အခန်း ၉၃ ။ ရိမိသားစု၏ခရီး
ရိမိသားစု။
“ဂိုဏ်းချုပ်ရှန်း၊ ဆရာသခင်ကူယွဲ့”
ရိဖုန်းက အဝေးကနေကြိုဆိုပြီး အားပါးတရပြုံးပြလိုက်တယ်။
“မကြိုဆိုနိုင်ခဲ့လို့ စိတ်မကောင်းပါဘူး၊ ခရီးပန်းနေတော့မှာပဲ”
“မင်္ဂလာပါ” ရှန်းရင်လည်း လက်နှုတ်ဆက်ပြလိုက်တယ်။
“ဆရာသခင်ယိချင်းကို ဘယ်လိုလုပ်မမြင်မိတာပါလိမ့်”
ရိဖုန်းက သူတို့နောက်ကိုလှမ်းကြည့်ပြီး စပ်စပ်စုစုမေးတော့တယ်။
“သူက ဂူအောင်းတရားကျင့်နေတယ်လေ” ကူယွဲ့ ဖြေလိုက်တယ်။
“အော် အဲလိုကိုး” ရိဖုန်းက ခေါင်းညိတ်ပြတယ်။
“မသေမျိုးတက်လှမ်းမှုစေတီမှာ ဆရာသခင်နှစ်ယောက် ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးမတင်ရသေးလို့လေ”
“မိသားစုသခင်ကြီး၊ ခင်ဗျားက ကြင်နာလွန်းနေပါပြီ” ကူယွဲ့က ပိုပြီးယဉ်ယဉ်ကျေးကျေး ပြုံးတော့တယ်။
“ကျုပ်တို့က တရားမျှတမှုနဲ့တည်ဆောက်ထားတဲ့ ဂိုဏ်းတွေပဲလေ၊ ကျုပ်တို့ လိုအပ်တဲ့အချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပဲ”
နှစ်ယောက်လုံးက အချင်းချင်းယဉ်ယဉ်ကျေးကျေး ပြုံးပြီးတော့ ရိဖုန်းက ဘေးကိုဖယ်ပြီး သူတို့ကို တောင်တန်းဒေသရဲ့ဝင်ပေါက်ဆီ ခေါ်လာခဲ့တယ်။ တခြားဆွေကြီးမျိုးကြီးမိသားစုသုံးစုနဲ့မတူ ရိမိသားစုရဲ့ အဓိကအိမ်က အမတမြို့ထဲမှာရှိတာ မဟုတ်ဘူး။ အဲအစား ရိမိသားစုက ဒီအပိုင်းမှာတော့ သာမန်ဂိုဏ်းတွေနဲ့ ဆင်တယ်။ သူတို့ဂိုဏ်းကို မျောလွင့်နေတဲ့တောင်ထွတ်တွေမှာ ဆောက်လုပ်ထားတာ။ သူတို့တောင်တန်းဒေသထဲဝင်ဝင်ချင်း သားရဲအမျိုးမျိုးရဲ့ အသံတွေ ကြားလိုက်ရတယ်။
ရိဖုန်းက နှစ်ယောက်ကို ပင်မတောင်ထွတ်ဆီ ခေါ်သွားတယ်။ သူ လမ်းမှာတွေ့ရသမျှ တပည့်အားလုံးက ထူးခြားတဲ့ဝိညာဉ်သားရဲ တစ်ကောင်၊နှစ်ကောင်ကိုယ်စီနဲ့။ အမ်… သူတို့အရသာက ဘယ်လိုမျိုးပါလိမ့်။
သူတို့ ပင်မတောင်ထွတ်ရဲ့ ခန်းမဆောင်ဆီ ရောက်လာချိန် တပည့်တချို့က သူတို့ကို လက်ဖက်ရည်နဲ့ ဝိညာဉ်သစ်သီးတွေ ခင်းကျင်းပေးတယ်။ ရှန်းရင်မျက်လုံးတွေ နောက်ဆုံးတော့ တောက်ပသွားပြီး အသီးစားဖို့ပဲ အာရုံစိုက်တော့တယ်။ ဝက်စာကို လနည်းနည်းလောက် ညစားလာရပြီးတဲ့နောက် အသီးတွေကတောင် နတ်သုဒ္ဓါလိုပါပဲ။
“ဂိုဏ်းချုပ်ရှန်း၊ ကျေးဇူးပြုပြီး” ရိဖုန်းက ရုတ်တရက် ထရပ်တယ်။
“အာ” သူမက ခဏတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီး နောက်တော့ စားဖို့ပဲအာရုံစိုက်တော့တယ်။ သူတို့ ဘာပြောနေလဲ အာရုံမစိုက်တော့ဘူး။
“ဂိုဏ်းချုပ်ရှန်းလည်း ဝိညာဉ်သားရဲတွေမှာ ကျွမ်းကျင်မှုရှိတာပဲ၊ ကျွန်တော့်တပည့်တွေထဲက တစ်ယောက်များ ခင်ဗျားကို လိုက်ပြဖို့ အကြံပေးလို့ရမလား”
“အော် ရတာပေါ့၊ ကျေးဇူးပါ” အဲတော့ သူက ငါ့ကိုလျှောက်ကြည့်စေချင်တာပေါ့။ ရှန်းရင် လိုလိုလားလား ထရပ်ပြီး တံခါးအပြင် လိုက်ထွက်ခဲ့တယ်။ တစ်ယောက်ယောက်က သူမကို အနောက်ကနေ လှမ်းဆွဲတော့တယ်။
“ခဏ” ကူယွဲ့က ခပ်တိုးတိုး သတိပေးတော့တယ်။
“ငါ သူတို့ဝာာဝန်ရှိသူနဲ့ လုပ်စရာကိစ္စရှိလို့၊ ဘာမှလျှောက်မလုပ်နဲ့ဦး၊ မင်းလျှောက်ကြည့်လို့ရပေမဲ့ ပြဿနာမရှာနဲ့နော်၊ ပြီးတော့ ဘာမှမစားနဲ့ဦး”
“ဟုတ်ကဲ့ဖေဖေနျို ငါက စားဖို့ပဲ ဂရုစိုက်တဲ့လူမျိုးမို့လို့လား” ဘယ်လိုပဲဖြစ်ဖြစ် သူ အစိမ်းမှ မစားတဲ့ဟာ။
ကူယွဲ့ကတော့ မယုံကြည်နိုင်စွာ ပြန်ဖြေလိုက်တယ်။
“အေးလေ”
“…” အဖေနဲ့သမီးကြားက အခြေခံယုံကြည်မှုက ဘယ်မှာလဲ။
ရိဖုန်းက ရှန်းရင်ကို ပင်မတောင်ထွတ်ရဲ့ အနောက်ဘက်ကနေ ကျောင်းဆောင်ကြီးတစ်ပတ် ခေါ်သွားတယ်။ သူတို့ အနောက်ခန်းမဆောင်ကနေ ထွက်ထွက်ချင်း သူမမျက်ဝန်းတွေက တောင်ကြီးတစ်ခုဆီ ရောက်သွားတယ်။ ပင်မတောင်ထွတ်ထက်တောင် အများကြီးကြီးတယ်။
“ဒါက ရိမိသားစုရဲ့ အနန္တသားရဲတောင်ထွတ်လေ” ရိဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောတော့တယ်။
“အဲတောင်ထွတ်ပေါ် မရေမတွက်နိုင်တဲ့ ဝိညာဉ်သားရဲတွေ အများကြီးရှိတယ်၊ သူတို့အားလုံးက ခင်ဗျားအပြင်မှာ ကြုံခဲ့ရတဲ့ ဝိညာဉ်သားရဲတွေအားလုံးနဲ့ ကွာခြားတယ်၊ တစ်ကောင်ချင်းစီက ဒီမှာနေတာကြာလှပြီမို့ သူတို့က ကျင့်ကြံသူတွေနဲ့ရင်းနှီးနေပြီး ခင်ဗျားကိုတိုကိခိုက်မှာမဟုတ်ဘူး၊ ရိမိသားစုတပည့်တွေက ရင့်ကျင်လာပြီဆိုတာနဲ့ ဒီတောင်ထွတ်ဆီလာပြီး ဝိညာဉ်စာချုပ်ချုပ်ဖို့ သားရဲတစ်ကောင် လာရှာကြတယ်”
သူ ရှင်းပြရင်း အနန္တတောင်ထွတ်ဆီရောက်တဲ့ ရွှေ့ပြောင်းအစီအရင်တစ်ခုဆီ ဖြတ်သန်းခေါ်လာခဲ့တယ်။ တကယ်ပဲ တောင်ထွတ်ပေါ် ဝိညာဉ်သားရဲ အမျိုးမျိုးရှိတယ်။ တချို့က လေထဲ ပျံနေပြီး တချို့က မြေကြီးပေါ်ပြေးနေတယ်။ တချို့ကတော့ ရေထဲမှာ ရေကူးနေကြတယ်။ ကြည့်ရတာ စိတ်ကူးကြည့်လို့ရသမျှ သားရဲအားလုံး တောင်ထွတ်ပေါ်ရှိနေတဲ့ပုံ။ ရှန်းရင် ရုတ်တရက် အကန့်အသတ်မရှိ တိရစ္ဆာန်ဥယျာဉ်ထဲရောက်နေသလိုပဲ။
ရိဖုန်းပြောသလိုပဲ ဝိညာဉ်သားရဲတွေက ကျုးကျော်သူတွေကို အဖက်မလုပ်ကြဘူး။ သတိထားမိပုံတောင်မပေါ်။ သားရဲတွေက သူ့အလုပ်သူဆက်လုပ်နေကြတယ်။ အမွေးတွေကို လျက်လိုက်၊ မြေကြီးပေါ်လူးလှိမ့်လိုက်နဲ့ပေါ့။
“ဒီတောင်ထွတ်အောက်ခြေက သားရဲတွေက ဒုတိယအဆင့်၊ တတိယအဆင့်သားရဲတွေလေ၊ သူတို့ကို ကျွန်တော်တို့ဆီ လောလောလတ်လတ် ဝင်ရောက်လာတဲ့ တပည့်တွေအတွက် အဲမှာ ထားထားတာ”
ရှန်းရင်က သူ့ကို စိတ်ဝင်စားမှုလျော့နည်းလာတာမြင်တော့ ရိဖုန်း တောင်ထွတ်ထိပ်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒါပေမဲ့ ဒီအနန္တသားရဲတောင်ထွတ်အကျော်မှာတော့ တည်မြဲတောင်က ဒဿမအဆင့် သားရဲလေးကောင် နေကြပါတယ်၊ ဂိုဏ်းချုပ်ရှန်း၊ သူတို့ကို ကြည့်ဖို့စိတ်ဝင်စားပါသလား”
“အင်းပေါ့” ရှန်းရင် ခေါင်းညိတ်ရင်းဖြေလိုက်တယ်။
ရိဖုန်းက သူ့ကို နောက်ထပ် နေရာရွှေ့ပြောင်းအစီအရင်ထဲခေါ်သွားပြီး နှစ်ယောက်သား အနန္တသားရဲတောင်ထွတ်ထိပ်ဆီရောက်သွားတယ်။ သူတို့ရှေ့မှာတော့ ဂူကြီးတစ်ခု။ အန္တရာယ်ရှိတဲ့ချီတွေက ဂူထဲက လျှံထွက်လာတယ်။
ရိဖုန်းက သူ့လက်တွေနဲ့ သိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ အင်းကွက်တစ်ခု ချခံလိုက်ရတာနဲ့အတူ ဂူဝက ချက်ချင်း ပင့်ကူအိမ်နဲ့တူတဲ့ဟာကြီးနဲ့ ဖုံးခံလိုက်ရတယ်။
“ဒီဂူထဲက လေပြင်းမိုးကြိုးသားရဲက ရှားပါးစွမ်းအင်ကြောနှစ်မျိုးပါတဲ့ သားရဲပါ၊ သူ့မှာ လေစွမ်းအင်ရော၊ မိုးကြိုးစွမ်းအင်ရော ရှိပါတယ်”
သူတို့ ဂူထဲက ခြေသံတွေ ကြားလိုက်ရတယ်။ တစ်ခဏနေတော့ လျှပ်စီးကြောင်းတစ်ခုက ဂူပြင်ကို ရိုက်ခတ်လာပြီး အရှိန်ပြင်းတဲ့လေပြင်းလည်း ကပ်ပါလာတယ်။ ကြီးမားတဲ့ သဏ္ဌာန်တစ်ခုက ဂူထဲကနေ ထွက်လာတယ်။ ကြောက်ခမန်းလိလိ အရှိန်အဝါနဲ့။ သူ့ခြေလှန်းတွေက မြန်သထက် မြန်လာပြီး တစ်လှမ်းစီတိုင်းမှာ မြေကြီးတုန်ခါသွားတာကို ရှန်းရင်ခံစားမိတယ်။ ရှန်းရင် လျှပ်စီးတွေနဲ့ ပုံသဏ္ဌာန်တစ်ခုက ဂူထဲကထွက်လာတာကို ကြည့်နေမိတယ်။ စိတ်ဆိုးနေတဲ့ပုံစံနဲ့ ဂူပြင်က လူနှစ်ယောက်ကို လေ့လာတော့တယ်။
ရုတ်တရက် မျက်လုံးပြူးသွားပြီး သူ သူတို့ပြေးလာတယ်။ သူက ချော်လဲပြီး လူနှစ်ယောက်ရှေ့က မြေကြီးပေါ် တုန်တုန်ယင်ယင်နဲ့ လဲကျသွားခဲ့တယ်။
“အာ” ရိဖုန်း ရပ်သွားတယ်။ ဒီလေပြင်းမိုးကြိုးသားရဲက ပုံမှန်ဆို အရမ်းဒေါသကြီးပြီစိတ်ကြီးတာ၊ ဘာလို့ ဒီနေ့ရုတ်တရက် ဒီလိုမျိုး ပြုမူနေရတာပါလိမ့်””
“ကြီးလိုက်တာ” ရှန်းရင် သူ့ရှေ့က သားရဲကြီးကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ ခန္ဓာကိုယ်ကနေ လျှပ်စီးမိုးကြိုးတွေ ပစ်လွှတ်နေဆဲပဲ။ သူမ မျက်လုံးတဖြတ်ဖြတ်နဲ့ ရိဖုန်းကို လှည့်မေးတော့တယ်။
“ဒါရိုက်တာ၊ ဒါ… စားလို့ရလား”
“ဟမ်” ဒါရိုက်တာဘာကြီး။
သူမမေးခွန်းကို မရှင်းနိုင်ခင် လေပြင်းမိုးကြိုးသားရဲက ရုတ်တရက် ညည်းပြီး တွင်းထဲကို လှိမ့်လိုက် တွားသွားလိုက်နဲ့ ပြန်ဝင်သွားကာ ထောင့်လေးမှာ ခေါင်းဝှက်နေတော့တယ်။ သူတို့နှစ်ယောက်ကို ကျောပေးထားတဲ့ပုံက သူအမဲလိုက်ခံနေရသလို။ ထောင့်မှာ ခေါင်းဝှက်ထားတဲ့အပြင် ရံဖန်ရံခါ ညည်းသံတွေလည်း ထွက်နေသေး။
“…”
ဘာတွေဖြစ်နေတာလဲ။
ရိဖုန်း လုံးဝကို ဇဝေဇဝါဖြစ်သွားတယ်။ သူလုပ်မိတာက တခြားဝိညာဉ်သားရဲတွေကို ကြည့်ဖို့ ရှန်းရင်ကို ဆက်ခေါ်သွားရုံပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ တည်မြဲတောင်က ဝိညာဉ်သားရဲတိုငိးက ပုံစံတူ တုံ့ပြန်ကြတာ မြင်လိုက်ရတော့တယ်။
“ဒါကရေပြင်ခွဲသားရဲပါ၊ ရေစွမ်းအင်ဖြစ်ပြီး ရေလှိုင်းတွေကို ထိန်းချုပ်နိုင်ပါတယ်၊ သူ့သွေးက အသုံးဝင်တဲ့ ကုသမှုစွမ်းရည်တွေရှိပါတယ်”
“အော် စားလို့ရလား”
ညည်းသံတစ်သံနဲ့ ဝိညာဉ်သားရဲက ထွက်ပြေးသွားခဲ့တယ်…။
“ဒါက မီးခိုးနီစိမ်းပါ၊ အနီရောင်ဆိုပေမဲ့ တိုက်ခိုက်ခံရရင် ပုံသဏ္ဌာန်ရော၊ ပုံရိပ်ရောမရှိတဲ့ အစိမ်းရောင်မီးခိုးအဖြစ် ပြောင်းလဲသွားပါတယ်”
“အော်၊ သူ့အသားရဲ့ ပုံစံကရော ဘယ်လိုလဲ”
ညည်းသံလေးနဲ့ ဝိညာဉ်သားရဲက ခွေခွေလေးပဲနေတော့တယ်…။
“ဒါကဦးချို၃ခုတိမ်လွှာခုန်သားရဲပါ၊ အရမ်းကိုမြန်တယ်လေ၊ သာမန်ကျင့်ကြံသူတွေက သူ့တည်ရှိမှုကို အာရုံခံနိုင်မှာမဟုတ်ဘူး၊ တကယ့်ကိုရှားပါးသားရဲပါ”
“အော်၊ အမွေးထူသားနော်၊ အားလုံးကိုဆွဲနုတ်ဖို့ လွယ်ပါ့မလား”
ညည်းသံနဲ့ ဝိညာဉ်သားရဲခမျာ မေ့လဲသွားတော့တယ်…။
ကြောက်ဖို့ကောင်းလိုက်တာ… အဲဒီလူရဲ့ကိုယ်မှာ အဆင့်မြင့်သားရဲဝိညာဉ်တွေရဲ့ သွေးစွန်းသွေးစတွေ ပြည့်နေတယ်။ သူတို့ကို တကယ်စားနိုင်တာပဲ။
(இдஇ;)
“…” ရိဖုန်း ဘေးမှာ တိတ်နေမိတယ်။
တည်မြဲတောင်ထွတ်က သားရဲတွေ ဒီနေ့ဘာလို့ ထူးထူးဆန်းဆန်းပြုမူနေကြတာလဲ။ တစ်ချိန်တည်း နေမကောင်း ဖြစ်နေကြတာလား။ တောင်ထွတ်အောက်ခြေက သားရဲတွေကအဆင်ပြေပေမဲ့ အဆင့်မြင့်သားရဲတွေက…။
ခဏ
သူ့နောက်မှာ ရပ်နေတဲ့ ငပျင်းအမျိုးသမီးကို လှမ်းကြည့်လိုက်တယ်။ အဆင့်မြင့်သားရဲတွေက ကျင့်ကြံသူတွေရဲ့ အရှိန်အဝါကို ပိုပြီးသိလွယ်ခံစားလွယ်တယ်။ မျိုးနွယ်စုခေါင်းဆောင်ရွှမ်းယွမ် ရှင်းပြခဲ့တဲ့ ဂိုဏ်းချုပ်ရှန်းရဲ့ ကျင့်ကြံဆင့်က နက်နဲပြီး… ကြောက်စရာကောင်းတယ်ဆိုတာကို သူ သတိပြန်ရသွားခဲ့တယ်။ သားရဲတွေက သူမကျင့်ကြံဆင့်ကို အာရုံခံနိုင်တာဖြစ်နိုင်မလား။ ဒါပေမဲ့ သားရဲတွေက ဒီလောက်အရှိန်အဝါကြီးမားတာ၊ သူတို့ သူမကို မနိုင်ရင်တောင် ဒီလိုအပြုအမူမျိုး တုံ့ပြန်ဖို့မလိုပါဘူး၊ ဟုတ်တယ်မလား။ ပြီးတော့ တည်မြဲတောင်က သားရဲလေးကောင်အားလုံးက ရိမိသားစုနဲ့ ရှိနေတာ နှစ်ရာချီရှိနေပြီ။ သူတို့ မရေမတွက်နိုင်တဲ့ တခြားအဆင့်မြင့် ကျင့်ကြံသူတွေကို မြင်ဖူးကြတယ်။
ရိဖုန်း ပိုပိုပြီး ဇဝေဇဝါဖြစ်လာပေမဲ့ သားရဲတိရစ္ဆာန်တွေရဲ့ တုံ့ပြန်မှုမှာ နှစ်သိမ့်မှုရသွားတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတို့နောက်နေ့ ပုံရိပ်ယောင်ပင်လယ်ဆီ သွားချိန် အသုံးဝင်မယ်ဆိုတဲ့ သဘောပေါ့။
“ဂိုဏ်းချုပ်ရှန်း၊ ခင်ဗျား…” သူ မေးမလို့ပဲရှိသေး သူ့ဂိုဏ်းကတပည့်တစ်ယောက်က သူတို့ဆီ အသည်းအသန် ပြေးလာတယ်။
“မျိုးနွယ်စုခေါင်းဆောင်၊ အတွင်းဆောင်က တပည့်တစ်ယောက် ဒီတောင်စွန်းမှာ ဝိညာဉ်စာချုပ်ချုပ်ဖို့လုပ်ချိန် ပြဿနာတက်နေလို့ပါ၊ ဒုတိယအကြီးအကဲက လာကြည့်ခိုင်းနေပါတယ်”
“ဘာ” ရိဖုန်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဝိညာဉ်စာချုပ်ချုပ်ချိန် ဘယ်လိုလုပ် ပြဿနာကြုံရတာတုံး”
“ဝိညာဉ်သားရဲက ဆန္ဒမရှိတဲ့ပုံပါပဲ၊ တပည့်က အတင်းအကျပ် စာချုပ်ချုပ်ဖို့ ကြိုးစားတော့…”
“အဓိပ္ပာယ်မရှိတာ သူ အတင်းအကျပ်စာချုပ်ချုပ်ဖို့ ဘယ်လိုလုပ် ကြိုးစားနိုင်ရတာလဲ” ရိဖုန်း ဒေါသ ပေါက်ကွဲသွားပေမဲ့ အတွင်းဆောင်က တပည့်ကို ကြပ်မတ်လို့မရဘူး။ သူက ရှန်းရင်ကို အားနာစွာ လှမ်းကြည့်လိုက်တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ကျွန်တော့်မှာ တက်ရောက်စရာ အရေးကြီးကိစ္စတချို့ ပေါ်လာလို့ ခင်ဗျားကို ခဏ ထားသွားရတော့မယ်၊ ကျေးဇူးပြုပြီး…”
“မစိုးရိမ်ပါနဲ့၊ သွားပါ” ရှန်းရင်က စိတ်အေးလက်အေး ပြုံးပြလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူက မိဘကြီးပဲလေ၊ အလုပ်များမှာ။
“ဒါဆိုလည်း ကျွန်တော်သွားနှင့်ပါမယ်” သူက တောင်ခြေဆီ လက်ညှိုးထိုးပြလိုက်တယ်။
“နေရာရွှေ့ပြောင်းအစီအရင်ကနေတစ်ဆင့် တောင်အောက်သွားဖို့ ဂိုဏ်းချုပ်ရှန်းကို ဒုက္ခပေးရတော့မှာပဲ၊ တပည့်တစ်ယောက်က အနားယူဖို့ခင်ဗျားကို အရှေ့ခန်းမဆောင်ဆီ ခေါ်သွားပေးပါလိမ့်မယ်”
“ကောင်းပြီလေ” ရှန်းရင် ခေါင်းညိတ်ပြလိုက်တော့ ရိဖုန်းက နှုတ်ဆက်ပြီး စိတ်အေးလက်အေးနဲ့ ထွက်သွားတယ်။
ရှန်းရင်က လှည့်ထွက်သွားပြီး သူ့ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်တယ်။ အဲတော့မှပဲ သူမ ပြဿနာတစ်ခုကို နားလည်သွားတော့တယ်။
နေရာရွှေ့ပြောင်းအစီအရင်က… ဘယ်မှာလဲ။
…