အခန်း ၁၃၁ ။ နတ်ဆိုးဘုံတံခါးပျောက်ကွယ်
“စတော့” ရှန်းရင်က နတ်ဆိုးကို လောလိုက်တယ်။ သူမ ထမင်းစားဖို့ အိမ်ပြန်ချင်နေပြီ။
နတ်ဆိုးဘုရင်လည်း အပိုပြောပြီး အချိန်ဖြုန်းမနေတော့ဘူး။ သူက ချက်ချင်း ချိပ်တစ်ခု ပုံဖော်လိုက်တယ်။ နဉ်ဇီအန်းအမူအရာက ပြောင်းလဲသွားပြီး ထွက်ပြေးဖို့ တစ်နေရာရာ ရှာချင်နေတဲ့ပုံစံနဲ့။ သူ လှည့်ပြေးမဲ့ဆဲဆဲ တစ်ကိုယ်လုံး အင်မတန်နာကျင်သွားပြီး ဒူးထောက်ကျသွားစေတော့တယ်။ သူ တစ်ကိုယ်လုံးကိုက်ခဲလာလို့ ဘောလုံးလိုတောင် လုံးနေရတယ်။ သူ့ကိုယ်ကို ရစ်နွယ်နေတဲ့ ချီနက်တွေနဲ့ တစ်ခုခုက သူ့ကိုယ်ထဲကနေ မျောလွင့်လာတယ်။
နတ်ဆိုးဘုရင်က ရှေ့ကိုထွက်လာပြီး နဉ်ဇီအန်းကိုယ်ထဲက အလုံးတစ်ခုကို ဆွဲထုတ်ပစ်လိုက်တယ်။ သူ့လက်ထဲ အနီစက်လေးတွေပါတဲ့ အမည်းလုံးလိုလို အရာကိုကိုင်ထားလေရဲ့။
နဉ်ဇီအန်းမျက်နှာပေါ်က နတ်ဆိုးဆန်ဆန်အနက်ရောင်အမာရွတ်တွေက ခုတော့ လုံးဝ ပျောက်ကွယ်သွားပြီ။ သူ့အရှိန်အဝါကလည်း စောနကထက် အများကြီးပိုအားနည်းပြီး အတော်လေး ဖြူဖပ်ဖြူရော်ပုံပေါက်နေတယ်။ သူ ချောင်းဆိုးချိန် သွေးတွေပါ ထွက်လာတော့တယ်။ ရှန်းရင်က သူ့ကိုယ်မှာ အရင်ကလို အနက်ရောင်ချီတွေ ဝိုင်းမနေတော့တာ သတိထားမိလိုက်တယ်။
“ကျေးဇူးတင်ပါတယ်…” သူ မော့ကြည့်နိုင်ရုံ အားပြန်ရလာတော့ နတ်ဆိုးဘုရင်နဲ့ အကြည့်ချင်းဆုံသွားတယ်…။ မျက်မှောင်ကြုတ်ပြီး သူက ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
“ကျေးဇူးပါ ဂိုဏ်းချုပ်ရှန်း ခင်ဗျားအကူအညီအတွက်”
ရှန်းရင်က ပြန်မဖြေဘူး။ သူက နတ်ဆိုးဘုရင်လက်ထဲက အမည်းနဲ့အနီလုံးလေးကိုလေ့လာနေတယ်။
“ငါတို့ အဲဒါနဲ့ ဘာလုပ်ရမှာလဲ၊ မီးရှို့ရမှာလား”
နဉ်ဇီအန်းမျက်နှာက ပိုတောင်ဖြူဖျော့သွားပေမဲ့ စကားတော့ မပြောဘူး။
“ကြီးမြတ်တဲ့နတ်ဒေဝါ…”
နတ်ဆိုးဘုရင်က ခပ်တိုးတိုးဆိုတယ်။
“ဒီနတ်ဆိုးက ကလေးရဲ့စိတ်နတ်ဆိုးတွေနဲ့ တစ်သားတည်း ဖြစ်သွားပါပြီ၊ ပြောရရင်တော့ သူ့ကိုယ်အစိတ်အပိုင်းပဲပေါ့၊ ဖျက်ဆီးလိုက်ရင် ကလေးပါ သေချာပေါက် သေသွားလိမ့်မယ်”
“အော်…” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ ဆိုလိုတာက ကလေးက အပိုကြီးထွားလာပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ တသီးတသန့်စီပေါ့။ အဲကိုယ်အစိတ်အပိုင်းကို သတ်လိုက်ရင် ကလေးပါသေသွားလိမ့်မယ်။ ဒီကမ္ဘာကို ဆွဲထားတဲ့ပုံစံက ထူးဆန်းလိုက်တာ။
“တခြားဖြေရှင်းနည်းရောရှိလား”
“ဂိုဏ်းချုပ်ရှန်း မစိုးရိမ်ပါနဲ့” နဉ်ဇီအန်းက သလိပ်သံနဲ့ ခက်ခက်ခဲခဲ အသက်ရှူပြီး မတ်တတ်ရပ်လေတယ်။
“ကျွန်တော့်ကို ဒီဟာပေးပြီး ကိုင်တွယ်ခွင့်ပြုပါ”
သူက ဒီလိုပြောပြီး ချီမည်းလုံးကို လက်ခံယူကာ အင်းကွက်တစ်ခုဆင့်ခေါ်လေတယ်။ အသက်ရှူအောင့်ပြီး ကျိန်စာတစ်မျိုးမျိုးကို ရေရွတ်တော့တယ်။ စက္ကန့်ပိုင်းအတွင်း သူ့ကိုယ်ကနေရွှေရောင် အလင်းတန်းတွေပေါ်လာပြီး မရေမတွက်နိုင်တဲ့အဆောင်တွေက ဘောလုံးဆီ ပျံသွားကြတော့တယ်။
“ပြန်လည်ဝင်စားမှုချိပ်လား”
နတ်ဆိုးဘုရင်က အံ့ဩမှုနဲ့ရေရွတ်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ နဉ်ဇီအန်း ရွှေကြာပန်းတစ်ပွင့် ထုတ်လာပြီး ချီမည်းလုံးထဲ ထိုးသွင်းလိုက်တာကို ကြည့်နေမိတယ်။
“နှလုံးသန့်စင်ကြာပန်း၊ ဒါကြောင့်ကိုး”
“ဟဲ့ ရှင်းပြပါဦး” ရှန်းရင် နတ်ဆိုးဘုရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။ ဘာမြင်နေရလဲဆိုတာ သူမ တစ်ယောက်တည်း နားမလည်တာကိုး။
“ကြီးမြတ်တဲ့နတ်ဒေဝါ…” နတ်ဆိုးဘုရင်က အသိပြန်ဝင်လာပြီး ရှင်းပြတော့တယ်။
“ပြန်လည်ဝင်စားမှုချိပ်ကို ဖန်တီးဖို့ နှလုံးသန့်စင်ကြာပန်းကိုသုံးခဲ့တာပါ၊ သူ့ကိုယ်အပြင်မှာရှိနေတဲ့ စိတ်နတ်ဆိုးတွေကို ပြန်လည်ဝင်စားအောင် ပို့တော့မှာလေ၊ ဒီနည်းလမ်းနဲ့ဆို ပြန်လည်ဝင်စားမှုအစွမ်းကို သုံးနိုင်ပြီး ဒီစိတ်နတ်ဆိုးတွေကို မွန်းကြပ်အောင် လုပ်နိုင်တယ်၊ နှလုံးသန့်စင်ကြာပန်းကလည်း မကောင်းတဲ့အတွေးနဲ့ ရည်ရွယ်ချက်မှန်သမျှကို ရှင်းပစ်နိုင်တဲ့ အမတရတနာပဲ၊ ပြောရရင်တော့ ပြန်လည်ဝင်စားပြီးရင် နတ်ဆိုးဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး”
“အော်…” သူမ တကယ်တော့နားမလည်ပါဘူး။
ဒါပေမဲ့ နောက်တစ်ခဏမှာ ချီမည်းလုံးက နှလုံးသန့်စင်ကြာပွင့်နဲ့ တဖြည်းဖြည်း ပေါင်းစပ်လာတာ မြင်လိုက်ရတယ်။ အရမ်းကိုမြန်ဆန်စွာပဲ တဖြည်းဖြည်း ငွေ့ရည်ဖွဲ့ပြီး ပုံစံပေါ်လာတော့တယ်။ တစ်မိနစ်အကြာမှာ ချီမည်းလုံးရော ကြာပန်းပါ ပျောက်ကွယ်သွားပြီ။ သူတို့နေရာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မွေးကင်းစလေးပဲရှိနေတယ်။
ဝိုး၊ ဒါ တကယ်ကို အဆင့်မြင့်တဲ့ အစွမ်းပဲ
ရှန်းရင်မျက်လုံးပြူးသွားတယ်။ နဉ်ဇီအန်းက ခက်ခက်ခဲခဲနဲ့ ကလေးကို မြေပြင်ပေါ်ကနေ ချီလိုက်တယ်။
“သူက အရင်က ဖြစ်ခဲ့တာတွေကို ဘာမှမှတ်မိတော့မှာ မဟုတ်ဘူး၊ သူ လူအစစ်ဖြစ်လာပြီး ကျွန်တော်နဲ့ ပတ်သက်မှုမှန်သမျှကို ဖြတ်တောက်ဖို့ နောက်ထပ်သုံးခေါက်ပဲ ပြန်လည်မွေးဖွားဖို့လိုတယ်၊ ကျွန်တော်တို့ ခဏနေ အမတဘုံဆီ ပြန်ရောက်ရင် ကိုယ်တိုင် ထျန်းလန်လောကဆီပို့လိုက်မယ်”
ရှန်းရင် ရှေ့တက်ပြီး ကလေးကိုလေ့လာလိုက်တယ်။ အဲတော့မှပဲ ကလေးပေါက်စက မိန်းကလေးဆိုတာ နားလည်သွားခဲ့တယ်။ နဖူးမှာတော့ မွေးရာပါ ကြာပန်းနီအမှတ်နဲ့။ ရှန်းရင် နှုတ်ခမ်းစေ့လိုက်တယ်။ ဒီပြန်လည်မွေးဖွားမှုနည်းလမ်းက ထိုင်းကနေ တင်ပို့ထားတာလား။ ဘာလို့ လိင်အမျိုးအစားပါ ပြောင်းဖို့ အစွမ်းရှိရတာလဲ။
“ငါတို့ ဒီမှာပြီးပြီဆိုတော့ ပြန်သင့်ပြီ၊ သွားရအောင်”
ရှန်းရင် ပွင့်နေဆဲ တံခါးကို လက်ညှိုးထိုးလိုက်တယ်။ သူမ ရှေ့ကို လျှောက်သွားတဲ့အချိန် ငတုံးကလေးက သူမနောက် လိုက်မလာတာ နားလည်လိုက်တယ်။
“ဘာရှိသေးလို့လဲ”
“ဂိုဏ်းချုပ်ရှန်း၊ ကျွန်တော့်ပြဿနာကို ဖြေရှင်းပြီးပြီဆိုပေမဲ့ နတ်ဆိုးဘုံတံခါးကတော့ ပွင့်နေဆဲပါ”
နဉ်ဇီအန်းက ပိုတောင် မျက်မှောင်ကြုတ်တော့တယ်။ သူက တစ်ဖက်လှည့်ပြီး နောက်မှာရပ်နေတဲ့ နတ်ဆိုးဘုရင်ကို သတိတကြီး ကြည့်လိုက်တယ်။
“ခင်ဗျားက ဒီကနတ်ဆိုးတွေနဲ့ ဘယ်လိုပတ်သက်နေလဲ၊ ဘယ်လိုသဘောတူညီချက်မျိုးလုပ်ထားလဲ မသိပေမဲ့ ဒီနတ်ဆိုးတွေက အမြဲအမတဘုံပေါ် အထင်သေးခဲ့တာ၊ သူတို့ကို အလွယ်လေး လျှောက်သွားခွင့် ပေးလို့မရဘူး”
“…”
“စောင်ကလေး မင်းပါးစပ်ကို မင်းကြည့်နေ” နတ်ဆိုးဘုရင်က ရှန်းရင် ဘာမှမပြောနိုင်ခင် ထခုန်တော့တယ်။ နတ်ဆိုးဘုရင်က တုန်ယင်နေလေရဲ့။
“ဘယ်သူက မင်းတို့ကိုအထင်သေးတာ၊ ဘယ်သူက အမတဘုံဆီသွားချင်တာ၊ ငါဂရုမစိုက်ဘူးကွ”
ကြီးမြတ်တဲ့နတ်ဒေဝါရှေ့ လျှောက်မပြောနဲ့စမ်း။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကိုကူညီပေးခဲ့တာကို။ ငါ့ကျေးဇူးကို ယုတ်မာမှုနဲ့ ပြန်ဆပ်နေတယ်ပေါ့လေ။ ကြည့်နေစမ်းပါ – ငါ မင်းကိုပြင်ပေးမယ်
သူ ချက်ချင်းပဲ အမူအရာကို သနားစရာပုံစံလေး ပြောင်းပြီး ရှန်းရင်ကို အင်မတန်လေးနက်စွာ ပြောတော့တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ တကယ် တကယ်တကယ် တကယ့်ကိုလေ အမတဘုံကိုကျူးကျော်ဖို့ အစီအစဉ်မရှိပါဘူး၊ မစိုးရိမ်ပါနဲ့ ကျွန်တော် နတ်ဆိုးတွေကို တံခါးကနေ ထပ်မဖြတ်ဖို့ ညွှန်ကြားထားမယ်လို့ ကတိပေးပါတယ်၊ ဘယ်သူပဲဖြတ်ဖြတ်… သူ့ခြေထောက်တွေကိုဖြတ်ပစ်မှာ ကျွန်တော့်ကိုယုံပါ…”
“အိုး…” ရှန်းရင် နတ်ဆိုးဘုရင် ဘာပြောစရာရှိလဲဆိုတာ လုံးဝဂရုမစိုက်ဘူး။ သူမက သူ့ပခုံးကို ပုတ်လိုက်တယ်။
“ငါနင့်ကိုယုံပါတယ်”
“ကြီးမြတ်တဲ့နတ်ဒေဝါ…” နတ်ဆိုးဘုရင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။
သူ့ရဲ့ ဖားယားတဲ့အရည်အချင်းက အသုံးဝင်နေဆဲပဲ။
“ကြီးမြတ်တဲ့နတ်ဒေဝါရှန်း” နဉ်ဇီအန်းက ထိတ်လန့်သွားတယ်။ သူ မကျေမနပ်ဖြစ်တာ အသိသာကြီး။ နတ်ဆိုးတွေက ဘယ်လိုလုပ် ယုံလို့ရမှာလဲ။ သူ ရှန်းရင်ကို ဆက်ပြီး နားချတော့မဲ့ဆဲဆဲ…။
ရှန်းရင်က သူ့ပခုံးကိုဆုပ်ကိုင်လာတယ်။
“ကောင်းပြီလေ ပြန်ကြစို့”
“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ဂရုစိုက်ပါ”
ရှန်းရင် နတ်ဆိုးဘုံရဲ့တံခါးအပြင်ထွက်ပြီး တစ်ဖက်လှည့်ပြောလိုက်တယ်။
“အော်ဟုတ်သား၊ ငါနင့်ကိုပြောဖို့ မေ့တော့မို့၊ ငါ ဒီတံခါးတွေကို ပိတ်တော့မယ်”
နတ်ဆိုးဘုရင် ။ ။ “…”
ပြောတော့ ငါ့ကိုယုံတယ်ဆို။
ဒါခြိမ်းခြောက်တာလား။ ဒါ သေချာပေါက် ခြိမ်းခြောက်တာပဲ။
——————
ရှန်းရင် တံခါးအပြင်ထွက်ချိန် သူမပတ်လည်မှာ နတ်ဆိုးချီတွေ သိသိသာသာကျဆင်းသွားတာကို ခံစားမိတယ်။ တစ်ဖက်မှာတော့ နဉ်ဇီအန်းက နတ်ဆိုးဘုံမှာ အချိန်အကြာကြီးနေခဲ့ရပြီး ပြန်လည်ဝင်စားမှုချိပ်ဖန်တီးတာကနေ အားနည်းနေတုန်းပဲ။ သူ နတ်ဆိုးဘုံကနေ မထွက်နိုင်ခင် မေ့လဲသွားတယ်။
ရှန်းရင် ရွေးစရာမရှိတော့ဘဲ သူ့ကိုယ်ကို လက်တစ်ဖက်နဲ့ထိန်းပေးလိုက်ရပြီး တခြားတစ်ဖက်နဲ့ ကလေးကို ချီလိုက်ရတယ်။ အဲလိုနည်းနဲ့ သူမက နတ်ဆိုးဘုံက ထွက်ခဲ့တာပဲ။
“ဆရာ” ယိချင်းက သူမကိုလာကြိုတဲ့ ပထမဆုံးလူ။
သူမ အနားကိုကပ်လာချိန် သူ ရပ်ပြီး ကလေးကို စိုက်ကြည့်လိုက်တယ်။
“ဒါက…” ဒီမွေးကင်းစလေးက ဘယ်ကရောက်လာတာလဲ။
ပေါင်ရီ၊ ပေါင်ဖေးဖျင်နဲ့ ပေါင်မိသားစုက တခြားတပည့်တွေက သူမနား ဝိုင်းလာကြတော့တယ်။
“ရှောင်အန်း” ပေါင်ရီက နဉ်ဇီအန်းကိုချီပြီး ရှန်းရင်ကို သက်သာအောင်လုပ်ပေးလိုက်တယ်။ သူ နဉ်ဇီအန်းရဲ့သွေးကြောကို စစ်ပြီးတဲ့နောက် နောက်ဆုံးတော့ စိတ်အေးပြီး သက်ပြင်းချနိုင်ခဲ့တယ်။ နောက်တော့ သူမက ရှန်းရင်လက်ထဲက မွေးကင်းစလေးကို သတိထားမိသွားခဲ့တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ဒီကလေးက”
သူ လူနှစ်ယောက် နတ်ဆိုးဘုံထဲဝင်သွားတာမြင်ခဲ့ရပေမဲ့ ဘာလို့ အခုသုံးယောက်ဖြစ်နေရတာလဲ။
ရှန်းရင် ချက်ချင်း ကလေးမကို ပေါင်ဖေးဖျင်ဆီ အတင်းလက်လွှဲပေးလိုက်တယ်။
“နင့်မြေးမ”
ပေါင်ဖေးဖျင် ။ ။ “…”
ပေါင်ရီ ။ ။ “…”
မြေးမလား။ ရှောင်အန်းက ရှစ်နှစ်ပဲရှိသေးတာလေ
အနည်းဆုံးတော့ ကလေးကိုဘယ်သူမွေးလဲ မေးလို့ရလား။
“ဖြေရှင်းပြီးပြီလား”
ကူယွဲ့က ဝင်မေးလာတယ်။
“အင်း”
ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“ဘယ်ရောက်သွားတာလဲ၊ ဘာတွေဖြစ်ခဲ့လဲ”
“အများကြီးမဟုတ်ပါဘူး၊ နတ်ဆိုးဘုရင်ဆီ သွားလည်ခဲ့ရုံပါ”
“နတ်ဆိုးဘုရင်နန်းတော်” ကူယွဲ့ အံ့ဩတကြီးရေရွတ်မိလိုက်တယ်။ သူ့ပတ်လည်က လူတိုင်း သူ့ကို လှည့်ကြည့်လာကျတော့တယ်။
“မင်း… နတ်ဆိုးဘုရင်ကို မြင်ခဲ့တာလား”
“အင်း” သူမ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်တယ်။
“သူကလေ ယုန်နဲ့တော်တော်တူတယ်”
ယုန်လား။
ကူယွဲ့ တန့်သွားတယ်။ ယုန်ဘုရင်ကိုပြောနေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား။
အာ… ရုတ်တရက် သူ ဆက်ပြီးမမေးချင်တော့ဘူး။ နတ်ဆိုးတွေအပေါ် သူမ ဘာတွေများ အစွမ်းရှိတာလဲ။