အခန်း ၁၁၈ ။ ဓားချီ
ချွီရွှမ်းမြို့တွင်း။
“မင်း သူ့ကိုတွေ့ခဲ့လား” ကူယွဲ့ မေးလိုက်တယ်။
“သူက မြို့အနောက်ဘက်မှာ မရှိဘူးလား” ယိချင်း ခေါင်းယမ်းလိုက်တယ်။
“ကျွန်တော် အရှေ့ဘက်သွားကြည့်လိုက်မယ်”
“ထားလိုက်တော့ ထားလိုက်တော့” ကူယွဲ့ ယိချင်းကို ပြန်ဆွဲထားလိုက်တယ်။
“မင်းဆရာက သူ့ဘာသာသူ ဝှက်နေတတ်တာ သိရဲ့သားနဲ့၊ သူ ငါတို့ကိုမရှာသရွေ့ ငါ သူတို့ကို အလွယ်တကူ ရှာတွေ့နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့… ဆရာက အရပ်မျက်နှာတွေမှာ မတော်ဘူးလေ” ယိချင်း ကူယွဲ့ကို သတိပေးလိုက်တယ်။
သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ ၁၀၁ကြိမ်မြောက်အနေနဲ့ သူမကို ကောင်းကောင်းရိုက်ပစ်ချင်နေတာပဲ။
“ငါတို့မှာ ရွေးစရာမှမရှိတာ၊ စောင့်ကြည့်ရုံပဲရှိတယ်”
“ခဏ” ယိချင်း ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။
“ဘာအတွက် စောင့်ရမှာ”
“ပြဿနာဘယ်နေရာမှာ ပေါ်လာလဲစောင့်ရမှာပေါ့” ကူယွဲ့ အံကြိတ်ပြီးပြောလိုက်တယ်။
“မင်းဆရာရဲ့ စရိုက်ကိုနားမလည်သေးဘူးလား၊ သူက ဘယ်နေရာရောက်ရောက် ပြဿနာဖန်တီးနေကျ၊ ငါတို့အားလုံးသိတာမို့ လောလောဆယ်…”
ဘွန်း…။
သူ စကားမဆုံးခင်မှာတင် အရှေ့ဘက်ကနေ ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ချွီရွှမ်းမြို့တစ်လျှောက် အရှိန်အဟုန်ခံစားလိုက်ရပြီး မြေကြီးလည်းတုန်ရီသွားတယ်။ ချီမည်းတွေ အများကြီး လေထဲပြည့်လာပြီး မျက်စိတစ်မှိတ်အတွင်း အရှေ့ပိုင်းဒေသတစ်ခုလုံး ချီမည်းတွေ ဖုံးလွှမ်းသွားခဲ့တယ်။
“ဆရာ့အရှိန်အဝါကို အဲမှာ အာရုံခံမိတယ်” ယိချင်း အံ့ဩတကြီးပြောပြီး ဓားပျံနဲ့ အရှေ့ဘက်ဆီ ပျံသန်းသွားခဲ့တယ်။
တကယ်ပဲ။
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အရှေ့ဘက်လှည့်လိုက်တယ်။
“ဟဲဟဲ…”
ဒီလိုဖြစ်မယ်ဆိုတာ သူသိသားပဲ။ သူ့ဓားပျံကိုဆွဲထုတ်ပြီး ယိချင်း ပျောက်သွားတဲ့ဘက်ဦးတည်ပျံသန်းလာခဲ့တယ်။ သူနီးကပ်လာတာနဲ့အတူ အမတတွေ အရေအတွက်သိသိသာသာ ကြောက်လန့်တကြား ပျံသန်းနေပြီး သူ့ဘေးကနေ အော်ဟစ်ဖြတ်သန်းသွားကြတာ မြင်လိုက်ရတယ်။
“နတ်ဆိုးချီ… ပိန်းပိတ်နေတဲ့ နတ်ဆိုးချီတွေ”
“ဟုတ်တယ်၊ မြို့အရှင်ဗိမာန်ကနေ လာနေတာပဲ”
“နတ်ဆိုးတွေက မြို့အရှင်ဗိမာန်ကို ကျူးကျော်လာတာပဲ”
မြို့အရှင်ဗိမာန်တဲ့လား။
ကူယွဲ့ နှုတ်ခမ်းစေ့ထားရင်း ရင်တုန်လာတယ်။ မြို့အရှင်ဗိမာန်တဲ့
အဲအစားသရဲကတော့ သွားတဲ့နေရာတိုင်း ပြဿနာရှာမှဖြစ်မှာပေါ့၊ မဟုတ်လား။ ဒီတစ်ခေါက် မြို့အရှင်ဗိမာန်မှာတောင် ပြဿနာရှာရဲတယ်
နှစ်ယေယက်သား မြို့အရှေ့ဘက်ဆီ ဆက်ပျံသန်းလာခဲ့တယ်။ အဝေးကနေ တောင်ထိပ်တစ်ခုပေါ်က ဗိမာန်တစ်ခုကို သတိထားမိသွားတယ်။ မသေမျိုးတွေက အထဲမှာတိုက်ခိုက်နေကြပြီး ဓမ္မဂါထာ ဖန်တီးတာတွေကနေ မီးပွားတွေ ထွက်နေတော့တာပဲ။
ဒီလူတွေက ယိချင်းနဲ့ကူယွဲ့ထက်တောင် ပိုပြီး အင်အားကြီးတဲ့ပုံ၊ အထူးသဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ထဲ အလယ်ကလူပဲ။ သူ့မသေမျိုးချီက ရွှင်လိထက် အကြိမ်ရေတချို့ ပိုအားကောင်းတဲ့ပုံပဲ။ သူက အမည်းရောင်ချီတွေလွှမ်းနေတဲ့ တခြားလူတစ်ယောက်နဲ့ တိုက်ခိုက်နေတယ် အဲလူက ဘာအသွင်မှရှိပုံမပေါ်ဘူး။ ဘယ်လောက်ပဲ တိုက်ခိုက် အမည်းရောင်မြူခိုးထဲပဲ ပုန်းနေလို့ ဒဏ်ရာရအောင်လုပ်လို့မရဘူးဖြစ်နေတယ်။
အမည်းရောင်မြူခိုးက ပိုပိုထူလာတယ်။ ယိချင်းနဲ့ ကူယွဲ့တို့ စပြီးမသက်မသာခံစားလာရတော့တယ်။ သူတို့ မျှော်စင်ကို ရောက်ကာစဆိုရုံလေး။
“အကူအညီ” ယိချင်းက အော်ပြီး မျှော်စင်ဆီ ချီတက်သွားတယ်။
ကူယွဲ့ အံကြိတ်ပြီး ယိချင်းနောက်ကနေ နီးနီးကပ်ကပ်လိုက်သွားခဲ့တယ်။
ဓားချီက သူ့ဓားကနေ ဒလဟောထွက်လာပြီး မီးခိုးနက်တွေကို ပေတချို့နောက်ဆုတ်သွားစေခဲ့တယ်။ မီးခိုးနက်တွေဝါးမျိုခံရလုနီးပါး ဝတ်ရုံစိမ်းနဲ့အမတက ဒါကိုအခွင့်အရေးယူပြီး လွတ်မြောက်သွားကာ အကာအကွယ်အစီအရင်ထဲ ပြန်ဆုတ်သွားတယ်။
“မင်းတို့က…” အဲလူက တုံ့ဆိုင်းသွားပြီး ယိချင်းနဲ့ ကူယွဲ့ကိုမြင်ရလို့ အံ့ဩနေလေရဲ့။ နတ်ဆိုးချီတွေ ပေါ်လာချိန် မြို့အရှင်ဗိမာန်မှာ နေထိုင်တဲ့ အမတတွေကလွဲလို့ ကျန်တဲ့အမတတွေအားလုံး ထွက်ပြေးသွားကြပြီ။ တခြားဘယ်သူမှ သူတို့ကို လာမကူညီတော့ဘူးလို့ ထင်နေခဲ့တာ။ ယိချင်းနဲ့ ကူယွဲ့က မြေအမတတွေပဲဆိုပေမဲ့ သူတို့ဓားချီကတော့ နတ်ဆိုးချီတွေကို နောက်ဆုတ်သွားရလောက်အောင် အင်အားကြီးတယ်။ ဖြစ်နိုင်တာက…။
သူ မမေးနိုင်ခင် နတ်ဆိုးချီက သူ့ဆီနောက်တစ်ကြိမ် တက်လာတော့တယ်။ သူ ရွေးစရာမရှိဘဲ ဆက်တိုက်ခိုက်ရတော့တာပေါ့။ နတ်ဆိုးချီကြောင့်ဖြစ်လာတဲ့ လေပြင်းဓားတွေကို အကာအကွယ်အင်းကွက်အစီအရင် ဖောက်ထွက်လာမှာတားဆီးဖို့အတွက် တိုက်ခိုက်ရတော့တယ်။
ဒါပေမဲ့ သူ နတ်ဆိုးချီကို ဆက်ပြီးကြာကြာမထိန်းထားနိုင်တော့ဘူး။ တစ်မိနစ် နှစ်မိနစ်အတွင်းမှာတင် အမည်းရောင်ပုဂ္ဂိုလ်ကိုတိုက်ခိုက်နေတဲ့ အမတက သူ့ဆီ နတ်ဆိုးချီလှိုင်းတွေ ထိမှန်သွားကျ မြေကြီးပေါ်လဲကျသွားတော့တယ်။
“မျိုးနွယ်စုခေါင်းဆောင်” ကျန်တဲ့အမတတွေ ထိတ်လန့်သွားကြတယ်။ သူ့ဘယ်ဘက်ပခုံးတစ်ခုလုံး နတ်ဆိုးချီတွေ ဖုံးလွှမ်းနေပြီး အရိုးထဲထိစိမ့်ဝင်နေတယ်။ ချက်ချင်းပဲလက်ထဲက ဓားနဲ့ ဘယ်ဘက်လက်တစ်ခုလုံးကို ပိုင်းချလိုက်ရတယ်။ နောက်တော့ ချိပ်တစ်ခုကို ပုံဖော်ပြီး ပခုံးအဆစ်ကနေထွက်နေတဲ့ သွေးတိတ်အောင် လုပ်လိုက်တယ်။
အမတက ချိပ်ဖန်တီးနေတဲ့အချိန် အမည်းရောင်ပုံရိပ်က အဲလူကိုတိုက်ခိုက်ဖို့ နောက်တစ်ကြိမ် ရှေ့တိုးလာပြန်တယ်။ ရုတ်တရက် ဓားချီလှိုင်းတစ်ခုက ပုံရိပ်နဲ့ ထိပ်တိုက်တွေ့ဆုံလာတာကြောင့် အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားလေရဲ့။
ကြမ်းပြင်ပေါ်က လူက သိသိသာသာ အံ့ဩသွားခဲ့တယ်။ သူ့ဒဏ်ရာရနေတဲ့လက်ကနေစီးကျလာတဲ့ သွေးမည်းစက်တွေကို ငုံ့ကြည့်လိုင်တယ် – နတ်ဆိုးချီနဲ့ ညစ်ညမ်းနေတာပဲ။ သူ ယိချင်းကို ထူးဆန်းတဲ့ အကြည့်မျိုး ကြည့်လိုက်တယ်။
“မင်း… ဘယ်လိုမျိုး” မင်းဘယ်လိုမျိုး နတ်ဆိုးကို ထိမှန်အောင်လုပ်တာလဲ။
တစ်စုံတစ်ရာကို နားလည်သွားတဲ့အတိုင်း ယိချင်းက ချီနက်တွေကို ခုခံရင်း ဖြေလိုက်တယ်။
“ကျုပ်ဆရာက ကျုပ်ကို နတ်ဆိုးတွေဆိုတာ ပုံသဏ္ဌာန်မမဲ့ဘူးဆိုတာ သင်ပေးထားတယ် – သူတို့က အရမ်းမြန်မြန် လှုပ်ရှားနေရုံပဲ”
အဲလူက ခဏစဉ်းစားနေပြီး ရုတ်တရက် အားလုံးကို သဘောပေါက်နားလည်သွားတဲ့ပုံ။
“ကျေးဇူးအများကြီးတင်ပါတယ်” သူက အမည်းရောင်ပုံရိပ်ကို တိုက်ခိုက်ဖို့ ထမရပ်ခင် လှမ်းအော်လိုက်တယ်။ သူက အကာအငွယ်အင်းကွက်ထဲ ဆက်ပုန်းမနေတော့ဘူး။
အဲအစား အမြန်ဆုံးအရှ်ိန်နဲ့ အမည်းရောင်မြူခိုးဆီ တန်းတန်းမတ်မတ် ပြေးသွားတော့တယ်။ တကယ်ပဲ နတ်ဆိုးက မြူခိုးနက်ထှ်ာ ဆက်ပြီးပုန်းမနေနိုင်တော့ဘူး။ နောက်ပဲဆုတ်သွားရတော့တယ်။
သူတို့ နတ်ဆိုးကိုနိုင်တော့မဲ့ဆဲဆဲ အဖြူရောင်အလင်းတန်းတစ်ခုက သူတို့နောက်ကနေ ထွက်လာပြီး နတ်ဆိုးချီတွေကို ဖောက်ထွက်ကာ ညကောင်းကင်ယံတစ်ခုလုံး ထွန်းလင်းသွားခဲ့တယ်။ ချွီရွှမ်းမြို့ထဲကလေထုက ရုတ်တရက် ဓားချီတွေနဲ့ ပြည့်သွားတယ်။
“ရှောင်အန်း” ဒဏ်ရာရထားတဲ့ အမတက အော်လိုက်မိတယ်
နတ်ဆိုးကတော့ အမတ စိတ်လွင့်သွားတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတော့တာပဲ။
“ဒီဓားချီက…” ကူယွဲ့စောနက ကယ်ခဲ့တဲ့အစိမ်းရောင်ဝတ်ရုံအမတက စာရွက်လိုဖြူဖျော့နေလေတယ်။ အမတက ကောင်းကင်ထဲက တခြားအမတကိုလှမ်းပြောလေတယ်။
“အဖေ ရှောင်အန်း…”
တခြားအမတက မျက်မှောင်ကြုတ်ပြီး အဖြူရောင်အလင်းတန်းဆီ ဦးတည်နေချိန် အဖြူရောင်အလင်းတန်းကိုမြင်သွားတဲ့ ယိချင်း ပြောလိုက်မိတယ်။
“မူလဝိညာဉ်ဓားချီပဲ”
အမတက ရပ်သွားပြီး မြေကြီးပေါ်ဆင်းလာကာ ယိချင်းကိုထိတ်လန့်တကြား ကြည့်တော့တယ်။
“မင်းသိတယ်ပေါ့” ရုတ်တရက် သူက သဘောပေါက်သွားတယ်။
“မင်းရော-”
“ဓားကျင့်ကြံသူပါ” ယိချင်းက ခေါင်းညိတ်ပြီး ဓားပေါ်ပျံလိုက်တယ်။
“အရင်သွားကြရအောင်”
စိတ်လှုပ်ရှားနေတဲ့အကြည့်က သားအဖမျက်နှာမှာပေါ်လာပြီး ယိချင်းကို ကျော်တက်ကာ အဖြူရောင်အလင်းတန်းဆီ ဦးဆောင်ခေါ်သွားခဲ့တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး နောက်ကနေလိုက်ခဲ့ရင်း ယိချင်းကို တံတောင်နဲ့တွတ် ခပ်တိုးတိုးမေးလိုက်တယ်။
“မူလဝိညာဉ်ဓားချီက ဘာလဲ” သူလည်း ဓားကျင့်ကြံသူဆိုပေမဲ့ ဒီလိုဟာမျိုး မကြားဖူးဘူး။
“အဲဒါက သွေးကြောတွေထဲမှာပါတဲ့ ဓားမျိုးပဲ၊ ဓားကျင့်ကြံသူ အင်အားကြီးလာတာနဲ့အမျှ ပိုပြီးထူထဲလာတယ်၊ တကယ်လို့ ကျင့်ကြံသူက ဒီဓားချီထဲကို ထိတွေ့နိုင်မယ်ဆိုရင် သူ့ကျင့်ကြံမှုကို အထောက်အကူဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ဘယ်လိုအသုံးချရမလဲ မသိရင်တော့ အန္တရာယ်ဖြစ်မှာ၊ ဒီလိုဓားချီက မွေးရာပါဓားသရုပ်သကန်ပါတဲ့လူတွေမှာပဲရှိတာ”
”အော်” ကူယွဲ့ နောက်ဆုံးတော့ နားလည်သွားပြီ။ အဲတော့ ဒီလိုကိုး။ ဟမ့် နောက်ထပ် အလိုအလျောက် cheat ပါပဲ
သူတို့တွေ အလင်းတန်းဖြူကြီးဆီ ပျံသန်းလာတော့ ဘေးပတ်လည်ကအရာအားလုံး မုန့်မုန့်ညက်ညက်ကြေနေပြီဆိုတာ မြင်လိုက်ရတယ်။ မျက်စိကျိန်းစရာ အလင်းတန်းဖြူဘေးမှာတော့ ဝတ်ရုံအနက်နဲ့လူတစ်ယောက်က အလင်းတန်းဖြူကြီးကို စိုက်ကြည့်နေလေတယ်။
“မင်းက ဘယ်သူလဲ” နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေခဲ့တဲ့ အနတက ပေးစက်စက်မေးတော့တယ်။ သူ ခြံဝန်းထဲမှာ တခြားသူတွေရှိနေဦးမယ်မထင်ခဲ့ဘူး။
“မင်းဘာလို့-”
“ဆရာ” သူစကားမဆုံးခင် သူ့နောက်မှာရပ်နေတဲ့ ယိချင်းက စိတ်လှုပ်ရှားမှုအပြည့်မျက်နှာနဲ့ ရှေ့ကိုပြေးတက်သွားတယ်။ သူက အမျိုးသမီးဆီရောက်တော့ မေးလေတယ်။
“အဆင်ပြေရဲ့လား”
“အင်း” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ ကါဗိုက်ပဲဆာနေတာ။
“ဒါ…” ယိချင်း လှည့်ကြည့်လိုက်တော့ အမည်းရောင်ဝတ်ရုံနဲ့ အမတတွေ မြေကြီးပေါ် သတိလစ်ပြီးမေ့နေတာ မြင်လိုက်ရတယ်။ တစ်ယောက်က ရှန်းရင် ခြေထောက်အောက်မှာရှိနေသေး။
“အော် သူတို့က လူကုန်ကူးသူတွေလေ” သူမက အလင်းတန်းဖြူကြီးအလယ်ကို လက်ညှိုးထိုးပြလာတယ်။
“သူတို့က ကလေးကိုဖမ်းပြီး ရောင်းစားချင်နေတာ၊ ငါဒီတိုင်း…”
ယိချင်း နားထောင်ပြီး နောက်မေးခွန်းမေးတော့မဲ့ဆဲဆဲ ကြားဖြတ်ပြောခံလိုက်ရတယ်။
သူ့ရှေ့က အစိမ်းရောင်ဝတ်ရုံအမတက အလင်းတန်းဖြူကြီးကို စိုးရိမ်တကြီးကြည့်ပြီး ယိချင်းကို ဒူးထောက်တော့တယ်။
“ဓားအမတ၊ ကျေးဇူးပြုပြီး ကျုပ်သားလေးကို ကယ်ပေးပါ သူ့ကိုယ်က ခင်ဗျားလိုပါပဲ၊ ခင်ဗျားပဲ သူ့ကိုယ်တွင်းက မူလဝိညာဉ်ဓားချီကို ဖယ်ပေးဖို့ ကူညီနိုင်တော့မယ်၊ ခင်ဗျားသာ သူ့ကိုကယ်ပေးချင်ရင် ကျုပ် ပေါင်ဖေးဖျင်လည်း ဘာမဆိုပြန်လုပ်ပေးပါ့မယ်”
ယိချင်း အလင်းတန်းဖြူကြီးအလယ်က ကလေးကိုလှည့်ကြည့်လိုက်တယ်။ သူ မျက်မှောင်ကြုတ်မိသွားတယ်။ အသက်ဆယ်နှစ်တောင်ရှိသေးပုံမပေါ်ပေမဲ့ သူ့ကျင့်ကြံဆင့်က မြင့်လွန်းလို့ မြေအမတဖြစ်ဖို့ တက်လှမ်းခါနီးလောက်ဖြစ်နေပြီ။ သူ့ကိုယ်လေးက ဒီလိုအားကောင်းတဲ့ မူလဝိညာဉ်ဓားချီကို ထိန်းမထားနိုင်တာ အံ့ဩစရာတော့မဟုတ်ဘူး။ ဒီလိုသာဆက်သွားနေရင် သူ့ကိုယ်ထဲက အဆမတန်ဓားချီအစွမ်းကြောင့် သေသွားလိမ့်မယ်။
သူ အမတကိုဆွဲထူလိုက်တယ်။
“အမတရောင်းရင်း၊ ကျေးဇူးပြုပြီး အားမနာပါနဲ့၊ ကျုပ်အကောင်းဆုံးကြိုးစားပါ့မယ်၊ ဒါပေမဲ့ ကျုပ်က အင်အားနည်းပြီး ကျုပ်ကိုယ်ပိုင်မူလဝိညာဉ်ဓားချီက အချိန်အတော်ကြာ ထိန်းချုပ်ခံထားရတာ သိထားမှဖြစ်မယ်၊ ခင်ဗျားသားကိုယ်ထဲက ဓားချီအားလူံကို ဖယ်ထုတ်ပေးနိုင်မယ်လို့ အာမမခံရဲဘူး”
“အမတရောင်းရင်း မစိုးရိမ်ပါနဲ့၊ ရဲရဲသာစမ်းကြည့်ပါ” ပေါင်ဖေးဖျင်က ဂါဝရပြုပြီးဆက်ပြောတော့တယ်။
“ဘယ်လိုရလဒ်ထွက်လာပါစေ ကျုပ် ဒီကျေးဌူးကို သတိရနေမှာပါ”
ယိချင်း ခေါင်းညိတ်ပြီး အလင်းတန်းထဲလျှောက်ဖို့လုပ်ပေမဲ့ရှန်းရင်က ပြန်ဆွဲထားတယ်။
“ဆရာ”
ရှန်းရင်က ညွှန်ကြားလာလေရဲ့။
“သတိထားနော်၊ မြန်မြန်ထွက်လာခဲ့”
“ဟုတ်ကဲ့ဆရာ” ယိချင်း ပျော်သွားတော့တာပေါ့။ ဆရာက သူ့ကိုအစိုးရိမ်ဆုံးပဲ။ သူရင်ထဲထိသွားတယ်…။
ရှန်းရင် ။ ။ ဟင်း၊ ညစာကထပ်နောက်ကျပြန်ပြီပဲ
ကူယွဲ့ တစ်ယောက်တည်း အတွေးနစ်နေရင်း သူစိမ်းနှစ်ယောက်ကို လေ့လာနေမိတယ်။
ပေါင်ဖေးဖျင်တဲ့လား။
အဲဒါ မြို့အရှင်နာမည်မဟုတ်လား။
ကြီးလိုက်တဲ့စီးပွားရေးအလားအလာပဲ
(✪o✪)
…