အခန်း ၁၂၈ ။ နတ်ဆိုးဘုံပွင့်ခြင်း
နတ်ဆိုးချီက တဖြည်းဖြည်း ထူာလိုက်တာ မြို့အရှင်ဗိမာန်ကျူးကျော်ခံရတုန်းကထပ်တောင် ပိုများလာတယ်။ အားလုံးက မဟူရာပင်လယ်ပဲ။ နတ်ဆိုးချီထဲကနေ ရံဖန်ရံခါ နားကွဲမတတ် တစ္ဆေလိုလို အော်သံကြီးလည်း ပေါ်လာသေးတယ်။ နတ်ဆိုးချီထဲကနေ အနီရောင်မျက်လုံးတွေနဲ့ အမည်းရောင်သဏ္ဌာန်တစ်ခုက သူတို့အုပ်စုကို စိန်းစိန်းဝါးဝါး ကြည့်နေလေတယ်။
ကူယွဲ့က တစ်တောင်လုံးကို ကာကွယ်ဖို့ ချက်ချင်း အကာအကွယ်အစီအရင်ချလိုက်တယ်။ နောက်တော့ သူ တပည့်အားလုံးကို ဆင့်ခေါ်ပြီး လူတိုင်းကို အရှေ့ဆောင်က အကာအကွယ်အစီအရင်ထဲနေဖို့ ပြောလိုက်တယ်။ တစ်ရာ့ရှစ်ကြိမ်မြောက် သူ ဇာတ်လိုက်ရဲ့ပြဿနာရှာတဲ့ အလေ့အထလေးကို ဆဲမိတော့တယ်။ ရက်ပိုင်းလေး ဝူတိဂိုဏ်းမှာပဲနေရသေးတယ်၊ ဒီလိုကံမကောင်းတဲ့ကိစ္စဖြစ်နေပြီ။
ငါးမိနစ်မကြာခင်မှာပဲ တပည့်အားလုံး စုလာပြီးတဲ့နောက် ယိချင်းနဲ့ ရှန်းရင်ကပြန်လာတယ်။ ယိချင်းက လူနှစ်ယောက်ကို ဆွဲခေါ်လာချိန် ရှန်းရင်ကတော့ သယ်ထားတာက… ငါးတစ်ကောင်ကိုလား။
ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ ခုချိန် သောက်ကျိုးနည်းငါးတစ်ကောင်ကို ဘာလိုချင်နေတာလဲ။
သူတို့ပါ အကာအကွယ်အစီအရင်ထဲ ဝင်လာကြတယ်။
ယိချင်း သူဆွဲခေါ်လာတဲ့ ပေါင်ရီနဲ့ ပေါင်ဖေးဖျင်ကို လွှတ်ချလိုက်တယ်။ သူတို့ကြည့်ရတာ တုန်လှုပ်ခြောက်ခြားစရာတစ်ခုခုကနေ သက်သာအောင်လုပ်နေရတဲ့ပုံမျိုး။ သူတို့မျက်နှာပေါ် မယုံကြည်နိုင်မှုတွေအပြည့် ရေးထားတယ်။ အထူးသဖြင့် အပြင်းအထန်ဒဏ်ရာရထားတဲ့ပုံပေါ်တဲ့ ပေါင်ရီပဲ။
“ခင်ဗျားတို့… နှစ်ယောက်လုံး ဘာဖြစ်သွားတာလဲ”
ကူယွဲ့ သူတို့ကိုကူတွဲပေးလိုက်တယ်။
ယိချင်း မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။
“ကျွန်တော်တို့စောနက ခန့်မှန်းတာ မှားသွားခဲ့တာပဲ၊ ချွီရွှမ်းမြို့မှာရှိတဲ့ တံခါးက အာရုံလွှဲတာသက်သက်ပဲ၊ နတ်ဆိုးဘုံရဲ့တကယ့်တံခါးက နေရာရွှေ့ပြောင်းသွားပြီးပြီ၊ တခြားနေရာမှာ မဟုတ်ဘူး၊ တစ်ချိန်လုံး နဉ်ဇီအန်းရဲ့ ခန္ဓာကိုယ်ထဲရှိနေခဲ့တာပဲ၊ သူ့တစ်ကိုယ်လုံးက တံခါးဖြစ်နေတာ
“ဘာ” ကူယွဲ့ ထိတ်လန့်သွားတယ်။ ဟိုလီရှစ် ဇာတ်လိုက်က ဂုဏ်သရေရှိ ဂိုဏ်းကောင်းတစ်ခုက မဟုတ်ဘူးလား။ သူက ဘယ်တုန်းက လူဆိုးတွေထဲက တစ်ယောက်ဖြစ်လာတာလဲ။ ဒီဝတ္ထုက မပြီးသေးတာ အသိသာကြီး။
“ဒီနတ်ဆိုးချီအားလုံးက သူ့ဆီက လာတာလို့ ပြောတာလား၊ သူက နတ်ဆိုးလား”
“မဟုတ်ဘူး ရှောင်အန်းက သေချာပေါက် နတ်ဆိုးမဟုတ်ဘူး” ပေါင်ဖေးဖျင်က ယိချင်း ကူယွဲ့မေးခွန်းကို မဖြေခင် ကြားဖြတ်ဝင်ပြောလိုက်တယ်။
“သူမွေးလာချိန် တကယ်ကိုအမတပါ၊ သူ နတ်ဆိုးအစေ့လိုမျိုးတစ်ခုခုနဲ့ ဘယ်ချိန်က… အစိုက်ခံခဲ့ရလဲဆိုတာတော့ မသိဘူး”
ပေါင်ဖေးဖျင်က နှစ်တွေဒီလောက်ကြာတာတောင် တစ်ခုခုလွဲနေတာကို သတိမထားမိလို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ပုံ။
“အာ၊ ဒါက ကျုပ်တို့ဘက်က ပေါ့ဆမှုပါ” ပေါင်ရီက စကားဆိုလာတယ်။
“ရှောင်အန်းက နတ်ဆိုးအစေ့ထည့်သွင်းခံထားရပြီးပြီ၊ နတ်ဆိုးတွေက ကျုပ်တို့ဆီ အရင်က ကျူးကျော်လာချိန် ဒါကိုသေချာစဉ်းစားထားခဲ့တာဖြစ်ရမယ်၊ အဲဒါကြောင့် နတ်ဆိုးဘုံတံခါးကို ရှောင်အန်းကိုယ်ထဲရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပဲ၊ သူတို့က သူ့ကို နတ်ဆိုးအဖြစ်ပြောင်းပြီး တံခါးတွေကို ဖွင့်ချင်တာပဲ”
“ခဏ…” ကူယွဲ့ မတရားစဉ်းစားနေရလို့ ခေါင်းတောင်ကိုက်လာတယ်။
“နတ်ဆိုးတံခါးက ရွှေ့လို့ရတယ်လို့ ပြောနေတာလား”
“အမှန်ပါ” ပေါင်ရီက ခေါင်းညိတ်ပြပြီး အပြစ်ရှိစိုးရိမ်စိတ်နဲ့ ဆက်ပြောတော့တယ်။
“ကျုပ်တို့ ဒါကိုမသိခဲ့တာမို့ သူ့ကို ချွီရွှမ်းမြို့ပြင် ခေါ်ထုတ်မိခဲ့တာပါ၊ အမတသွေးကြောရဲ့ ထိန်းချုပ်မှုမရှိတော့ ရှောင်အန်းကိုယ်ထဲက နတ်ဆိုးချီက ပွင့်ထွက်လာတော့တာပဲ၊ အဲဒါကြောင့်… ကျုပ်တို့ကသာ ခင်ဗျားတို့ဂိုဏ်းကို ဒီပြဿနာထဲဆွဲသွင်းမိခဲ့သူပါ”
ကူယွဲ့ လုံးဝစိတ်ပေါက်သွားခဲ့တယ်။
“ကောင်းပြီလေ၊ လောလောဆယ် ဒါတွေ ပြောနေလည်း အသုံးမဝင်တော့ဘူး၊ ခင်ဗျားတို့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းသိလား”
ဝူတိဂိုဏ်းတစ်ခုလုံးက အခုပိန်းပိတ်အောင် မှောင်မည်းနေပြီ။ နတ်ဆိုးချီတွေက သူတို့ရပ်နေတဲ့နေရာကလွဲ အက်ကြောင်းရာတိုင်းမှာပါ ဖုံးလွှမ်းနေတယ်။
“အင်း…” နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်ပြီး ခေါင်းယမ်းလိုက်ကြတယ်။
“နတ်ဆိုးချီက ကျုပ်တို့ရဲ့ပတ်လည်က မသေမျိုးချီကိုအာရုံခံဖို့ကို နှောင့်ယှက်နေတယ်၊ ဒီနတ်ဆိုးချီကနေ ဖောက်ထွက်ဖို့ တကယ်ကိုခက်မှာ၊ ပြီးတော့…”
သူ စကားတောင်ဆုံးအောင် မပြောနိုင်ဘူး။ တကယ်လို့ နတ်ဆိုးဘုံကနေ နတ်ဆိုးတစ်ကောင်၊ နှစ်ကောင် လွတ်လာနိုင်ရင်တောင် ဝူတိဂိုဏ်းကလူအားလုံးကို အဆုံးသတ်လို့ရတဲ့ နတ်ဆိုးချီပမာဏကို သုံးနိုင်တယ်။ သူတို့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်က လောလောဆယ် ချွီရွှမ်းမြို့မှာရှိနေတဲ့ နတ်ဒေဝါဧကရာဇ်ကောယိုးပဲ။ ဒါပေမဲ့ သူတို့ သူ့ကို ဘယ်လိုသတင်းစကားပို့ရမလဲ။
“ခင်ဗျားတို့ နတ်ဆိုးဘုံတံခါးကို မြင်ပြီးပြီလား”
“ငါမြင်နိုင်တယ်- အကြီးကြီးပဲ” ရှန်းရင် နှစ်ယောက်သားမဖြေနိုင်ခင် ရှေ့ကိုလက်ညှိုးထိုးလိုက်တယ်။
ကူယွဲ့ မော့ကြည့်လိုက်တော့ တိမ်မည်းကြီးတွေကြားမှာ အနက်ရောင်တံခါးကြီး မြင့်တက်လာတာကို မြင်လိုက်ရတယ်။ အရွယ်အစားကြီးလာပြီး သူတို့ ချွီရွှမ်းမြို့မှာမြင်ခဲ့ရတဲ့ တံခါးနဲ့ တစ်ပုံစံတည်းပဲ။
“ရှောင်အန်း” ပေါင်ဖေးဖျင်က စိတ်လှုပ်ရှားစွာ လှမ်းအော်လေတယ်။
အဲတော့မှ ကူယွဲ့ တံခါးရဲ့ ဘယ်ဘက်ထောင့် အောက်ခြေမှာ ကလေးတစ်ယောက်ရပ်နေတာ သတိထားမိသွားခဲ့တာပဲ။ နဉ်ဇီအန်း။ သူက ပုံမှန်နဲ့ အင်မတန်ကွာခြားနေတယ်။ သူ့မျက်နှာက နတ်ဆိုးဆန်ဆန် အမာရွတ်တွေပြည့်နေပြီး မျက်လုံးနှစ်လုံးလုံး ရဲရဲနီနေတယ်။ လက်တစ်ဖက်က တံခါးပေါ်တင်ထားပြီး သူတို့အုပ်စုကို အေးစက်စက်စိုက်ကြည့်နေတယ်။
ဒါက… ဇာတ်လိုက်မင်းသားတဲ့လား။ လူဆိုးတွေရဲ့ ခေါင်းဆောင်ဆိုတာ အသိသာကြီး။
“သူ ဘာဖြစ်နေတာလဲ” ကူယွဲ့ မေးလိုက်တယ်။
“သူ့ကိုယ်ထဲက နတ်ဆိုးချီ လွှမ်းမိုးသွားတာခံရတာပဲ၊ သူက အခုနတ်ဆိုးဖြစ်နေပြီ” ယိချင်းက ဖြေလာတယ်။
ယိချင်း ခုလေးတင် ပြောလိုက်တာကို အတည်ပြုလိုက်သလိုမျိုး နဉ်ဇီအန်းပတ်လည်က နတ်ဆိုးချီတွေက ထကြွလာပြီး ကောင်လေးက စအော်ဟစ်တော့တယ်။ နတ်ဆိုးချီတန်းတွေက သူတို့ဆီ ပစ်လွှတ်လာလေတယ်။ ယိချင်း သူ့ဓားကို ဆွဲကိုင်လိုက်တယ်။ သူ့ဓားက ဓားချီက သူတို့ဆီပစ်လွှတ်လာတဲ့ နတ်ဆိုးချီလှိုင်းတွေကို ဖြတ်တောက်ပစ်လိုက်လေတယ်။
နဉ်ဇီအန်းက ကြောက်စရာ ရယ်သံမျိုး ရယ်လာတယ်။ သူက သူ့အောက်မှာရပ်နေတဲ့ လူတွေကို နည်းနည်းလေးတောင် ဂရုစိုက်တဲ့ပုံမပေါ်။ သူက တံခါးကြီးဘက်လှည့်ပြီး အသည်းအသန် အာရုံစိုက်နေတဲ့ပုံပဲ။ သူက ဘယ်ဘက်လက်ဖဝါးကို လှီးပြီး ဒဏ်ရာနဲ့လက်ဖဝါးကို တံခါးပေါ်က မျက်စိနီကြီးတစ်လုံးပေါ် တင်လိုက်တယ်။
“မဖြစ်ဘူး၊ သူ နတ်ဆိုးဘုံ တံခါးကို ဖွင့်တော့မယ် သူ့ကိုတားဦး” ကူယွဲ့ ရှန်းရင်ဘက် လှည့်အော်လိုက်တယ်။
“ရှန်းရင် အဲကောင်စုတ်လေးကို အောက်ခေါ်လာခဲ့”
“ကောင်းပြီ” ရှန်းရင် ဟိုဟိုဒီဒီ ကြည့်ပေမဲ့ လက်နက်က မတွေ့၊ အဲတော့… ရွေးစရာမရှိတော့ဘဲ လက်ထဲက ငါးကြီးကို သုံးရတော့တယ်။ သူမက ငါးကို ကလေးဆီပစ်လွှတ်လိုက်တယ်။
လူတိုင်း လေပြင်းတစ်ချက် ခံစားလိုက်ရပြီးတော့ ဝုန်းခနဲအသံကြီးကြားလိုက်ရတာပဲ။ တံခါးကိုဖွင့်စပြုနေတဲ့ နဉ်ဇီအန်းက တံခါးဆီ ပြန်ပစ်လွှတ်ခံလိုက်ရလေတယ်။ သူ့ခန္ဓာကိုယ်က နတ်ဆိုးချီတစ်ဝက်လောက်က ရိုက်ချက်နဲ့အတူ လွင့်သွားလေတယ်။
ဒါပေမဲ့ ရိုက်ချက်အရှိန်အဟုန်က မပျောက်သွားဘူး။ မရပ်မတန့်နိုင်တဲ့ အားတစ်ခုက ရှေ့ကိုဆက်ပြီး တွန်းထိုးသွားသလိုမျိုးပဲ။ သူတို့ အက်ကွဲသံကြီး ကြားလိုက်ရပြီး ငြိမ်နေတဲ့တံခ့းက စရွေ့လာတော့တယ်။ ရွေ့လာတာနဲ့အတူ နျဉ်ဇီအန်းက တံခါးထဲပြုတ်ကျသွားတော့တယ်။ တံခါးတွေက… ပွင့်သွားပြီ
Σ(°△°|||)
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
“ဖေဖေ… နျို၊ ဒါဖြစ်တာကလေ တံခါးအရည်အသွေးက တကယ်ဆိုးလို့ပါလို့ ပြောချင်တာ၊ ငါ့ကိုယုံလားဟင်”
ဘယ်လိုလုပ် ငါးလေးတစ်ကောင်ပစ်ရုံနဲ့ ပွင့်သွားရတာလဲ။
“ငါ့ဖင်ကိုယုံ”
ငါတို့တော့သွားပြီ၊ တကယ်သွားပြီ…
ငါးဆားနယ်တစ်ကောင်က ကူယွဲ့ တံခါးမပွင့်အောင် စဉ်းစားထားတဲ့ နည်းလမ်းအားလုံးကို ကဖျက်ကယက်လုပ်လိုက်ပြီ။ ဘာအကျိုးရှိတော့မှာလဲ
(╯‵□′)╯(┻━┻
ချက်ချင်းပဲ သူတို့ပတ်လည်က ချီမည်းတွေက ထူသထက်ထူလာတယ်။ အမည်းရောင်ပုံရိပ်ကြီးတစ်ခုက တံခါးထဲကနေ ပျံထွက်လာတာပဲ။ အမည်းရောင်သဏ္ဌာန်က အရင်တစ်ခုနဲ့ ပုံစံကွဲပြားတယ်။ ဒီအမည်းရောင်သဏ္ဌာန်က အထည်ကိုယ်ဒြပ်ရှိပြီး ကိုယ်ခန္ဓာအပြည့်ဆိုပေမဲ့ လုံးဝကို အနက်ရောင်။ မျက်နှာက အမည်းရောင် အမာရွတ်တွေပြည့်နေလို့ မျက်နှာပေါက်က ခွဲခြားလို့တောင်မရဘူး။ အရိုးထဲထိကြက်သီးထစရာအငွေ့အသက်က သူတို့ဆီဆင်းသက်လာတယ်။
အကာအကွယ်အစီအရင်တစ်ခုလုံး အသည်းအသန်ခါယမ်းလာတော့တယ်။ အချိန်မရွေး ပြိုကျသွားနိုင်တဲ့ပုံမျိုး။
နတ်ဆိုးတွေ ဒီရောက်နေပြီ။
“ဟားဟားဟား…” အမည်းရောင်သဏ္ဌာန်က ငုံ့ကြည့်ပြီး ရူးနှမ်းနှမ်းရယ်တော့တယ်။
“နတ်ဆိုးဘုံတံခါးက နောက်ဆုံးတော့ ပွင့်သွားမယ်လို့မထင်ခဲ့ဘူး၊ ငါက မိစ္ဆာလမ်းစဉ်- အား”
သူ စကားမဆုံးခင် တစ်ယောက်ယောက်က သူ့ကို ကန်လိုက်လို့ လေထဲပျံတက်သွားတော့တယ်။ သူ့ကိုယ်က ပိန်သွားတဲ့ပူဖောင်းလို ခံစားလိုက်ရတယ်။ ကျစ်… ရှူးခနဲအသံကျယ်ကြီးနဲ့အတူ သူ့ကိုယ်သူ မီးခိုးရောင်အငွေ့တွေအဖြစ် တဖြည်းဖြည်း ပျံ့လာတာကို ခံစားလိုက်ရပြီး အရိုးနက်တွေပဲ ကျန်ခဲ့လေတယ်။
ရှန်းရင် ခြေထောက်ကို ပြန်ရုတ်ပြီး တစ်ဝက်ပွင့်နေတဲ့တံခါးကို လက်ညှိုးထိုးလိုက်တယ်။ သူမ တည်ငြိမ်မှုရပြီး ပြောလိုက်တယ်။
“ဟေး၊ ငါ ဒီအရှုပ်ကိုသွားရှင်းမို့၊ အဲကလေးကို သွားရှာဦးမယ်၊ စားဖိုမှူး အားလုံးကို စောင့်ရှောက်ထားနော်”
“ဟုတ်ကဲ့ဆရာ”
ရှန်းရင်က တစ်ခဏအတွင်း တံခါးထဲ ပျောက်သွားခဲ့တော့တယ်။
လူအုပ်ကြီး ။ ။ “…”
အချိန်အတော်ကြာတဲ့အထိ…
စဥ်းစားကြည့်ရင်… နတ်ဆိုးဘုံက နတ်ဆိုးက သူ့ကိုယ်သူ မိစ္ဆာလမ်းစဉ်အဇဋာလို့ ပြောတော့မို့လား။ ဒဏ္ဍာရီတွေအရတော့ မိစ္ဆာလမ်းစဉ်အဇဋာတွေက နေမင်းပေါင်းတစ်ထောင်ရဲ့ မီးကို ငြှိမ်းပစ်၊ စကြဝဠာတစ်ခုလုံးကို သုတ်သင်ပြီး နတ်ဒေဝါဧကရာဇ်တွေကိုတောင် အနိုင်ယူနိုင်တယ်တဲ့လေ။ ဒါတောင် နတ်ဆိုးဘုံကနေ ထွက်လာလာချင်း အသက်ထွက်အောင်… ကန်ခံလိုက်ရတာလား
ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊ ငါတို့… နားကြားမှားတာပဲဖြစ်ရမယ်မလား။
(⊙_⊙)
…