အခန်း ၁၂၅ ။ စုပေါင်းအားထုတ်မှု
သူတို့တွေ အောက်က ချွီရွှမ်းမြို့တစ်မြို့လုံးကို အပေါ်စီးကမြင်နေရတယ်။ ချွီရွှမ်းမြို့က အမတသွေးကြောပေါ် ဆောက်ထားတာ။ မသေမျိုးချီတွေက တစ်မြို့လုံးပြည့်နေပေမဲ့ မြို့ပြင်မှာတော့ ပါးတယ်။ ဒါက မြို့ကို ပတ်ဝန်းကျင်ကနေ သိသိသာသာ ကွဲထွက်စေနေတာပဲ။ ပြောရရင်တော့ သူ့ပုံသဏ္ဌာန်ပေါ့။
မြို့က အရင်က ဖြစ်ကတတ်ဆန်းပုံစံနဲ့ ဆောက်ခဲ့တာ – ပုံသဏ္ဌာန်တိတိကျကျမရှိခဲ့ဘူး။ တကယ်လို့ လူတွေ မြို့ထဲနေချင်ရင် အိမ်ဆောက်ဖို့ ခွင့်ပြုချက်အတွက် မြို့အရှင်ဆီ လျှောက်ရုံပဲ။ မြို့အရှင်က ခွင့်ပြုချက်ပေးသရွေ့ သူတို့တွေ ဘယ်နေရာမှမဆို အိမ်ဆောက်လို့ရတယ်။ အဲဒါကြောင့် မြို့ထဲနေရာအများကြီးရှိနေတာပဲ။
ဒါပေမဲ့ အဲအခိုက်အတန့်မှာ သူတို့ ကောင်းကင်မှာရှိနေတဲ့နေရာကနေ မြင်ရတာတော့ မြို့က စတုရန်းပုံစံ ဖြစ်နေတာပဲ။ သူတို့ ဒါ ဘယ်ချိန်ကစလဲ မသိပေမဲ့ မြို့တစ်မြို့လုံးက ပေတံသုံးပြီး အကွက်ချထားသလိုပဲ။ တစ်အိမ်မှ နေရာအပြင်ထွက်နေတာမျိုးမရှိဘူး။ မြို့တစ်လျှောက် လမ်းမကြီးက စတုရန်းအလယ်မှာ ကွက်တိကျနေပြီး စတုရန်းကို နှစ်ခြမ်းကွက်တိခွဲထားလေတယ်။
သူတို့ ဒီလောက်အမြင့်ကနေသာ မကြည့်ခဲ့ရင် သတိထားမိခဲ့မှာမဟုတ်ဘူး။ ချွီရွှမ်းမြို့တစ်မြို့လုံးက… တံခါးလိုမျိုးဖြစ်နေတာပဲ တံခါးကြီးလေ။ ပေါင်ဖေးဖျင် အရင်က ထူးဆန်းတယ်လို့ လက်ညှိုးထိုးပြခဲ့တဲ့နေရာတွေက တံခါးနားမှာ အစီအရင်ပြန့်နေတဲ့ပုံက တံခါးပတ်လည်က သံတွေလိုပဲ။
“မြို့အရှင်ပေါင်” ကူယွဲ့ ရုတ်တရက် ခေါ်လိုက်တယ်။
“ခင်ဗျားမှာ မြို့ထဲကို မသေမျိုးချီတွေ စီးဝင်တာ ယာယီတားလို့ရမဲ့ နည်းလမ်းရှိလား၊ ဒါမှမဟုတ် အမတသွေးကြောကိုစစ်ဖို့ အမတလက်နက်မျိုး ရှိလား”
“အမတသွေးကြောကို စစ်ဆေးဖို့လား၊ ခင်ဗျားဆိုလိုတာက…”
ပေါင်ဖေးဖျင် တုန်လှုပ်ချောက်ချားသွားတယ်။ သူ့စိတ်ထဲ ကြောက်စရာအတွေးတစ်ခု ပေါ်လာလို့ ရင်ထဲ တဒိန်းဒိန်းတောင် ဖြစ်နေပြီ။ သူ အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။
“ရှိတယ် ကောင်းကင်ဖုံးလွှမ်းချိပ်”
သူ ချက်ချင်း လက်နှစ်ဖက်နဲ့ ချိပ်တစ်ခု ပုံဖော်လိုက်တယ်။ လူမျက်နှာပုံစံ သလင်းကျောက်ကြီးတစ်ခု ပေါ်လာပြီး ဖန်မျက်နှာပြင်ကနေတစ်ဆင့် အောက်ကိုမြင်နေရတယ်။ တစ်မြို့လုံးရဲ့ မသေမျိုးချီတွေ တစ်ခဏအတွင်း ပျောက်ကွယ်သွားတယ်။ အဆက်မပြတ်စီးနေတဲ့ ငွေရောင်အမတသွေးကြောက နှေးကွေးသွားပြီး နောက်ဆုံးတော့ အထဲက အနက်ရောင်ဗဟိုချက်ပေါ်လာတယ်။
ရှန်းရင် ပြောသလိုပဲ လေ့ကျင့်ထားတဲ့ ကျင့်ကြံသူက အနက်ရောင်တံခါးပတ်လည်က အေးစက်တဲ့ ယင်အငွေ့အသက်ကို အာရုံခံမိမှာပဲ။ တံခါးပေါ်မှာက မျက်စိနီကြီးနှစ်လုံးလည်း ရှိသေးတယ်။
အဲဒါတွေက နတ်ဆိုးဘုံရဲ့ ဝင်ပေါက်တံခါးတွေပဲ။
ပေါင်ဖေးဖျင်လက် တုန်ယင်လာတယ်။ သူ ဆက်ပြီးရှာဖွေစုံစမ်းဖို့တောင် အားမရှိတော့ဘူး။ သူတို့ရှေ့က သလင်းကျောက်က ရုတ်တရက် အပိုင်းပိုင်းကွဲသွားတော့ ပေါင်ဖေးဖျင်စိတ်ထဲ သွေးပျက်သွားတယ်။
အရင်က အဓိပ္ပာယ်မရှိခဲ့တဲ့အရာအားလုံးက ရုတ်တရက် ဆက်စပ်မိသွားပြီ။ ဘယ်လိုလုပ် နတ်ဆိုးတွေက ရုတ်တရက် လွတ်မြောက်သွားတာလဲ။ သူတို့ ဘယ်လိုလုပ် ဘယ်လောက်ရှာရှာ နတ်ဆိုးအရိပ်အယောင်ကို မရှာနိုင်ရတာလဲ။ နတ်ဆိုးတွေ သူတို့မြို့ပြင်မှာ ထောင်ထားတဲ့ နတ်ဆိုးနှင်အင်းကွက်ကို ဖောက်ကျော်လာဖို့ အဲလောက်လွယ်ကူနေရတာလဲ။
ဒါတွေက နတ်ဆိုးဘုံတံခါးက ချွီရွှမ်းမြို့ထဲ ရှိနေတာမဟုတ်လို့ပဲ – ချီရွှမ်းမြို့တစ်ခုလုံးကနေ ဖြစ်ပေါ်နေတာ။
ချွီရွှမ်းမြို့ထဲက အမတသွေးကြောက စစ်မှန်ပေမဲ့ နတ်ဆိုးဘုံတံခါးတွေပါဝင်နေတဲ့ ချိပ်ပဲ။
ပေါင်ဖေးဖျင် သိသွားတဲ့အချိန် ချွေးစေးတွေကျပြီး စာရွက်တစ်ရွက်လို ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့တယ်။
“ညီကိုကူယွဲ့၊ ဒါကကိစ္စကြီးပဲ၊ ကျုပ်တို့ ကျုပ်အဖေကို ချက်ချင်းအသိပေးဖို့လိုတယ်”
အခု သူတို့တံခါးကို တွေ့သွားပြီဆိုတော့ မြို့တော်ကို တင်ပြရမှာပဲ။ အရှင်မင်းကြီးကိုလည်း အသိပေးရမယ်။
“မြို့အရှင် ဆောင်ရွက်ပါ” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“တစ်ခုခုလိုအပ်ရင် ကျေးဇူးပြုပြီး ကျုပ်တို့ကိုပြောပါ၊ ဝူတိဂိုဏ်းက ကူညီဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
“ကျေးဇူးတင်ပါတယ်” သူက မြေပြင်ဆီဆင်းလာပြီး ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်တော့တယ်။
ထပ်ပြီး ကူယွဲ့ အောက်က ချွီရွှမ်းမြို့ကို လေ့လာကြည့်လိုက်တယ်။ နတ်ဆိုးဘုံတံခါးက ချက်ချင်းပွင့်သွားမဲ့ပုံတော့ မပေါ်ပေမဲ့ တံခါးတွေနားဝိုင်းနေတဲ့ နတ်ဆိုးချီတွေကတော့လူတွေကို ထိတ်လန့်အောင် လုပ်နိုင်တယ်။ အထူးသဖြင့် မသေမျိုးချီတွေရှားတဲ့ နေရာတွေရှိတာထောက်ရင် အမတသွေးကြောက နတ်ဆိုးဘုံတံခါး နတ်ဆိုးဘုံတံခါးတွေရဲ့ အရှိန်အဝါကို ဆက်ပြီး မထိန်းချုပ်နိုင်တော့တာ ရှင်းနေတယ်။ မြို့အရှင်ရဲ့ဗိမာန်ကို ကျူးကျော်လာတဲ့ နတ်ဆိုးတွေက ဟာကွက်တွေကို သုံးတာဟုတ်ရင်ဟုတ် မဟုတ်ရင် နတ်ဆိုးအပြည့်အဝမဖြစ်သေးလို့ပဲ။
ချွီရွှမ်းမြို့က အမတတွေအတွက် နေထိုင်ပြီး လေ့ကျင့်သင့်တဲ့နေရာ မဟုတ်တော့ဘူး။ မဟုတ်ရင် မြို့ရဲ့ အမတသွေးကြောက အားနည်းသထက် အားနည်းလာပြီး နတ်ဆိုးဘုံတံခါးက ပိုပြီး ရှင်းရှင်းလင်းလင်းပေါ်လာနိုင်တယ်။ ပေါင်ဖေးဖျင်တော့ လုပ်ရမှာတော်တော်များပုံပဲ။
ဒါပေမဲ့ ဘုံတံခါးတွေ ချက်ချင်းပွင့်မှာတော့ ကူယွဲ့မစိုးရိမ်ဘူး။ အနည်းဆုံးတော့ ဝတ္ထုထဲမှာ နတ်ဆိုးတွေက ဘုံတံခါးဖွင့်ဖို့ တန်ဖိုးကြီးကြီးမားမား ပေးဖို့လိုတာ ကူယွဲ့သိထားတယ်။ သူတို့ကို ဦးဆောင်ဖို့ နတ်ဆိုးမျိုးဆက်လည်းလိုအပ်ဦးမယ်။
ပေါင်ဖေးဖျင် နောက်ရက်တွေမှာ အရမ်းကို အလုပ်များလာတော့တယ်။ အရင်ဆုံး အမတမြို့ကို ပိတ်ပြီး လူတိုင်းကို မြို့ထဲ အဝင်အထွက်တားမြစ်လိုက်တယ်။ နောက်တော့ ပေါင်ရီကို အခြေအနေ အသိပေးလိုက်တယ်။ သူတို့ တံခါးကိုရှာတွေ့ပြီဆိုပေမဲ့ ဘာဆက်လုပ်ရမလဲဆုံးဖြတ်ဖို့ အာဏာမရှိဘူး။ ကူယွဲ့လည်း ကြာကြာဆက်မနေတော့ဘူး။ တံခါးတွေကိုတွေ့တာနဲ့ သူတခြားသူတွေနဲ့ ဝူတိဂိုဏ်းဆီ ပြန်ခဲ့တယ်။
——————
သုံးလအကြာ။
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတော့တယ်။
ပေါင်မိသားစု အဘိုး၊ အဖေနဲ့သားက သူ့ရှေ့မှာထိုင်နေတယ်လေ။ သူ့လက်ထဲ လျော့လျော့ရဲရဲ ကိုင်ထားတဲ့ ခြင်းကို လွှတ်ချလုနီးပါးတောင်ဖြစ်သွားတယ်။
သူ အမြစ်တချို့ခူးဖို့ပဲ ထွက်သွားခဲ့တာပါ။ ဘာတွေဖြစ်နေတာလဲ။
ဒီလူတွေက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပေါ်လာတာလဲ။
“ညီကိုကူယွဲ့” ပေါင်ဖေးဖျင်က သူ့ကိုပြုံးဖြီးပြီး နှုတ်ဆက်လေတယ်။
“ကျုပ်တို့ မတွေ့တာကြာပြီနော်၊ ခင်ဗျားတို့ ဘယ်လိုနေလဲ”
“မြို့အရှင်ပေါင်” ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။
“ခင်ဗျားတို့အားလုံးက…”
“ကျုပ်တို့က နတ်ဆိုးဘုံတံခါးနဲ့ ပတ်သက်တဲ့ကိစ္စကြောင့် ဒီရောက်နေတာပါ” ပေါင်ဖေးဖျင် သက်ပြင်းချပြီး ဆက်ပြောလိုက်တယ်။
“ကျုပ်တို့ ဒီကိစ္စကို ဆိုင်ရာပိုင်ရာတွေဆီ တင်ပြပြီးတော့ အရှင်မင်းကြီးကောယိုးကိုယ်တိုင် ချွီရွှမ်းမြို့ကို လာစစ်ဆေးတယ်လေ၊ သူက တံခါးတွေက တကယ်ပဲ နတ်ဆိုးဘုံဆီဦးတည်နေတာလို့ အတည်ပြုပေးတယ်၊ ဘေးကင်းဖို့အတွက် ချွီရွှမ်းတစ်မြို့လုံးကို ပိတ်လိုက်ရပြီ”
“ပိတ်လိုက်တာလား၊ တံခါးကရော ဘာဖြစ်မှာလဲ”
“သေချာမသိဘူး၊ အရှင်မင်းကြီးက ကျုပ်တို့နိုင်ငံရဲ့ အဆင့်မြင့်ဆုံးအာဏာပိုင်လေ၊ သူက နတ်ဒေဝါဧကရာဇ်ပဲ သူ့မှာဖြေရှင်းဖို့နည်းလမ်းရှိမှာပါ ဟုတ်တယ်မလား” ခန့်မှန်းနေရုံပါ။
“…” ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူတော့ အဲလောက် အကောင်းမမြင်ဘူး။ ဝတ္ထုထဲမှာ ဘာဖြေရှင်းနည်းမှ မပြောထားဘူးလေ။
“ချွီရွှမ်းမြို့ ပိတ်ခံလိုက်ရတော့ အရှင်မင်းကြီးက ကျုပ်တို့ပေါင်မိသားစုကို နောက်ထပ်အမတမြို့ ပေးမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ ကတိဖြည့်ပေးဖို့တော့ ကြာဦးမယ်၊ ကျုပ်တို့ ချွီရွှမ်းမြို့ထဲမှာလည်း ဆက်နေလို့မရတော့ ခင်ဗျား ကျုပ်တို့ကို အရင်ကဖိတ်ခဲ့တဲ့ ဖိတ်ကြားချက်ကို လက်ခံဖို့ဆုံးဖြတ်လိုက်တာပဲ၊ ညီကိုကူယွဲ့ ဒါကြောင့် ကျုပ်တို့ ဒီရောက်နေတာပါ”
“…” သူ လမ်းကြုံဖိတ်ခဲ့ရုံပါ။ တကယ်ကြီးအတည်မှတ်နေတာလား။ တစ်မိသားစုလုံးတောင် ခေါ်လာသေးတယ်။
“ကျုပ်တို့ ဒီမှာခဏလောက် နေဖို့လိုတယ်ထင်တာပဲ၊ ဒုက္ခမဖြစ်ဘူးလို့ မျှော်လင့်မိပါတယ်”
“လုံးဝ… မဖြစ်ပါဘူး” ဒုက္ခဖြစ်တယ်လို့ ပြောတော့ကော အကျိုးရှိလို့လား။ တံခါးဝတောင် ရောက်နေပြီကို။
ကူယွဲ့ အမဲသားနဲ့ ထမင်းကို စိတ်ဝင်တစား စားနေဆဲ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ ခန်းမထဲဝင်လာခဲ့ပြီး ပေါင်ရီ့ကို နှုတ်ဆက်၊ သူ ခူးလာတဲ့ ကြက်သွန်မြိတ်တွေကို မီးဖိုချောင်ထဲ ပို့လိုက်တယ်။
“ဝူတိဂိုဏ်းက တကယ်ကောင်းတဲ့နေရာဆိုတာ ခုမှနားလည်တော့တယ်” ပေါင်ဖေးဖျင်က ခပ်ပြုံးပြုံး ပြောလေတယ်။
“ခင်ဗျားတို့တပည့်တွေတစ်ယောက်စီက သူ့ကိုယ်ပိုင်အရည်အချင်းရှိကြတယ်နော်၊ ချွီရွှမ်းမြို့ထက် အများကြီးအသက်ဝင်ပြီး အများကြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်”
“မြို့အရှင် ခင်ဗျားကြင်နာလွန်းနေပါပြီ…”
ကူယွဲ့လည်း စီးပွားရေးသမားပုံစံ အပြုံးမျိုး မျက်နှာပေါ် ကပ်ထားလေတယ်။
ပေါင်ဖေးဖျင်နဲ့ ကူယွဲ့ စီးပွားဖက်တွေအရ လောကဝတ်ပြုကြတြောတယ်။ တစ်ခါတလေ မြေးကို ရင်ခွင်ထဲ ထည့်ထားတဲ့ ပေါင်ရီက ဝင်ပြောတယ်။
ရှန်းရင်ကတော့ ဒါတွေအားလုံးကို စိတ်မဝင်စားဆဲပါပဲ။ သူမက အစားအသောက်ကိုပဲ ဆက်ပြီး အာရုံစိုက်နေတယ်။ အမဲသားကို နှစ်ကိုက်ကိုက်ပြီးတဲ့နောက် တစ်ယောက်ယောက်က သူမကို စိုက်ကြည့်နေတယ်ဆိုတာ ရုတ်တရက် သတိထားမိသွားခဲ့တယ်။ လှည့်ကြည့်လိုက်တော့ သူမသူငယ်ချင်းလေး နျဉ်ဇီအန်းက စပျစ်သီးလို မျက်ဝန်းရွဲကြီးတွေနဲ့ စိုက်ကြည့်နေတာပဲ။ သူ့ပုံက အတော်လေး သိချင်စိတ်ဖြစ်နေတဲ့ပုံ။
အကြည့်ချင်းဆုံသွားချိန် သူက ရယ်ပြလာတယ်။ သူက အဆာသွတ်မုန့်တွေကို လှမ်းကြည့်ပြီး မြည်းချင်စိတ်ပြင်းပြနေတဲ့ပုံ။
“မင်းစားချင်လို့လား”
သူငယ်ချင်းလေးနဉ်က အဆာသွတ်မုန့်တွေကိုထပ်ကြည့်ပြီး သူမကိုပြန်လှည့်ကြည့်လာတယ်။ တွန့်ဆုတ်နေပြီးတဲ့နောက်တော့ ဆွဲဆောင်မှုမှာ ကျရှုံးသွားပြီး ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြလေတယ်။
“အိုး…” ရှန်းရင် ပန်းကန်ထဲက အဆာသွတ်မုန့်တစ်ခုယူပြီး သူ့မျက်နှာရှေ့ ကိုင်ထားလိုက်တယ်။
“ဒါက သစ်ကြားသီးမုန့်လေ”
သူငယ်ချင်းလေးနဉ်ရဲ့မျက်ဝန်းတွေ တောက်ကသွားတယ်။ သူ့လက်လေးနဲ့ ယူတော့မဲ့ဆဲဆဲ ရှန်းရင် တူကို လှည့်ပစ်လိုက်တယ်။ သူ့မျက်စိရှေ့ အဆာသွတ်မုန့်က တစ်ပတ်လည်ပြီး ရှန်းရင် ပါးစပ်ထဲ တန်းဝင်သွားပါလေရော။
ရှန်းရင် သစ်ကြားသီးကို ကိုက်နေတဲ့ အသံတွေပါ ကြားနေရတယ်။
နဉ်ဇီအန်း ။ ။ “…”
(இдஇ)
သူ တန့်သွားပြီး မျက်လုံးလေးတွေက နီရဲကာ မျက်ရည်ဝဲတက်လာတော့တယ်။ သူ့ကြည့်ရတာ အရမ်းကို အစခံလိုက်ရတဲ့ပုံ။
ရှန်းရင် ငေါ့ပြီး ခပ်တိုးတိုးရယ်တော့တယ်။ လက်ထဲက တူကို ဆော့ပြီး အမြန် အဆာသွတ်မုန့်တွေကို တစ်ခုပြီးတစ်ခု စားပစ်လိုက်တယ်။ သူမရှေ့က ပန်းကန်ပြားက တဖြည်းဖြည်း လစ်ဟင်းသထက် လစ်ဟင်းလာတယ်။ သူမ မြေပဲထောပတ်ထမင်းတွေပါ အကုန်စားပစ်လိုက်တယ်။
သူမ စားပွဲပေါ်ကစားစရာအကုန်စားပြီးတာနဲ့ ကျေနပ်တဲ့လေတက်သံကြီး ထုတ်လိုက်တော့တယ်။
နဉ်ဇီအန်း ။ ။ “…” သူ ခုတော့ တကယ် ငိုချင်သွားပြီ။ နှုတ်ခမ်းဆူပြီး အကျယ်ကြီး စုတ်သပ်ကာ ပေါင်ရီ့လက်မောင်းထဲ ခေါင်းတိုးဝှေ့ဝင်လိုက်တော့တယ်။ သူမကို သူထပ်မမြင်ချင်တော့ဘူး။
ဟေး… ကလေးတွေကိုအနိုင်ကျင့်ရတာ တကယ်စွဲလမ်းစရာပဲ
…