အခန်း ၁၀၀ ။ အပြန်အလှန်လည်ပတ်မှု
“ဖော်ရွေမှုအတွက် မျိုးနွယ်စုခေါင်းဆောင်ရိကို ကျေးဇူးတင်ပါတယ်၊ ရိမိသားစုက တကယ့်ကို ဆွေကြီးမျိုးကြီးမိသားစုပါပဲ၊ ဒီလာလည်မှုကနေ အတော်လေးအကျိုးအမြတ်ရလိုက်တယ်”
တောက်ပနေတဲ့ ကူယွဲ့က ရိဖုန်းကို လက်သီးဆုပ်ပြီး ဂါဝရပြုလိုက်တယ်။
“ဆရာသခင်ခေါင်းဆောင်ကူယွဲ့က ကြင်နာလွန်းနေပါပြီ” ရိဖုန်းလည်း ပြန်ဂါဝရပြုလိုက်တယ်။
“ဂိုဏ်းချုပ်ရှန်းနဲ့ ခင်ဗျားတို့ လာလည်လို့ ကျုပ်တို့ရိမိသားစု ဂုဏ်တက်ရတာပါ” အလကားရလိုက်တဲ့ မြွေနဂါးစာချုပ်အကြောင်း စဉ်းစားမိတာနဲ့ ရိဖုန်း သူမအပေါ် နွေးထွေးနေတာပေါ့။ ရှန်းရင်ဘက် လှည့်ပြီး သူကစိတ်ရင်းပါပါနဲ့ပြောတော့တယ်။
“ဂိုဏ်းချုပ်ရှန်းရဲ့ အကူအညီကို မေ့မှာမဟုတ်ပါဘူး”
သုံးခဲ့တဲ့နည်းက နည်းနည်းကြောက်ဖို့ကောင်းပေမဲ့လည်း ရတဲ့ဆုလာဘ်က ပိုတောင်များသေးတယ်။
“မလိုပါဘူး” ရှန်းရင် အပူအပင်မရှိပြောလိုက်တယ်။
“ငါတို့ ထပ်လာခဲ့ပါမယ်”
ရိဖုန်း ။ ။ “…” ထပ်လာခဲ့ပါ
(=@__@=)
“ဒါဆို သွားလိုက်ဦးမယ်နော်” ကူယွဲ့က အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြီး ရိဖုန်းရဲ့ အိမ်ထိန်းကိုတောင် လှည့်ပြုံးပြလိုက်သေးတယ်။
ဒါပေမဲ့ အိမ်ထိန်းအမူအရာကတော့ စိတ်ညစ်စရာတစ်ခုခုကို သတိရသွားသလိုမျိုး မှောင်မည်းသွားလေရဲ့။
အဲတော့မှ ကူယွဲ့ သူ့ဓားပျံကို ဆင့်ခေါ်ပြီး ရှန်းရင်နဲ့ပြန်လာခဲ့တယ်။
ရိဖုန်းနဲ့ သူ့အိမ်ထိန်းလည်း အသီးသီး သက်ပြင်းချလိုက်ကြတယ်။ သူတို့နောက်ဆုံးတော့ ဒီနှစ်ယောက်ကို ပြန်လွှတ်နိုင်ပြီ။ သုံးရက်တည်းဆိုပေမဲ့ ဆယ်နှစ်လောက် အသက်တိုသွားသလိုပဲ။
ဟမ်။
ခဏနပေါဦး
“ဝိညာဉ်သခင် ဘယ်သွားနေတာလဲ” ကျွန်တော်တို့ သူတို့ကို အခုမှ နှုတ်ဆက်ထားတာလေ၊ ဘာလို့ သူတို့နဲ့ ပျံထွက်သွားရတာတုံး။
——————
“တာအိုရောင်းရင်း၊ ခင်ဗျားမှာ တခြားကိစ္စရှိလို့လား” ကူယွဲ့ ပိုင်ဇယ့်ကိုမေးလိုက်တယ်။ သူတို့ နေရာရွှေ့ပြောင်းအစီအရင်မှာ ရပ်ပြီး ကူယွဲ့ သူတို့နောက်လိုက်လာတဲ့ ဒီထူးထူးဆန်းဆန်းကောင်ကို လှည့်ကြည့်လိုက်တယ်။ အစတုန်းက ကူယွဲ့ သူ့ကို ရိမိသားစု သူတို့ကို လိုက်ပို့ဖို့လွှတ်လိုက်တဲ့ တပည့်လို့ထင်ခဲ့ပေမဲ့ သူတို့လာခဲ့တဲ့အကွာအဝေးထောက်ရရင်တော့ မဟုတ်လောက်ဘူး။ ပြီးတော့ ဒီလူ့ကျင့်ကြံဆင့်ကို သူအာရုံမခံရဘူး။
“အမွေးလုံး” ရှန်းရင် လှည့်မေးလိုက်တယ်။
“နင့်မှာ ဆွေးနွေးစရာတခြားကိစ္စရှိတာလား”
ပိုင်ဇယ်က မှင်တက်နေတဲ့ပုံ။ သူ ရိမိသားစုပိုင်နက်ပြင်ဘက်ကို ရောက်နေမှန်း ခုမှသတိထားမိသွားတဲ့ပုံ။ သူ တစ်ခုခုကို ပြောချင်သလိုမျိုး ပါးစပ်ဟလိုက်ပေမဲ့ တစ်ခဏ သူမကို ငေးကြည့်နေပြီးတဲ့နောက် မျက်နှာရဲသွားပြီး သူမကိုကျောပေးလေတယ်။
ရှန်းရင် ။ ။ “…” ဒီအကွက်ပဲ ထပ်ပြီးလား။
“သူက ဘယ်သူလဲ” ကူယွဲ့ သူမကို တံတောင်နဲ့လှမ်းတွတ်ပြီး တီးတိုးပြောလိုက်တယ်။
“မင်း သူ့ကိုသိတာလား”
“သူက ညွှန်ကြားရေးမှူး မွေးထားတဲ့ အမွေးလုံးလေ၊ ပြောတာတော့ နှစ်ထောင်ချီရှိနေပြီဆိုပဲ” ရှန်းရင်က ထပ်စဉ်းစားပြီး ဖြည့်ပြောလိုက်တယ်။
“နဂိုက အမွေးဖြူလုံးသားရဲလေ၊ ပုံရိပ်ယောင်ပင်လယ်ကိုတောင် တူတူခရီးသွားခဲ့သေးတယ်”
“ဝိညာဉ်သားရဲလား” ကူယွဲ့ အနည်းငယ် အံ့ဩသွားတယ်။ အသွင်ယူနိုင်ဖို့ဆို ဝိညာဉ်သားရဲတွေက အနည်းဆုံး ဧကဒဿမအဆင့် ရှိဖို့လိုတယ်။
“ဒါဆို သူဘာလို့ ငါတို့နောက်လိုက်နေတာလဲ”
“ငါဘယ်သိမလဲ” ရှန်းရင် ခေါင်းယမ်းပြလိုက်တယ်။
“သူက လူတွေနဲ့ဆက်ဆံရတာ ကြောက်တယ်၊ စကားပြောရတာမကြိုက်ဘူး၊ ငါ့ကိုမပြောနဲ့နော်… ပင်လယ်စာပါ ကြိုက်တယ်လို့တော့” သူမအိတ်ထဲက ပင်လယ်စာပုံကြီးကို သတိရသွားခဲ့တယ်။
“ဘာပင်လယ်စာလဲ”
“ဖေဖေနျို” ရှန်းရင်က သူ့မေးခွန်းကိုမဖြေ။ တစ်ခုခုကိုသတိရသွားသလိုမျိုး သူ့ကိုတွန်းပြီး ပြောလာတယ်။
“သိုလှောင်အိတ်လေး ငှားပါဦး”
“ဘာလို့လဲ”
“သိမ်းစရာရှိလို့ပေါ့”
ကူယွဲ့ သူ့ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘေးက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူလိုက်တယ်။
“ရော့ ယူ”
ကူယွဲ့ဆီက အိတ်ယူပြီး ရှန်းရင် ပိုင်ဇယ်ပေးထားတဲ့ အပြာရောင်အိတ်ကို ဖွင့်ကာ လူတစ်ယောက် အရပ်ထပ်တောင် ရှည်တဲ့ ငါးခေါင်းကို ထုတ်ပြီးတော့ အိတ်အသစ်ထဲ ပြောင်းထည့်လိုက်တယ်။ သူမလက်က အိတ်ပြာထဲနှိုက်ပြီး ထုတ်လာတဲ့ဟာတိုင်း…။
ရှန်းရင် သူမအိတ်ထဲကနေ သားရဲအလောင်းတွေရဲ့ အစိတ်အပိုင်းတွေ တစ်ခုပြီးတစ်ခု ထုတ်လာတယ်။ သားရဲတွေအားလုံး နှစ်ပိုင်းပြတ်နေကြပြီး သားရဲဝိညာဉ်ကျမ်းတိုင်းမှာ တွေ့နိုင်တဲ့ အမျိုးအစားတွေထက်တောင် ပိုပြည့်စုံသေးတယ်။
ကူယွဲ့ ။ ။ …”
သူ တစ်နေ့လောက် အကြည့်လွှဲရုံရှိသေး ဘာတွေ လုပ်လိုက်လဲ ကြည့်ကျပါဦး ဒီသတ္တဝါတွေအားလုံးကို ဘယ်ကနေရလာတာလဲ။
(๑ŐдŐ)b
သူတို့တွေက သားရဲတွေကို ဖမ်းဖို့ပဲဆိုပေမဲ့ ကြည့်ရတာ သူမကတော့ ပင်လယ်ကို ဒီသတ္တဝါတွေနဲ့ ဖြည့်ခဲ့တဲ့ပုံပဲ။ သူ့ကိုယ်သူ ကျင်းဝေ့များထင်နေလား။
[မှတ်ချက် ။ ။ ကျင်းဝေ့ဆိုတာက ရေနစ်ပြီးသေဆုံးသွားတဲ့ နွီဝါပြန်လည်ဝင်စားတဲ့ ဒဏ္ဍာရီလာငှက်ပါ၊ သူမက သူမလို ဘယ်သူမှ ဆက်ပြီးရေမနစ်အောင် ပင်လယ်ကြီးကိုဖြည့်ချင်ခဲ့ပါတယ်တဲ့]
ရှန်းရင် နာရီဝက်လောက်ကြာသွားမှ ရပ်တော့တယ်။
သူမက ကျန်တဲ့တစ်ဝက်ရှိသေးတဲ့ မူလအိတ်ကို ပိုင်ဇယ်ဆီ ပြန်ကမ်းပေးလိုက်တယ်။
“အားနာလိုက်တာ၊ အမြတ်အစွန်းကို ခွဲပေးဖို့ မေ့သွားတယ်”
“…”
ပိုင်ဇယ်က အိတ်ကိုယူဖို့အရိပ်အယောင်မပြတော့ သူမ သူ့လက်ထဲပဲတန်းထည့်ပေးလိုက်တယ်။
“နင်ဒီနေ့အလုပ်ကြိုးစားခဲ့တာပဲ၊ ယူလိုက်ပါ ငါ့ကိုလိုက်ပို့မနေနဲ့တော့၊ အားတဲ့အချိန် ဝူတိဂိုဏ်း အလည်လာခဲ့၊ သွားပြီ”
အဲလိုနဲ့ သူမ ဖေဖေနျိုကို နေရာရွှေ့ပြောင်းအစီအရင်ထဲ ဆွဲခေါ်ခဲ့တော့တယ်။
အတင်းအကြပ် ပင်လယ်စာအိတ်ထိုးထည့်ခံခဲ့ရသော ပိုင်ဇယ် ။ ။ “…” သူ ဒါတောင်းခဲ့တာ မဟုတ်ဘူးလားလို့။
(⊙_⊙)
“စကားမစပ် ရှန်းရင်၊ ဒီဝိညာဉ်သားရဲက ဘယ်လိုခေါ်လဲ” ကူယွဲ့ ဘာရယ်မဟုတ် မေးလိုက်တယ်။
“သူကပိုင်… ပိုင်… လို့ခေါ်တယ်ထင်တာပဲ”ပိုင်ပြီးတော့ တစ်ခုခုပဲ။
“ငါ မမှတ်မိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူကဖြူစွတ်ပြီး ချိုအရှည်ကြီးရှိတယ်၊ အရသာရှိမဲ့ပုံမျိုး”
“အော်”
“ပြီးတော့ ညွှန်ကြားရေးမှူးက သူ့ကိုဝိညာဉ်သခင်လို့ခေါ်တယ်”
“ဝိညာဉ်… သခင်လား” ကူယွဲ့ တစ်ခဏတန့်သွားတယ်။ ရုတ်တရက် အတွေးတစ်ခု ပေါ်သွားပြီး ဓားပေါ်ကနေတောင် ပြုတ်ကျလုနီးပါး ဖြစ်သွားလေရဲ့။
“ကောင်းကင်သားရဲပိုင်ဇယ်”
ဟိုလီရှစ်။ မဖြစ်နိုင်တာ၊ ဒါ စောလွန်းအားကြီးနေတယ်။
——————
ရိမိသားစု၊ အနန္တသားရဲတောင်ထွတ်။
“ဝိညာဉ်သခင်” ရိဖုန်း ခေါင်းငုံ့ပြီး သူ့ရှေ့ကလူကို နှုတ်ဆက်လိုက်တယ်။
“ကျွန်တော့်ကို ဘာကြောင့်များဆင့်ခေါ်လဲဆိုတာ သိခွင့်ရှိမလား”
“ဝူတိဂိုဏ်းက ဘယ်မှာလဲ” ရိဖုန်း ပြန်မမတ်နိုင်ခင် ရင်းနှီးနေတဲ့ အေးစက်စက်အသံက မေးလာခဲ့တယ်။
“ဝူတိဂိုဏ်းလား” သူ့မေးခွန်းကြောင့် အံ့ဩသွားပြီး ရိဖုန်း တစ်ခဏရပ်သွားတယ်။
“မိစ္ဆာဘုံထဲမှာလို့… ကြားဖူးပါတယ်”
“လမ်းပြ”
“ဟင် ဟမ်” ဘယ်ကိုလမ်းပြရမှာလဲ။
“သူက ငါ့ကို လာလည်ဖို့ဖိတ်ထားတယ်” ပိုင်ဇယ်က တည်ငြိမ်စွာ ပြန်ဖြေလာတယ်။
ရိဖုန်း ပါးစပ်တွန့်သွားခဲ့တယ်။ သူ့နားတောင်သူ မယုံနိုင်တော့ဘူး။
“ဝိညာဉ်သခင်… သူတို့ပြန်သွားခါစ မဟုတ်ဘူးလား”
သူတို့ ပြန်သွားတာ တစ်နာရီပဲရှိသေးတယ်။ ဖိတ်ထားတယ်ဆိုရင်တောင် ဒါက စောလွန်းရာ မကျဘူးလား
“ငါတို့ ငါးမိနစ်အတွင်းထွက်မယ်” ပြန်ဖြေဖို့ ဂရုမစိုက်ဘဲ ပိုင်ဇယ်က ပြန်လှည့်ပြီး ဂူဆီ ပြန်သွားခဲ့တယ်။
“…”
သူ ခုလေးတင် ဘာကြားလိုက်တာလဲ။ ဝိညာဉ်သခင်က တကယ်ပဲ ကြောက်စရာဂိုဏ်းချုပ်ရှန်းဆီ သွားလည်ချင်တယ်ပေါ့။ သူမ သားရဲတွေကို အနိုင်ယူသွားတဲ့ပုံကြောင့် စိတ်ရှုပ်ပြီး ဂုဏ်ပြန်ထိန်းချင်လို့လား။
ဟုတ်တယ်၊ အဲလိုပဲဖြစ်နိုင်တယ်။ ဝိညာဉ်သားရဲတွေက အထောင်လွှားဆုံးမျိုးစိတ်တွေပဲ။
ဟေး၊ ခဏနေပါဦး။
“ဝိညာဉ်သခင်၊ ဘာလို့ မဟူရာဝိညာဉ်ပွင့်ကို သယ်နေရတာလဲ၊ ဝိညာဉ်သခင်ပဲ ကောင်းကင်မျိုးနွယ်ရဲ့ ဒီမြင့်မြတ်တဲ့ ရှေးပစ္စည်းကို ဘယ်သူမှထိခွင့်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား”
“ဒါလက်ဆောင်ပဲ” သေချာပေါက် ပထမဆုံးသွားလည်ချိန် လက်ဆောင်ယူသွားပေးရမှာပေါ့။
“…”
ငါ့ကို နောက်နေတာပဲဖြစ်ရမယ်
————
ရှန်းရင်နဲ့ ကူယွဲ့တြို မရပ်မနားခရီးသွားမှ ငါးရက်အကြာမှာ ဝူတိဂိုဏ်းဆီ ရောက်လာခဲ့တယ်။ နန်းတော်ဆီရောက်တာနဲ့ ရှန်းရင် လုံးဝပင်ပန်းသွားပြီး ထိုင်ခုံပေါ် ပစ်ထိုင်ချလိုက်တယ်။
သူမ ရိမိသားစုမှာ နှစ်ရက်ပဲနေခဲ့ပြီး လဝက်လောက်က လမ်းပေါ်မှာပဲနေခဲ့ရတာ။
ရှန်းရင် ရုတ်တရက် ဒီလောက ကလူတိုင်း ဘာဘို့ပျံနိုင်လဲ နားလည်သွားပြီ။ ဒီလောကကြီးက တကယ့်ကို တော်တော်ကြီးလွန်းလို့ပဲ။ ဒီခရီးတစ်ခေါက်နဲ့တင် သူမအားကစား လေ့ကျင့်ခဲ့တဲ့ နှစ်တချို့ကို သုံးလိုက်ရတယ်။ ပြီးတော့ အဓိက ပြဿနာက… သူ ထမင်းကောင်းကောင်းမစားရတာပဲ။
“ဂိုဏ်းချုပ်၊ အကြီးအကဲကူယွဲ့” ရှန်းရင်က ဖေဖေနျိုကို မြို့ကစားသောက်ဆိုင်ဆီ လိုက်ပို့အောင် နည်းစဉ်းစားနေတုန်းရှိသေး ယွီဟုန်က ကတ်အနီလေးတစ်ခုကို ကိုင်ပြီး အထဲဝင်လာတယ်။ ထူးဆန်းနေတဲ့အကြည့်နဲ့ သူမက ပြောတယ်။
“ဒါက… ရိမိသားစုရဲ့ အလည်အပတ်ကတ်ပါ”
အလည်အပတ်ကတ်လား။
“အလည်အပတ်ကတ်က မြန်လိုက်တာ၊ သူတို့တကယ် အလျင်လိုနေတာပဲ”
ကူယွဲ့ နည်းနည်း မှင်တက်သွားတယ်။ သူတို့ခုမှ ဂိုဏ်းပြန်ရောက်ကာစရှိသေး။ ရိုးရိုး အပြန်အလှန် လာလည်တာလို့ပဲ တွေးမိပြီး သူက ကတ်ယူလိုက်ပေမဲ့ မဖတ်ဖြစ်ဘဲ စောနက သူပြီးဆုံးထားတဲ့ သဘောတူညီချက်ကိုပဲ စိတ်ကစိုးမိုးနေတယ်။ သူ ညွှန်ကြားလိုက်တယ်။
“ပြန်စာရေးလိုက်၊ ငါတို့ဝူတိဂိုဏ်းက သူတို့ကို ကြိုဆိုဖို့အမြဲအဆင်သင့်ပါလို့”
“မဟုတ်… မဟုတ်ပါဘူး” မျက်နှာပေါ် ထူးဆန်းတဲ့အမူအရာနဲ့ ယွီဟုန်က ရှင်းပြလာတယ်။
“ဒီကတ်က မှော်အတတ်နဲ့ပို့တာမဟုတ်ပါဘူး”
“ရိမိသားစုက လူကိုယ်တိုင် ဒီကိုသတင်းစကားနဲ့ရောက်လာတယ်ဆိုလိုတာလား” ကူယွဲ့ အံ့ဩသွားတယ်။ ဒါက စိတ်ရင်းဖြစ်ကြောင်း အတော်လေးဖော်ပြမှုပဲ။
“သူတို့တွေက တကယ်ပျူငှာတာပဲ၊ ဒီလိုဆိုလည်း သူတို့ကိုရက်တစ်ရက်ရွေးဖို့ပြောလိုက်၊ ငါတို့ သူတို့ကိုကြိုဖို့ ပျော်ရွှင်ပါတယ်လို့”
“မဟုတ်ပါဘူး…” ယွီဟုန့်နှုတ်ခမ်းတွေတွန့်သွားတယ်။
“ရိမိသားစု မျိုးနွယ်စုခေါင်းဆောင်က… ဒီကိုရောက်နေပါပြီ”
“သူတို့ လာနေပြီလား” ကူယွဲ့ပိုတောင်အံ့ဩသွားတယ်။
“ဒီလောက်အလျင်လိုစရာလိုလို့လား၊ ဒီလိုဆို သူတို့ရောက်လာချိန် ဝင်လာခိုင်းဖို့ ယုန်ဘုရင်ကို အသိပေးလိုက်”
“မဟုတ်ပါဘူး၊ အကြီးအကဲကူယွဲ့” ယွီဟုန် အမြန်ရှေ့တက်လာပြီး အပြင်ကိုလက်ညှိုးထိုးပြတယ်။
“ဆိုလိုတာက သူတို့… တောင်ခြေကိုတောင် ရောက်နေပါပြီ”
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
ချီး ဘာလဲဟ
(*Φ皿Φ*)
စွပ်စွဲတဲ့မျက်လုံးနှစ်စုံက တစ်ယောက်သောလူပေါ် ချက်ချင်းရောက်သွားလေတယ်…။
“မင်းတို့ ငါ့ကိုဘာကြည့်နေတာလဲ”
ကူယွဲ့ ဒေါသတကြီး ပြန်ကြည့်ပေးလိုက်တယ်။
“ဒါတရားဝင်စီးပွားရေးသဘောတူညီချက်ပဲ၊ ငါ သူတို့ကို ကလိမ်မကျခဲ့ပါဘူး”
“အော်…”
“အော်…”
ငါ့ခြေထောက်ကိုအော် အဲစွပ်စွဲနေတဲ့ အကြည့်တွေ တော်လိုက်ကြတော့
…