အခန်း ၉၉ ။ သခင်နဲ့အစေခံကြားက စာချုပ်
ရှန်းရင်မျက်လုံးတွေ တောက်ပသွားပါလေရော။ သူမက ကမ်းခြေဆီ လျှောက်လာပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ဝက်စာရှည်တဲ့ ငါးအမြီးကို ကောက်ယူလိုက်တယ်။ အကျင့်အတိုင်း သူမ လှည့်မေးမိလိုက်တယ်။
“ညွှန်ကြားရေးမှူး၊ နင်သိ… ဘာမှမဟုတ်တော့ဘူး” သူမ ပြန်မျိုချလိုက်တော့တယ်။
“ငါ ပင်လယ်စာအစိမ်းအတိုင်း စားနိုင်ပါတယ်”
သူမ ရိဖုန်းဆီက ယူထားတဲ့ဓားကိုမြှောက်ပြီး ငါးအမြီးကို ဆာရှိမိအဖြစ် အလွှာလွှာပိုင်းတော့တယ်။
ရိဖုန်း မျက်လုံးတွေပြူးနေပြီကို အဲအချိန်မှာ ပိုတောင်ပြူးသွားပါလေရော။ သူမ ဘာလုပ်နေတာလဲ။ တကယ်ပဲစားတော့မို့လား။
ငါလခွမ်းဟေ့
သူ တကယ်စားတော့မှာပဲ
“လာလေ၊ ငါနဲ့အတူလာစား” ရှန်းရင်က သူ့ကို လက်ယမ်းပြလာတယ်။
“…” မင်းနဲ့အတူ မစားပါဘူး အဲတော့ မင်းစောနက သူတို့က စားလို့ရလားလို့မေးတာက တကယ်ကြီး သားရဲတွေကို စားဖို့ တွေးနေတာပေါ့။
ခဏနပေါဦး
ဝိညာဉ်သခင်၊ ခင်ဗျားကရော ဘာလုပ်နေတာလဲ။ အဲပန်းကန်ပြားက ဘယ်ကရောက်လာတာလဲ။
ဘာလို့ သူ့အတွက် အသားလွှာတွေ ခင်းပေးနေတာလဲ။ ကိုယ်တိုင် သားရဲဆိုတာ မမေ့နဲ့ဦးနော်။
Σ(°△°|||)
ရိဖုန်း ခက်ခက်ခဲခဲ တည်ငြိမ်လာပြီးမှ ပြန်ပြီး ကယောင်ကတမ်းဖြစ်သွားလေတယ်။
စောနကဖြစ်ခဲ့သမျှက အိပ်မက်ပဲ။ ဟုတ်တယ် ဒါအိပ်မက်ပဲဖြစ်ရမယ် ဘယ်ကျင့်ကြံသူမှ ဝိညာဉ်သားရဲတွေကို စားစရာအဖြစ် မသတ်မှတ်ဘူး။ သတ်မှတ်ရင်တောင် သူတို့ကိုရှာဖို့ ပုံရိပ်ယောင်ပင်လယ်ထိ လာကြမှာမဟုတ်ဘူး
“ကျေးဇူးပဲ အမွေးလုံး” ရှန်းရင်က သူမအတွက် အသားလွှာတွေ ခင်းပေးပြီး ပိုပြီးစားသောက်ချင်စိတ်ဖြစ်အောင် တစီတရီလုပ်ပေးနေတဲ့ ရှေ့က လူကို ပုတ်လိုက်တယ်။
ပိုင်ဇယ် တန့်သွားတယ်။ အကျင့်အတိုင်း သူမကို ကျောပေးလိုက်ပေမဲ့ လက်ကို ဖယ်တော့မထုတ်ဘူး။ သူ ခေါင်းငုံ့ပြီး မျက်နှာပေါ်က နီစွေးမှုက နားထင်ထိ ပျံ့လာတယ်။
ရှန်းရင် ဗိုက်ပြည့်သွားပြီ။ သူမ လှည့်ပြီး ကမ်းခြေပေါ်က ပင်လယ်စာကို ဝေ့ဝဲကြည့်လိုက်တယ်။
“ဒါတွေအကုန်လုံးကို ဒီမှာထားခဲ့ရတာ နှမြောစရာပဲ၊ ညွှန်ကြားရေးမှူး နင့်မှာ ပစ္စည်းတွေအများကြီးကို သိုလှောင်ထားနိုင်ပြီး အစားအသောက်တွေကို လတ်ဆတ်အောင် ထားနိုင်တဲ့ အဲဒီအိတ်တွေရှိလား”
ရိဖုန်းက သူမကို အူကြောင်ကြောင် ပြန်ကြည့်မိလိုက်တယ်။ သူ စဉ်းစားဖို့ သူ့ကိုယ်သူ အတင်း ဖိအားပေးလိုက်တယ်။ ဘာအိတ်ပါလိမ့်။ သိုလှောင်အိတ်လား။
မင်း သားရဲကိုတင် စားတာမဟုတ်ဘူး – နောက်ပိုင်းအတွက်ပါ အသားကိုသိမ်းထားချင်တာလား။
ლ(゚Д゚ლ)
“ပင်လယ်စာတွေ အများကြီးပဲ၊ စားဖိုမှူး ငါ့အတွက် ချက်ပေးလို့ရအောင် တချို့တလေ ပြန်ယူသွားလို့ရရင် ကောင်းမှာပဲ” သူမဘာသာ တတွတ်တွတ် ရေရွတ်နေလေရဲ့။
သူမ စကားပြောပြီးပြီးချင်း အပြာရောင်အိတ်တစ်အိတ်က သူမမျက်စိရှေ့ပေါ်လာတယ်။
ရှန်းရင်မျက်လုံးတွေ တစ်ဖန်တောက်ပသွားခဲ့တယ်။ သူမ အိတ်ကိုဆုပ်ယူပြီး ခေါင်းငုံ့နေတဲ့လူကို မျက်နှာချင်းဆိုင်လိုက်တယ်။
“ကျေးဇူးပါ အမွေးလုံး”
သူမ ပင်လယ်စာဆီ လျှောက်သွားပြီး အသားကို လက်နဲ့အပြည့် ဆုပ်ယူကာ အိတ်ထဲ ထိုးထည့်တော့တယ်။ ကောင်းလိုက်တာ။
ပိုင်ဇယ်ကတော့ ခေါင်းငုံ့ရင်း ငြိမ်ငြိမ်လေးရပ်နေဆဲ။
တစ်အောင့်နေတော့ ခပ်တိုးတိုးအသံတစ်သံက သူမဆီ လွင့်မျောလာတယ်။
“မလို… ပါဘူး”
ရှန်းရင်ကတော့ သိုလှောင်အိတ်က လောကကြီးရဲ့ အကောင်းဆုံးတီထွင်မှုလို့ထင်တာပဲ။ နေရာအများကြီးရှိပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် သိမ်းထားနိုင်တယ်။ သူမ ထည့်သမျှအရာတိုင်းကလည်း ထုတ်ယူချိန်ကျ နဂိုအတိုင်းပဲရှိနေဦးမှာ။ မိသားစုခရီးတွေအတွက် ရှိကိုရှိရမဲ့အရာပဲ။ သူမ ပင်လယ်စာတွေကို အကြိမ်ရေရာချီ လက်နဲ့အပြည့် ထိုးထည့်ပြီးမှ ပြည့်မှာကိုး။ သူမ အိတ်ကို စိတ်ကျေနပ်စွာပုတ်ပြီး ပြန်လှည့်လာခဲ့တယ်။ သူမ စိတ်ထဲကနေလည်း ဖေဖေနျိုဆီကနေ ဒီလိုအိတ်တောင်းဖို့ မှတ်ထားလိုက်တယ်။
သူမ ပင်လယ်စာ ထုတ်ပိုးပြီးချိန်မှာတော့ ရိဖုန်းက ကျောက်တုံးတစ်တုံးပေါ် ထိုင်နေပြီး ကြောင်တောင်တောင် ငေးကြည့်နေတာ တစ်နာရီကျော်သွားပြီ။ သူက သူမကို လှမ်းကြည့်ပြီး အလိုလို နောက်တစ်လှမ်းဆုတ်မိလိုက်တယ်။
“ဂိုဏ်း… ဂိုဏ်းချုပ်ရှန်း”
သူ ရုတ်တရက် ရွှမ်းယွမ်မိသားစုနဲ့ ယင်းမိသားစု သူမကိုမြင်ချိန် ခံစားရတဲ့ အကြောက်တရားကို နားလည်သွားပြီ။ အခု သူ့ခြေထောက်တွေလည်း ပျော့ခွေသွားတယ်။ အဲအကွက်က… ကြောက်ဖို့ကောင်းလွန်းတယ်
“ညွှန်ကြားရေးမှူး၊ နင့်ဓားအတွက် ကျေးဇူးပဲ” ရှန်းရင် သူမလက်ထဲကဓားကို ရိဖုန်းဆီ ပြန်ပေးလိုက်တယ်။
ရိဖုန်းနှလုံးသားက တဒုန်းဒုန်းခုန်နေဆဲ။
“ရ… ရပါတယ်” ဓားက ရုတ်တရက် အရမ်းလေးသွားသလိုပဲ။ သူ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်သာ မဟုတ်ရင် လွှင့်ပစ်ပြီးလောက်ပြီ။
“ငါတို့ ဘယ်ဆက်သွားသင့်လဲ” ရှန်းရင်မေးလိုက်တယ်။
ရိဖုန်း တန့်သွားရှာတယ်။
“နောက်ကျနေပြီဆိုတော့ ပြန်… ကြမလား”
ရှန်းရင် ခေါင်းလေးစောင်းလိုက်တယ်။ သူမတော့ အစားအသောက် လုံလောက်သွားပါပြီ။
“ဒါပေမဲ့ နင် အိမ်မွေးတိရစ္ဆာန် ရှာမတွေ့သေးဘူးလေ”
အိမ်မွေး… တိရစ္ဆာန်လား။
“ဂိုဏ်း… ဂိုဏ်းချုပ်ရှန်း၊ စဉ်းစားပေးတဲ့အတွက် ကျေးဇူးပါ၊ ကျွန်တော် အလျင်မလိုပါဘူး”
သူမက ဓားတစ်ချက်ဝှေ့ရုံနဲ့တင် သောင်းနဲ့ချီတဲ့ ရေသားရဲတွေကို သတ်လိုက်တာ။ ဒီလိုသာ ဆက်သွားရင် ပုံရိပ်ယောင်ပင်လယ်မှာ သားရဲကျန်တော့မှာမဟုတ်ဘူး။
“အင်း…” ရှန်းရင် တိတ်သွားတယ်။ သူမ အားနာသွားတယ်။ ရုတ်တရက် သူမ အကြံကောင်းတစ်ခုခုကို တွေးမိသလိုမျိုး မျက်လုံးတွေပြူးကုန်တယ်။
“ခဏစောင့်”
သူမ လှည့်ထွက်ပြီး တောအုပ်ထဲ ပြေးသွားခဲ့တယ်။ တစ်ခဏနေတော့ တောအုပ်ထဲကနေ ခုတ်ထွင်သံတွေ ကြားလိုက်ရတယ်။ သစ်ပင်တွေက အပြင်ဘက်ကို ကိုင်းသွားပြီး ရှန်းရင်ထွက်ဖို့ လမ်းတစ်လမ်း ပွင့်လာတယ်။ လက်ထဲမှာလည်း တစ်ခုခုကိုင်ထားလေရဲ့။
သူမက ခါယမ်းပြီး ရိဖုန်းရှေ့ သန်မာတဲ့ အမည်းရောင်သားရဲတစ်ကောင်ကို ပစ်ပေးလာတယ်။
“ဒါအဆင်ပြေလား” သူမက တလေးတနက်မေးလာပါလေရော။
“မြွေနဂါး… မြွေနဂါးမိစ္ဆာ” ရိဖုန်းက လူးလွန့်နေတဲ့ မြွေနဂါးကိုကြည့်ပြီး မျက်နှာရှုံ့မဲ့သွားလေတယ်။
“ဂိုဏ်း… ဂိုဏ်းချုပ်ရှန်း၊ ကျောင်းလုံက မသေမျိုးသားရဲတွေနဲ့ ယှဉ်လို့ရနိုင်ပေမဲ့… သူတို့က မိစ္ဆာတွေပါ၊ ကျွန်တော်က အမတတာအိုလမ်းစဉ်ကို ကျင့်ကြံနေတာ၊ မိစ္ဆာသားရဲတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးစားဖို့ မသင့်တော်ပါဘူး”
“အော်…” ရှန်းရင် ခေါင်းညိတ်ပြပြီး မိစ္ဆာမြွေနဂါးကို ကြည့်လိုက်တယ်။
“အဲတော့မိစ္ဆာသားရဲတွေက အသုံးမဝင်ဘူးပေါ့” အိမ်မွေးတိရစ္ဆာန်အနေနဲ့တောင် မွေးစားလို့ မရဘူးပေါ့လေ။
အုပ်စု ။ ။ “…”
“ထားလိုက်တော့၊ စားကြရအောင်”
“အာ…”
“ဟင့်အင်း ကြီးမြတ်တဲ့နတ်ဒေဝါ” သေချင်ယောင်ဆောင်နေတဲ့ မြွေနဂါးက ရုတ်တရက် ထခုန်လာပြီး အမြီးကျုံ့သွားလေတယ်။ မျက်ရည်တွေပါ စီးကျလာပါလေရော။
“ကျွန်… ကျွန်တော်က မိစ္ဆာအပြည့်မဖြစ်သေးပါဘူး၊ ညာဘက်မျက်လုံးကို ကြည့်လိုက်ပါ၊ တစ်ဝက်က မည်းနေသေးတယ်”
ရှန်းရင်ကို သူက ညာဘက်မျက်လုံး ပြလာတယ်။ တကယ်ပဲ တစ်ဝက်က နီပြီး တစ်ဝက်ကမည်းနေတုန်း။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ မိစ္ဆာဖြစ်အောင် ဆက် မလေ့ကျင့်တော့ပါဘူး… ဘယ်တော့မှပါပဲ”
သူက ခေါင်းကိုအသည်းအသန်ယမ်းပြီး မျည်ရည်တွေ ဆက်စီးကျလာတော့တယ်။ ရှန်းရင်ဆီက တုံ့ပြန်မှုမရတော့ မိစ္ဆာမြွေနဂါးက ရိဖုန်းဘက် လှည့်ပြီး အသနားခံလေရဲ့။
“ကျွန်တော် မကောင်းတာ ထပ်မလုပ်တော့ပါဘူး၊ ကျွန်တော် ခင်ဗျားရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်လာအောင်… ခင်ဗျားနဲ့ သခင်-အစေခံ စာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိပါတယ် တာအိုရောင်းရင်း၊ ကျွန်တော် အရမ်းအရမ်းလိမ္မာတဲ့ အိမ်မွေးတိရစ္ဆာန်လုပ်ပါ့မယ်”
ရိဖုန်း ။ ။ “…” ငါက ဝိညာဉ်သားရဲလိုချင်တာလေ၊ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘူး။
“မင်းမိစ္ဆာအရိုးတွေကို ဖယ်ရှားပြီး မင်းမိစ္ဆာချီတွေ အားလုံးကို ပပျောက်အောင်လုပ်ဖို့ ဆန္ဒရှိလား”
ပိုင်ဇယ်က ရုတ်တရက် ခပ်တိုးတိုး မေးလာတယ်။
“ရှိပါတယ် ရှိပါတယ်” မြွေနဂါးက ခေါင်းညိတ်ပြတော့တယ်။ အစားမှမခံချင်တာ။ လူသားကျင့်ကြံသူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ထျန်းလန်လောကဆီ သွားပြီး လူတွေကို ထပ်မစားရဲတော့ဘူး။
“ကောင်းပြီ” ပိုင်ဇယ်က ငုံ့ကြည့်ပြီး မြွေနဂါးခေါင်းကို ရိုက်လိုက်တယ်။ သူ့လက်ဖဝါးကနေ အနီ၊ အဖြူအလင်းတန်းတွေ ထွက်လာပြီး မြွေနဂါးနှလုံးထဲ ဝင်သွားခဲ့တယ်။
မိစ္ဆာမြွေနဂါးက စူးစူးဝါးဝါးအော်ဟစ်ပြီး သဲပြင်ပေါ်မှာ လူးလွန့်နေတယ်။ သူ့ခန္ဓာကိုယ်ကို ပတ်နေတဲ့အမည်းရောင်ချီက ပျောက်ကွယ်သွားပြီး အရေပြားကွဲသွားကာအလွှားလွှား ကွာကျတော့ အောက်က သွေးတွေပေါ်လာတာ အရေခွံလဲနေတဲ့အတိုင်းပဲ။ သိသိသာသာ အရွယ်အစား လျော့ကျသွားပေမဲ့ ပေါ်နေတဲ့ အရေပြားမှာ အရေခွံအသစ် ထွက်လာပြီး အစိမ်းရောင်ကြေးခွံတွေ တစ်ကိုယ်လုံးအနှံ့ ပေါ်လာတယ်။
နှစ်မိနစ်အတွင်း မြွေနဂါးက သူ့မိစ္ဆာအရိုးအားလုံးကို ဖယ်ရှားပစ်ပြီး အစိမ်းရောင်မြွေနဂါးလေး ဖြစ်သွားပြီ။ ခေါင်းပေါ် အမည်းရောင်ချိုလည်းမရှိတော့သလို ကျင့်ကြံဆင့်ကလည်း ထက်ဝက် လျော့သွားတော့ စောနက တိမ်တိုက်သယ်ပိုးသားရဲလိုမျိုးပဲ တေရသမအဆင့် သားရဲဖြစ်သွားတယ်။ (တေရသ= ၁၃)
“စာချုပ်ချုပ်တော့” ပိုင်ဇယ်က ညွှန်ကြားလာတယ်။
“ဟမ်” ရိဖုန်းက အူကြောင်ကြောင်ဖြစ်နေတယ်။
“အော်”
သူက အမြန် စာချုပ်စည်းတံဆိပ် ပုံဖော်ပြီး အသက်ရှူအောင့်ကာ ဂါထာအရှည်ကြီး ရွတ်လိုက်တယ်။ ရွှေရောင်စာချုပ်အင်းကွက်က အစိမ်းရောင်မြွေနဂါးရဲ့ ကိုယ်ပေါ်မှာ ပေါ်လာပြီး ရွှေရောင်အလင်းတန်းက မြွေနဂါးကိုယ်တစ်လျှောက် ဖြတ်သန်းသွားတယ်။ မြွေနဂါးတစ်ကောင် မလှုပ်မယှက်နေရပြီး မငြင်းဆန်ရဲဘူး။
ရွှေရောင်အလင်းတန်းက မြွေနဂါးကိုယ်ကို လုံးဝဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားတာ နဖူးပေါ်မှာ ရွှေရောင်စာချုပ်အမှတ်အသားပဲကျန်ခဲ့တယ်။
စာချုပ် အသက်ဝင်သွားပြီ။
လုပ်ငန်းစဉ်တစ်ခုလုံးက ရိဖုန်းအတွက် ဆယ်မိနစ်တောင် မကြာလိုက်ဘူး။ ဒါ ရိဖုန်းကြုံဖူးတဲ့ အမြန်ဆုံး၊ အချောမွေ့ဆုံး၊ အရိုးရှင်းဆုံး စာချုပ်အစီအရင်လုပ်ငန်းစဉ်ပဲ။ ပိုတောင်အံ့ဩဖို့ကောင်းတာက သု တေရသမအဆင့်သားရဲဝိညာဉ်နဲ့ စာချုပ်ချုပ်ခဲ့ရတာ။ အနာဂတ်ဆို နဂါးအဖြစ်အသွင်ပြောင်းလဲထို့ ဖြစ်နိုင်ခြေရှိတဲ့ သားရဲဝိညာဉ်လေ။ ပြီးတော့ စာချုပ်က… သခင် – အစေခံဟာ။
အလိုလို သူ့နဖူးနွေးသွားသလိုပဲ။ သခင်-အစေခံစာချုပ် ။ ။ တကယ်လို့သခင်သေရင် အစေခံက လိုက်သေရတယ်။ သခင်ရဲ့ဒဏ်ရာတွေကို အစေခံက ခံရတယ်။ ဒါက မြွေနဂါးစိမ်းလို အဆင့်မြင့်သားရဲတွေ မပြောနဲ့ အဆင့်နိမ့်သားရဲဝိညာဉ်တွေတောင် မလုပ်ချင်တဲ့ ဖျက်ဆီးရေးစာချုပ်မျိုးပဲ။
ရိဖုန်းက ကျောင်းလုံနဲ့ ဝိညာဉ်စာချုပ်ချုပ်ခဲ့ရတာတဲ့လေ။
(⊙_⊙)
သူ… အိပ်မက်မက်နေတာလား။
…