အခန်း ၁၂၃ ။ ဝတ္ထုထဲမှဇာတ်ကောင်များ
“ဖေဖေနျို” ရှန်းရင်က ယိချင်းကမ်းပေးလာတဲ့ သိုလှောင်အိတ်ထဲ ကြည့်နေရင်း လှမ်းခေါ်လာတယ်။ သူမက အိတ်ထဲက အဆာသွတ်မုန့်တွေ ထပ်ထုတ်လိုက်တယ်။
“စောင့်နေတုန်း နင့်ဝတ္ထုဇာတ်ကြောင်းကို ပြောပါလား”
“မင်း အခုသိချင်ပြီလား” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ သူ သူမကိုပြောပြဖို့ အကြိမ်ရေတချို့ ကြိုးစားခဲ့ဖူးပေမဲ့ သူမက စိတ်မဝင်စားခဲ့တာ အသိသာကြီး။
“အင်းလေ၊ ငါအခုအားပြီ” စားဖိုမှူးက အဆင့်တက်လှမ်းနေတာ၊ ပြီးတော့ ငါလည်း ပျင်းနေတာ ဆိုတော့။
“အဲကလေးက ဘယ်သူလဲ၊ ရန်သူခေါင်းဆောင်လား”
“ဟင့်အင်း” ကူယွဲ့ မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို စဉ်းစားနေတဲ့ပုံ။ သူ လက်သီးဆုပ်ပြီး ပြောလိုက်တယ်။
“သူက စာအုပ်ရဲ့… အဓိကဇာတ်ဆောင်ပဲ”
“အိုး” ရှန်းရင် သူမဘေးက ကျောက်စားပွဲမှာ ထိုင်ချလိုက်ပြီး အိတ်ထဲက အဆာသွတ်မုန့် မျိုးစုံကို ထုတ်တော့တယ်။ ပါးစပ်ထဲသွပ်ထည့်ပြီး ကူယွဲ့ကိုဆက်ပြောဖို့ အမူအရာပါပြလိုက်သေး။
ကျေးဇူးပြုပြီး ဖျော်ဖြေမှုစတင်ပါ
ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်ချိုးပြီး မျက်ဆန်လှန်မိလိုက်ပြန်တယ်။ သူ့အတွင်းက ဒေါသနဲ့ ဆူပွက်လာသလိုပဲ။ ကူယွဲ့ ရှန်းရင်ဆီက အဆာသွတ်မုန့်ပန်းကန်ကို လုယူပြီး ဝတ္ထုဇာတ်ကြောင်းကို ဆက်ပြောလိုက်တယ်။
သူဖတ်နေတဲ့ဝတ္ထုက နတ်ဘုရားဖြစ်တည်မှုတွေ၊ အမတတွေ ပါဝင်နေတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ပဲ။ ဆရာနဲ့ တပည့်ကြားက ညှဉ်းပန်း- စိတ်ကူးယဉ် ဆက်ဆံရေးကိုလည်း ဗဟိုပြုထားတယ်။
“စားဖိုမှူးက ဂေးလား” ရှန်းရင်က ရုတ်တရက်ကြီး ထမေးလာတယ်။
ဖွီ…
ကူယွဲ့ ပါးစပ်ထဲ ထည့်ထားခါစ အဆာသွတ်မုန့်ကို ထွေးထုတ်မိသွားတယ်။
“ချီးကိုဂေး မင်းဘာတွေတွေးနေတာလဲ၊ မင်းရဲ့ပုပ်သိုးနေတဲ့အတွေးကို သန့်ရှင်းလို့ရမလား”
ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ဝတ္ထုထဲက ဆရာက နျဉ်ဇီအန်း၊ တပည့်ကတော့ သူ့တပည့်ပေါ့၊ ဇာတ်လမ်းက မင်းစားဖိုမှူးတပည့်မှာ ဖြစ်တည်တာ မဟုတ်ဘူး”
“… အော်” စိတ်ပျက်စရာပဲ။
ကူယွဲ့ ရေနွေးကြမ်းတစ်ခွက်ငှဲ့ပြီး ဆက်ပြောလိုက်တယ်။
ဝတ္ထုက ဇာတ်ဆောင်မင်းသမီးရဲ့ ရှုထောင့်ကနေ နေရာယူထားတာ။ မင်းသမီးက ပထမတုန်းက သေမျိုးပဲ။ နောက်တော့ မသေမျိုးနတ်ဆိုးတစ်ကောင်နဲ့ ရန်ဖြစ်ပြီး မတော်တဆအထက်ဘုံကို ရောက်သွားတယ်။ ရေကန်ထဲ ငါးတစ်ကောင် ဖြစ်လာပြီး နောက်ဆုံးမှာတော့ နဉ်ဇီအန်း ကယ်တင်တာ ခံခဲ့ရတာပဲ။
အဲအချိန် နဉ်ဇီအန်းက အဆင့်မြင့်အမတဖြစ်နေပြီ။ သူတို့မြင်ခဲ့ရတဲ့ အားနည်းတဲ့ ကလေးလေး မဟုတ်တော့ဘူး။ တကယ်တော့ သူက အမတဘုံမှာ အင်မတန် လေးစားခံရတဲ့အပြင် ဧကရာဇ်ငယ်ဖြစ်လာတော့မှာ။
သူက ဇာတ်လိုက်မင်းသမီးကို အိမ်ခေါ်လာပြီး ထူးခြားတဲ့အစွမ်းတွေ ရှိနေမှန်း သိခဲ့ရတယ်။ ညစ်ညမ်းတဲ့အရာတွေက သူမကို အမြဲ တွယ်ကပ်နေတာပဲ။ ပိတ်ဆို့ထားတဲ့ ယင်ချီ၊ ထိန်းချုပ်ခံထားရတဲ့ နတ်ဆိုးတွေနဲ့ ပျံ့လွင့်နေတဲ့ဒိဋ္ဌိဝိညာဉ်တွေလို အရာမျိုးတွေပေ့ါ။
ဇာတ်လိုက်မင်းသားက ဒါကြောင့် အရမ်းကို စိတ်ဝင်စားသွားတယ်။ ထပ်ပြီးစစ်ဆေးကြည့်တဲ့နောက်မှာ သူမက ယင်ဝိညာဉ်နဲ့မွေးလာတာ သိခဲ့ရတယ်။ သူမရဲ့ ယင်စွမ်းအင်က သဘာဝအလျောက် အေးစက်တာမို့ အဲညစ်ညမ်းတဲ့အရာအားလုံးက သူမကို ကပ်တွယ်နေတာပဲ။ အဲဒါကလည်း သူမ ငယ်ငယ်လေးတည်းက ကံမကောင်းတဲ့ “မတော်တဆ” တွေ အများကြီး ကြုံခဲ့ရတဲ့အကြောင်းကို ရှင်းပြနေတယ်။ အဲဒါက သူမ ဘဝတစ်လျှောက်လုံး စမ်းတဝါးဝါးလျှောက်နေခဲ့တဲ့ပုံပဲ။
နျဉ်ဇီအန်းက သူမအတွက် စိတ်မကောင်းဖြစ်ပြီး တပည့်အနေနဲ့လက်ခံဖို့ဆုံးဖြတ်ခဲ့တယ်။
ဝတ္ထုထဲမှာ နဉ်ဇီအန်းကို စကားအပြောမတတ်တဲ့ ဉာဏ်ကောင်းတဲ့ အမတအဖြစ် ဖော်ပြထားတယ်။ လေ့ကျင့်ရေးအပေါ် သူက အမြဲအာရုံစိုက်နေခဲ့တာ။ အချစ်ရေးကို စိတ်ဝင်စားသူအဖြစ် ဖော်ပြထားတာ မဟုတ်ဘူး။ အဲအစားသူက အပျော်အပါးလိုက်စားတာကို အမြဲရှောင်ကြဉ်ခဲ့တာ။
ကူယွဲ့နားမလည်ခဲ့တာက လေ့ကျင့်ရေးအပေါ် အမြဲအာရုံစိုက်ပြီး သူ့ကျင့်ကြံရေးကို တိုးတက်အောင် လုပ်နေတဲ့ အမတက ဇာတ်လိုက်မင်းသမီးကို တပည့်အနေနဲ့ ဘာလို့အဲလောက်အလွယ်လေး လက်ခံလိုက်ရလဲ။ ဒါပေမဲ့ ချွီရွှမ်းမြို့မှာ ဖြစ်ခဲ့တဲ့ ကိစ္စအပြီးမှာ ကူယွဲ့ ခပ်ရေးရေးတော့ ခန့်မှန်းမိခဲ့တယ်။ နဉ်ဇီအန်းက သူနဲ့ဇာတ်လိုက်မင်းသမီးက အရမ်းကို ခပ်ဆင်ဆင် ကံကြမ္မာတွေ ရှိတယ်လို့ တွေးခဲ့တာ ဖြစ်လောက်မယ်။ သူတို့နှစ်ယောက်လုံးရဲ့ မွေးလာတဲ့ခန္ဓာကိုယ်ကြောင့် ဝန်ပိနေရတာကိုး။
ဝတ္ထုရဲ့ကျန်တဲ့ဇာတ်လမ်းကတော့ သာမန်အချစ်ဇာတ်လမ်းပါပဲ။ ဇာတ်လိုက်မင်းသမီးက မင်းသားကို ကြိတ်ပြီးကြိုက်နေပေမဲ့ ဆရာတပည့်ဆက်ဆံရေးကြောင့် ဖွင့်ဟဝန်မခံနိုင်ခဲ့ဘူး။ ဇာတ်လမ်းက ဒီရှုထောင့်နဲ့ အကျဉ်းချုပ်လို့ရတယ် : ဆရာက သူမကို ဘယ်လောက်နှိပ်စက်နှိပ်စက် သူမကတော့ သူ့ကို အချစ်ဦးအနေနဲ့ပဲ ဆက်ဆံတယ်။
သူမက သူနှိပ်စက်တာခံရပြီး ဒုက္ခရောက်တိုင်း ဇာတ်လိုက်မင်းသမီး ဘယ်လောက်လှကြောင်း သတိထားမိမဲ့ ယောက်ျား နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်၊ ခုနှစ်ယောက်… မရေမတွက်နိုင်အောင် အမြဲရှိတယ်။ သူတို့တွေက နောက်တော့ ကူကယ်ရာမဲ့ သူမကို ချစ်သွားကြတာပဲ။
ဒါပေမဲ့ ဇာတ်ဆောင်မင်းသားကတော့ ကန်းနေဆဲပဲ။
အထင်လွဲမှုတစ်သိုက်နဲ့ မရေမတွက်နိုင်အောင် နှိပ်စက်မှုတွေအပြီးမှာတော့ ဇာတ်ဆောင်မင်းသားက နောက်ဆုံး ရှင်းရှင်းလင်းလင်း မြင်သွားပြီး သူမကိုချစ်သွားခဲ့တယ်။ မြင်နေကျဆိုးဝါးတဲ့Mary Sue ဝတ္ထုပါပဲ။
လူနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းက တခြားလူတွေနဲ့ နဂိုကတော့ဘာမှမဆိုင်ပါဘူး။ စိတ်တိုဖို့ကောင်းတာက… ဇာတ်ဆောင်နှစ်ယောက်လုံးက တခြားသူတွေကို ပြဿနာပေးတဲ့နေရာမှာ အလေ့အကျင့်ရှိတာပဲ။ ဝတ္ထုထဲ သူတို့နားကပ်တဲ့ ဇာတ်ကောင်တွေအားလုံး မလွဲမသွေ ဒုက္ခရောက်ကုန်ကြတာ။
ဇာတ်လိုက်မင်းသားက ပြောမယ်.
“မင်းက ငါ့တပည့်ပဲ – တခြားတပည့်တွေအားလုံးနဲ့ အတူတူပဲ”
ဒါကြောင့်… တခြားတပည့်တွေ ဖျက်ဆီးခံလိုက်ရတယ်။
ဇာတ်လိုက်မင်းသားက ပြောတယ်။
“မင်းအတွက် ခံစားချက်မရှိဘူး၊ ရှိရင်တောင် သူတို့က မိသားစုမေတ္တာပဲ”
အဲဒါကြောင့်… ပေါင်မိသားစု ပြိုလဲသွားလေရဲ့။
ဇာတ်လိုက်မင်းသားက ပြောတယ်။
“အမတဂိုဏ်းချုပ်ကို ကာကွယ်ချင်တာ၊ ငါဆက်ဆံရေးမှာ စိတ်မဝင်စားဘူး”
ဒါကြောင့်… ဂိုဏ်းက ပျက်သွားလေတယ်။
ဇာတ်လိုက်မင်းသားက ပြောတယ်။ “ဒီလောကမှာ သုံးလောကကိုပဲ ငါကာကွယ်ချင်တာ”
ဒါကြောင့်… နတ်ဆိုးဘုံတံခါးက ပွင့်သွားတော့လေတယ်။
အတိုချုံးပြောရရင်တော့ လူနှစ်ယောက်ကြားက အချစ်က အမတဘုံတစ်ခုလုံးရဲ့ ပျက်စီးမှုကို ဖြစ်စေခဲ့တာပါပဲ။
“ဒါက ဇာတ်လမ်းအကျဉ်းချုပ်ပဲ” ကူယွဲ့ အဆုံးသတ်လိုက်တယ်။ သူ လက်ဖက်ရည်အိုးကောက်ယူပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့သောက်လိုက်တယ်။
“အော်…” ရှန်းရင် ခေါင်းညိတ်ပြီး တည်ငြိမ်နေတဲ့ ကူယွဲ့ကိုလေ့လာရင်း ရုတ်တရက် မေးလာတယ်။
“ဇာတ်ဆောင်မင်းသမီးနဲ့ တခြားယောက်ျားလေးတွေကြား… ဘာတွေဖြစ်ခဲ့လဲ”
ဖွီ…။
ကူယွဲ့ အမူအရာပြောင်းလဲသွားတယ်။ သွေးပျက်ပြီး သူဖြေလိုက်တယ်။
“ဘာ… ဘာဖြစ်ရမှာလဲ၊ ဘယ်သူက ဘယ်သူ့ကြိုက်လဲဆိုတဲ့ ကိစ္စပဲကို”
“သေချာရဲ့လား”
“ငါက ဘာလို့လိမ်ရမှာလဲ”
“ဒါဆို ဘာလို့မျက်နှာရဲနေရတာလဲ”
“ပူ… ပူနေရုံဟ”
“အော်~”
“…” အညှီအဟောက်မဟုတ်ဘူးလို့ ပြောနေတယ်လေ။ မင်းရဲ့တုံးအတဲ့ သံသယတွေကို မင်းဘာသာသိမ်းထား။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီလူနှစ်ယောက်က ရောဂါတွေပဲ – သူတို့နဲ့ အဆက်အဆံရှိတဲ့ ဘယ်သူမဆို ပြဿနာတက်လိမ့်မယ်၊ ဒါပေမဲ့ အဆုံးမှာတော့ သူတို့က ပျော်ရွှင်စွာ နေထိုင်ကြသွားလေသတည်းပေါ့၊ နှစ်ထောင်ချီ၊ သောင်းချီ ကျင့်ကြံခဲ့ရတဲ့ တခြားလူတွေကတော့ သူတို့ရဲ့ အခါအခွင့်မသင့်တဲ့ အဆုံးသတ်ကို ကြုံခဲ့ရတာပဲ” ကူယွဲ့ အမူအရာက တင်းမာနေတယ်။
“ဇာတ်ဆောင်မင်းသားနဲ့ ပတ်သက်တာက လုံးဝကို ဉာဏ်ပြေးရာမကျဘူး၊ ဝူတိဂိုဏ်းက အဲဒါကြောင့် ပျက်စီးနိုင်တယ်”
“စားဖိုမှူးကျတော့ရော” ရှန်းရင် ရုတ်တရက် မေးလာတယ်။
ကူယွဲ့ ဇာတ်လမ်းတစ်ပုဒ်လုံး ပြီးသွားပေမဲ့ စားဖိုမှူးနဲ့ပတ်သက်ပြီး ဘာမှမကြားခဲ့ရဘူး။
“သူက ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းမှာပဲ ပါတာ၊ အဲအချိန်မှာ နတ်ဆိုးဘုံတံခါးက ပွင့်နေပြီ၊ နတ်ဆိုးတွေက အမတဘုံကို ကျူးကျော်နေတာ၊ ဇာတ်လိုက်ရဲ့တပည့်ကို ကယ်ဖို့ နတ်ဆိုးဘုံတံခါးတွေကို အတင်းပိတ်ပစ်ခဲ့တယ်” ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ဆက်ပြောလိုက်တယ်။
“အဲဒါကြောင့် ဝတ္ထုထဲ စိတ်မချမ်းသာစရာအကောင်းဆုံး ဇာတ်ရုပ်က…”
“တံခါးတွေကို ပိတ်ဖို့အရမ်းခက်လား” ရှန်းရင် သိချင်စိတ်နဲ့မေးလိုက်တယ်။
“ဟမ်”
ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ အဲဒါက အရေးကြီးလား။ မင်း ဇာတ်လမ်းကို နားထောင်နေရဲ့လား။
“ဘာနဲ့လုပ်တာလဲ၊ တကယ်ပဲလေးတာလား”
“ဘယ်လောက်လေးလဲဆိုတာ မင်းဘာလို့ဂရုစိုက်နေတာတုံး” အဓိကအချက်က ယိချင်းက သေချာပေါက် ဇာတ်လိုက်ကို သူ့တပည့်အနေနဲ့ ခေါ်လို့မရဘူးဆိုတာပဲလေ၊ မဟုတ်ရင် ဇာတ်လိုက်နဲ့ မင်းသမီးကြား ဖြစ်ပျက်တဲ့ ကိစ္စတွေအရ ဝူတိဂိုဏ်းကကြာရှည်ရပ်တည်နိုင်မှာမဟုတ်ဘူး
“ငါမြင်ရသလောက်တော့ စားဖိုမှူးက အတော်လေး သန်မာတယ်မလား”
“ဒါက သူဘယ်လောက်သန်မာတယ်ဆိုတာနဲ့ ဆိုင်လို့လဲ”
“တံခါးကို ပိတ်ဖို့ ဘာလို့ အဲလောက်အားထုတ်ရတာလဲ၊ ဇာတ်လမ်းတစ်ခုခုမှားနေတာပဲဖြစ်ကမယ်”
“အဲဒါရိုးရိုးတံခါးမို့လို့လား၊ အဲဒါက နတ်ဆိုးဘုံရဲ့တံခါးလေ လူတိုင်း အလွယ်လေး ဖွင့်ပိတ်လို့ရတယ်များ ထင်နေလား” ကူယွဲ့ ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
“နတ်ဆိုးချီနဲ့တင် အမတတစ်ယောက်ရဲ့ ခန္ဓာကြိယ်ကိုတိုက်စားနိုင်တယ်၊ တံခါးပိတ်နိုင်တဲ့ ဘယ်သူမဆို အရမ်းထူးခြားတဲ့အစွမ်းရှိမှ ဖြစ်မှာ”
“တံခါးမှာ နတ်ဆိုးချီ အများကြီးရှိတာလား”
“ဒါပေါ့”
“ဒါက ကြီးလား ရှည်လား၊ အရမ်းလေးပုံပေါ်လား”
“အဲလိုပဲနေမှာပေါ့”
“တံခါးပေါ်မှာ နတ်ဆိုးဘုံဆိုတဲ့ စာလုံးတွေရှိလား”
“ထင်… တာပဲ”
“ပြီးတော့ တံခါးပေါ် မျက်လုံးနီအာဖရိကမျောက်ကြီးရဲ့ ပါးစပ်ပုံစံ ကွင်းနှစ်ကွင်းရှိလား”
“ဘာမျက်လုံးနီအာဖရိကမျောက်ကြီးလဲ”
ဒါက ရယ်ချင်စရာကောင်းလာပြီ။ ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
“ဒါက တီဗွီဒရာမာလို့များထင်နေလား၊ ဘာလို့ အစစ်ပုံစံအတိုင်း ပြောနေရတာတုံး၊ မင်းမြင်ဖူးလို့လား”
“မြင်ဖူးတယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
ဘာ။
“…”
ဟိုလီရှစ်
…