ERSY အခန်း ၁၀၇

အခန်း ၁၀၇ ။ လောကပျက်သုဉ်းခြင်း အန္တရာယ်

“ဖေဖေနျို အဆင်ပြေရဲ့လား” ရှန်းရင်က မေးလာတယ်။

“‌အင်း” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။

“ငါသေတော့ မသေပါဘူး”

သူ့အမတအရိုးတွေကို ဖန်တီးပြီးပြီဆိုပေမဲ့ မသေမျိုးချီတွေအားလုံးကို အဲ၈၂ချက်မြောက် ကောင်းကင်လျှပ်စီးမိုးကြိုးကို ကာကွယ်ဖို့အတွက် သုံးခဲ့ပြီးပြီ။ အခု ကိစ္စတွေက ငြိမ်သွားပြီဆိုတော့ သူက အခု အားမရှိတော့တဲ့လူ ဖြစ်သွားပြီ။ သူကြောက်တာက သူ အသစ်ဖွဲ့စည်းထားတဲ့ အမတအရိုးတွေ ကျိုးသွားမှာပဲ။ ဒါပေမဲ့ ဒီဘုံမှာက မသေမျိုးချီ တစ်စက်လေးတောင်မရှိဘူး။ သူကုသချင်ရင်တောင် အရိုးတွေကို မကုသနိုင်ဘူး။

“စားဖိုမှူး နင့်မှာအကြံရှိလား” ရှန်းရင် သူမဘေူရပ်နေတဲ့ယိချင်းကို လှည့်မေးလိုက်တယ်။ ကူယွဲ့ကို တစ်ချက်ကြည့်တာနဲ့တင် သူတမင် မာကြောယောင်ဆောင်နေမှန်း သိတာပေါ့။

ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။

“သူ့သွေးကြောတွေကို အရင်ကုသကြည့်မယ်”

သူ ကူယွဲ့ဘေးထိုင်ချပြီး ဝိညာဉ်ချီကို အသက်သွင်းလိုက်တယ်။ ရွှေရောင်အလင်းတန်းတွေ ကူယွဲ့ဆီကနေ ထွက်လာတယ်။ မိနစ်နည်းနည်းနေတော့ ကူယွဲ့မျက်နှာမှာ အသွေးအရောင် ပြန်ရှိလာတယ်။ သူက တကယ်ပဲ ပိုပြီးကြည့်ကောင်းလာပြီ။ မိုးကြိုးဝဋ်ကြွေးချေခြင်းကြောင့် ရလာခဲ့တဲ့ဒဏ်ရာတွေက ဖြည်းဖြည်းချင်း သက်သာလာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ချီက မသေမျိုးချီနဲ့ ယှဉ်လို့မရဘူးလေ။ ကူယွဲ့ ဒဏ်ရာတွေက အရမ်းကို နှေးနှေးကွေးကွေးနဲ့ ပြန်သက်သာနေတာ။ ရှန်းရင် သုံးနာရီအပြည့် ဘေးမှာထိုင်နေပြီးမှ ယိချင်းက နောက်ဆုံးတော့ မျက်စိဖွင့်လာတယ်။ ကူယွဲ့က ငြိမ်နေဆဲဖြစ်ပြီး အသက်ရှူမှန်အောင် လုပ်နေတယ်။

“သူ အဆင်ပြေသွားပြီလား”

ယိချင်း ခေါင်းယမ်းပြလိုက်တယ်။

“ကျွန်တော် သူ့အပြင်ပန်းဒဏ်ရာတွေကိုပဲ ကုသနိုင်တယ်၊ အတွင်းဒဏ်ရာတွေကတော့…” ဝိညာဉ်ချီဆိုတာက အမတအရိုးတွေကို ကုသဖို့အတွက် အားနည်းလွန်းတာကိုး။

“သူ မြန်မြန် တက်လှမ်းမှဖြစ်မှာ မဟုတ်ရင်…”

ယိချင်း စကားဆုံးအောင် မပြောနိုင်ဘူး။ သိသာပြီးသား : တကယ်လို့ ကူယွဲ့မတက်လှမ်းဘူးဆိုရင် ခရီးသွားမသေမျိုးတစ်ယောက် ဖြစ်လာတော့မှာ။

ရှန်းရင် မျက်မှောင်ကြုတ်ပြီး တံခါးလှည့်ဖွင့်လိုက်တယ်။

“ရှောင်လွိ၊ အဲ‌လျှပ်စီးကြောင်းတွေထုတ်တဲ့ ငတုံးကို ဒီခေါ်လာခဲ့”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” စစ်ယွီက တုံ့ပြန်လာတယ်။ အပြင်က ထိုးကြိတ်တဲ့အသံတွေ နောက်ဆုံးတော့ ရပ်သွားခဲ့ပြီ။ စစ်ယွီ တံခါးဝဆီ ယောင်ကိုင်းနေတဲ့ မသေမျိုးတစ်ယောက် ဆွဲခေါ်လာပြီး အခန်းထဲ ပစ်ထည့်လိုက်တယ်။

မသေမျိုးက နှစ်ပတ်လောက် လှိမ့်သွားပြီးမှ နောက်ဆုံးတော့ရပ်သွားခဲ့တယ်။

ရှန်းရင် စားပွဲပေါ်က သစ်သီးကို ကောက်ယူပြီး တစ်ကိုက်ကိုက်လိုက်တယ်။ စက္ကန့်အနည်းငယ်ကြာတော့ သူမက ပြောလာတယ်။

“စတော့”

မသေမျိုး တောင့်တင်းသွားတယ်။ ဘာစရမှာလဲ။ သူ ခေါင်းမော့လိုက်တော့ ရှန်းရင်ခန္ဓာကိုယ်က ထိန်းချုပ်မရ တုန်ရီနေတာ မြင်လိုက်ရတယ်။ ရုတ်တရက် သူ့ကိုယ်ပေါ်က ဒဏ်ရာတွေ ဆယ်ဆပိုနာကျင်လာပါလေရော။ သူ့မှာကျန်ရစ်တဲ့ လက်ကျန်မဏ္ဍိုင်ဘာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားခဲ့ပြီ။

“ပြောပါ့မယ်… ပြောပါ့မယ်”

သူက ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးဆိုတော့ ရှန်းရင် သူ့ကို နာကျင်အောင်လုပ်တာရပ်သွားတဲ့နောက် ခဏနားနေလိုက်တော့ ဒဏ်ရာတွေက ဖြည်းဖြည်းချင်းသက်သာလာတယ်။ သူက အသက်ဝဝရှူပြီး စပြောတော့တယ်။

“ငါ… ငါက ချင်းထုံးအမတဘုံဗိမာန်က မသေမျိုးတံခါးစောင့်တစ်ယောက်ပါပဲ၊ ငါ… ငါ ဘယ်တုန်းကမှ တစ်ယောက်ယောက်ရဲ့ အမတအရိုးတွေကို ချိုးဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ငါက အမိန့်တွေလိုက်နာနေရုံပါ၊ တခြားရွေးစရာမရှိဘူး”

“အမိန့်လိုက်နာတာလား” ယိချင်းအမူအရာက မှောင်မည်းသွားတယ်။

“ငါတို့အထက်လောကက မသေမျိုးတွေကို တစ်ခါမှ အပြစ်မပြုဖူးဘူး၊ ဘယ်သူ့အမိန့်လိုက်နာနေတာလဲ၊ ဘာလို့ဒီလိုလုပ်ရတာလဲ”

“ငါ… ငါက ဗိမာန်သခင်ရဲ့ အမိန့်တွေကို လိုက်နာနေတာ” သူက ယိချင်းနဲ့ရှန်းရင်ကို ခေါင်းမော်ကြည့်ရုံလေးကြည့်ပြီး တိတ်သွားခဲ့တယ်။ တစ်ခဏနေတော့ သူကဆက်ပြောတယ်။

“ငါ့အရှင်က မဟူရာအမတရွှင်လိပဲ၊ သူ့အမိန့်တွေက ဒီလောကမှာရှိတဲ့လူတွေ မသေမျိုးတက်လှမ်းလာမှာကို တားရမယ်တဲ့၊ ငါက ဒီတိုင်းနိမ့်ကျတဲ့ မြေပြင်မသေမျိုးတစ်ယောက်ပဲ၊ ငါ သူ့အမိန့်တွေကို ငြင်းဆန်လို့မရဘူး”

“သူက ဘာလို့ ဒီလိုလုပ်နေရတာလဲ” ယိချင်း မေးလိုက်တယ်။

မသေမျိုးက တုံ့ဆိုင်းသွားပြီး မျက်နှာပေါ်သွေးပျက်နေတဲ့ အကြည့်နဲ့ ချက်ချင်း ပြောလာတယ်။

“ငါ… ငါလည်းမသိဘူး၊ ဒီကမ္ဘာလေးက ငါ့အရှင်မှာ ရှိသမျှအကုန်ပဲ၊ ဘာလို့ ဒီလိုအလကား ဖြုန်းတီးချင်ရတာလဲ ငါမသိဘူး”

“ဒီကမ္ဘာက သူရှိသမျှဆိုတာ ဘာအဓိပ္ပာယ်လဲ” ယိချင်း မျက်ခုံးပင့်လိုက်တယ်။

“အဲဒါဘာဆိုလိုတာလဲ”

“ငါ့အရှင်က ဒီကမ္ဘာကိုဖန်တီးခဲ့တာ” သူက သုံးယောက်ကို ကြောက်ကြောက်လန့်လန့် ကြည့်လာပြန်တယ်။

“မင်းတို့တွေက ဒီကမ္ဘာမှာ နေတာမို့ သတိမထားမိလောက်ပေမဲ့ တခြားဂြိုဟ်သုံးထောင်နဲ့ ယှဉ်ရင် ထျန်းလန်လောကက တကယ်ကိုသေးတာ၊ အဲတုန်းက အမတနတ်ဘုရားကောယိုးက ငါ့အရှင်ကို သွေးကြောတစ်ခုပေးခဲ့တယ်၊ ငါ့အရှင်က ဒီသွေးကြောကိုသုံးပြီး လောကဘုံတစ်ခုကိုဖန်တီး၊ ဝိညာဉ်သိန်းချီကို အဲထဲ ဆင့်ခေါ်ခဲ့တာပဲ၊ အဲဒါက ‌ထျန်းလန်လောကဖြစ်ပေါ်လာပုံပဲ၊ ဒီကမ္ဘာက ဒါကြောင့် နဂိုက… ငါ့အရှင်ပိုင်တာ”

သုံးယောက်လုံး ဒါကိုကြားချိန် ထိတ်လန့်ပြီး အင်မတန်ငြိမ်သက်ကုန်ကြတယ်။

ထျန်းလန်လောကက အထက်လောကရဲ့ မသေမျိုးတစ်ယောက် ဖန်တီးထားတာဖြစ်မယ်လို့ တစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး။

“မင်းတို့… ငါ့ကိုလွှတ်ပေးတာ ကောင်းမယ်ထင်တယ်နော်” မသေမျိုးက ကံစမ်းကြည့်သေး။

“ငါက သာမန် မြေပြင်မသေမျိုးဆိုပေမဲ့ င့ါအရှင်ကတော့ မဟူရာအမတပဲ၊ သူ့လက်ဖဝါးထဲ ထျန်းလန်လောကတစ်ခုလုံးကို ကိုင်ထားတာ၊ မင်းတို့ သူ့ကိုဒေါသထွက်အောင် လုပ်ရင်…”

“…” ဘယ်သူမှ စကားမပြောကြ။ သူတို့ မသေမျိုးကိုတက်လှမ်းဖို့ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ကြတာ။ အခု ဒီမသေမျိုးက သူတို့ ဘယ်လောက်ကြိုးစားကြိုးစား ထာဝရရှင်သန်မှုဆီဘယ်တော့မှ မတက်လှမ်းနိုင်ဘူးလို့ ပြောနေတယ်၊ ပြီးတော့ ဒီကမ္ဘာတစ်ခုလုံးက အဲ‌တစ်နေရာရာက အမတတစ်ယောက် ကြုံရာကျပန်းဖန်တီးခဲ့တာတဲ့။ သူတို့ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

“ပြန်လည်ရိတ်သိမ်းနေ့က ဘာလဲ” ရှန်းရင်က ရုတ်တရက် မေးပြီးတိတ်ဆိတ်မှုကို ဖြိုခွဲလာတယ်။

မသေမျိုးမျက်နှာမှာ သွေးရောင်မရှိတော့ဘူး။ ဒီမေးခွန်းကို သူမ မေးလာမယ်လို့ သူ မထင်ထားခဲ့တာလေ။ သူ့မျက်လုံးတွေက သွေးပျက်သွားခဲ့တယ်။

“ဒါ… လေးလံ…” သူအချိန်အတော်ကြာအောင်ထစ်နေပေမဲ့ စကားဆုံးအောင် မပြောနိုင်ဘူး။

ရှန်းရင် စားလက်စ သစ်သီးကိုချပြီး သူ့ကို စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်တယ်။

“တကယ်လို့ နင့်ဆရာက အဲလောက်တော်တယ်ဆို ဘာလို့ လူတိုင်းကို မသေမျိုးဆီ တက်လှမ်းခွင့် မပေးရတာလဲ၊ ဘာကြောင့် ကောင်းကင်တံခါးပေါက်‌ကို ကာကွယ်ဖို့ နင့်ကို လိုအပ်ရတာလဲ၊ သူဘာကိုကြောက်နေတာလဲ”

“အဓိပ္ပာယ်မရှိတာ” သူက ပါးရိုက်ခံလိုက်ရသလိုမျိုးဖြစ်သွားတယ်။

“ဘာလို့ဆရာက ဒီကမ္ဘာလေးကို ကြောက်ရမှာလဲ”

“သူ မကြောက်ဘူးဆို ဘာလို့သွေးပျက်နေရတာလဲ” ရှန်းရင် ခေါင်းစောင်းပြီး ဆက်ပြောလိုက်တယ်

“ငါခန့်မှန်းကြည့်လိုက်မယ်၊ နင့်အရှင်က မသေမျိုးတက်လှမ်းခဲ့တာ ဟိုးအရင်တုန်းမလား၊ တကယ်လို့ ဒီလူတွေ မသေမျိုးတက်လှမ်းခဲ့ရင် အနည်းဆုံး မသေမျိုးတစ်ယောက်နှစ်ယောက်ကတော့ သူ့လို သန်မာရင်သန်မာ မဟုတ်ရင် သူ့ထက်ပိုသန်မာမှာကို စိုးရိမ်နေတာပဲ၊ ဒီလူတွေက သူတို့ရဲ့ ရင်းမြစ်ကို မေးခွန်းထုတ်ပြီး သူ့အမိန့်အာဏာကို မေးခွန်းထုတ်လာရင် အဲအချိန်ကျ ဘာမှပြောစရာမရှိမှာ ကြောက်နေတာပဲ၊ ဒါကြောင့် ဒီကမ္ဘာကလူတွေ မသေမျိုးဆီတက်လှမ်းမှာကို တားဆီးဖို့ ဘာမဆိုလုပ်နေတာပဲ၊ ဒါမှ ဒီကမ္ဘာကို သူအမြဲပိုင်ဆိုင်မှာလေ၊ ဟုတ်တယ်မလား”

“မင်း… မင်း…” မသေမျိုးမျက်လုံးတွေပြူးကုန်ပြီး အရင်ကထက်တောင် ပျာယာခတ်သွားပုံပေါ်တယ်။ သူ ရှန်းရင်ကို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ဘူး။ တစ်ခဏနေတော့ သူပြောလိုက်တယ်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ငါ့အရှင်က အဲလိုမျိုး သည်းမခံတတ်သူမဟုတ်ဘူး”

“သူက သည်းခံတတ်တယ်ပေါ့… အဲဒါပိုဆိုးပြီ” ရှန်းရင် မျက်လုံးမှေးလိုက်တယ။

“အဲလိုမဟုတ်ဘူးဆို သူ့ရည်ရွယ်ချက်ကဘာလဲ”

“…”

“ပြော ပြန်လည်ရိတ်သိမ်းနေ့က ဘာလဲ” သူမ ထရပ်လိုက်တယ်။

မသေမျိုးက ခုတော့လုံးဝဖြူဖျော့သွားပြီ။ သူ့မျက်လုံးတွေက မလုံမလဲဖြစ်နေပေမဲ့ သူမအတွက် အဖြေမရှိဘူး။ တစ်ခုခုကို ကြောက်နေသလိုပဲ။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမထပ်ပြီး ဒါကိုဆက်ပြီး ခေါက်တုံ့ခေါက်ပြန် ပြောမနေချင်တော့ဘူး။

“ရှောင်လွိ၊ ဆက်လုပ်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” စစ်ယွီက ချက်ချင်းရှေ့တက်ပြီး မသေမျိုးကို လည်ထောင်ကနေ ဆွဲဆုပ်တော့တယ်။

“ဘာ… ဘာလိုချင်လို့လဲ” မသေမျိုးရဲ့ မျက်လုံးတွေ ပြူးသွားပြီး ပုန်းစရာနေရာရှာဖို့ အခန်းထဲ ထိတ်ထိတ်ပျာပျာ ဟိုကြည့်ဒီကြည့်လုပ်တော့တယ်။ ရုတ်တရက် သူ့ကို မိန်းကလေးဆယ်ယောက်ကျော် ဝိုင်းထားမှန်း နားလည်သွားခဲ့တယ်။

“ငါမင်းတို့ကို သတိပေးနေတယ်နော်၊ ငါ… ငါက မသေမျိုးပဲ… ဟင့်အင်း… ရပ်ကြ”

စစ်ယွီက မသေမျိုးကို ဆွဲထုတ်သွားချိန်မှာတင်

ကောင်းကင်ထက်မှာ တောက်ပတဲ့ရွှေရောင်အလင်းက ‌လက်သွားပြီး အထက်ထျန်းလန်လောကတစ်ခုလုံး လင်းလက်သွားတယ်။ အသံတစ်သံက ကောင်းကင်ကနေ မြည်ဟည်းလာတယ်။ မကျယ်လောင်ပေမဲ့ လူတိုင်းရဲ့နားထဲ မြည်သွားခဲ့တယ်။

ကြီးမားပြီး စီးပိုးတဲ့ အ‌ငွေ့အသက်က သူတို့ဆီ တည့်တည့်ဦးတည်လာတယ်။ အိမ်ထဲကလူတိုင်း ခြေဖျားထောက်မိကုန်တယ်။ အသက်ရှူသံတွေ မြန်လာပြီ။

“သူတို့ဒီရောက်လာပြီ” မသေမျိုးရဲ့ ကြောက်လန့်နေတဲ့အမူအရာက ပျောက်ကွယ်သွားပြီး သွားကြီးဖြီးတော့တယ်။

“ဟားဟားဟား… ပြန်လည်ရိတ်သိမ်းနေ့က စ‌တင်နေပြီပဲ၊ ကောင်းလိုက်တာ နောက်ဆုံးတော့ စတင်ခဲ့ပြီ”

ရှန်းရင် မျက်မှောင်ကြုတ်ပြီး အုပ်စုနဲ့အတူ အိမ်ထဲက ထွက်လာခဲ့တယ်။ ကောင်းကင်တစ်ခုလုံး ရွှေရောင်အလင်းတန်းနဲ့ ပြည့်နေတဲ့ပုံမျိုးပဲ။ အရင်လို ပြာလဲ့မနေတော့ဘူး။ မြေကြီးပေါ်က အရာအားလုံးက အရောင်မျိုးစုံ ရောင်ပြန်ဟပ်ကုန်တယ်။ အလင်းရောင်က သူတို့ပေါ် တောက်ပလာလေ အပင်တွေက တစ်စုံတစ်ရာ သူတို့ကို အားဖြည့်ပေးနေသလိုမျိုး လျင်မြန်တဲ့အရှိန်နဲ့ ကြီးထွားလာလေပဲ။ ဝူတိဂိုဏ်းက ဝိညာဉ်ဆေးပင်တွေတောင် လတ်ဆတ်နီရဲတဲ့ပန်းတွေ ဖူးပွင့်နေပြီ။

“မမလေး…” မုန်လာဥဖြူက ရုတ်တရက် တောင်ပေါ်ကို တက်လာပြီး လက်ထဲ ဒုဓလီပန်းစည်းကြီး ကိုင်ထားတယ်။

“ဒီအလင်းရောင်က ထူးဆန်းလိုက်တာ၊ မုန်လာဥဖြူတော့ ဝိညာဉ်ချီတွေ ခန္ဓာကိုယ်ထဲ ပြည့်လာသလိုခံစားနေရတယ်”

ရှန်းရင်က မတုံ့ပြန်ဘူး။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်တော့ အလင်းရောင်ထဲကနေ ပုံရိပ်ဆယ်ခုကျော် ထွက်လာတာမြင်လိုက်ရတယ်။

သူတို့က ထျန်းလန်လောကရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေဆီ ဦးတည်နေတာပဲ။

“ဟားဟားဟား… ဒီနေရာကို သန့်ရှင်းဖို့စောင့်နေတဲ့ မသေမျိုးတွေ နောက်ဆုံးတော့ ရောက်လာကြပြီ၊ မင်းတို့သေကြတော့” စစ်ယွီလက်ထဲ ဖမ်းဆုပ်ခံထားရဆဲ မသေမျိုးက ကြေညာလာလေတယ်။ သူ့မျက်နှာပေါ်မှာ ထောင်လွှားနေတဲ့အမူအရာနဲ့။

“သန့်ရှင်းတယ်လား” ယိချင်းအမူအရာ ခက်ထန်သွားတယ်။

“ဘာသန့်ရှင်းမှာလဲ၊ ဒါတွေလည်း မသေမျိုးတွေပဲလား”

“ဟုတ်တယ်၊ သူတို့က မင်းတို့ကို နောက်ဘဝဆီ ပို့ပေးဖို့ ရောက်လာတာပဲ” သူက အေးစက်စက် ရယ်တော့တယ်။

“ဒီကမ္ဘာက လုံးဝသန့်စင်ခံရတော့မှာ”

အားလုံးက ထိတ်လန့်မှုနဲ့ မျက်လုံးပြူးကုန်ကြတယ်။ သူတို့က ကမ္ဘာကို… ဖျက်ဆီးချင်ကြတာလား။

မသေမျိုးက ကောက်ကျစ်စွာရယ်ပြီး အုပ်စုကို ဝေ့ဝဲကြည့်ကာသူ့ဘာသာပျော်မြူးနေလေတယ်။

“မင်းတို့အားလုံးက သေမျိုးတစ်သိုက်ပါပဲ၊ ခွက်ပြေးဖို့တွေးတောင်မတွေးနဲ့၊ မင်းတို့အားလုံး…”

သူ စကားမ‌ဆုံးခင် ရှန်းရင်က သူ့ကိုသတိလစ်အောင် ကန်ချလိုက်တော့တယ်။

“လူတွေ ငါ့ကိုလာကွယ်ရင် အရမ်းမုန်းတာ…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset