အခန်း ၉၄ ။ အမွေးပွလုံး
ရှန်းရင် အနန္တသားရဲတောင်ထွတ်မှာ သားရဲ သတိပြန်မရခင်ထိ ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ပေမဲ့ နေရာရွှေ့ပြောင်းအစီအရင် ရှာမတွေ့နိုင်သေးဘူး။ သူမ တုံ့ဆိုင်းနေရင်း တောင်ထွတ်ပေါ်ကခုန်ချဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ဝူတိဂိုဏ်းမှာ သူမတောင်အောက်ဆင်းတဲ့နည်းကိုး။
ရုတ်တရက်ကြီး သူမ ညာဘက်က တောအုပ်ကြီးထဲ အလင်းပြိုးပြိုးပျက်ပျက်လေးကိုမြင်လိုက်ရတယ်။ သူမ သတိရသွားတာက နေရာရွှေ့ပြောင်းအစီအရင်ကလည်း အဖြူရောင်အလင်းတန်း ထုတ်တယ်ဆိုတော့ ရင်ထဲပျော်ရွှင်ပြီး တောအုပ်ကြီးထဲ လျှောက်လာခဲ့တော့တယ်။ သူမရှေ့က သစ်ရွက်တွေကို ဖယ်ရင်း နောက်တော့ မျက်လုံးပြူးသွားခဲ့တယ်။
ပိုက်ဆံတွေ… အများကြီးပဲဟ
(⊙ω⊙)
ဂူတစ်ခုက သူမရှေ့ ဘွားကနဲပေါ်လာတယ်။ ဂူနံရံတွေက အဆက်မပြတ် အဖြူရောင်အလင်းတွေ ထုတ်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လုပ်ထားတာ။ သူ ဂူနားကပ်သွားတော့ အားကောင်းတဲ့ဝိညာဉ်ချီလှိုင်းတစ်ခု သူမဆီ တစ်ရှိန်ထိုး လှိမ့်လာတာကို ခံစားမိလိုက်တယ်။ ရှန်းရင် ဂူနံရံကို ထိကြည့်လိုက်တယ်။ ရိမိသားစုက တကယ်ကို ဒေသခံအာဏာရှင်တွေပဲ။ သူ ရုတ်တရက် ဖေဖေနျိုကို ခေါ်ချင်သွားတယ်။
ရှန်းရင် ဂူထဲစူးစမ်းချင်တဲ့သူ့စိတ်ကို လိုက်လျောလိုက်တယ်။ ဂူအတွင်းပိုင်းကကြီးပြီး ဝိညာဉ်ကျောက်တုံးမိုင်းတွင်းနဲ့ပဲ တူနေတယ်။ ကြမ်းပြင်နဲ့နံရံအားလုံးကို အထက်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဖုံးထားတယ်။ ကြမ်းပြင်က ချောမွတ်ပြီး ဂူထဲ ဘာမှမရှိတာက အလယ်က ကြီးမားတဲ့… အဖြူရောင် အမွေးလုံးကြီးအတွက် ချန်ပေးထားတာလား။
ရှန်းရင်ကတော့ စားလို့ရတဲ့ဟာတွေကလွဲ သားရဲများများစားစား မမှတ်မိရှာ။ ကြမ်းပြင်ပေါ်က ဝိညာဉ်ကျောက်တုံးတွေတောင် မယှဉ်နိုင်လောက်အောင်အမွေးဖြူတဲ့သားရဲမျိုး မြင်ဖူးတယ်လို့တော့ မမှတ်မိဘူး။ နဖူးက သလင်းကျောက်ချိုလို ရှည်ပြီး ကြည်လင်နေတယ်။
သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ သားရဲကို အလိုလိုလက်လှမ်းလိုက်မိတယ်။ ရုတ်တရက် သားရဲမျက်လုံးတွေက ပွင့်လာတယ်။ ကျူးကျော်သူကြောင့် ဒေါသထွက်သွားတာပေါ့။ အမွေးဖြူတွေ ထောင်သွားတဲ့ပုံက အပ်တွေလို ကြမ်းတမ်းပြီး ချွန်မြနေတယ်။ ရှန်းရင်ကို အတော်လေး သတိတကြီးကြည့်နေပြီး စဟိန်းဟောက်တော့တယ်။
“ဟယ် နင်နိုးလာပြီပဲ” သားရဲရဲ့ အမွေးတွေ အစုလိုက်ထောင်တက်လာတော့ အမွေးလုံးကြီးလိုမျိုး ဖြစ်သွားတယ်။
အမွေးလုံးကြီးရဲ့ မျက်လုံးတွေက ရှန်းရင်လက်ကို ဒေါသတကြီးစိုက်ကြည့်ရင်း ပိုပိုပြူးလာတယ်။ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်တော့တာပေါ့။ ရှန်းရင် နောက်တစ်ကြိမ် ပျော်ရွှင်စွာနဲ့ သားရဲဆီ လက်လှမ်းပြီး ခေါင်းပုတ်ပေးလိုက်တယ်။ ဒီနောက်တော့ သားရဲခေါင်းပေါ်က အမွေးလေးတွေကို သပ်ပြီး သူ့ခေါင်းကနေ လည်ပင်းထိ ဆင်းလာတယ်။
အမွေးလုံးက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားတယ်။ ခဏလောက် ကြောက်သွားတဲ့ပုံနဲ့ ရှန်းရင်ကို ဆက်ပြီးစိုက်ကြည့်နေလေရဲ့။ ဒီနောက်တော့ သူမလက်ကို ငုံ့ကြည့်တယ်။ တုံ့ပြန်မှု မရှိဘူး။
သူမ… ခံစားမိနိုင်တယ်လား။
ရှန်းရင် သားရဲရဲ့အမွေးတွေကို ထိတွေ့ရတဲ့ခံစားချက်ကို သဘောကျနေတယ်။ သူမ သားရဲပေါ် တခြားလက်တစ်ဖက်ပါ တင်ပြီး လက်နှစ်ဖက်လုံးနဲ့ ပွတ်သပ်ပေးလိုက်တယ်။
“အင်း.. ထိလို့အရမ်းကောင်းတာပဲ၊ သိပ်အရသာရှိမဲ့ပုံ”
အမွေးလုံးလေးရဲ့ စောနတုန်းက ခံစစ်အနေအထားအားလုံး ပျောက်ဆုံးသွားတယ်။ လိမ်လိမ်မာမာနဲ့ ရှန်းရင်ဆီ လျှောက်လာပြီး ရည်ရွယ်ချက်နဲ့လား ရည်ရွယ်ချက်မပါဘဲလားတော့မသိ သူမလက်ဖဝါးဆီ ကိုင်းလာတယ်။ အတော်လေး သတိကြီးတာပဲ၊ ရှန်းရင် ပိုပြီးတော့တောင်ပျော်ရွှင်စွာနဲ့ ပွတ်သပ်ပေးတော့တယ်။ ခေါင်းကနေအမြီးထိ အမွေးတွေကို သပ်ပေးပြီး ကြွက်သားတွေကို စမ်းကြည့်နေလေတယ်။
“အင်း၊ ခန္ဓာကိုယ်ကတောင့်သားပဲ၊ သေချာပေါက် အကြာကြီး ငါ့အတွက်ခံမှာ၊ ဈေးကြီးလားမသိဘူး၊ ဖေဖေနျိုက ဝယ်ပေးပါ့မလား၊ အာ… ဘာလို့ အရောင်မတူတာပါလိမ့်”
သူမ သားရဲကိုပုတ်ပေးရင်း သားရဲရဲ့ နှုတ်ခေါသ်းထိပ်ဖျားက ဖြူစင်စင် အမွေးဖြူလေးတွေက နီရဲလာတယ်။ တစ်ယောက်ယောက်က သူ့မျက်စိရှေ့တင် အမွေးကို ဆေးသုတ်သွားသလိုမျိုးပဲ။ ဖြည်းဖြည်းချင်း တစ်ကိုယ်လုံးနီရဲသွားခဲ့တယ်။
ရှန်းရင် ရင်ထဲထိတ်သွားတယ်။
“အရေပြားအသားအရေမျိုး ရှိတာလား”
“ဘယ်သူလဲ၊ ဘယ်သူကျူးကျော်ရဲ…” ရှန်းရင်တစ်ယောက် သားရဲဘာဖြစ်သွားတာလဲ အဖြေထုတ်ဖို့ ကြိုးစားဆဲရှိသေး ရင်းနှီးနေတဲ့အသံတစ်သံက အပေါက်ဝကနေ ထွက်လာတယ်။ စောနတုန်းက တောင်ထိပ်ကနေ ဆင်းလာခဲ့တဲ့ ရိဖုန်းက ရုတ်တရက် အနောက်မှာ တပည့်တွေ ခြံရံပြီး ဂူထဲပြေးဝင်လာတယ်။ သူက ရှန်းရင်ကို မြင်ချိန် တုံ့ဆိုင်းသွားတော့တာပေါ့။
“ဂိုဏ်းချုပ်ရှန်းလား၊ ဘယ်လိုလုပ်…” သူ သူမဘေးကအမွေးလုံးကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေ ပြူးသွားတော့တာပဲ။ အမွေးလုံးပေါ် တင်ထားတဲ့ သူမလက်ကို လက်ညှိုးတထိုးထိုးနဲ့ ပြောမိလေတယ်။
“ခင်… ခင်ဗျားထိနိုင်တယ်လား”
“ထိလို့မရဘူးလား” ရှန်းရင် တုံ့ဆိုင်းသွားပြီး မြန်မြန် လက်ပြန်ရုပ်လိုက်တယ်။
“တောင်းပန်ပါတယ်၊ ငါမသိခဲ့ဘူး”
အမွေးလုံးက သူမကိုမော့ကြည့်ပြီး တုံ့ဆိုင်းမှုမရှိဘဲ ထပ်ပြီး သူမလက်ဖဝါးထဲ ခေါင်းတိုးဝှေ့လာပြန်တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ခင်ဗျား ဒီကိုဘယ်လိုရောက်လာတာလဲ” ရိဖုန်းက မေးရင်း ရှန်းရင်ဆီ လျှောက်လာတယ်။ သူက သားရဲကို လေ့လာရင်း မျက်နှာပေါ် ခံစားချက်အမျိုးမျိုးဖြတ်သန်းသွားတယ်။
“အော် ငါ နေရာရွှေ့ပြောင်းအစီအရင်ကို ရှာမတွေ့တော့ လျှောက်သွားရင်း ဒီရောက်လာတာပဲ” ရှန်းရင် အမှန်အတိုင်း ဖြေလိုက်တယ်။
“ဟုတ်သား၊ ဒါ ဘာသားရဲလဲ၊ တကယ်အရသာရှိမဲ့ပုံ၊ နင်ရောင်းနေတာလား”
ရိဖုန်းခမျာ တောင့်တင်းသွားပြီး မျက်နှာပေါ် သွေးပျက်တဲ့အကြည့် ပေါ်လာလေရဲ့။ သူအနေရခက်ခက် ပြုံးပြီး ပြန်ဖြေလိုက်တယ်။
“ဟားဟား၊ ဂိုဏ်းချုပ်ရှန်း၊ ခင်ဗျားက ရယ်စရာကောင်းသားပဲ၊ အနန္တသားရဲတောင်ထွတ်က နည်းနည်း လမ်းပျောက်နိုင်တယ်၊ ခင်ဗျားကို ကောင်းကောင်းဧည့်မခံမိတာ ကျုပ်မိသားစုအမှားပါ၊ တပည့်တွေကို တောင်ထိပ်မှာလာကြိုခဲ့ခိုင်းသင့်တာ၊ အချိန်အတော်ကြာနေပြီပဲ၊ ပင်ပန်းနေမှာပေါ့”
ရိဖုန်းက သူ့နောက်ကတပည့်တွေကို လှည့်ပြောပြီး ညွှန်ကြားလိုက်တယ်။
“ရိချန့်၊ ဂိုဏ်းချုပ်အနားယူလို့ရအောင် အခန်းဆီ မြန်မြန်ခေါ်သွားလိုက်”
“ဟုတ်ကဲ့” တပည့်က အမြန်တုံ့ပြန်ပေမဲ့ မန္တာန်တစ်ခုခုမိနေသလိုမျိုး နေရာမှာတင် နေနေတုန်း။
“ဆရာသခင်ကူယွဲ့က စောင့်နေပါပြီ၊ ဂိုဏ်းချုပ်ရှန်း ကြွပါ” ရိဖုန်းက ယဉ်ယဉ်ကျေးကျေး လက်မြှောက်ပြီး သူမ လျှောက်သင့်တဲ့ ဦးတည်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ကျွန်တော်တို့ မနက်ဖြန်မနက် တံလျှပ်ပင်လယ်ဆီ ထွက်ခွာရမှာ၊ ဂိုဏ်းချုပ်ရှန်း ဒီည ကောင်းကောင်းအနားယူလိုက်ပါ”
“ကောင်းပြီလေ” ရှန်းရင် ဝိညာဉ်သားရဲကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ သူမ တပည့်နောက်ကနေလိုက်ပြီး ဂူထဲက ထွက်လာရင်း မနက်ဖြန် နောက်ထပ်သားရဲနဲ့ကြုံဖို့ ကံကောင်းပါ့မလား သိချင်နေလေရဲ့။
ရှန်းရင် ထွက်သွားတာ တော်တော်ကြာမှပဲ ရိဖုန်း သက်ပြင်းချရဲတော့တယ်။ ပျာယာခတ်ပြီး သားရဲဘက်ကို လှည့်ကာ ဂါဝရပြုလိုက်တယ်။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ဝိညာဉ်သခင်… ဂိုဏ်းချုပ်ရှန်းက ပထမဆုံးအကြိမ် လာလည်တာဆိုတော့ အရှင့်ရဲ့ အသွင်အစစ်အမှန်ကို မသိသေးဘူး၊ သူက အတော်လေးလည်း… ပွင့်လင်းတယ်၊ ဝိညာဉ်သခင်ကို ဘာထိခိုက်လိုစိတ်မှ မရှိပါဘူး”
သားရဲက တိတ်ဆိတ်သွားပြီး တစ်အောင့် စဉ်းစားနေတယ်။ နောက်တော့ အသိအမှတ်ပြုတဲ့ပုံနဲ့ ခပ်တိုးတိုး ဟိန်းဟောက်လာတယ်။
“ဝိညာဉ်သခင် ဂိုဏ်းချုပ်ရှန်းက လူဆိုးမဟုတ်ဘူးဆိုတာ တပည့်ကတိပေးပါတယ်၊ သူ့တပည့် ဆရာသခင်ယိချင်းက မသေမျိုးတက်လှမ်းမှုစေတီကို ချိုးဖောက်ဝင်ပြီး ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေကို ကယ်ခဲ့တဲ့သူပါ၊ သူ့ကြောင့်သာ မဟုတ်ရင် တပည့်နဲ့ ရိမိသားစုရဲ့ တခြားအကြီးအကဲက စေတီထဲသေသွားခဲ့လောက်ပါပြီ၊ သူအခုရောက်နေတာက တံလျှပ်ပင်လယ်မှာ စာချုပ်ဝိညာဥ်ကူရှာပေးဖို့ပါ”
“ဘာ…” သားရဲက ရုတ်တရက် ကြားဖြတ်ပြောလာတယ်။ ထူးထူးဆန်းဆန်း တည်ငြိမ်နေတဲ့ပုံပဲ။
“သူ့နာမည်ကဘာတဲ့”
“အမ်” ရိဖုန်း တုံ့ဆိုင်းသွားတယ်။ ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မယ်လို့ သူမှမထင်ခဲ့တာ။ တစ်ခဏကြာတော့ သူဖြေလိုက်တယ်။
“ထင်တာတော့ ရှန်း… ရှန်း…” ရှန်း ဘာပါလိမ့်။ ယန်လား၊ ယင်လား၊ ယန်လား၊ ဒါမှမဟုတ် ယွင်လား။
ဘာပါလိမ့်။
“သိအောင်လုပ်ပြီး… ငါ့ကို ပြန်တင်ပြ”
သားရဲက ညွှန်ကြားပြီး လှည့်ထွက်ကာ ဂူအလယ်ဆီ ပြန်သွားတယ်။ ဒီနောက် ဘောလုံးပုံ ပြန်ခွေပြီး သူ့ကို ထပ်မကြည့်တော့ဘဲ ပြန်လှဲချလေတယ်။ ခေါင်းကိုလည်း လက်သည်းနှစ်ချောင်းကြား ဝှက်ထားတယ်။ ရိဖုန်း အမွေးနီ နည်းနည်းပဲ မြင်နိုင်တော့တယ်။
“ဟမ်၊ အာ… အော် ဟုတ်ကဲ့” ရိဖုန်း အူကြောင်ကြောင် ဖြစ်နေပါလေရော။ ဒါဆို… ဝိညာဉ်သခင်က ဒေါသထွက်နေတာလား၊ ဒေါသမထွက်ဘူးလား”
သူ သားရဲတွေရဲ့လောကကြောင့် ပိုပိုပြီး ဇဝေဇဝါဖြစ်လာတော့တယ်။
——————
တံလျှပ်ပင်လယ်မှာ သားရဲတွေက အများကြီး။
တံလျှပ်ပင်လယ်ဆိုတာ အထက်ထျန်းလန်လောကရဲ့ နယ်နိမိတ်မှာတည်ရှိနေတဲ့ ပင်လယ်တစ်ခု။ လူတွေ ပြောကြတာတော့ အရမ်းကိုကျယ်ပြီး အဆုံးအစမဲ့တယ်တဲ့။ ပင်လယ်ကြီးဘယ်လောက်ကျယ်လဲ ဘယ်သူမှမသိကြဘူး။ ပင်လယ်ရဲ့အလယ်မှာ ကျွန်းတွေအများကြီး။ ဒိကျွန်းတွေကို လူသူမရောက်တော့ တိရစ္ဆာန်တွေအများကြီး ကျက်စားနေထိုင်ကြတယ်။ ကျွန်းတွေက အင်အားကြီး သားရဲအမျိုးမျိုးနဲ့ ပြည့်နေတယ်။ ရိမိသားစုတောင်မှ ကျွန်းပေါ်က တချို့သားရဲတွေကို မကြားဖူးသလို တချို့အဆင့်မြင့်ကျင့်ကြံသူတွေတောင်မှ သားရဲတွေအတွက် ပြိုင်ဘက်မဟုတ်ဘူး။
ရိဖုန်းက ရိမိသားစုရဲ့ မိသားစုအကြီးအကဲ – နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်။ အထက်ထျန်းလန်လောကမှာ သူ့အတွက် သင့်တော်တဲ့သားရဲကို ရှာဖို့ကခက်တယ်။ ဒါကြောင့် ရွေးစရာမရှိတော့ဘဲ တံလျှပ်ပင်လယ်ဆီ လာဖို့ အရဲစွန့်လိုက်ရတာပဲ။ ပထမတော့ ဝူတိဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းဖို့အတွက်ပဲ ရှန်းရင်ကို ဖိတ်ခဲ့တာ။ ရှန်းရင်ရဲ့ အကူအညီလိုမယ်ရော၊ ရှန်းရင်က လိုက်လာဖို့ သဘောတူမယ်လို့ရော မထင်မိခဲ့ဘူး။
သူ ဂိုဏ်းချုပ်ရှန်းအကြောင်း များများစားစားမသိဘူး။ သူသိတာဆိုလို့ ရွှမ်းယွမ်မိသားစုရဲ့ မိသားစုခေါင်းဆောင်က သူမကို အင်မတန်လေးစားတယ်ဆိုတာပဲ။ ဂိုဏ်းတွေကြားက ပြိုင်ပွဲပြီးတဲ့နောက် ယင်းမိသားစုက မိသားစုခေါင်းဆောင်တောင် ဂိုဏ်းချုပ်ရှန်းရင်ကိုအတော်လေး လေးစားလာတယ်။ ဘာတွေဖြစ်နေလဲမသေချာပေမဲ့ ရှန်းရင်က သာမန်ကျင့်ကြံသူတော့ မဟုတ်ဘူး။ ပြီးတော့ ဆရာသခင်ယိချင်းရဲ့ ဆရာလည်းဖြစ်နေတယ်။
တစ်နေ့က ရှန်းရင် ဝိညာဉ်သားရဲတွေနဲ့ အဆင်ပြေနေပုံကို နောက်ဆုံးတော့ မြင်ခဲ့ရပြီ။ ရိဖုန်းက သူ့ကိုခရီးမှာခေါ်သွားဖို့ ယုံကြည်ချက်ရှိနေပြီ။
တံလျှပ်ပင်လယ်က အန္တရာယ်များတယ်။ အုပ်စုလိုက်ကြီးသွားဖို့ မသင့်တော်ဘူး။ ဒီတစ်ခေါက်တော့ ရိဖုန်းက ဂိုဏ်းချုပ်ရှန်းကိုပဲ ခေါ်လာခဲ့တယ်။ အရှင်သခင်ကူယွဲ့က ဆောင်ရွက်စရာကိစ္စတွေရှိသေးလို့ သူတို့နဲ့လိုက်ပါဖို့ ဆန္ဒမရှိဘူးတဲ့။ ဆရာသခင်ကူယွဲ့က သူတို့မထွက်ခွာခင် ရိဖုန်းကို ဘေးဆွဲခေါ်ပြီး ထူးဆန်းတဲ့ ညွှန်ကြားချက်တချို့ မှာလိုက်သေးတယ်။
“တကယ်လို့ ရှန်းရင်က ခင်ဗျားကို အသားဘယ်လိုကင်ရမလဲသိလားလို့ မေးလာရင် မသိဘူးလို့သာ ဖြေနော်”
“ဟမျ” ဘာဆိုလိုတာလဲ။
ကူယွဲ့က ရိုးနေပြီဆိုတဲ့အကြည့်မျိုးနဲ့ ပခုံးပုတ်ပေးလာတယ်။
“ကျုပ်ကိုသာနားထောင်ပါ၊ တစ်ချိန်ချိန်ကျ သိလာလိမ့်မယ်”
“…” ရိဖုန်း အမူအရာ တောင့်တင်းသွားပါတော့တယ်…။
ဝူတိဂိုဏ်းသားတွေအားလုံးက အဲလောက်တောင်… လျှို့ဝှက်ဆန်းကြယ်ကြတာလား။
…