့အားသင့်ဖို့ကောင်းတဲ့နေရာ တကယ်ရှိတာပဲကိုး”
“ကျုပ်လည်း ဒီနေရာကို အခွင့်သင့်ပြီးကြုံခြဲတာပါ၊ ဒီနေရာရဲ့တစ်ခုတည်းသောဆိုးကွက်က စိတ်ထဲမှာ ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တာပဲ၊ စကားမစပ် ညီကိုရှုရော အထဲမှာ ဘာမြင်ခဲ့လဲ” ကူယွဲ့ တမင်မေးလိုက်တယ်။
သူ့မေးခွန်းကြောင့် သိသိသာသာ ကြောင်အမ်းသွားပုံနဲ့ ရှုကျန်းက ခဏတိတ်သွားတယ်။ နောက်တော့ တစ်ခုခု မျက်လုံးထဲ ဖြတ်ပြေးသွားတဲ့ပုံနဲ့ ချက်ချင်းစကားလမ်းကြောင်း လွှဲတော့တယ်။
“အများကြီး မဟုတ်ပါဘူး၊ စကားမစပ် ညီကိုကူယွဲ့က တကယ်ပဲ ဒီနေရာကို တခြားအမတတွေနဲ့ မျှတေချင်တာလား”
“ဒါပေါ့” ကူယွဲ့ ရှုကျန်းကို မေးခွန်းဆက်မထုတ်တော့ဘူး။ ပုံရိပ်ယောင်မြင်တယ်ဆိုတာ အဲလူက စိတ်နတ်ဆိုးတွေထဲ ပိတ်မိတာခံရတယ်လို့ ပြောနေတာပဲ။ ဒါပေမဲ့ ရှုကျန်းလို ကျင့်ကြံဆင့်မျိုးနဲ့ ဘယ်အမတကမှ စိတ်နတ်ဆိုး သက်ရောက်တာ ခံရတယ်လို့ အလွယ်တကူ ဝန်ခံမှာမဟုတ်ဘူး။ ဒါကြောင့် တမင် အစတည်းက ဒါကို အကွက်ချပြီး ဝင်တဲ့လူတိုင်းကို မြင်ရတဲ့နတ်ဆိုးချီက ပုံရိပ်ယောင်သက်သက်လို့ တွေးစေပြီး သူတို့သံသယတွေကို ဖျောက်ပစ်တာပဲ။
ရှုကျန်းနားဝင်သွားပြီဆိုတာ မြင်တာနဲ့ ကူယွဲ့ ချက်ချင်း စီးပွားရေးအသွင်ပြောင်းပြီး
“မြင့်မြတ်သောနေရာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်” နဲ့ပတ်သက်ပြီး တက်တက်ကြွကြွဆွေးနွေးတော့တယ်။
ရှန်းရင်ကတော့ အားလုံးကို မယုံကြည်နိုင်တဲ့ အကြည့်နဲ့ ကြည့်နေမိတယ်။ လောလောဆယ် လူနှစ်ယောက်ကတော့ လုံးဝကို ပကတိပုံမှန်ဝိညာဉ်လွှင့်အဆောင်တစ်ခုအတွက် မိုးထိုးနေတဲ့ဈေး သတ်မှတ်ပြီးပြီ။ တစ်စုံတစ်ယောက်သောလူရဲ့ စီးပွားရေး အမြင်ထက်မှုကို တိတ်တိတ်လေး ချီးကျူးရင်း ရှန်းရင် တမြုံ့မြုံ့ဆက်ဝါးတော့တယ်။
ငါသူ့ကို ဖေဖေလို့ခေါ်တာ အံ့အားစရာမရှိဘူး။
လူချမ်းသာလောကကို နားလည်ဖို့ခက်လိုက်တာ။
နှစ်ယောက်သား စကားပြောနေကျတာ နေဝင်သွားချိန်ထိပဲ။ အဲအချိန်အတွင်း ရှန်းရင်ကတော့ နေ့လယ်စာ၊ မွန်းလွဲလက်ဖက်ရည်နဲ့ ညစာစားပြီးပြီ။ နောက်ဆုံးတော့ နှစ်ယောက်သား ပူးပေါင်းဖို့ ကနဦးသဘောတူညီချက်ရသွားခဲ့တယ်။ ကူယွဲ့ ရှုကျန်းကို ဝိညာဉ်လွှင့်အဆောင်ဆယ်ခု ပေးပြီး ငနဲ… အာ မဟုတ်ဘူး ကျင့်ကြံသူအသစ်တစ်သိုက်အတွက် မြင့်မြတ်တဲ့မြေကို သုံးလလေလံဆွဲဖို့ပါ ကြိုတင်ချိန်းဆိုမှုလုပ်ပြီးပြီ။ သူ့စိတ်ရင်းကိုပြသဖို့ ရှုကျန်းကလည်း စရံအနေနဲ့ ထိပ်တန်းအဆင့် အမတကျောက်တုံးတစ်အိတ် ထားခဲ့တယ်။
ရှန်းရင် ဘယ်လောက်လဲတော့ မသိပေမဲ့ နောက်ထပ်သုံးပွဲစားဖို့ သူမတောင်းဆိုချက်ကို ကူယွဲ့ ချက်ချင်း သဘောတူပုံထောက်ရင် အတော်လေးကို ကြောက်ခမန်းလိလိပမာဏပဲဖြစ်လိမ့်မယ်။
ရှန်းရင် ကူယွဲ့စိတ်ကြည်နေတုန်း အဆာပြေတောင်းဆိုဖို့ တွေးနေတုန်းရှိသေး တစ်နေကုန်နီးပါး အပြင်ရောက်နေတဲ့ စားဖိုမှူးက နောက်ဆုံးတော့ ပြန်ရောက်လာပြီ။
“ဆရာ”
“ယို့ စားဖိုမှူး” ရှန်းရင် လက်ယမ်းပြလိုက်တယ်။
အခန်းကို စစ်ဆေးပြီးတော့ ယိချင်းအကြည့်က ရှုကျန်းဆီရောက်သွားတယ်။ မျက်မှောင်ကြုတ်ပြီး သူမေးလိုက်တယ်။
“ခင်ဗျားက”
ဘာလို့ ဒီမှာနောက်ထပ်လူတစ်ယောက်ရှိနေရတာလဲ။
“တွေ့ရတာဝမ်းသာပါတယ် အမတရောင်းရင်း”
ပြုံးပြီး ရှုကျန်းက ထနှုတ်ဆက်တယ်။
“ကျုပ်ကရှုကျန်းပါ”
“အဆင့်မြင့်အမတပဲ” ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။
“ဘာလို့ အဲလောက်တောင် ကြာနေရတာလဲ” ကူယွဲ့ အပြင်ကိုလှမ်းကြည့်ပြီး မေးလိုက်တယ်။ တစ်နေ့လုံးတောင် ကုန်သွားပြီ။
“အမတနန်းတော်မှာဘာဖြစ်ခဲ့လဲ”
“သိပ်မဖြစ်ပါဘူး” တစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ ယိချင်းက မျက်မှောင်ကြုတ်ပြီးထပ်ပြောတယ်။
“နတ်ဒေဝါဧကရာဇ်က ကျွန်တော့်ကို ချင်းဟန်မြို့ အပိုင်စားပေးချင်ပေမဲ့ ငြင်းလိုက်တယ်။
“ဘာ” ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ ဒီလိုဆုလာဘ်က အမတမြို့တစ်မြို့ တိုက်ရိုက်ပေးမယ်လို့ လုံးဝမထင်ခဲ့ဘူး။ ပြီးတော့ အဓိကအချက်က ယိချင်းက ငြင်းလာတယ်တဲ့လေ။
ဒီလက်ဖွာတဲ့သားကတော့ ဘယ်သူ့အတွက် သူ ငွေရှာဖို့ အဲလောက်တောင်ကြိုးစားမိနေတာပါလိမ့်။
“သူက ရုတ်တရက် ဘာလို့နင့်ကို အမတနန်းတော်ချီးမြှင့်ရတာလဲ”
ရှန်းရင်မေးခွန်းကြောင့် ကူယွဲ့ အတွေးဝင်သွားတယ်။ ရှန်းရင်ပြောတာ အမှန်ပဲ အဆင့်မြင့်အမတတွေက ချုံလန်မှာ ပေါသောချက်ပဲ။ လူတိုင်း မြို့အရှင်ဖြစ်လာနိုင်တာမဟုတ်ဘူး။ ပြီးတော့ ယိချင်းက မဟူရာအမတပဲ ရှိသေးတာ။ ဘာကြောင့် သူ့ကိုအထူးတလည်ဆက်ဆံတာလဲ။ ဧကရာဇ်က သူ့ကို မြင်မြင်ချင်းကြိုက်သွားတာတော့ မဟုတ်ပါဘူးနော်။ သူ ယိချင်းဇာတ်ရုပ်အကြောင်း နည်းနည်းနားလည်တယ်။ သေချာပေါက် ဆွဲဆောင်မှုရှိတဲ့ပုံစံမဟုတ်ဘူး။
“မသိပါဘူး” ခေါင်းယမ်းပြီး ယိချင်းက ရှန်းရင်ဘေးလျှောက်လာတယ်။ အကျင့်အတိုင်း သူက သူမအတွက် ရေနွေးတစ်ခွက်ငှဲ့ပေးပြီး ဆက်ပြောလေတယ်။
“ဒါပေမဲ့… သူက ကျွန်တော့်ကို… ယွီဖုန်းအမတမြို့ဆီ စာမေးပွဲလိုမျိုး တစ်ခုခုမှာပါဝင်ဖို့ နောက်တစ်လနေရင် သွားခိုင်းတယ်”
“ယွီဖုန်းဓားရှာဖွေမှု” ရှုကျန်းက ရုတ်တရက် အံ့ဩတကြီး ပြောပြီး မျက်လုံးတွေပြူးကုန်တယ်။
“ခင်ဗျား… ခင်ဗျားက ”
ဘာအဓိပ်ပာယျလဲ။
ရှန်းရင်ရောကူယွဲ့ပါ ရှုကျန်းကိုလှည့်ကြည့်မိလိုက်တယ်။
အင်မတန်ပျော်ရွှင်စွာနဲ့ ရှုကျန်းက နတ်ဆိုးချီထဲကထွက်လာတုန်းကထက်တောင် ပိုပြီးအားတက်သရော ယိချင်းကို ကြည့်နေတော့တယ်။
“အရှင်မင်းကြီးက အမတရောင်းရင်းကို ဓားတာဝန်အတွက် ဆန်ကာတင်အနေနဲ့ တကယ်ရွေးချယ်လိုက်တာ တွေးမိရင် ခင်ဗျားက… တကယ်ကို ကံကောင်းတာပဲ”
“ဘာဓားတာဝန်လဲ” ရှန်းရင်မေးလိုက်တယ်။
ရှုကျန်းက သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးဘူး။ အသက်ပြင်းပြင်းရှူရပြီး သူတည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်တယ်။
“ခင်ဗျားတို့သုံးယောက် ဒီယွီဖုန်းအမတမြို့ဆိုတာ ဘယ်လိုနေရာလဲသိကြလား”
…