အခန်း ၁၂၇ ။ ထူးဆန်းသောဇာတ်လိုက်
ဂိုဏ်းက ပေါင်သားအဖကို သူတို့အစွမ်းပြပြီးတဲ့နောက် ကူယွဲ့ သူ့ဂိုဏ်းကတပည့်တွေကို ဘယ်လိုသေချာလေ့ကျင့်ရမလဲဆိုတာ သင်ကြားပေးဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ နေ့တိုင်း သူက တပည့်တွေကို လေ့ကျင့်ရေးကွင်းဆီ ခေါ်သွားတယ်။ သူတို့က လေ့ကျင့်ရေး ပြိုင်တူ အားပေးတိုက်တွန်းသံတွေ အော်ဟစ်ကြတော့တာပဲ။
စိတ်ပြင်းထန်ပြီး ကျယ်လောင်တဲ့ အားပေးသံတွေက တစ်ဂိုဏ်းလုံးစီပျံ့ပြီး အထူးသဖြင့်တော့ တစ်ခုသော နန်းတော်အဆောင်ဆီပေါ့။
ပေါင်သားအဖနှစ်ယောက် ဒီမြင်ကွင်းနဲ့ကြုံတိုင်း သူတို့မျက်နှာတွေက ထူးထူးဆန်းဆန်း စိမ်းလာတော့တယ်။ ဝူတိဂိုဏ်းက အမျိုးသမီးခန္ဓာကျင့်ကြံသူတွေနဲ့ ပြည့်နေတာ သိသွားတဲ့နောက် သူတို့အမူအရာက မသိမသာပိုဆိုးသွားတယ် – သူတို့မျက်ဝန်းထဲ ကူကယ်ရာမဲ့မှုတွေပါ ပေါ်လာလေရဲ့။
ဖေဖေနျိုက သားအဖနှစ်ယောက်ရဲ့ လက်ကျန်မျှော်လင့်ချက်အကုန်လုံးကို သတ်ဖို့ အားကုန်ထုတ်သုံးပစ်ခဲ့တယ်။ သူတို့အတွက် တစ်ခုတည်းသော အခက်အခဲက သူတို့တပည့်တွေ ဘာကြောင့် ခန္ဓာကျင့်ကြံသူတွေအဖြစ် ပြောင်းကုန်လဲပေါ့။ ဒါပေမဲ့ ခံစားချက်ဒဏ်ရာရနေတဲ့ သားအဖနှစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အများကြီး မတွေးနိုင်ကြတာ အသိသာကြီးပဲ။ တပည့်တွေရဲ့ ခွန်အားနဲ့ စွမ်းရည်က တိုးတက်လာတယ်။ အရေးကြီးဆုံးက သူတို့အမတအရိုးတွေ ဖွဲ့စည်းဖို့ပဲ။
တစ်ဂိုဏ်းလုံး အမတဘုံဆီ တက်လှမ်းလာတာ ၆လရှိခဲ့ပြီ။ ယွီဟုန်နဲ့စစ်ယွီရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာပြီး သူတို့အတွက် အမတအရိုးတွေဖွဲ့စည်းဖို့ သေချာပေါက်ကို မျှော်လင့်ချက် ရှိတယ်။ တခြားတပည့်တွေက တိုးတက်တဲ့အရိပ်အယောင်ပြပေမဲ့ သူတို့အုတ်မြစ်တွေက အရမ်းကိုယိမ်းယိုင်ပြီး အမတအရိုးတွေဖွဲ့စည်းဖို့ မျှော်လင့်ချက်နည်းသေးတယ်။
သူတို့ အမတအရိုးဖွဲ့စည်းပြီးမှ မြေအမတလို့သတ်မှတ်နိုင်မှာ။ ကူယွဲ့ တစ်ခုခု အမြန်စဉ်းစားဖို့လိုနေပြီ။ ဟုတ်တာပေါ့၊ ဇာတ်လိုက်နဲ့ပတ်သက်တဲ့ ပြဿနာကို အရင်အာရုံစိုက်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဒီဇာတ်လိုက်နဲ့ အရမ်းရင်းနှီးလို့မဖြစ်ဘူး။ အထူးသဖြင့် ယိချင်းပဲ။
သူတို့တွေ ကံကောင်းတာက ကလေးကငယ်သေးတာပဲ။ သူ့အဘိုး၊ အဖေနဲ့ အတူရှိမနေရင် ကလေးကို ယွီဟုန်က ထိန်းပေးထားတယ်။ ယိချင်းနဲ့ လုံးဝ အဆက်အဆံမရှိဘူး။
“ဆရာ…” ယိချင်း ချက်ပြုတ်ပြီးကာစ ဟင်းပန်းကန်ကို ချပေးလိုက်တယ်။ အရင်နဲ့မတူ မီးဖိုချောင်ကို ပြန်သွားမဲ့အစား သူက စားပွဲမှာထိုင်ချပြီး ရှန်းရင်ကို ကြည့်လာတယ်။
“ဒီရက်ပိုင်း ပြောနိုင်ပြီလား”
“အာ… ဟင့်အင်း” ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
“နည်းနည်းထပ်စောင့်ဦး”
“ကျွန်တော် စိတ်ထင်ရုံလည်းဖြစ်နိုင်တာပဲ”
ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။
“၈နှစ်အတွင်း အဲကလေးမှာ ထူးဆန်းတာ ဘာမှမှမရှိခဲ့တာ၊ ကျွန်တော် အတွေးလွန်နေတာ ဖြစ်မယ်မလား”
“မဟုတ်လောက်ဘူး” ရှန်းရင်က ပြောရင်း ဟင်းနှစ်လုတ် ပါးစပ်ထဲသွင်းပြီး ဆက်ပြောလိုက်တယ်။
“ငါ အဲလောက် လူအများကြီးမသိဘူး”
ယိချင်း သူမကိုထိတ်လန့်တကြား ကြည့်လိုက်တယ်။
“ဆရာပြောတာက-”
“အလျင်မလိုနဲ့”
“ဟုတ်ကဲ့”
“ခဏ” ကူယွဲ့ ကြားဖြတ်ပြောပြီး မျက်နှာက တွန့်သွားတယ်။
“ဘာတွေပြောနေကြတာလဲ၊ ဘာလို့ ငါဘာမှနားမလည်တာ” သူတို့ နဉ်ဇီအန်းအကြောင်း ပြောနေကြတာလား။ ပြောနေတာပဲဖြစ်မယ်
“ငါတို့ ဇာတ်လိုက်ရဲ့ လက္ခဏာအကြောင်းပြောနေတာ”
“ဘာလက္ခဏာလဲ” ကူယွဲ့စဉ်းစားလိုက်တယ်။ ပေါင်ဖေးဖျင်သားမဟုတ်ဘူးလား။ တခြား ဘယ်သူက ဇာတ်လိုက်ဖြစ်ရဦးမှာလဲ။
“ဟမ်၊ ငါ နင့်ကိုမပြောခဲ့ဘူးလား” ရှန်းရင် အူကြောင်ကြောင်နဲ့ ခေါင်းကုတ်လိုက်တယ်။
“စားဖိုမှူး သူ့မူလဝိညာဉ်ဓားချီကို ကူဖယ်ပေးတဲ့နေ့တုန်းက သူ့ကိုယ်ထဲမှာ ထူးခြားတာတွေ့ခဲ့တယ်”
“…” ဘယ်တုန်းက ငါ့ကို ဒါပြောခဲ့လို့လဲဟ။ ဘယ်လိုလုပ် ငါ သိမှာလဲ။
ကူယွဲ့ ရုတ်တရက် စိတ်ထဲမကျေမချမ်းဖြစ်သွားတယ်။
“ဘာတွေဖြစ်နေတာလဲ”
“စားဖိုမှူး ပြောပြလိုက်” ရှန်းရင်ကတော့ သူ့စားစရာ သူဆက်စားနေလေရဲ့။
“ဟုတ်ကဲ့ ဆရာ” ယိချင်း ခေါင်းညိတ်ပြီး ကူယွဲ့ ဘက်လှည့်လာတယ်။
“ကျွန်တော် သူ့ကို မူလဝိညာဉ်ဓားချီ ကူထုတ်ပေးတဲ့နေ့က သူ့ဓားချီက ရှုပ်ထွေးနေပေမဲ့ ပြုပြင်လို့ မရတာတော့မဟုတ်တာ သိခဲ့ရတယ်၊ အစက သူငယ်သေးတာမို့ သူ့ဓားချီကို ဘယ်လိုထိန်းချုပ်ရမှန်း မသိတာလို့ တွေးခဲ့တာ၊ ဒါပေမဲ့ ကျွန်တော့် မသေမျိုးချီကို သုံးပြီး သူ့ဓားချီကို ရှင်းပြီးတဲ့နောက် ကျွန်တော် သူ့သွေးကြောထဲ ထူးထူးခြားခြား လွယ်လင့်တကူ ဝင်ရောက်သွားခဲ့တယ် – ဘယ်လိုမှ ခုခံမှု မရှိဘူး၊ ဒါ အရမ်းကို ထူးခြားတယ်”
ကူယွဲ့ စဉ်းစားပြီး တစ်ခဏနေတော့ နားလည်သွားတယ်။
“မင်းပြောတာက… သူ့ဓားချီကို ဘယ်လိုထိန်းချုပ်ရမလဲ မသိရင်တောင် မင်းမသေမျိုးချီက သူ့သွေးကြောထဲ ဝင်ရောက်ချိန် တွန်းလှန်ဖို့ သင့်တော်တဲ့နည်း မသိသေးရင်တောင် သဘာဝအလျောက် တွန်းလှန်မှုတချို့ရှိသင့်တယ်ပေါ့၊ ပြီးတော့ သူ့ဓားချီကို ဘယ်လိုထိန်းချုပ်ရမလဲ တကယ်သိတယ်ဆိုရင် ကြုံသလို ပေါက်ကွဲနေမှာ မဟုတ်ဘူးပေါ့”
“အမှန်ပဲ” ယိချင်း အတည်ပြုလိုက်တယ်။
“အဲဒါတင်မကဘူး၊ ကျွန်တော် သူ့ဓားချီကို ဖယ်ရှားနေချိန် သူ သတိလစ်နေချိန်မှာတောင် ကျွန်တော့်အားထုတ်မှုနဲ့ ပူးပေါင်းနေတာ ခံစားမိတယ်၊ သူ့ကိုယ်ကနေ လုံးဝတွန်းလှန်မှု မရှိဘူး၊ အနည်းဆုံးတော့ ကျွန်တော့်မသေမျိုးချီက မတော်တဆ သူ့ကောင်းကင်စိတ်အာရုံကို ဖြတ်မသွားခင်ထိပေါ့၊ နောက်တော့ ပြင်းထန်တဲ့ ခုခံမှုကြီးဖြစ်လာတယ်၊ ဓားချီတွေအကုန်လုံး သူ့ထဲ နိုးကြွလာတော့ သူ့ဓားချီတွေ ကျွန်တော့်ကိုယ်ထဲ ကျူးကျော်ပြီး ဒဏ်ရာရစေခဲ့တာပဲ”
ကူယွဲ့ ရင်ထိတ်သွားတယ်။
“သူ့မူလဝိညာဉ်မှာ ပြဿနာဖြစ်နေတာများလား”
“မသိဘူး” ယိချင်း ခေါင်းယမ်းလိုက်တယ်။
“အဲအချိန်က ဓားချီကို ဖိနှိပ်ဖို့ပဲ အာရုံစိုက်နေတာဆိုတော့ သေချာမကြည့်ဖြစ်ခဲ့ဘူး၊ အရိုးထဲထိ တန်းတန်းမတ်မတ် ဝင်လာတဲ့ ပူလောင်ပြီး ကြက်သီးထစရာနာကျင်မှုမျိုးပဲ ခံစားခဲ့ရတယ်၊ နောက်တော့ သူ့ကောင်းကင်စိတ်အာရုံကို ထပ်စစ်ဆေးဖို့တွေးချိန် ရှာလို့မရတော့ဘူး၊ ဒါကြောင့် ဆရာ့ကို အဲကလေးမှာ ထူးခြားတာ တွေ့၊ မတွေ့ ကူညီရှာခိုင်းထားတာ”
အမတဘုံက သေမျိုးဘုံနဲ့ကွာတယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့မူလဝိညာဉ်ကို သွားရှုပ်ရင် သူ့အဘိုးနဲ့ အဖေက သေချာပေါက်ပြောနိုင်မှာပဲ။
“ချီး” ကူယွဲ့ ဆဲလိုက်မိတော့တယ်။ ဇာတ်လိုက်က တကယ်ကိုသာမန်မဟုတ်ဘူးပဲ။
“ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ငါ့ကို စောစောမပြောတာလဲ”
“ခင်ဗျားမှမမေးတာ”
“ဒါဆို ဘာလို့ရှန်းရင်ကိုပြောလဲ”
ငါတို့မမေးရင် မင်းမပြောတော့ဘူးမလား။
“သူက ကျွန်တော့်ဆရာလေ” သေချာပေါက် သူ့တော့ ပြောမှာပေါ့။
“…” မေ-ိုး
သူပဲ ဝူတိဂိုဏ်းထဲမှာ အမှိုက်လို့ တွေးခံနေရတာလား။
“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးကျူးကျော်မှုက အဲကလေးမူလဝိညာဉ်ဓားချီ ထကြွတာရဲ့ တစ်ခုတည်းသော အကြောင်းပြချက် မဖြစ်နိုင်ဘူး၊ တခြားအကြောင်းရင်းတော့ ရှိမှာပဲ၊ ပေါင်ရီနဲ့ ပေါင်ဖေးဖျင်က ဒီတခြားအကြောင်းအရင်းက ဘာလဲဆိုတာ သိပါ့မလားပဲမသိတာ”
ကူယွဲ့က ယိချင်းစကားနားထောင်လေ ပိုပြီးဗျာများလာလေပဲ။ ဒီအကြောင်းကို ဝတ္ထုထဲမှာ ပြောထားတာလည်း မပါဘူး။ နဉ်ဇီအန်း ဝတ္ထုထဲ ပေါ်လာတဲ့အချိန် သူက သန်မာပြီး နာမည်ရနေပြီ။ သူက လူကောင်းတစ်ယောက်အဖြစ် ဖော်ကျူးခံထားရတာ။ သူ့သရုပ်သကန်က ဘယ်လိုထူးခြားလဲဆိုတာ ဘာမှမပါဘူး။ နောက်တော့ အဇဋာဧကရာဇ်တောင်ဖြစ်လာတယ်။ ကူယွဲ့ အရေးကြီးတဲ့ အသေးစိတ်တစ်ခုခုကိုများ လစ်ဟာသွားတာ ဖြစ်နိုင်လား။
“ဘာပဲဖြစ်ဖြစ် သူတို့က ဒီမှာ ရက်ပိုင်းပဲဆက်နေတော့မှာလေ” ကူယွဲ့ မချင့်မရဲ လက်ယမ်းလိုက်တယ်။
“မှတ်သာထား၊ အသက်ကိုတန်ဖိုးထားပြီး ဇာတ်လိုက်နဲ့ဝေးဝေးနေ သူနဲ့ ဝေးနိုင်သမျှ ဝေးဝေးသာနေ၊ နဉ်ဇီအန်းလို့ခေါ်တဲ့လူနဲ့ ဘာမှမပတ်သက်မိစေနဲ့”
သူ ပြောတာမပြီးခင် ရှန်းရင်အမူအရာက ပြောင်းသွားတယ်။ သူမက ပန်းကန်လုံးကို ချပြီး အမြန် မတ်တတ်ထရပ်တော့တယ်။
“ဘာလုပ်နေတာလဲ” ကူယွဲ့ ထခုန်လိုက်မိတယ်။
ဒါ သူမ ဒီလောက်စိတ်လှုပ်ရှားနေတာကို သူ ပထမဆုံးမြင်ဖူးတာပဲ။
“ဘာဖြစ်နေတာလဲ”
“ငါတို့မှာအချိန်မရှိဘူး”
“ဘာ” သူတုံ့ပြန်ချိန်တောင်မရလိုက်ဘူး။
ရုတ်တရက် ဝုန်းခနဲ ပြိုလဲသံကြီး သူ့နောက်ကနေ ထွက်လာတယ်။ အမည်းရောင်အရာတစ်ခုက ကောင်းကင်ဆီ ပျံတက်လာတယ်။ လေထုတစ်ခုလုံး နတ်ဆိုးချီတွေပြည့်ပြီး ဝူတိဂိုဏ်းပေါ်က ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့တယ်။
နတ်ဆိုးချီ ဘာလို့ ဝူတိဂိုဏ်းမှာ နတ်ဆိုးချီရှိနေရတာလဲ။
“အနောက်က ချန်းချင်းခန်းမဆီကနေ လာနေတာ”
ကူယွဲ့ နတ်ဆိုးချီအရင်းအမြစ်ကို အထိတ်တလန့် ကြည့်လိုက်တယ်။
“အဲဒါ ပေါင်မိသားစု နေနေတဲ့နေရာပဲ” ဘာလို့အဲကနေလာရတာလဲ။
“စားဖိုမှူး၊ သွားကြစို့” ရှန်းရင်က ခန်းဆောင်ဆီ ပြေးတော့တယ်။
“ခဏ” ကူယွဲ့ အမြန်တုံ့ပြန်ပြီး ရှန်းရင်လက်ကိုဆွဲလိုက်တယ်။
“မင်းရူးနေပြီပဲ နတ်ဆိုးချီက ဒီလောက် အားကောင်းနေတာကို မင်း လူတွေပြေးကယ်ဖို့ တွေးနေတာလား”
ပြီးတော့ သူတို့တပည့်တွေက လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေကြတာ၊ အဲခန်းဆောင်မှာ မဟုတ်ဘူး။
“လူကယ်ဖို့သွားတာလို့ ဘယ်သူပြောလဲ”
“ဒါဆိုမင်း-”
“ငါ့ပင်လယ်စာက အဲမှာ အခြောက်လှမ်းထားတာဟ”
သူမ အရင်တစ်ခေါက်က ပင်လယ်စာတွေအများကြီးယူလာတော့ အကုန် အဲနေရာမှာရှိနေတာ။
“စားဖိုမှူး၊ ကုန်ပစ္စည်းတွေကို ကယ်တင်”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ”
ကူယွဲ့ ။ ။ “…” ခွေး*သား
…