အခန်း ၁၁၃ ။ လွတ်လပ်ရေးနှင့် အမှီအခိုကင်းမှု
အမတဘုံ။
မသေမျိုးချီက ထျန်းလန်လောကဝင်ပေါက်မှာ တလိမ့်လိမ့်တက်နေပြီး ကောင်းကင်တစ်ခုလုံးကို ထွန်းညှိထားတယ်။ ကြည့်ရတာ မသေမျိုးတက်လှမ်းမှုအတွက် စင်မြင့်ပြင်နေတဲ့ပုံ။
“ဘာတွေဖြစ်နေတာလဲ” ချင်းထုံးအမတဘုံဗိမာန်ရဲ့ အမတအိမ်ထိန်းက မေးလာတယ်။
“ထင်တာတော့… ထျန်းလန်လောကက တစ်ယောက် မသေမျိုးတက်လှမ်းလာပုံပဲ”
နောက်ထပ် အမတတစ်ယောက်က ဖြေလေတယ်။
“တခြားလူ တက်လှမ်းလာတာလား၊ လွန်ခဲ့တဲ့လေးနာရီကတင် တစ်ယောက် တက်လှမ်းထားတယ်မဟုတ်လား”
“ဒီလူတွေက ဝင်ပေါက်ပွင့်သွားတော့ မသေမျိုးချီတွေကို သုံးစွဲနေတာ ဖြစ်နိုင်ချေများပါတယ်”
“ကြည့်ရတာတော့ နောက်ထပ်ဓားကျင့်ကြံသူက မသေမျိုးတက်လှမ်းတော့မဲ့ပုံ၊ ဘယ်တုန်းကလည်းက ထျန်းလန်လောကမှာ ဓားကျင့်ကြံသူတွေ အဲလောက်များသွားရတာလဲ၊ တံခါးမှာစောင့်နေရမဲ့ မြေကြီးအမတရော ဘယ်မှာလဲ၊ ဘာလို့ ဒါကိုမဖြေရှင်းသေးတာလဲ”
“အယ်… ကျုပ်လည်း မသေချာဘူး၊ ဝင်ပေါက်က ပိတ်နေပြီ – ကြည့်ရတာ မြေကြီးအမတက တာဝန်နေရာကနေ ရှောင်ဖယ်နေတာ တော်တော်ကြာသွားတဲ့ပုံပဲ”
“အဓိပ္ပာယ်မရှိတာ ပြန်လည်ရိတ်သိမ်းနေ့က ဒီလောက်အရေးကြီးတဲ့နေ့ကို၊ သူ့တာဝန်ကနေ ထွက်သွားရဲတယ်ပေါ့”
“ဒီလူတွေ မသေမျိုးတက်လှမ်းမှာကို တားမြစ်ဖို့ နောက်ထပ် အမတတစ်ယောက်ကို ချက်ချင်းစောင့်ကြပ်ခိုင်းဖို့စီစဉ်လိုက်ပါ့မယ်”
“ထားလိုက်တော့၊ အမတတွေအများကြီး စောနက ဆင်းသွားတာပဲ၊ သေချာပေါက် တစ်ယောက်ယောက်နားလည်ပြီး တစ်ခုခုလုပ်ခိုင်းလိုက်”
“ဒါပေမဲ့… မိုးကြိုးဝဋ်ကြွေးအတွက် မိုးကြိုး၇၈ချက် ပစ်ပြီးပြီ”
“ဘာ” အိမ်တော်ထိန်းက အံ့ဩတကြီး ပြောတော့တယ်။
“သန့်ရှင်းဖို့ ဆင်းသွားတဲ့ အမတတွေထဲက ဘယ်သူမှ ဒါဖြစ်မှာကို မတားကြဘူးလား”
“မတားကြပါဘူး…”
“ဒါမဖြစ်နိုင်တာ ဗိမာန်သခင်ဆီ ချက်ချင်း ဒါကိုသွားတင်ပြစမ်း၊ ကျန်တဲ့သူတွေ ဝင်ပေါက်ဆီလိုက်ခဲ့ကြ”
အိမ်တော်ထိန်းက တစ်ယောက်ကို လက်ညှိုးထိုးပြီး ကျန်တဲ့စိတ်တန်ခိုးအမတငါးယောက်ကို မသေမျိုးချီတွေ တလိမ့်လိမ့်တက်လာတဲ့ ဝင်ပေါက်ဆီ ဦးဆောင်ခေါ်သွားလိုက်တယ်။
အဲအခိုက်အတန့်မှာ မသေမျိုးချီတွေက ထူထဲနေလွန်းလို့ လက်ဆုပ်လက်ကိုင်တောင် ပြလုရနီးပါးပဲ။ မသေမျိုးချီတွေကိုချုပ်ထိန်းဖို့ ဝင်ပေါက်မှာစောင့်နေတဲ့ မြေကြီးအမတ မရှိတော့ မသေမျိုးတက်လှမ်းမှုစင်မြင့်က မသေမျိုးချီအလယ်မှာ စတင်ပုံပေါ်လာတယ်။ အထက်ထျန်းလန်လောကဆီ ပိတ်ထားတဲ့ဝင်ပေါက်က အက်ကွဲစပြုလာတယ်။
အိမ်တော်ထိန်း ဝင်ပေါက်ဆီရောက်လာတော့ ထျန်းလန်လောကဆီ မိုးကြိုးအချက်၈၀ပစ်ပြီးပြီဆိုတာ မြင်လိုက်ရတယ်။ နောက်ဆုံးမိုးကြိုးပစ်ပြီး ဝဋ်ကြွေးရဲ့စမ်းသပ်ခံဆီ ထိမှန်သွားတယ်။ သူ တန့်သွားပြီး ကြောက်လန့်သွားကာ အမြန်ဖြစ်ပေါ်လာတဲ့ မသေမျိုးတက်လှမ်းမှုစင်မြင့်ကို ဖိနှိပ်ဖို့ ချက်ချင်း အင်းကွက်တစ်ခု ဆင့်ခေါ်လိုက်တယ်။
သူ တံခါးကိုဖွင့်ပြီး ထျန်းလန်လောကထဲဝင်ကာ အသက်ရှူအောင့်ပြီး ကျိန်စာတစ်ခုရွတ်လိုက်တယ်။ ဝဋ်ကြွေးရဲ့ အစမ်းသပ်ခံက ဓားကျင့်ကြံသူဆိုတဲ့အချက်ကြောင့် သူ့အမတစွမ်းအင်ရဲ့၉၀ရာခိုင်နှုန်းနီးပါးကို စုစည်းပြီး ထိပ်ဖျားမှာအနီရောင်လက်နေတဲ့ ခရမ်းရောင်မိုးကြိုးကြီးတစ်ခု ဆင့်ခေါ်လိုက်တယ်။ ပြီးတော့ မိုးကြိုးဝဋ်ကြွေးရဲ့ ၈၁ချက်မိုးကြိုးနောက်ကနေ နီးနီးကပ်ကပ်လိုက်ခိုင်းလိုက်တယ်။
သူ ချက်ချင်း အနောက်က အမတငါးယောက်ဘက်လှည့်လိုက်တယ်။ မိုးကြိုးဝဋ်ကြွေးကြောင့် တစ်ဖန်ပွင့်သွားတဲ့ အမတဘုံရဲ့ဝင်ပေါက်ကို စတင်ချိတ်ပိတ်တော့တယ်။ စည်းချိပ်ဆင့်ခေါ်ဖို့ လက်မြှောက်တဲ့အချိန်မှာတင် အမတတွေရဲ့မျက်နှာပေါ် ကြောက်လန့်တကြား အမူအရာပေါ်လာပြီး သူ့နောက်ကို လက်ညှိုးတထိုးထိုးနဲ့။
“အိမ်တော်ထိန်းယီ၊ မင်းနောက်မှာ”
အိမ်တော်ထိန်း တန့်သွားတယ်။ သူ အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘူး။ သူ့နောက်ကနေ အလင်းရောင်ဖျတ်ခနဲလက်သွားတာပဲ မြင်လိုက်ရတယ်။ သူပစ်လွှတ်လိုက်တဲ့ မိုးကြိုးက အသက်ဝင်လာသလိုမျိုး အပေါ်ကို ပစ်လွှတ်လာတယ်။ လျှပ်စီးမိုးကြိုးက မသေမျိုးအုက်စုဆီ ရောက်လာပြီး သူတို့ခါးတွေနား ကျာပွတ်တစ်ချောင်းလို ခွေရစ်ပတ်ရင်း ကျာပွတ်သံအကျယ်ကြီးလည်းထွက်လာတော့တယ်။
သူတို့ကိုယ် မြေကြီးထဲနစ်မြုပ်လာပြီး နားထဲ ရွှီးခနဲ အသံတစ်သံကြားလိုက်ရတယ်။ အိမ်တော်ထိန်းနဲ့အတူ စိတ်တန်ခိုးအမတတွေ ဘူးသီးတွဲလိုမျိုး ထျန်းလန်လောကရဲ့ ဝင်ပေါက်ထဲ ဆွဲချခံလိုက်ရတော့တယ်။
ဖိနှိပ်ဖို့ အမတတွေရဲ့ အစီအရင်မရှိဘဲ မသေမျိုးတက်လှမ်းမှုစင်မြင့်က ပုံစံပေါ်လာတော့တယ်။ ရွှေရောင်တောက်ပနေပြီး လေထဲ မြန်မြန်ပဲ ပျံတက်သွားခဲ့တယ်။ ချင်းထုံးအမတဘုံဗိမာန်တစ်ခုလုံးကို ရွှေရောင်နဲ့ သန့်စင်ထားတဲ့ပုံမျိုး။
ရွှင်လိမျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်။ သူ မဟာခန်းမထဲ အနားယူနေပေမဲ့ ခန်းမတစ်ခုလုံးကိုလင်းထိန်သွားစေတဲ့ ရွှေရောင်အလင်းတန်းရဲ့ နှောင့်ယှက်မှုကိုခံလိုက်ရတယ်။ သူ အလင်းရင်းမြစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။
“ကောင်းကင် အလင်းတန်း… ဘာတွေဖြစ်နေတာလဲ”
သူ့ဩရှရှအသံက ဗိမာန်တစ်လျှောက် အမြန်ပဲ ပျံ့နှံ့သွားခဲ့တယ်။
စိတ်တန်ခိုးအမတရဲ့ စွမ်းအားက မိုင်တစ်ရာပတ်လည်ကအရာအားလုံးကို တုန်ခါသွားစေတယ်။
“အရှင်…” စောနက တင်ပြမှုနဲ့ ရောက်လာတဲ့ အမတက ခန်းမတံခါးရှေ့ရပ်နေတာနဲ့ ကြုံသွားခဲ့တယ်။ သူက တုန်ရီစွာနဲ့ ပြန်ဖြေလေတယ်။
“ထျန်းလန်လောကမှာ… ဓားကျင့်ကြံသူတစ်ယောက်ရှိပါတယ်၊ သူက မသေမျိုးတက်လှမ်းကာစပါ၊ အိမ်တော်ထိန်းယီက ဒါဖြစ်မှာကို တားမြစ်ဖို့ လူတွေခေါ်သွားပေမဲ့ ကြည့်ရတာ… နောက်ကျသွားလွန်းတဲ့ပုံပဲ”
“ဟမ့်၊ အိမ်တော်ထိန်းယီက တဖြည်းဖြည်း အားမကိုးရတော့ဘူးပဲ” ရွှင်လိအမူအရာက ခက်ထန်သွားတယ်။ သူလက်ကိုယမ်းလိုက်တော့ အလင်းတန်းတစ်ခုပေါ်လာတယ်။ အင်းကွက်တစ်ခု ကောင်းကင်ထဲ ရုတ်တရက် ပေါ်လာပြီး ရွှေရောင်အလင်းတန်းကိုဖုံးပြီး ချင်းထုံးအမတဘုံဗိမာန်ကို လင်းထိန်စေတာကနေ တားမြစ်လိုက်တယ်။
“အစည်းအဝေးခန်းမဆီသွားပြီး မသေမျိုးတက်လှမ်းမှုစင်မြင့်ကို ချက်ချင်းဖျက်ဆီးဖို့ ပြောလ်ုက်”
“ကျင့်ကြံသူအတွက်ကတော့… ငါတို့ သူတက်လှမ်းမှာကိုလုံးဝတားဆီးရမယ်၊ သူ့အမတအရိုးတွေကိုဖျက်ဆီးပြီး ဝိညာဉ်ကိုဖယ်ရှားလိုက်၊ သူ့ကိုအောက်ဘုံမှာပဲ ချုပ်ထား”
“ဟုတ်ကဲ့” အမတက ဂါဝရပြုပြီး ပြန်ထွက်သွာူတယ်။ မိနစ်ပိုင်းအတွင်းမှာတင် သူကပြန်ရောက်လာတယ်။
“အရှင်၊ ဆိုးဝါးတာ တစ်ခုခုတော့ဖြစ်ပါပြီ ဒီ… ဒီကိုရောက်နေပြီ”
“ဘာ” ရွှင်လိအော်လိုက်တယ်။
“အစည်းအဝေးခန်းမကလူတွေတောင် အဲလူ အထက်ဘုံကို တက်လာမှာကို မတားနိုင်ဘူးတဲ့လား”
“ဟင့်… ဟင့်အင်း မတားခဲ့ပါဘူး၊ ဒါပေမဲ့… သူကလည်း… သူကလည်း လူမဟုတ်ပါဘူး”
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ” သူ မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာကဒေါသနဲ့ တွန့်လိမ်ရှုံ့မဲ့နေလေတယ်။
“ဘာတွေသွေးပျက်နေတာလဲ၊ ဘာတွေဖြစ်နေတာတုန်း”
သူ အမတပေါ် ကြည်လင်ပြတ်သား ဂါထာ ရွတ်လိုက်တယ်။
“အောက်ဘုံ… အောက်ဘုံ…” အဲလူက ဆက်ပျာယာခတ်နေပြီး သူ့နောက်ကို လက်ညှိုးထိုးပြတယ်။
“ဆိုးဝါးတာတစ်ခုခု တက်လာနေပါတယ်”
“ဘာဆိုးဝါးတာ…” ရွှင်လိ မေးနေတုန်း ရုတ်တရက် မြေကြီးတုန်ခါလာပြီး အက်ကွဲကြောင်းကြီးတွေ ပေါ်လာကာ အထက်ဘုံတစ်လျှောက်လုံး အက်ကွဲသံကျယ်ကြီးတွေ ဖြစ်သွားစေခဲ့တယ်။ ခန်းမကြီးတစ်ခုလုံးလည်း ယိမ်းယိုင်လာတော့တာပဲ။ ရွှင်လိ ထိတ်လန့်တကြား ဟိုဟိုဒီဒီကြည့်ပြီး လေထဲပျံတက်ကာ သူ့ကိုယ်သူတည်ငြိမ်အောင် ထားလိုက်တယ်။
အဲတော့မှပဲ ချင်းထုံးအမတဘုံဗိမာန်တစ်ခုလုံး ရွှေရောင်မသေမျိုးတက်လှမ်းမှုစင်မြင့်အပါအဝင် အားလုံးက တစစီပြိုကျနေသလိုမျိုးဖြစ်နေတာ နားလည်သွားခဲ့တယ်။ အက်ကွဲကြောင်းတွေက မျက်နှာပြင်တိုင်းမှာ ပေါ်လာပြီး စောနလေးကတင် မတ်မတ်ရပ်နေခဲ့တဲ့ အမတဘုံဗိမာန်က မြေကြီးပေါ်ပြိုလဲကျသွားတော့တယ်။ အမတရာချီက အဘက်ဘက်ကနေ ပျံထွက်လာကြတယ်။ ကောင်းကင်အလင်းတန်းက အက်ကွဲကြောင်းတွေကနေ ထိုးဖောက်လာပြီး ဘုံတစ်ခုလုံးကိုလင်းထိန်သွားစေလေရဲ့။
ဘာတွေ… ဖြစ်နေတာလဲ။
ရွှေရောင်အလင်းတန်းက ပိုပိုပြီးတောက်ပလာတယ်။ တစ်စုံတစ်ရာက သူ့ထိန်းချုပ်အင်းကွက်ကို ထိုးဖောက်လာတာပဲ – အလင်းတန်းက အခု ထိန်းမထားနိုင်တော့ဘူး။
ရွှင်လိ မျက်လုံးပြူးသွားတယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။ စောနက သတင်းစကားလာပါးတဲ့ အမတက ရုတ်တရက် တစ်စုံတစ်ရာကို လက်ညှိုးထိုးပြီး အော်တော့တယ်။
“အရှင်၊ အဲအရာက… ဒီ ဒီအပေါ်ကို ရောက်လာပြီ”
ရွှင်လိ တစ်ဖက်လှည့်လိုက်တော့ အက်ကွဲကြောင်းတွေအပြည့်နဲ့ မြေပြင်ကို မြင်သွားခဲ့တယ်။ ကြီးမားတဲ့အရာတစ်ခုက ချင်းထုံးအမတဘုံဗိမာန်အလယ်ကနေ ထိုးထွက်လာပြီး ရှည်သထက်ရှည်ကာ မြေပြင်ထက် မြင့်တက်လာတယ်။
မြေကြီးက အကြမ်းပတမ်းယမ်းသွားတယ်။ ဝုန်းခနဲ ပေါက်ကွဲသံကြီး ပေါ်လာပြီး အဖက်ဖက်ကို အုတ်ခဲတွေ လွင့်ပျံကုန်လေရော။ ခန္ဓာကိုယ်ကြီးတစ်ခု မြေကြီးထဲကနေ ထွက်လာပြီး ကောင်းကင်ထဲ ပေအချို့တက်သွားပြီးတော့မှ မြေကြီးပေါ် ဝုန်းခနဲ အသံကျယ်ကြီးနဲ့ ကျလာလေတယ်။ အမတဘုံဗိမာန် နဂိုရှိနေခဲ့တဲ့နေရာဆီ ဆင်းသက်လာပြီး မြေကြီးထဲ ကျန်ခဲ့တာတွေကိုပါ အပိုင်းပိုင်းဖြစ်အောင် ခြိမ်းခြောက်နေလေရဲ့။
သူတို့ရှေ့မှာတော့ စိမ်းမြနေတဲ့ ကွင်းပြင်ကြီး။
သူတို့ကြည့်နေတဲ့အရာက… ထျန်းလန်လောကကနေ ပျံထွက်လာတဲ့ ဝိညာဉ်တောင်ထွတ်တစ်ခုပုံပဲ
Σ(°△°|||)
ဘယ်သူမှ ဘာမှမပြောနိုင်တော့ဘူး။ ကြက်သီးထစရာ အသံတစ်သံက ရုတ်တရက်ဆိုလာတယ်။
“ကောင်းပြီ၊ စိတ်တန်ခိုးအမတရွှင်… ရွှင်… ရွှင်ဘာပါလိမ့်၊ အဲလူကဘယ်သူ”
“ရွှင်လိပါ”
“အော်အေး၊ ရွှင်လိ”
အမတတွေ မော့ကြည့်လိုက်တော့ တောင်ထွတ်ပေါ်မှာ လူသုံးယောက်ရပ်နေတာ မြင်လိုက်ရတယ် – ယောက်ျားနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်။ ပြောနေတဲ့လူက အလယ်မှာရပ်နေတဲ့ အမျိုးသမီး။
“ဘယ်သူရွှင်လိလဲ” ရှန်းရင်က ထပ်မေးလာပြန်တယ်။
မသေမျိုးတွေအားလုံး မြေကြီးထဲကနေ ဝိညာဉ်တောင်ထွတ်ကြီးတစ်ခုလုံး ထိုးထွက်လာတာကို မြင်ရလို့ ထိတ်လန့်သွားတာကနေ ပြန်သတိဝင်လာအောင် လုပ်နေသေးတဲ့ပုံပဲ။ သူတို့အလယ်ကလူဆီ အလိုလိုကြောင်တောင်တောင် လှည့်မိလိုက်ကြတယ်။
“သူလို့ထင်တာပဲ…” ရှန်းရင်က မျက်စိမှေးပြီး ရွှင်လိကို လေ့လာလိုက်တယ်။
“အဲဒါ၊ ဘယ်သူပဲဖြစ်ဖြစ်… နင်တို့ကို ပြောစရာရှိလို့ ငါဒီရောက်လာတာပဲ၊ ဒီနေ့ကစပြီး…” သူမက ရုတ်တရက် ရှေ့တက်ပြီးစကားတစ်လုံးချင်းစီကို ပီပီသသ ဖြည်းဖြည်းချင်းရွတ်ပြတော့တယ်။
“လွတ်လပ်ရေးရဲ့ အမည်နာမအောက်မှာ ထျန်းလန်လောကက အမှီအခိုကင်းသွားပြီ”
…