အခန်း ၁၃၃ ။ မြို့တော်ဆီဦးတည်ခြင်း
ရှန်းရင်နဲ့ ကူယွဲ့ ယိချင်းကို မြို့တော်ဆီ အဖော်လိုက်ပေးခဲ့တယ်။
အမတဘုံက နေရာရွှေ့ပြောင်းအစီအရင်က အောက်ဘုံကဟာတွေထက် အများကြီးသာပေမဲ့ ခရီးက သုံးရက်တောင်ကြာခဲ့သေးတယ်။ သူတို့ ချုံလန်တိုင်းပြည်ရဲ့ မြို့တော်ဆီ ဆင့်ခေါ်မှုသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာရဲ့ နောက်ဆုံးနေ့မှာ ရောက်လာခဲ့တယ်။
ချွီရွှမ်းမြို့နဲ့ယှဉ်ရင် မြို့တော်က အများကြီးပိုကြီးတယ်။ ဒါက တိမ်တွေပေါ်မှာ ဆောက်ထားတဲ့မြို့တစ်မြို့ပဲ။ ရှေးဟောင်းအဆောက်အအုံအမျိုးမျိုးကို တိမ်လွှာတွေကြား မြင်နိုင်တယ်။ မြို့လယ်ခေါင်တည့်တည့်မှာတော့ နန်းတော်ကြီးတစ်ခုက တခြားအမတနန်းတော်အားလုံးထက် မိုးထိုးနေပြီး လူတွေကို မျက်စိကျိန်းသွားစေမဲ့ ရွှေရောင်အရောင်အဝါတွေထုတ်နေတယ်။
မြို့ရဲ့အရှေ့ဆုံးမှာတော့ ကောင်းကင်ထိ မိုးထိုးနေတဲ့ မုခ်ဦးတံခါးကြီးတစ်ခု စိုးမိုးလျက်ရှိတယ်။ စောင့်ကြပ်နေတဲ့သူ ဘယ်သူမှမရှိဘဲ အဲအစား မုခ်ဦးအလယ်မှာ အင်းကွက်အစီအရင်ကြီးတစ်ခု မြင်လိုက်ရတယ်။ အစီအရင်အလယ်မှာတော့ တလက်လက်တောက်ပနေတဲ့ ရွှေရောင်ဓမ္မလက်ဖွဲ့အဆောင်တွေ ဝိုင်းနေတယ်။
ယိချင်း ဆင့်ခေါ်တဲ့တံဆိပ်ပြားကို ထုတ်လိုက်တယ်။ အနီရောင်အလင်းတန်းတစ်ခု ချက်ချင်း လက်သွားပြီး တံဆိပ်ပြားက မုခ်ဦးကို တန်းတန်းမတ်မတ် ဖြတ်သန်းသွားခဲ့တယ်။ မုခ်ဦးက အစီအရင်က အရောင်နက်လာပြီး လမ်းကြောင်းတစ်ခုပေါ်လာတယ်။
သုံးယောက်သား တန်းတန်းမတ်မတ်ဝင်လာပြီး သူတို့ဝင်ပေါက်ကို ဖြတ်ဖြတ်ချင်း သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ အမတနန်းတော်တွေ ရုတ်တရက် ထပ်ပေါ်လာပြီး ရီဝေဝေတောက်ပမှုနဲ့ ဝေ့လည်နေတဲ့ တိမ်တိုက်တွေ ဖုံးလွှမ်းနေတယ်။ အချိန်နဲ့အမျှ အမတကြိုးကြာတွေရဲ့ တွန်ကျူးသံကို ကြားနေရလေရဲ့။ အမတနန်းတော်တွေက ကျောက်စိမ်းဖြူလှေကားတွေက ဆက်သွယ်နေတယ်။ လှေကားတစ်ခုချင်းစီက တသီးတခြား မျောလွင့်နေလေရဲ့။ အမတတွေအများကြီး အလိုအလျောက်ရွေ့နေတဲ့ ဒီလှေကားထိပ်တွေပေါ် ရပ်နေတာကို မြင်နေရတယ်။ အောက်ဘုံမှာ မြင်တွေ့ဖို့ခက်တဲ့ ရှားပါးဝိညာဉ်ဆေးမြစ်တွေက လမ်းတစ်လျှောက် အလေ့ကျပေါက်နေတယ်။
သူတို့ တံခါးဝဆီ ရောက်ကာစရှိသေး ဝတ်ရုံစိမ်းနဲ့အမတတစ်ယောက်က သူတို့ဆီ ပျံသန်းလာတယ်။ သူက မဟူရာအမတဖြစ်နေလို့ ကူယွဲ့ အံ့ဩသွားတယ်။
အမတက သူတို့ကို ယဉ်ယဉ်ကျေးကျေးဂါဝရပြုပြီး မေးလေတယ်။
“ခင်ဗျားတို့ထဲက ဘယ်သူက ဓားအမတယိချင်းလဲဗျ”
အစကတော့ သူတို့အံ့ဩသွားပေမဲ့ နောက်တော့ ပျံသွားတဲ့ တံဆိပ်ပြားထဲ ယိချင်းနာမည်ရှိနေတာ မှတ်မိသွားခဲ့တယ်။ ယိချင်းက ရှေ့တက်ပြီး ဖြေလိုက်တယ်။
“ကျွန်ုပ်ပါ”
“အမတရောင်းရင်းယိချင်း” ပြုံးပြီး အဲလူက ဘေးရပ်ကာ တယဉ်တကျေးပြောလေတယ်။
“ကျွန်ုပ်က ခင်ဗျားကိုဒီမှာ စောင့်ဖို့ အရှင်မင်းကြီးဆီကအမိန့် ရထားတာပါ၊ အမတရောင်းရင်း ရောက်လာပြီဆိုတော့ အရှင်မင်းကြီးကို ဂါဝရပြုဖို့ လက်နက်နန်းဆောင်ဆီ ကျေးဇူးပြုပြီး ကျွန်ုပ်နောက်လိုက်ခဲ့ပေးပါ”
“အဲလောက်တောင် မြန်တယ်လား” ယိချင်း မေးမိလိုက်တယ်။ ဒါက သာမန် ဆင့်ခေါ်တာပဲ မဟုတ်ဘူးလား။ သူတို့မြို့ထဲ ဝင်ကာစမှာတင် နတ်ဒေဝါဧကရာဇ်က သူတို့ကိုတွေ့ချင်တယ်လို့ ပြောတာ သူ့ကို အံ့ဩသွားစေခဲ့တယ်။
“ဒါက မြန်တယ်လို့ မခေါ်ပါဘူး” ပိုပြီးတောင် ပြုံးဖြီးဖြီးလုပ်ပြီး အဲလူကပြောတော့တယ်။
“ကျွန်ုပ် အမတရောင်းရင်းကို ဒီမှာစောင့်နေတာ သုံးရက်ရှိပါပြီ”
သုံးရက်
ဒီတစ်ကြိမ် သူ့အဖြေက ယိချင်းကိုတင်မဟုတ် ကူယွဲ့ကိုပါ အလိုလို မျက်မှောင်ကြုတ်သွားစေခဲ့တယ်။ ကြည့်ရတာ နတ်ဒေဝါဧကရာဇ်က ယိချင်းကို ထူးခြားတဲ့အရေးကြီးသူအဖြစ် သတ်မှတ်ထားပုံပဲ။
“အဲလိုဆို ငါတို့မင်းကို မြို့ထဲ စောင့်နေမယ်”
ယိချင်းကို အဆက်အသွယ် လက်ဖွဲ့အဆောင်ပေးပြီး ကူယွဲ့ပြောလိုက်တယ်။
“မင်းပြီးရင် ငါတို့ကိုလာရှာချေ”
မဆိုစလောက်မျက်မှောင်ကြုတ်ပြီး ယိချင်းက ရှန်းရင်ဘက်လှည့်သွားတယ်။
“ဆရာ…”
“အင်းပါ၊ သွားတော့…” ရှန်းရင် ခေါင်းညိတ်ပြဘလိုက်တယ်။
အဲတော့မှ ယိချင်း လမ်းညွှန်အမတဘက် လှည့်ပြောလိုက်တယ်။
“ကျေးဇူးပြုပြီး လမ်းပြပါ”
ခေါင်းညိတ်ပြီး လမ်းပြက ယိချင်းကို အဲတလက်လက်တောက်ပပြီး ခမ်းနားတဲ့ ရွှေနန်းတော်ကြီးဆီ ခေါ်သွားတယ်။
“အရင်နားဖို့ နေရာရှာရအောင်၊ ပြီးမှ မြို့ထဲလျှောက်ကြည့်တာပေါ့”
နှစ်ယောက်သား အဝေးဆီပျံသန်းသွားတာမြင်တော့ ကူယွဲ့ မြို့ကိုစိတ်အားထက်သန်စွာနဲ့ လက်ညှိုးထိုးပြလိုက်တယ်။ ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး သူ ရှန်းရင်ကို ညွှန်ကြားလိုက်တယ်။
“ငါ့နားကပ်နေ၊ လျှောက်မသွားနဲ့နော်”
“အွန်း” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
ဒါပေမဲ့ တစ်ယောက်သောလူရဲ့ လမ်းပျောက်တဲ့ နာမည်ဆိုးမှတ်တမ်းကို ကြည့်ပြီး ကူယွဲ့ စိတ်ချရအောင်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူမလက်ကို ဆွဲကိုင်ပြီး စားသောက်ဆိုင်တစ်ဆိုင်ဆီ ခေါ်လာခဲ့တယ်။ သူက သီးသန့်တစ်ခန်း ငှားလိုက်ပြီး နေ့လယ်ရောက်တော့မှာမြင်တော့ စားပွဲအပြည့် ဟင်းပွဲတွေ မှာလိုက်တယ်။
“ယိချင်း ဘယ်လောက်ကြာမှာလဲမသိတော့ မင်းအရင်စားထားနှင့်၊ ငါ စီးပွားရေးအခွင့်အလမ်းတွေအတွက် မြို့ထဲသွားဦးမယ်၊ ဒါပေမဲ့ မကြာခင်ပြန်လာမှာပါ”
မြို့တော်ဆီ လာခဲ့ရတဲ့ သူ့အဓိကရည်ရွယ်ချက်က ဝူတိဂိုဏ်းကြောင့် ဖြစ်ပြီး ယိချင်းကို အဖော်လိုက်ပေးတာက ဒုတိယပဲ။ နဉ်ဇီအန်း ပေါ်လာတာက သူ့အစီအစဉ်တွေအားလုံးကို နှောင့်ယှက်ခဲ့တယ်။ ပြောရရင်တော့ သူ ပိုက်ဆံရှာဖို့ စဉ်းစားထားသမျှ အစီအစဉ်တွေအားလုံး သဲထဲရေသွန်ပေါ့။
ပေါင်သားအဖက မြို့အသစ်ကို ထွက်သွားပြီးတဲ့နောက် ဝူတိဂိုဏ်းဆီ လူတချို့ လွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ သူက သူတို့နဲ့ ဘာမှထပ်မပတ်သက်ချင်တော့တာမို့ အဲလူတွေကို ပြန်လွှတ်ခဲ့တယ်။ သူ့ရည်ရွယ်ချက်ကို ရိပ်မိသွားလို့ထင် သူတို့က လွန်ခဲ့တဲ့၂နှစ်အတွင်း ဝူတိဂိုဏ်းကို မဆက်သွယ်တော့ဘူး။
ဒါကြောင့် မြို့တော်ဆီ ဒီခရီးစဉ်က ဝူတိဂိုဏ်းအတွက် ပိုက်ဆံရအောင် နည်းလမ်းတွေ ရှာကြည့်ဖို့ပဲ။ မဟုတ်ရင် စားပွဲပေါ် စားစရာတောင် ရှိမှာမဟုတ်ဘူး။ တခြားအမတတပည့်တွေပဲဆို အဲလောက်က မဆိုးဘူး။ ဒါပေမဲ့ အစားသရဲရှန်းရင်ကတော့ တခြားကိစ္စဖြစ်သွားပြီ။ စားစရာသာပြတ်သွားရင် သူမ ဖန်တီးမဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ပုံဖော်ကြည့်နိုင်နေပြီ။
“မှတ်ထားဦး၊ လျှောက်သွားမနေနဲ့”
“ဟုတ်ကဲ့ ဖေဖေနျို” စားပွဲပေါ်က ဟင်းပန်းကန်တွေမြင်တော့ ပျော်ရွှင်သွားတဲ့ ရှန်းရင် ချက်ချင်း စစားသောက်တော့တယ်။
ဟမ်… စားဖိုမှူးလက်ရာလောက် အရသာမရှိပေမဲ့ ကောင်းတော့ကောင်းပါတယ်လေ။
ကူယွဲ့နှုတ်ခမ်း နည်းနည်းတွန့်သွားတယ်။ သူကသာ ဘာမဟုတ်တာကိုစိုးရိမ်မိနေတဲ့သူလို့ ခံစားမိတာပါလိမ့်။ ဒါက ဒီအစားသရဲအတွက် အားထုတ်မိတဲ့အပေါ် နောင်တရတာ တစ်ရာ့တစ်ကြိမ်မြောက်ဖြစ်လိမ့်မယ်။
ဖေဖေနျိုက သေချာပေါက် စီးပွားရေး ဘယ်လိုလုပ်ရမလဲသိတယ်။ ခဏနေတော့ အားလုံးစီစဉ်ပြီး ချက်ချင်း ပြန်လာတော့တာပဲ။ ရှန်းရင် အဝေးက ခပ်ဝဝ ချမ်းသာကြွယ်ဝပုံပေါ်တဲ့ အမတတစ်ယောက်ကို သူတို့အခန်းထဲ သူခေါ်လာတာမြင်ချိန် စားလို့တောင်မပြီးသေးဘူး။
ကျီစယ်စကားတွေဆိုပြီး နှစ်ယောက်သားဝင်လာတဲ့ပုံက ချက်ချင်းပဲ သွေးသောက်ညီအစ်ကို လုပ်တော့မလိုလို။
“ပြီးတော့ ဒါက” ဝဖိုင့်ဖိုင့် အမတက ဝင်ဝင်လာချင်း စားပွဲမှာ အသားတစ်တုံးကိုင်ပြီးထိုင်နေတဲ့ ရှန်းရင်ကိုမြင်တော့ မေးလာတယ်။
“အာ…” ကူယွဲ့ ခုမှ ရှန်းရင်ရှိနေတာ မှတ်မိသွားသလိုမျိုး နှုတ်ခမ်းနည်းနည်းတွန့်သွားလေတယ်။ သူ ရွေးစရာမရှိဘဲ ရှင်းပြလိုက်ရတော့တာပေါ့။
“ရှန်းရင် ကျုပ်တို့ဂိုဏ်းရဲ့… ဂိုဏ်းချုပ်ပါ”
နောက်ဆုံးနှစ်လုံးက မကြားရသလောက်နီးပါးပဲ။
“ဒါဆို ခင်ဗျားက ဂိုဏ်းချုပ်ရှန်းပေါ့၊ တွေ့ရတာဂုဏ်ယူမိပါတယ်” အမတက ချက်ချင်း လက်နှစ်ဖက်ယှက်အုပ်ပြီး ဂါဝရပြုလေတယ်။
ရှန်းရင် ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြပြီး ဖေဖေနျို့ကိုတံတောင်နဲ့တွတ်လိုက်တယ်။
“သူက ဘယ်သူလဲ”
“သူက အဆင့်မြင့်အမတ ရှုကျန်းတဲ့၊ မြို့တော်မှာ နာမည်အကြီးဆုံး အဂ္ဂိရတ်ပညာရှင်ပဲ၊ ချုံလန်တိုင်းပြည်ရဲ့ အဆင့်မြင့် အမတဆေးလုံးတစ်ဝက်လောက်က သူဖော်ပေးထားတာ”
ကူယွဲ့က တောက်ပစွာ ဖြေပြီးတော့ အသံလှိုင်းကနေတစ်ဆင့် ရှန်းရင်ကို အသိပေးလိုက်တယ်။
“မြို့မှာ ဘောစိအကျဆုံးလူပဲ”
“အိုး…” ရှန်းရင် အခြေအနေကို ချက်ချင်း သဘောပေါက်သွားတယ်။ သူမ ကူယွဲ့ကို လေးစားမိတယ်။ တစ်နာရီအတွင်း အချမ်းသာဆုံးလူကို ဒီလာအောင် လှည့်စားနိုင်ပြီး အဆင့်မြင့်အမတလည်း ဖြစ်သေးတယ်။
“ညီကိုကူယွဲ့က ကြင်နာလွန်းနေပါပြီ” ရှုကျန်းက ပြုံးပြုံးနဲ့ ပြောတယ်။
“ကံတရားက ကျုပ်တို့ကို တွေ့ဆုံအောင် လုပ်ပေးခဲ့မှတော့ ကျုပ်ရဲ့အကူအညီလိုရင် မဆိုင်းမတွသာ ပြောပါဗျာ၊ ဒါ…” မရေမရာအကြည့်က မျက်လုံးထဲဖြတ်ပြေးသွားပြီး ရှန်းရင်ကို လှမ်းကြည့်လေတယ်။ ခပ်အုပ်အုပ်လေသံနဲ့ သူကမေးလာတယ်။
“ရောင်းရင်း စောနက ပြောတဲ့ကိစ္စက တကယ်ပဲအမှန်လား”
“မြင့်မြတ်တဲ့နေရာကို ပြောတာလား၊ သေချာပေါက် တကယ်ပေါ့”
ကူယွဲ့က ရှန်းရင်ရှေ့ ကိစ္စဖုံးမကွယ်ထားတဲ့ပုံ မြင်တော့ ရှုကျန်း ပွင့်ပွင့်လင်းလင်းပဲမေးလိုက်တော့တယ်။
“တကယ်ပဲအဲလိုဆန်းကြယ်တဲ့နေရာရှိတာလား”
ကူယွဲ့ အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။
“ဒီကိစ္စကို အတည်ပြုဖို့ ကျုပ်ခင်ဗျားကို ဒီခေါ်လာခဲ့တာပဲမဟုတ်လား၊ သံသယရှိနေရင် ချက်ချင်း စလိုက်ကြမလား”
ရှုကျန်း ဒါကိုကြားရတော့ ကျေနပ်သွားပြီး အကြံတစ်ခု ပေါ်လာတယ်။
“ညီကိုကူယွဲ့၊ ကျေးဇူးပြုပြီးခဏလောက်စောင့်ပါဦး”
သူက လက်ဖွဲ့အဆောင်လို ခေါင်းလောင်းအဖြူလေး ရုတ်တရက် ထုတ်လာပြီး စားပွဲပေါ်တင်လိုက်တယ်။ ချက်ချင်း ခေါင်းလောင်းကနေ အဖြူရောင်အလင်းတန်း ထွက်လာတယ်။ ခဏလေးအတွင်း ညစာအခန်းတစ်ခုလုံးကို အကာအရံအကြည်တစ်ခု လွှမ်းခြုံသွားပြီး အပြင်ဘက်က ဆူညံသံအားလုံး ပိတ်ဆို့ပစ်လိုက်တယ်။
“ညီကိုကူယွဲ့ ကျုပ်ကိုယုံတာ သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက အရေးကြီးတယ်လေ၊ ဘေးကင်းတာ ပိုကောင်းပါတယ်”
“ညီကိုရှုပြောတာ အဓိပ္ပာယ်ရှိတယ်”
ခေါင်းညိတ်ပြီး ကူယွဲ့ သူ့ဝတ်ရုံထဲက အဆောင်တစ်ခု ထုတ်လိုက်တယ်။
“ဒီပစ္စည်းပဲ”
“ဒါက… ဝိညာဉ်ထုတ်လွှင့်အဆောင်မဟုတ်လား”
…