အခန်း ၉၈ ။ မဟာမိတ်အတွက်
ရိဖုန်း ရှန်းရင်ကို မေးမလို့ပဲရှိသေး ရုတ်တရက် ကောင်းကင်မှာ တောက်ပစူးရှတဲ့အလင်းရောင်ကြီး ပေါ်လာတယ်။ ပိုင်ဇယ့်ကိုယ်ကနေ မျက်စိကျိန်းစရာ အလင်းတွေ ထွက်လာတာက ပူပြင်းနေတဲ့နေမင်းကြီးရဲ့ အလင်းတန်းတွေလို ပတ်ဝန်းကျင်က အမှောင်ထုကို ချက်ချင်း လွင့်ပျောက်သွားစေခဲ့တယ်။ ရိဖုန်း သု့ကိုဖိနေတဲ့ အရှိန်အဝါက ပျောက်ကွယ်သွားလို့ ရင်ထဲ သက်သာသွားခဲ့တယ်။
ပိုင်ဇယ့်ခန္ဓာကိုယ်က အလင်းရောင်က တဖြည်းဖြည်း လင်းလာပြီး ရုတ်တရက် မှင်တက်စရာပြောင်းလဲမှုကြုံရတော့တယ်။ နှင်းလိုဖြူစွတ်တဲ့ ဝတ်ရုံခြုံထားတဲ့ သူ့ကိုယ်က သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ အမွေးတွေက အသန့်စင်ဆုံးဖြူဖွေးနေပြီး ခေါင်းမှာတော့ တောက်ပနေတဲ့ချိုတစ်ချောင်းနဲ့။ ခြေထောက်တွေကိုရှေ့ဘက်ကွေးပြီး ကောင်းကင်ပေါ်က အမည်းရောင်မြွေနဂါးဆီ တန်းခုန်သွားတော့တယ်။
“အော်၊ အဲဒီအမွေးဖြူလုံးကို” ရှန်းရ်ုက အံ့ဩတကြီးပြောပြီး ကောင်းကင်ပေါ်က မဟာသားရဲဖြူကို ငေးကြည့်နေမိတယ်။
“…” ရိဖုန်းပါးစပ်တွန့်သွားတယ်။ သောက်ကျိုးနည်း ဘာအမွေးလုံးလဲ။ ကိစ္စကို ထပ်ဖုံးကွယ်လို့မ ရတော့တာ မြင်တော့ သူရှင်းပြလိုက်ရတော့တယ်။
“ဒီကောင်းကင်သားရဲက ဝိညာဉ်သခင်ပိုင်ဇယ်ပါ၊ သူက ကျွန်တော်တို့ရိမိသားစုရဲ့ အနန္တသားရဲတောင်ထွတ်မှာ နှစ်ပေါင်းတစ်သောင်းလောက်နေပြီး ပုံရိပ်ယောင်ပင်လယ်ကနေ ထျန်းလန်လောကသုံးခွင်ဆီ ကျူးကျော်လာမှာကို ကာကွယ်နေတာပါ”
“အော်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ အပြစ်ကင်းတဲ့အကြည့်နဲ့ သူမက မေးတော့တာပေါ့။
“တခြားဟာတွေရှိသေးလား”
“ဟမ် ဟမ်” ရိဖုန်း အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘာတခြားဟာလဲ။
“ဟမ်… စားဖို့အတွက် သင့်တော်တဲ့ တခြားဟာတွေလေ”
ရိဖုန်း ။ ။ “…”
သူမ ဆိုလိုတာက သားရဲထိန်းချုပ်ဖို့အတွက် သင့်တော်တာကိုပြောတာမလား။ ဟုတ်ပါတယ်၊ သူမ ဆိုလိုတာ အဲဒါသေချာတယ်။
ရိဖုန်းက သူမကို ရင်းနှီးစွာ သတိပေးလိုက်တယ်။
“ကောင်းကင်သားရဲတွေကို လူတွေ အလွယ်တကူထိန်းချုပ်လို့မရပါဘူး”
“ငါဆိုလိုတာမဟုတ်…” သူမ သားရဲတွေကို မထိန်းချုပ်ချင်ပါဘူး။ စားပဲစားချင်တာ။
ရှန်းရင် ဘာဆိုလိုလဲဆိုတာ ရှင်းပြတော့မဲ့ဆဲဆဲ တိုက်ပွဲမှာပိတ်နေတဲ့ သားရဲနဲ့ မြွေနဂါးတို့က နောက်ဆုံးတော့ တိမ်တွေပေါ်ကနေ ဆင်းသက်လာလေတယ်။ ကောင်းကင်ရဲ့ တစ်ဖက်စွန်းဆီမှာ ရပ်ပြီး နှစ်ယောက်သား လူအသွင်ပြန်ပြောင်းကုန်ကြတယ်။ မြွေနဂါးကတော့ တိရစ္ဆာန်ခန္ဓာကိုယ်ရဲ့ အသွင်တွေ ကျန်ရစ်နေဆဲဖြစ်နေရုံ။ သူက အမည်းရောင်ဝတ်ရုံခြုံထားပြီး ခေါင်းပေါ်မှာချိုတစ်ချောင်းနဲ့။ သူ့မျက်နှာက အမည်းရောင်စင်းကြောင်းတွေနဲ့ဖုံးနေပြီး ခန္ဓာကိုယ်ကတော့ ဟိုစေတီမှာတုန်းက လေအိတ်ကိုဖုံးလွှမ်းထားတာနဲ့ဆင်တဲ့ အမည်းရောင်ချီတွေ ထုတ်လွှင့်နေတယ်။
“မိစ္ဆာအငွေ့အသက်ပဲ” ရိဖုန်း အံ့အားသင့်ပြီး ကောင်းကင်က အမည်းရောင်ပုံရိပ်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိတယ်။
“သူက မိစ္ဆာမြွေနဂါးပဲ… သူက ဝိညာဉ်သားရဲမဟုတ်ဘူး၊ မိစ္ဆာသားရဲပဲ”
“မိစ္ဆာသားရဲလား” ရှန်းရင် ဇဝေဇဝါဖြစ်သွားတယ်။ ဒါ မျိုးနွယ်စုလား မဟာမိတ်လားဟေ။
“ပိုင်ဇယ်” သူမ စကားမပြောနိုင်ခင် မြွေနဂါးက ရုတ်တရက် စကားပြောလာပါလေရော။ ပိုင်ဇယ့်ကို ခက်ထန်တဲ့အမူအရာနဲ့လှမ်းကြည့်ပြီး ဟားတိုက်လှောင်တော့တယ်။
“မင်းပုံရိပ်ယောင်ပင်လယ်ထဲ ဝင်လာမယ်လို့ ငါမထင်ခဲ့ဘူး”
ပိုင်ဇယ်မျက်မှောင်ကြုတ်ပြီး မျက်နှာမည်းနက်သွားတယ်။ တစ်ခဏနေတော့ သူတစ်ဖက်လူကို အေးစက်စက် အသိအမှတ်ပြုလိုက်တယ်။
“မိစ္ဆာမြွေနဂါး”
“အဲတော့ မင်းငါ့ကိုမှတ်မိသေးတယ်ပေါ့” မြွေနဂါးမိစ္ဆာက အေးစက်စက်ရယ်ပြီး သူ့မျက်လုံးထဲက သတ်ဖြတ်ချင်စိတ်တွေက ပိုပြင်းထန်လာတယ်။
“ငါတို့ရဲ့ အရင်တွေ့ဆုံမှုတွေမှာ မင်းက ကုန်းပေါ်ရှိနေတော့ ငါမင်းကိုမနိုင်ခဲ့ဘူး၊ အခု ဒီနေရာကို ရောက်လာပြီး မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ၊ ကောင်းပြီလေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက မင်းငါ့ကို ရစေခဲ့တဲ့ဒဏ်ရာတွေအတွက် ပြန်ပေးဆပ်ခိုင်းလို့ရပြီပေါ့”
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး” ပိုင်ဇယ်က အဲအေးစက်စက်အကြည့်နဲ့ပဲ ပြောလိုက်တယ်။
“ကြည့်ကြတာပေါ့” အေးတိအေးစက်နှာမှုတ်ပြီး သူက ရုတ်တရက်လက်ယမ်းလေတယ်။ သူ့ခြေထောက်အောက်က ပင်လယ်ရေတွေက ပူဖောင်းထလာပြီး အမြုပ်တစီစီထလာတော့တယ်။ ရုတ်တရက် ရေထဲကနေ အမည်းရောင်အရာကြီးတွေ ထွက်လာကြတယ်။
သူတို့အခု ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာကတော့ ဒီသတ္တဝါတွေအားလုံးက အဆင့်မြင့် ဝိညာဉ်သားရဲတွေ ဖြစ်ပြီး အားလုံးက ပင်လယ်ပေါ်မှာ မြွေနဂါးနတ်ဆိုးနောက်ကနေ ဝိညာဉ်သားရဲစစ်တပ်ကြီးလို မျောလွင့်နေတာပဲ။
“ပင်လယ်သားရဲတွေပဲ” ပိုင်ဇယ် မျက်မှောင်ကြုတ်လိုက်တယ်။
“သားရဲလှိုင်းပဲ” ရိဖုန်းလည်း ဝိညာဉ်သားရဲတွေနဲ့ပြည့်နေတဲ့ ပင်လယ်တစ်ခုလုံးကိုကြည့်ပြီး ထိတ်လန့်သွားခဲ့တယ်။
သူ မြွေနဂါးမိစ္ဆာက ဒီလိုမျိုးကြီးမားတဲ့သားရဲလှိုင်းစစ်တပ်ကြီးကို ဆင့်ခေါ်မယ်လို့ မမျှော်လင့်မ်ခဲ့ဘူး။ ကျင့်ကြံသူတွေက ပုံမှန်ဆို ကုန်းမြေပေါ်မှာနေတဲ့ ဝိညာဉ်သားရဲတွေနဲ့ စာချုပ်ချုပ်ကြတာ။ ပိုပြီးကန့်သတ်ချက်ရှိတဲ့ ရေသတ္တဝါတွေက စာချုပ်ချုပ်ဖို့အတွက် မသင့်လျော်ဘူးလို့ သတ်မှတ်ထားကြတယ်။ ပြီးတော့ သူတို့က ကုန်းပေါ်မှာဆို တိုက်ခိုက်တာ မတော်ကြဘူး။ ဒါပေမဲ့ ပင်လယ်မှာဆိုရင်တော့ ဇာတ်လမ်းကတစ်မျိုးဖြစ်သွားပြီ။ ပုံရိပ်ယောင်ပင်လယ်က သူတို့ရဲ့သဘာဝစစ်မြေပြင်ပဲ။
“ဟားဟားဟား…” မြွေနဂါးမိစ္ဆာက မော်ကြွားစွာရယ်တော့တယ်။
“ပိုင်ဇယ်၊ တကယ်လို့ မင်းက ကောင်းကင်သားရဲဆိုရင်တောင် ငါ့ရေသတ္တဝါစစ်တပ်ကို မင်းနှိမ်နှင်းဖို့ နည်းမရှိဘူး၊ ပြီးတော့…” သူက တစ်ခဏရပ်သွားပြီး ရှန်းရင်နဲ့ရိဖုန်းကို လှမ်းကြည့်တယ်။
“မင်း အမြဲ လူသားတွေကို ကာကွယ်ပြီး သားရဲမျိုးနွယ်ကို ကုန်းမြေနားကပ်ခွင့်ပေးဖို့ ငြင်းနေခဲ့တာမလား၊ ငါတို့တိုက်ပွဲစချိန် ဒီကျင့်ကြံသူနှစ်ယောက်ကို ကာကွယ်နိုင်သေးမလား သိချင်မိသား”
ပိုင်ဇယ် မျက်မှောင်ကြုတ်လိုက်တယ်။ နောက်တော့ လက်တစ်ဖက်ယမ်းပြီး မိုးကြိုးထောင်ချီ ပင့်ဖိတ်ပြီး သူ့ပြိုင်ဘက်ဆီ ပစ်လွှတ်လိုက်တော့တယ်။
“ဟမ့်” မြွေနဂါးမိစ္ဆာက အေးစက်စက် နှာမှုတ်လေတယ်။ မိစ္ဆာအငွေ့အသက်တွေက ချက်ချင်း သူ့ကိုယ်ထဲကနေ လျှံထွက်လာပြီး မိုးကြိုးတွေကိုတားဆီးပစ်လိုက်လေတယ်။ ရေသတ္တဝါတွေကို ငုံ့ကြည့်ပြီး လက်တစ်ဖက်ယမ်းပြ အမိန့်ပေးလာတယ်။
“သူတို့ကိုသတ်”
ဘွန်း လှိုင်းကြီးတစ်ခု ပင်လယ်ကနေမြင့်တက်လာတာ ကောင်းကင်တစ်ဝက်ထိ ဖုံးလုနီးပါးပဲ။ ရေသတ္တဝါဝိညာဉ်သားရဲတွေလှိုင်းတစ်လှိုင်းပြီး တစ်လှိုင်း နှစ်ယောက်ဆီ တစ်ရှိန်ထိုး ချီတက်လာကြတယ်။
ပိုင်ဇယ့်မျက်နှာ ပြောင်းလဲသွားတော့တယ်။ သူ ထပ်ပြီးမူလနဂိုအသွင်ပြောင်းလိုက်တော့ တောက်ပတဲ့ အဖြူရောင်အလင်းတန်းတွေ ထွက်လာတယ်။ သားရဲလှိုင်းကြီး ရှေ့ချီတက်လာမှာကို ကာကွယ်ဖို့ ထိန်းချုပ်မှုအရှိန်အဝါထုတ်လိုက်ပေမဲ့ အသုံးမဝင်။ မြွေနဂါးရဲ့ မိစ္ဆာအငွေ့အသက် လွှမ်းမိုးမှုအောက်ရောက်နေတဲ့ ဒီရေသတ္တဝါစစ်တပ်က ဘယ်လိုပဲဖြစ်နေပါစေ ရှေ့ကို ဆက်တိုးနေကြတယ်။
“ရှန်းရင်…” ပိုင်ဇယ် သူမဘေးပျံသန်းသွားချင်ပေမဲ့ မြွေနဂါးမိစ္ဆာက သူ့လမ်းကိုပိတ်ဆို့ပြန်တယ်။
ဒီနေ့ကတော့ ကံမကောင်းတဲ့နေ့ပဲ ရိဖုန်းမျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့ဝိညာဉ်ဓားကို အမြန်ဆင့်ခေါ်ကာ လက်ထဲ တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ နောက်တော့ သူတို့ဆီချီတက်လာတဲ့ ဝိညာဉ်သားရဲလှိုင်းတွေကို ရင်ဆိုင်ဖို့ လှည့်လိုက်တော့တယ်။
သားရဲလှိုင်းကြီးက သူတို့ကို ဆေးကြောချသွားတော့မှာ။ သူတို့နားထဲ မြွေနဂါးမိစ္ဆာရဲ့ ယုတ်မာတဲ့ရယ်သံနဲ့ ပြည့်နေတယ်။
“ဟားဟားဟား၊ မင်းတို့ကို အပိုင်းတစ်ထောင် ခုတ်ပစ်…”
“ညွှန်ကြားရေးမှူး၊ ကျေးဇူးပြုပြီး ဓားလေးငှားပါ” မြွေနဂါးမိစ္ဆာ စကားမဆုံးခင် ရှန်းရင်က ရုတ်တရက် ရိဖုန်းလက်ထဲက ဝိညာဉ်ဓားကို လှမ်းယူလေတယ်။
“ဟမ်” ရိဖုန်း မတုံ့ပြန်နိုင်ခင် သူ့လည်ထောင် တင်းမာသွားတာခံစားရပြီး နောက်တော့ခြေထောက်က မြေကြီးကနေ ကြွကာ ရုတ်တရက် ဓားနောက်မှာ ရပ်နေရတယ်။ တစ်ချိန်တည်းမှာပဲ ရှန်းရင်ကတော့ ဓားအရှေ့ဘက်မှာ ရပ်နေတယ်။
“ဂိုဏ်းချုပ်ရှန်း…”
ရိဖုန်း စကားပြောမို့ပဲရှိသေး ရှန်းရင်က အာခေါင်ခြစ်ထအော်တယ်။
“မဟာမိတ်အတွက်”
အဲလိုနဲ့ သူမက ဓားကို အပြင်ဘက် ထိုးသွင်းလိုက်တော့ အလင်းတန်းကြီးတစ်ခုက လျင်မြန်လှတဲ့အရှိန်နဲ့ သားရဲလှိုင်းဆီ ဦးတည်သွားတော့တယ်။ ကောင်းကင်နဲ့မြေကြီးက အလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားသလိုပဲ။ နောက်တော့ နားကွဲမတတ် စူးသံကြီးပေါ်လာတယ်။ ခက်ထန်တဲ့ ဝိညာဉ်သားရဲစစ်တပ်တစ်ခုလုံး သူတို့ခါးတွေမှာ အပြင်းအထန် ဒဏ်ရာရကုန်ပြီး ထက်ဝက်ပိုင်းသွားတဲ့ ရင်ပိုင်းတွေက ပင်လယ်ထဲကို အိုးထဲ ပြုတ်ကျသွားတဲ့ ဖက်ထုတ်တွေလို ပြုတ်ကျကုန်ပြီး ပင်လယ်တစ်ခုလုံးနီရဲသွားစေတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်သွားတော့တယ်။
မျက်စိတစ်မှိတ်အတွင်း သားရဲလှိုင်းကြီးတစ်ခုလုံး အမြစ်ဖြတ်ခံလိုက်ရပြီ။
ရိဖုန်း ။ ။ “…”
မွှနေဂါးမိစ်ဆာ ။ ။ “…”
ပိုင်ဇယ် ။ ။ “…”
ဒါ… ဓားချီလား
သူမရဲ့ နဂိုတည်ငြိမ်မှုနဲ့အတူ ရှန်းရင်က လက်ထဲကဓားကိုလှည့်ပြီး ကောင်းကင်ကမြွေနဂါးကို ညွှန်ပြလိုက်တယ်။ သူ့ကို ခေါင်းမော့ပြီး သူမက မေးလာခဲ့တယ်။
“နင်ဘယ်နှစ်ပိုင်းလို့ပြောလိုက်တာ”
(இдஇ)
မြွေနဂါးမိစ္ဆာ ။ ။ မေမေရေ၊ သားအိမ်ပြန်ချင်တယ်
——————
နှစ်မိနစ်အကြာ…
ပင်လယ်ပြင်ဟာ တိတ်ဆိတ်မှုတို့ကြီးစိုးနေတယ်။
“နေ့လယ်တောင် ရောက်နေပြီ၊ ထမင်းစားဖို့အချိန်တန်ပြီပဲ” ရှန်းရင်က ငိုင်နေဆဲဖြစ်တဲ့ တစ်စုံတစ်ယောက်သောလူကို တံတောင်ဆစ်နဲ့ တွတ်လိုက်တယ်။
“ညွှန်ကြားရေးမှူး၊ နင်တို့ ခရီးတွေမှာ စားစရာ မထောက်ပံ့ဘူးလား”
“ဟမ် ဟမ်” ရိဖုန်းက သူမကို လှည့်ကြည့်လာပေမဲ့ မျက်လုံးတွေက အာရုံမစုစည်းနိုင်သေးရှာ။ သူ့မျက်နှာပေါ်က အကြည့်က : ငါဘယ်သူလဲ၊ ငါဘယ်ရောက်နေတာလဲ။
“ဟိုက်ယား၊ ထားလိုက်တော့” ရှန်းရင် တစ်ပတ်ရိုက်ခံလိုက်ရသလိုပဲ။ သူမကတော့ ဒီခရီးမှာ စားကောင်းသောက်ဖွယ်တွေ စားရမယ်ထင်နေခဲ့တာ။ ကြည့်ရတာ ရိဖုန်းက နာရမှာ ကြိုက်တဲ့ ကောင်လေးရဲ့ အဖေလို မနပ်နောဘူးပဲ။ သူမ သက်ပြင်းချရင်း မျက်ဝန်းတွေက လှိုင်းနဲ့ ဆေးကြောခံလိုက်ရတဲ့ ကမ်းခြေပေါ်က တိရစ္ဆာန်အပိုင်းပိုင်းပေါ် ရောက်သွားခဲ့တယ်။
ရုတ်တရက် သူမခေါင်းထဲ အသံတစ်မျိုး မြည်သွားပါလေရော။
ဟာ။
“ပင်လယ်စာတွေ… အများကြီးပဲ”
…