အခန်း ၉၅ ။ ပုံရိပ်ယောင်ပင်လယ်ဆီသို့
ရိဖုန်းက ရှန်းရင်ကိုခေါ်ပြီး ပုံရိပ်ယောင်ပင်လယ်ဆီ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့တယ်။ သူမ ဘာကြောင့် သူ့ဓားပေါ် ရပ်ချင်ရလဲ မသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဧည့်သည်ဆိုတော့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရတော့တာပေါ့။ သူ ရှန်းရင်ကို ပုံရိပ်ယောင်ပင်လယ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ဒါက ပုံရိပ်ယောင်ပင်လယ်ပါ” သူက အဆုံးမရှိကျယ်ပြန့်တယ်လို့ထင်ရတဲ့ ပင်လယ်တစ်ခုကို လက်ညှိုးထိုးပြတယ်။
“ကျွန်တော်တို့ရိမိသားစုကျေးဇူးကြောင့် ပုံရိပ်ယောင်ပင်လယ်တစ်လျှောက်က ကမ်းခြေမှာ သားရဲတွေသိပ်မများဘူး၊ ချန်းချွင်းကျွန်းကို ရောက်တာနဲ့ သားရဲတွေအများကြီးတွေ့လာရလိမ့်မယ်”
ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ တကယ်ပဲ တစ်ခဏနေတော့ ပုံရိပ်ယောင်ပင်လယ်ထဲမှာ ကျွန်းတွေအများကြီး တွေ့နေရတယ်။ ကျွန်းတွေက သေးပြီး တချို့က မီတာနည်းနည်းပဲရှည်လျားတဲ့ ကျောက်ဆောင်လေးတွေနဲ့ဆင်တယ်။ ရိဖုန်းက ဘယ်ကျွန်းမှာမှ ရပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ တချို့ကို အကျဉ်းချုပ်ရှင်းပြပြီး ဆက်ပျံသန်းလာခဲ့တယ်။ တစ်နာရီနေတော့ အဲလိုကျွန်းတွေက ကျဲလာပေမဲ့ တစ်ခုချင်းစီက သူတို့အရင်မြင်ခဲ့တဲ့ဟာတွေထက် အများကြီးပိုကြီးလာတယ်။
သူပြောသလိုပဲ ကျွန်းပေါ်မှာ ဝိညာဉ်သားရဲတွေ အများကြီး။ တချို့က သုံးကောင်၊ငါးကောင် အုပ်စုလိုက် ခရီးသွားနေကြပြီး တချို့ကတော့ ရာနဲ့ချီ ခရီးသွားနေကြတယ်။ အများစုက ကျွန်းပေ့်မှာဖြစ်ပေမဲ့ တစ်ခါတလေတော့ ရေထဲမှာ သားရဲတစ်ကောင်နှစ်ကောင်ကို သတိထားမိတယ်။ သားရဲအားလုံးက ကြီးတာမို့ အဝေးကနေတောင် လှမ်းသတိထားမိနိုင်တာမျိုးပဲ။
“ကျွန်တော့်ရဲ့ ခြင်္သေ့ဟိန်းဟောက်သားရဲကို အဲကျွန်းမှာ တွေ့ခဲ့တာ” ရိဖုန်းက သူ့ညာဘက်က ကျွန်းကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်တယ်။
“အဲကြောင်လား” ရှန်းရင် သူ့ကိုလှည့်ကြည့်လိုက်တယ်။
ရိဖုန်း တုံ့ဆိုင်းသွားတယ်။ သူမက ခြင်္သေ့ဟိန်းဟောက်သားရဲကို သားရဲလေးအနေနဲ့ သတ်မှတ်နေတာ သဘောပေါက်သွားမှ ရှင်းပြလိုက်တယ်။
“ခြင်္သေ့ဟိန်းဟောက်သားရဲက ဒဿမအဆင့်ဝိညာဉ်သားရဲပါ၊ သန္ဓေပြောင်းနိုင်တယ်၊ ဂိုဏ်းချုပ်ရှန်း ခင်ဗျားဟိုတစ်နေ့က တွေ့ခဲ့ရတဲ့ ပုံစံက သူ့ပုံစံအစစ် မဟုတ်ပါဘူး၊ တကယ်တော့ သူ့ပုံစံ အဆခြောက်ဆယ်ကနေ ကိုးဆယ်လောက်ကြီးပါတယ်”
“အော်” သူမ ခေါင်းညိတ်ပြလိုက်တယ်။
သူ့စာချုပ်သားရဲအကြောင်း တွေးမိတော့ ဝမ်းနည်းမှုတစ်စွန်းတစ်စက ရိဖုန်းကို လွှမ်းခြုံသွားခဲ့တယ်။ ဒါကြောင့်သူ ထပ်ပြီးရှင်းမပြတော့ဘူး။ သူ ကျွန်းကို နောက်ဆုံးတစ်ခေါက်လှမ်းကြည့်ပြီး ဆက်ပျံသန်းလာခဲ့တယ်။ နောက်တစ်နာရီနေတော့ တောအုပ်ထူတဲ့ ကျွန်းတစ်ကျွန်းမှာ ရပ်လိုက်ကြတယ်။
“ဒီကနေ စရှာဖွေကြတာပေါ့” သူ ကျွန်းပေါ်ကိုဆင်းပြီး တောအုပ်ထူကြီးကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒီကျွန်းမှာ ဝိညာဉ်ချီထူတယ်၊ အနည်းဆုံးဒဿမအဆင့်ရှိတဲ့ ဝိညာဉ်သားရဲတွေ ရှာတွေ့နိုင်မှာပါ”
“ကောင်းပြီလေ” ရှန်းရန်အတွက်ကတော့ ဦးစားပေးတာမျိုး မရှိဘူး။
ရိဖုန်း အင်းကွက်အလံတချို့နဲ့ ဓမ္မအဆောင်တွေကို ထုတ်လိုက်တယ်။
“ကျွန်တော်က ရွှေဝိညာဉ်ကြောရှိတာမို့ တခြားဝိညာဉ်ကြောရှိတဲ့ သားရဲတွေနောက်လိုက်မှာ၊ ဂိုဏ်းချုပ်ရှန်းရော တသီးတသန့်ရှာနေတဲ့ သားရဲများရှိလား”
“အင်း” သူမ ခေါင်းညိတ်ပြလိုက်တယ်။
“ဘယ်လိုသားရဲဝိညာဉ်လဲ”
အမွေးလုံးကြီးတစ်ခုက ရှန်းရင်စိတ်ကူးထဲ ပေါ်လာတယ်။
“ငါ ဖြူဖြူနဲ့ကြီးကြီးလိုချင်တာ” အရသာရှိမှာပေါ့။
“အဖြူလား” ရိဖုန်း ဇဝေဇဝါဖြစ်သွားပြီး သူမကို လှမ်းကြည့်မိသွားတယ်။ နောက်တော့မှ သူ သဘောပေါက်သွားတာပေါ့။ ဂိုဏ်းချုပ်ရှန်းက ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးပဲ။ သေချာပေါက် လှပတဲ့ ဝိညာဉ်သားရဲတွေကို ရှာနေတာပေါ့။ ဒါ နားလည်ပေးလို့ရတယ်။
“ကျွန်တော် လိုအပ်တဲ့ အင်းကွက်၊ လက်ဖွဲ့၊ ဓမ္မအသုံးအဆောင်တွေနဲ့ ပစ္စည်းတွေအားလုံး ပြင်ပြီးပြီ၊ ဂိုဏ်းချုပ်ရှန်း ခင်ဗျားနည်းဗျူဟာက ဘာလဲ”
“ဟမ်” သူ ဘာပြောတာလဲ။
“ဒီက ဝိညာဉ်သားရဲတွေက အရမ်းအန္တရာယ်များတယ်၊ ကျွန်တော်တို့ ပြင်ဆင်ထားဖို့လိုတယ်” ရိဖုန်းက သူ့လက်ထဲက ကိရိယာတွေကို မြှောက်ပြီး ဆက်ရှင်းပြတယ်။
“ဒါတွေက ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်၊ ဂိုဏ်းချုပ်ရှန်း အရင်းနှီးဆုံး သားရဲထိန်းချုပ်နည်းဗျူဟာက ဘာများလဲ”
“အမျိုးအစားတွေ… အများကြီးရှိတာလား” ငါ ဒီတိုင်း ကောက်ယူလိုက်ရုံပဲမဟုတ်ဘူးလား။
“သေချာပေါက်ပေါ့” ဒါက ရိဖုန်းရဲ့ ကျွမ်းကျင်မှုပဲ။ သူ့မှတ်ဉာဏ်ထဲက နည်းဗျူဟာတွေကို ရွတ်ပြတော့တယ်။
“သားရဲထိန်းချုပ်မှုအဆင့်တိုင်းက— လိုက်ဖမ်းတာ၊ လေ့လာမှုနဲ့ ရွေ့လျားမှု၊ တိုက်ခိုက်မှု၊ လွှမ်းမိုးမှု၊ စည်းနှောင်မှုနဲ့စာချုပ် — ညီတူညီမျှ အရေးကြီးကြတယ်”
“အာ…” အဲဒါက အဲလောက်တောင်ရှုပ်တာလား။ ယုန်နဲ့တုန်းကဆို အညံ့ခံဖို့ ထုထောင်းလိုက်ရုံပဲ။ မိစ္ဆာတွေက သားရဲတွေနဲ့ တယ်ကွာခြားသကိုး။
“ကျွန်တော့်ဂိုဏ်းထဲက ဝိညာဥ်သားရဲက ဂိုဏ်းချုပ်ရှန်းရဲ့ အရှိန်အဝါကို အရမ်းတုံ့ပြန်ကြတယ်၊ ကျွန်တော်ခန့်မှန်းတာတော့ ခင်ဗျားက လိုက်ဖမ်းတာနဲ့ လေ့လာမှုမှာ ကျွမ်းကျင်တယ်ထင်တယ်”
“အာ… မဟုတ်ပါဘူး”
“ဒါဆို အစီအရင်အင်းကွက်တွေ ချတဲ့နေရာမှာရော”
“ဟင့်အင်း”
“ဝိညာဉ်သားရဲကို လွှမ်းမိုးတာ၊ ဒါမှမဟုတ် စည်းနှောင်တဲ့နေရာမှာ ကျွမ်းကျင်ပါသလား”
“အရင်က တစ်ခါမှမသင်ဖူးဘူး”
“စာချုပ်အဆုံးသတ်တာရော…”
“ဘာအဆုံးသတ်တာ”
ရိဖုန်း ။ ။ “…”
မင်းဘာများသိလဲဟ။ တကယ်ပဲ ဒီကိုကူညီဖို့ ရောက်လာတာဟုတ်ရဲ့လား။
(๑ŐдŐ)b
ရုတ်တရက် ဝိညာဉ်သားရဲတွေကိုဖမ်းဖို့ သူမဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွှတ်မှုရှိမရှိ သံသယဝင်စပြုလာတယ်။
ဝေါ
သူတို့ စကားပြောနေရင်း နောက်ကနေ အသံအကျယ်ကြီးကြားလိုက်ရတယ်။ မိုးခြိန်းသံလိုမျိုးပဲ။ ရိဖုန်း မှင်တက်နေရာကနေ ချက်ချင်း သတိဝင်သွားတယ်။
“ဒါက… တိမ်တိုက်သယ်ပိုးသားရဲအသံနဲ့တူတယ်”
သူ့မျက်လုံးပြူးသွားပြီး မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ သူ အမြန် ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။
“အဲမှာပဲ ရပ်မနေနဲ့ဦး၊ ကျွန်တော်တို့ရပ်နေတဲ့ ဒီမြေကြီးက ဖြစ်နိုင်တာက…”
သူ စကားမဆုံးခင် မြေကြီးက တစ်ကျွန်းလုံးနဲ့အတူ အကြမ်းပတမ်း လှုပ်ခါသွားတယ်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် လေးလံလာပြီး မြေပြင်တစ်ခုလုံးက အပေါ်ကောင်းကင်ဆီ မြင့်တက်လာတယ်။ သူတို့ပတ်ပတ်လည်က သစ်ပင်တွေ မြေကြီးပေါ် လဲကျလာပြီး ကျောက်တုံးတွေက လိမ့်ဆင်းသွားတယ်။ သူတို့အောက်က မြေကြီးက အက်ကွဲစပြုလာတာမို့ ခြေထောက်တွေက ကားစပြုလာတော့တာပေါ့။
“ဘယ်ဘက်ကို ခုန်လိုက်” ရိဖုန်း ဓားပေါ်အတင်းတက်ပြီး ရှန်းရင်ကို လှမ်းအော်လိုက်တယ်။
ရှန်းရင် သူမရှေ့က ကျောက်တုံးတွေနဲ့ တောင်တွေ ပြိုကျလာတာကို ကြည့်နေမိတယ်။ နောက်တော့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်။ ရိဖုန်း ညွှန်ကြားထားတဲ့ဘက်ကို ခုန်လိုက်တော့ ကုန်းမြေရဲ့ အရှေ့တောင်ဘက်အခြမ်းဆီ ကျဆင်းသွားတယ်။ ရိဖုန်းက သိပ်မကြာခင် သူမဘေး ဆင်းလာတယ်။
ပြန်လှည့်ကြည့်လိုက်တော့ နှစ်ယောက်သား တောအုပ်ကြီးတစ်ခုလုံး ပြိုလဲနေတာကို မြင်လိုက်ရတော့တယ်။ သုံးပုံနှစ်ပုံက လေထဲမှာ ဝေ့ဝဲနေတာပေါ့။ ကြီးမားတဲ့ ထောင့်တိုင်ကြီးလေးခုက ကျွန်းအောက်မှာ ပေါ်နေတယ်။ သူတို့ နောက်ထပ်ဟိန်းဟောက်သံကြားလိုက်ရပြီး လွင့်မျောနေတဲ့ ကျွန်းအပြင်ကို ခေါင်းမည်းကြီးတစ်ခေါင်း ဆန့်ထွက်လာတာ မြင်လိုက်ရတော့တယ်။ ပါးစပ်ဟလာတော့ ချွန်ထက်နေတဲ့ သွားတန်းကြီး။ နဂိုတုန်းက မြေကြီးဖြစ်နေတဲ့နေရာကနေ ဆူးချွန်တန်းတွေ ထွက်လာတယ်။
ရှန်းရင် ခေါင်းမော့လိုက်တော့ သားရဲရဲ့ ပုံစံတစ်ခုလုံးကို မြင်လိုက်ရတယ်။
ကြီးလိုက်တဲ့… လိပ်
သူမ လိပ်ခွံပေါ် ရပ်နေမိခဲ့တာပဲ
“ဒါတကယ် တိမ်တိုက်သယ်ပိုးသားရဲပဲ” ရိဖုန်း အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ သူ ပထမဆုံးကြုံရတဲ့ သားရဲက တိမ်တိုက်သယ်ပိုးသားရဲဖြစ်နေမယ် မထင်ထားခဲ့ဘူး။ ဒါ တကယ့်ကို မှင်တက်စရာပဲ။
တိမ်တိုက်သယ်ပိုးသားရဲဆိုတာ အထက်ထျန်းလန်ရဲ့ အကြီးဆုံးဝိညာဉ်သားရဲတွေထဲကတစ်ကောင်။ အသက်ကြီး တိမ်တိုက်သယ်ပိုးသားရဲက ကောင်းကင်ရဲ့ အစိတ်အပိုင်းကြီးတစ်ခုကိုတောင် ကာနိုင်တယ်။ ဒီသားရဲက စိတ်အပြောင်းအလဲမြန်ပြီး ထိလွယ်ရှလွယ်ပေမဲ့ အရမ်းကို တိတ်ဆိတ်တာ။ စိတ်ရှုပ်ချိန် ဒေါသအိုး ပေါက်ကွဲတတ်တာမို့ စာချုပ်ဝိညာဉ်သားရဲအနေနဲ့ မသင့်တော်ဘူး။ သူတို့ ကျွန်းပေါ်ရောက်ချိန် မတော်တဆ နှိုးခဲ့မိတာပဲ။
ပိုပြီးဆိုးတာက တိမ်တိုက်သယ်ပိုးသားရဲဆိုတာ တေရသမအဆင့် ဝိညာဉ်သားရဲ။ နှောင်းပိုင်းအဆင့် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတစ်ယောက်လိုပဲ စွမ်းအားကြီးတယ်။ ဝိညာဉ်သားရဲတွေက ဘုံကမ္ဘာအတူတူက လူကျင့်ကြံသူတွေထက် အများကြီးလည်း ပိုစွမ်းအားကြီးတယ်။
ရိဖုန်းကတော့ အန်ချင်နေပြီ။ ဒါက လွန်ခဲ့တဲ့ ဆယ်မိနစ်ကလောက်သာဖြစ်ခဲ့တာဆို ဂိုဏ်းချုပ်ရှန်းနဲ့သူ တိမ်တိုင်သယ်ပိုးသားရဲကို နှိမ်နှင်းနိုင်တယ်လို့ တွေးမိခဲ့မှာပဲ။ ဒါပေမဲ့ အခုတော့… ဂိုဏ်းချုပ်ရှန်းက သားရဲထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ဘာမှမသိဘူးဆိုတာ သိလိုက်ရပြီ ငါဘာလုပ်ရမလဲ။ ပြေးဖို့ နောက်ကျသွားပြီလား။
ဝေါ
တိမ်တိုက်သယ်ပိုးသားရဲက နောက်တစ်ကြိမ် ဟိန်းဟောက်ပြန်တယ်။ သူတို့နားက ပင်လယ်ထဲ လှိုင်းလုံးကြီးတွေဖြစ်လာပြီး တစ်ကျွန်းလုံးကို ဝါးမျိုသွားဖို့ ခြိမ်းခြောက်နေတယ်။
ချီး ပြေးဖို့ နောက်ကျလွန်းသွားပြီ။
ရိဖုန်း အမြန် စည်းတံဆိပ်တစ်ခု ဆင့်ခေါ်ပြီး အင်းကွက်အစီအရင်ချလိုက်တယ်။ သူ့ ဝိညာဉ်ဓားကိုဆင့်ခေါ်ပြီး ညွှန်ကြားလိုက်တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ကျွန်တော်တို့ ဒီသားရဲကို စာချုပ်ချုပ်မရဘူး၊ သူ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားအောင် ကြိုးစားကြည့်မယ်၊ ကျေးဇူးပြုပြီး ဒီအင်းကွက်အစီအရင်ကို ထိန်းပေးထားပါ”
“အော်၊ ကောင်းပြီလေ” သူမ ခေါင်းညိတ်ပြလိုက်တယ်။
“အကောင်းဆုံးဖြစ်ပါစေ”
သူက သားရဲရှိရာ ပျံသန်းသွားပြီး လက်နှစ်ဖက်လုံးနဲ့ ပင်လယ်တစ်ခု ဖြစ်ပေါ်လာအောင် လုပ်တော့တယ်။ ရုတ်တရက် လူတစ်ယောက်လိုမျိုး ထူထဲတောင့်တင်းတဲ့ နွယ်ကြိုးတစ်ခုက တိမ်တိုက်သယ်ပိုးသားရဲရဲ့ ခန္ဓာကိုယ်ဆီ ပျံသန်းသွားခဲ့တယ်။
ရှန်းရင် သူမခြေထောက်အောက်က အလင်းထွက်နေတဲ့ အင်းကွက်အစီအရင်ကို ငုံ့ကြည့်လိုက်တယ်။ အင်းကွက်အစီအရင်ကို ထိန်းပေးထားဆိုတာက… လိပ်ကို ထိခွင့် မပေးတာမလား။
( ̄△̄;)
သူမ ရိဖုန်းညွှန်ကြားချက်ကို အဖြေထုတ်နေတုန်းရှိသေး သူမရှေ့ကနေ ဂျွတ်ခနဲအသံကျယ်ကြီး ပေါ်လာတယ်။ ရိဖုန်းရဲ့နွယ်ပင်က တိမ်တိုက်သယ်ပိုးသားရဲကြီးကို ချုပ်ထိန်းနိုင်လောက်တဲ့အထိ မခိုင်မာဘူး။ သားရဲပါးစပ်ကို ဝိုင်းနေတဲ့ နွယ်ကြိုးက သားရဲပါးစပ်ဟပြီး လေကိုကိုက်ကိုက်ချင်း ပြတ်သွားတော့တာပဲ။
သားရဲလှည့်လာတော့ ထောင့်လေးတိုင်ကလည်း သားရဲခန္ဓာကိုယ်နဲ့အတူ ရွေ့လာတယ်။ ထောင့်တိုင်တွေက အင်းကွက်အစီအရင်ဆီ တန်းတန်းမတ်မတ်ဦးတည်နေတယ်။ ရှန်းရင် မျက်မှောင်ကြုတ်ပြီး လက်မြှောက်ကာ သားရဲခြေထောက်ကို ရိုက်လိုက်တော့တယ်။
မထိနဲ့လို့ သူပြောသွားတယ်လေ။
…