အခန်း ၁၂၉ ။ စရိုက်ခွဲရောဂါ
နတ်ဆိုးဘုံ။
ထူးဆန်းတဲ့ကျောက်တုံးတွေနဲ့ ချော်ရည်တွေကို နေရာအနှံ့မှာတွေ့နိုင်တယ်။ ခေါင်းပေါ်က ကောင်းကင်ယံက မီးခိုးရောင်သမ်းပြီး အုံ့မှိုင်းနေလေရဲ့။
ပထမဆုံးအကြိမ်သမိုင်းမှာ နတ်ဆိုးဘုံက လုံးဝအမြစ်ပျက်သုတ်သင်ခံရမဲ့ ခြိမ်းခြောက်မှုနဲ့ ကြံနေရပါတယ်။ နတ်ဆိုးဘုံထဲက အမှောင်ထုကို ဖြိုခွဲလာတဲ့ အစိမ်းရောင်အလင်းတန်းကြီး ဖျတ်ခနဲလင်းသွားခဲ့တယ်။ အနိုင်မယူနိုင်တဲ့ အင်အားကိုပိုင်ဆိုင်ထားပြီး နတ်ဆိုးဘုံတစ်လျှောက် ချီတပ်လာရင်း နိုးလာတဲ့ နတ်ဆိုးမှန်သမျှကို အနိုင်ယူနေလေတယ်။ နတ်ဆိုးတွေ ဒီအစိမ်းရောင်အလင်းက ဘာလဲဆိုတာတောင် အဖြေမထုတ်နိုင်ခင် ဖုန်မှုန့်တွေဖြစ်ကုန်တယ်။ တံခါးဝကနေ အစိမ်းရောင်ပုဂ္ဂိုလ်က အရှေ့ကို အရင်သွားတယ်။ နောက်တော့ အနောက်တည်ပတည့် ပြန်ဆင်းလာတယ်။ အဆုံးရောက်တဲ့အချိန်ကျ မြောက်ဘက်ကိုဦးတည်ပြီး နောက်ဆုံးတော့ တောင်ဘက်ကို ရောက်သွားတယ်။ နောက်တော့
မြောက်ဘက်…။
အာ… သူမလမ်းပျောက်နေပြီ
-_-|||
သူမ နတ်ဆိုးဘုံရဲ့တောင်နဲ့မြောက်ကို ဆယ်ခေါက်ထက်မက လမ်းလျှောက်ပြီးပြီ။ သူမ မီတာရာချီနက်တဲ့ တွင်းထဲဝင်ပြီး ထိတ်လန့်စရာ နတ်ဆိုးလေးကို လမ်းမေးခဲ့သေးတယ်။ နေ။က်ဆုံးမှာတော့ ဘုံအလယ်က နတ်ဆိုးဘုရင်ရဲ့ နန်းတော်ဆီ လမ်းကြောင်းမှန်ခဲ့ပြီ။
ဒီလိုနဲ့… ဆယ်မိနစ်အကြာမှာတော့။
နတ်ဆိုးချီက နတ်ဆိုးသောင်းချီ ပုံမှန်စုဝေးနေကျ နန်းတော်မှာ တလိမ့်လိမ့်တက်လာတယ်။ ဖုန်မှုန့်တွေရှင်းသွားပြီး မြို့အနှံ့မှာ နတ်ဆိုးအရိုးတွေ ပြန့်ကျဲနေလေတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နတ်ဆိုးတွေအားလုံး အဲအချိန် စိတ်ထဲမေးခွန်းတစ်ခုပဲ ရှိကြတယ်။
လမ်းပေါ်က နတ်ဆိုးများ ။ ။ ဘာလို့ ငါ့ကို ရိုက်သွားတာလဲဟ။ ငါ ဖြတ်သွားရုံပါ။
တံခါးစောင့်နတ်ဆိုးများ ။ ။ ဘာလို့ ငါ့ကိုရိုက်သွားတာလဲဟ။ ငါက တံခါးပဲစောင့်နေတာပါ။
နတ်ဆိုးစစ်တပ် ။ ။ ဘာလို့ ငါ့ကိုရိုက်သွားတာလဲဟ။ ငါက သတိအနေအထား ရပ်နိုင်ရုံပါ။
နတ်ဆိုး စစ်သူကြီးများ ။ ။ ဘာလို့ ငါ့ကိုရိုက်သွားတာလဲဟ။ ငါအလုပ်လာရုံလေးပါ။
…
ဘယ်သူမှ အကြောင်းရင်းမသိကြ။
အဆင့်မြင့်၊ အင်အားကြီးမားပြီး တိုက်ပွဲတစ်ပွဲမှ မရှုံးဖူးတဲ့အတွက် သူတို့အမြဲ အားကျနေခဲ့ရတဲ့ နတ်ဆိုးဘုရင်က ခုတော့ ကြမ်းပြင်ပေါ်မှာ မျက်ရည်တွေ၊ နှပ်ချေးတွေနဲ့။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့… ဆက်ပြီးရိုက်နေရင် ကျွန်တော် လွင့်ပျောက်သွားတော့မယ်… အမှားသိပါပြီ၊ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး… ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ”
“ပြော၊ ကလေးဘယ်မှာလဲ” ရှန်းရင် နတ်ဆိုးဘုရင်ရဲ့ ရင်ဘတ်ပေါ် ခြေထောက်နဲ့ပိုဖိလိုက်တယ်။
“ဘာ… ဘာကလေးလဲ” နတ်ဆိုးဘုရင်မျက်နှာက နာကျင်မှုနဲ့ တွန့်ရှုံ့နေလေရဲ့။ သူ့ ခေါင်းမှာ ခံထားရတဲ့ ရိုက်ချက်ကနေ မသက်သာသေးဘူး။ ဘယ်သူမှ သူ့ကို အရင်က အဲလောက်ဆိုးဆိုးဝါးဝါး မထုထောင်းဖူးဘူးလေ။ မချိမဆံ့ဝေဒနာနဲ့ လုံးဝ လူးလှိမ့်နေတော့တယ်။
နဂိုက နတ်ဆိုးဘုံရဲ့ ဘုရင်ရာထူးအရ ဘုံတစ်ခုလုံးအတွက် တိုက်ခိုက်ဖို့လာခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ လုံးဝမတိုက်နိုင်တော့ဘူး ဘေးနားက နတ်ဆိုးတွေအားလုံးကို အကူအညီတောင်းဖို့တောင် စဉ်းစားခဲ့သေးတယ်။ ဒါကြောင့် ရုတ်တရက် တခြား ကောင်းကင်မိစ္ဆာဆယ်ယောက်ကို အကူအညီလာပေးအောင် အသိပေးဖို့အတွက် ဆုံးဖြတ်လိုက်တာပဲ…။
ကောင်းကင်မိစ္ဆာ ဆယ်ယောက်က အတော်လေး မြန်မြန်တော့ ပေါ်လာကြပါတယ်။ နောက်တော့…။
အားလုံး အဖျက်ဆီးခံလိုက်ရတယ်လေ။
သူတို့ မြေကြီးပေါ် အပုံလိုက်လဲကျသွားဖို့ ရိုက်ချက်တစ်ချက်ပဲ လိုလိုက်တယ်။ သူမအတွက်တော့ ခြင်သတ်ရတာထက်တောင် အများကြီးပိုလွယ်နေသလိုပဲ။ သူတို့တွေက သတိလစ်နေဆဲဖြစ်ပြီး နတ်ဆိုးဘုရင်တော့ သူတို့အသက်တောင် ရှင်နေသေးရဲ့လား သိချင်နေမိတယ်။
အရမ်း… အရမ်းကို ကြောက်ဖို့ကောင်းတယ် နတ်ဆိုးတွေထက် ကြောက်စရာကောင်းတဲ့လူ စကြဝဠာထဲရှိနေတယ်ဆိုတာ ယုံဖို့တောင်ခက်ခက်။ အဲအချိန်ထိ နတ်ဆိုးဘုရင်က တစ်ဖက်လူက ဘာကိုရှာနေလဲဆိုတာ မသေချာသေးဘူး။
“နတ်ဆိုးဘုံထဲ စောနကမှဝင်လာတဲ့ကလေး”
“ကျွန်တော်… ကျွန်တော်မသိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ” သူမ ရုတ်တရက် ကျူးကျော်လာပြီး စကားတစ်ခွန်းမှမပြောဘဲ စရိုက်နှက်ချိန် သူက နန်းတော်ထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာ။ ဘယ်လိုလုပ် ကလေးအကြောင်း သိမှာလဲ။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားလိုချင်တာသာ ယူသွားပါ၊ တကယ်ပဲခင်ဗျားပြောတဲ့ ကလေးအကြောင်း မသိပါဘူး”
“နင်တကယ်ပဲ သူ့ကိုမမြင်ခဲ့တာလား”
“တကယ်မမြင်ခဲ့တာပါ ကြီးမြတ်တဲ့နတ်ဒေဝါ”
နတ်ဆိုးဘုရင်က ငိုပြန်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ရှာနေတာဆိုလည်း စောစော ပြောလို့ရရဲ့သားနဲ့ မကူညီဘူးလို့မှ မပြောခဲ့တာ
“သူဘယ်သွားတာလဲ” သူ ဘုံထဲဝင်သွားခဲ့တာ အသိသာကြီးကို။
ငါ ဘယ်လိုလုပ် သိမှာလဲဟ။
“ကျွန်တော် နတ်ဆိုးအားလုံးကိုစုဝေးပြီး အဲကလေးကို ကူရှာပေးရမလား”
“အဲဒါလည်း အလုပ်ဖြစ်တယ်” ရှန်းရင်လည်း အကြံပေးတာကို စဉ်းစားပြီး သူ့ရင်ဘက်ပေါ်ကနေ ခြေထောက်ကိုမလိုက်တယ်။ နောက်တော့ ဒီနေရာကို ဘာအတွက်လာလဲ မှတ်မိပြီး မေးလိုက်တယ်။
“နင် ဒီလိုထပ်လုပ်ရဲဦးမှာလား”
“မလုပ်၊ မလုပ်၊ မလုပ်ရဲတော့ပါဘူး” နတ်ဆိုးဘုရင်က အသည်းအသန် ခေါင်းညိတ်ပြီး ကတိပေးတော့တယ်။ သူ ခုထိ မတ်တတ်မရပ်ရဲသေးဘူး။ အဲအစား ဒူးထောက်ပြီး အသက်ပြင်းပြင်းရှူကာ ခပ်ကြောက်ကြောက်မေးလေတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် ဘာအမှားလုပ်ခဲ့တာလဲဆိုတာ အကြံပေးလို့ရမလား”
“နင် နတ်ဆိုးဘုံတံခါးကို ဖွင့်ပြီး အမတဘုံထဲဝင်ဖို့ အကွက်ချခဲ့တာလေ၊ ဒါသတိပေးဖို့လိုသေးတာလား”
နတ်ဆိုးဘုရင်က အံ့ဩတကြီးမော့ကြည့်တော့တယ်။
“နတ်ဆိုးဘုံတံခါး ပွင့်နေတာလား”
“အင်းလေ” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“နင်မသိဘူးလား”
“မသိပါဘူး”
ရှန်းရင် ။ ။ “…”
နတ်ဆိုးဘုရင် ။ ။ “…”
ငါ… နတ်ဆိုးမှားရိုက်မိတာလား။
(⊙_⊙)
မြင်ကွင်းက အတော်လေးကို နေရခက်ကုန်တယ်…။
“အော် အဟမ်း…” ရှန်းရင် လည်ချောင်းဟန့်လိုက်တယ်။
“ကလေးအကြောင်း ပြောကြရအောင်”
“…”
ခင်ဗျား စကားလမ်းကြောင်းလွှဲနေတာမလား။
o(╯□╰)o
“သူက ဒီအရွယ်လောက် အရပ်ရှည်ပြီး ၈နှစ်အရွယ်လောက်ရှိတယ်၊ သူက အပြာနဲ့အဖြူ ဝတ်ရုံကိုဝတ်ထားတယ်” ရှန်းရင်က သူမ ခါးနားမှာ လက်ထုတ်ပြလိုက်တယ်။
“ငါ ဒီနားတစ်ဝိုက် မည်းနက်တွေကို မေးပြီးပြီ၊ သူတို့က နင်က ဒီနားတစ်ဝိုက်မှာ အာဏာအရှိဆုံးတဲ့၊ အဲဒါကြောင့် နင့်ကိုလာရှာရတာပဲ”
ဘာမည်းနက်တွေလဲ။ သူမက တခြားနတ်ဆိုးတွေ တွေ့ခဲ့တာလား။ သူတို့တွေက သူမ ခြိမ်းခြောက်တာ ခံခဲ့ရတာအသိသာကြီး။ ဒါကြောင့် သူတို့က သူမကို သူ့ဆီညွှန်လိုက်ကြတာပဲ။ သူတို့အတွက် သူမကို နတ်ဆိုးဘုရင်က သတ်လိုက်တာမျိုးလိုချင်တာပဲ။ နတ်ဆိုးဘုရင်ရဲ့ နန်းတော်ဆီ လမ်းညွှန်တဲ့သူကိုသာ ရှာတွေ့လို့ကတော့ သေချာပေါက် အလွတ်မပေးဘူး။
“အယ်၊ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကလေးက နတ်ဆိုးဘုံထဲဘယ်လိုဝင်လာလဲဆိုတာ မေးလို့ရမလား၊ သူက တစ်နေရာရာကနေ ပျောက်လာတာလား”
“အော် သူက ငါပစ်လိုက်တဲ့ ငါးဆားနယ်မှန်သွားတာ”
“…” သောက်ကျိုးနည်း။
“ငါးကဘယ်မှာလဲဟင်”
“သေချာပေါက် ငါးက…” ရှန်းရင် အသံတိမ်ဝင်သွားတယ်။ အဲငတုံးကလေးက သတိလစ်ပြီး ငါးအောက်မှာလဲနေတာ ဖြစ်နိုင်လား။
ပြောရရင် သူမ နတ်ဆိုးဘုံထဲ ဝင်လာပြီးတဲ့နောက် ငါးဘေးကဖြတ်သွားချိန် နည်းနည်းလှုပ်နေသလိုပဲ။
သူမ မျက်နှာပျက်သွားပြီး ချက်ချင်း နန်းတော်ထဲကနေ ပျောက်သွားတယ်။ နတ်ဆိုးဘုရင် သက်ပြင်းမချနိုင်ခင်မှာပဲ ရုတ်တရက် ပြန်ပြေးဝင်လာလေရဲ့။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်ဒေဝါ”
သူ ဘာလို့ပြန်လာတာလဲ။
“အပြန်လမ်းမသိလို့၊ နင် ငါ့ကို ခေါ်သွားပေးမှရမယ်”
“…” သူ ငြင်းလို့ရလားဟင်။
——————
နဉ်ဇီအန်း သတိပြန်ရလာချိန် သူ့ပတ်လည်က လေထုက နတ်ဆိုးချီတွေ ပြည့်နေတာ မြင်လိုက်ရတယ်။ သူ့တစ်ကိုယ်လုံး ထိုးခံထားရသလိုပဲ။ သူ့မျက်နှာပေါ်မှာတော့ အရွယ်နဲ့ မလိုက်တဲ့ ရူးနှမ်းတဲ့စိတ်လှုပ်ရှားမှုမျိုး အတိုင်းသား။
“နတ်ဆိုးဘုံလား၊ ဒါနတ်ဆိုးဘုံပဲ” နဉ်ဇီအန်းက ဟိုဟိုဒီဒီ လှည့်ကြည့်ပြီး ပြုံးဖြီးရင်း မျက်လုံးတွေပြူးလာတယ်။
“ဟားဟားဟား… ကောင်းလိုက်တာ တကယ်ပွင့်သွားပြီပဲ နတ်ဆိုးကျူးကျော်မှုရှိလာလိမ့်မယ်၊ ပြီးရင်…”
သူက ပြောနေရင်း ရပ်သွားပြီး ရုတ်တရက် အမူအရာပြောင်းသွားတယ်။ သူ့မျက်ဝန်းထဲမှာ ရုန်းကန်မှုတစ်မျိုး ရှိနေလေတယ်။ နတ်ဆိုးဆန်ဆန် အမာရွတ်တွေက မျက်နှာက ပျောက်သွားပြီး အခုတော့ အမူအရာက ပြောင်းသွားပြီ။ မျက်ဝန်းတွေထဲ စိုးရိမ်မှုတွေနဲ့ ပြည့်နေပြီး တံခါးဆီ ကြည့်လိုက်တယ်။ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သလိုမျိုး လက်တွေကို လိမ်ညှစ်ပစ်လေတယ်။
“ချန်ကော၊ မင်း ဘာလုပ်ချင်နေတာလဲ၊ ရပ်စမ်း”
သူ့အမူအရာက တစ်ဖန်ခက်ထန်လာပြန်ပြီး သူ့ကိုယ်ထဲက သူ့ဆီကနေ တစ်ခုခုကို လုယူဖို့ကြိုးစားနေတဲ့ တစ်ယောက်ယောက် ရှိနေသလိုမျိုးပဲ။
“နတ်ဆိုးတံခါးတွေက ပွင့်သွားပြီ၊ မင်းပိတ်လို့မရတော့ဘူး”
“ဒီပြဿနာက ငါ့ကြောင့်ဖြစ်တာလေ” သူက ခပ်တိုးတိုးအသံနဲ့ ပြောပြန်တယ်။
“သေချာပေါက် ငါအဆုံးသတ်သင့်တာပေါ့”
“မင်းရူးနေပြီ” နောက်အသံတစ်သံက ထိတ်လန့်တကြား အော်ဟစ်တော့တယ်။
“ငါက မင်းပဲ၊ ငါ့ကိုသတ်လို့ မင်းအကျိုးမရှိဘူး၊ မင်း ပိုမသန်မာလာချင်ဘူးလား၊ ငါတို့သာ နတ်ဆိုးဖြစ်လာရင် ပိုပြီးအားကြီးလာမှာ၊ ငါတို့ အဇဋာဧကရာဇ်တွေထက်တောင် ပိုသန်မာလာမှာ၊ သုံးလောကထဲ အသန်မာဆုံးလူဖြစ်လာလိမ့်မယ်”
“ဒါ ငါ့အမှားပါ၊ ငါ မင်းကိုစောစောရှင်းပစ်ခဲ့သင့်တာ” တခြားအသံက ဖြေပြီး လက်တွေက အရင်ကထက်တောင် မြန်မြန်လှုပ်ရှားလာတယ်။
အလင်းတန်းကြီးပေါ်လာပြီး နောက်တော့ အားလုံး အမှောင်ကျသွားပြန်တယ်။
“ဟမ့်၊ ငါတို့ အမတဘုံမှာလို့ထင်နေသေးတာလား၊ မင်း ငါ့ကိုထိန်းချုပ်လို့မရတော့ပါဘူးကွာ၊ ဒီက နတ်ဆိုးချီက လုံလောက်တာထက်တောင် ပိုတယ် – မင်းက ငါ့ပြိုင်ဘက်တောင်မဟုတ်ဘူး”
“နတ်ဆိုးဖြစ်လာမဲ့အစား သေလိုက်မယ်”
“ဒါဆိုလည်း ငါ့ကိုတားကြည့်လေ”
“ဟေး…”
ရှန်းရင် တစ်ချိန်လုံး တစ်ယောက်တည်း စကားပြောနေတဲ့ ကလေးကို မနေနိုင်ဘဲ ပုတ်မိလိုက်တော့တယ်။
“နင်တစ်ယောက်တည်း အတော်လေး ခံစားချက်ကောင်းနေတာပဲ” ငယ်ငယ်လေးပဲ ရှိသေးတာကို ဒီလောက်တောင် ရှုပ်ထွေးနေပြီလား။
“ခင်ဗျားက ဘယ်သူလဲ” နဉ်ဇီအန်းက ထခုန်တယ်။ ရှန်းရင် ဘယ်အသံက သူ့ကို စကားပြောနေတာလဲဆိုတာ မပြောတတ်ဘူး။ နဉ်ဇီအန်းက နောက်ဆုတ်သွားပြီး ရှန်းရင်ကို ဇဝေဇဝါမော့ကြည့်နေပြီးမှ နောက်တော့ မှတ်မိသွားတယ်။
“ခင်ဗျားပဲ ရှန်း… ရှန်း…”
“…” သူမနာမည်က အဲလောက်တောင် မှတ်ရခက်တာလားဟေ။
-_-|||
…