အခန်း ၈၀ ။ ခရီးဆောင်စနစ်
ရှန်းရင် မုန်လာဥကို ရေလောင်းနေတယ်။ ယင်းထျန်းမြို့က ပြန်ရောက်လာပြီတည်းက မုန်လာဥက သူ့ဟင်းသီးဟင်းရွက်မြေကွက်ထဲမှာပဲ နေပြီး ထွက်လာဖို့ ငြင်းနေတာပဲ။ စိတ်ပိုင်းဆိုင်ရာဒဏ်ရာကြောင့် ထင်ပါရဲ့ ဝိညာဉ်ချီ ပြန်ကောင်းမွန်လာပြီး အရွက်တွေ ပြန်ထွက်လာတာတောင် လူအဖြစ် မပြောင်းဘဲ မုန်လာဥအသွင်မှာပဲ နေနေတယ်။
“မုန်လာဥ၊ နင်ဘာလို့ အဲအပေါက်ထဲမှာ ဆက်နေနေတာလဲ၊ မြန်မြန် လူပုံစံပြောင်းစမ်းပါ”
ရှန်းရင် ရေလောင်းရင်း မုန်လာဥကို တလေးတနက် တိုက်တွန်းလိုက်တယ်။
“ကျီ” တကယ်ပဲ မမလေးက ငါ့ရဲ့ ပြီးပြည့်စုံတဲ့ အလှကို သဘောကျသေးတုန်းကိုး။
“နင် လူအသွင်မပြောင်းရင် သန့်ရှင်းရေးလုပ်ဖို့ လူလောက်မှာ မဟုတ်ဘူး”
“…” မုန်လာဥရင်ထဲ မြားစိုက်သွားသလိုပဲ။
ရှန်းရင် ဆက်တိုက်တွန်းဖို့ ပြင်နေတဲ့ဆဲဆဲ အနားကခြေသံတွေကိုကြားလိုက်ရတယ်။
“ဟမ် ငါ့ကို ဒီဘက်ဆီ လက်ညှိုးထိုးပြလိုက်ကြတာပါ၊ ဘယ်လိုလုပ် အဲလူကို ရှာမတွေ့နိုင်ရတာလဲ”
ဖုန်းယင် ကူယွဲ့ညွှန်ပြလိုက်တဲ့ လမ်းကြောင်းနောက်လိုက်လာတာ။ သူ အနီးနားက လူတစ်ယောက်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိပေမဲ့ဘယ်သူမှမမြင်တော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ သူ ဒီဂိုဏ်းချုပ်က ပုန်းပြီး မျက်နှာမပြတတ်တဲ့သူမျိုး ဖြစ်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ ဒါကြောင့် သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း အသုံးချလိုက်တော့တယ်။
“စနစ်၊ ငါ့ကို ဒီနေရာရဲ့ မြေပုံပေးစမ်း”
သူ ဂိုဏ်းချုပ်ကို ရှာမတွေ့နိုင်ဘူးဆိုတာ မယုံဘူး။
[တင်း ဝူတိဂိုဏ်းမြေပုံ ဖွင့်ပြီးပါပြီ၊ ပစ်မှတ် ရှာတွေ့ပါပြီ၊ အရှေ့ဘက် မီတာတစ်ရာ ခန့်မှန်းခြေ ၃၃ပေပါ]
“၃၃ပေလား” ဖုန်းယင် လှည့်ကြည့်လိုက်တယ်။ ဝိညာဉ်ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်မြေကွက်ဆီ တန်းတန်းမတ်မတ် ကြည့်ပြီး ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ပေမဲ့ ဘယ်သူမှရှာမတွေ့ဘူး။
“လူက ဘယ်မှာလဲ၊ စနစ် မင်း မှားနေတာလား”
“အာ… နင် ငါ့ကိုရှာနေတာလား” ရှန်းရင် မနေနိုင်ဘဲ မေးလိုက်တယ်။
“ဘယ်သူလဲ” ထိတ်လန့်သွားပြီး တစ်ခဏနေမှ ဝိညာဉ်ဆေးဖက်နွယ်ဝင်အပင်တွေကြား အိုးတစ်လုံးကို ကိုင်ထားရင်း အူကြောင်ကြောင်ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိနေတာ နားလည်သွားခဲ့တယ်။
မိန်းမတစ်ယောက်လား။
အံ့ဩမှင်တက်သွားပြီး သူ့မျက်နှာက တည်တင်းသွားကာ လေသံကျယ်ကျယ်ပြောလိုက်တယ်။
“မင်းက ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
“အင်း” ရှန်းရင် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်တယ်။
“နင်က ဘယ်သူလဲ”
“ကျုပ်ဘယ်သူလဲတဲ့လား” သူက အေးစက်စက်ရယ်ပြီး မျက်နှာက ထေ့ငေါ့မှုအပြည့်နဲ့။
“ဝိညာဉ်ဖမ်းမျှော်စင်၊ မင်း ဒီနာမည်ကို မှတ်မိလား”
“ဟင့်အင်း မှတ်မိဘူး”
ဖုန်းယင် ဒီလိုမျိုး မျက်နှာပြောင်တိုက်လွန်းပြီး တုံ့ပြန်မယ်မထင်ထားခဲ့တဲ့အတွက် တစ်ခဏတာ တောင့်ခဲသွားတော့တယ်။
“ဒါဆိုလည်း မင်းခုကစပြီး ဒီနာမည်ကို မှတ်ထားတာ ပိုကောင်းမယ်” သူ စကားပြောလေ ဒေါသပိုထွက်လာလေ ဖြစ်ပြီး စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။
“ကျုပ်က ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ မျှော်စင်သခင်ပဲ၊ လွန်ခဲ့တဲ့သုံးရက်ကဖြစ်သွားတဲ့ ကိစ္စအတွက် ဖြေရှင်းချက်တောင်းဖို့ ဒီကိုရောက်နေတာ”
“ဘာအဖြစ်အပျက်လဲ”
“မင်းငြင်းနေသေးတယ်ပေါ့ ဝိညာဉ်ဖမ်းမျှော်စင်ထဲ ကျူးကျော်လာပြီး ကျုပ်ရဲ့လူ ရာနဲ့ချီကို ရိုက်နှက်သွားတာ မင်းမဟုတ်ဘူးလို့ ပြောရဲလား”
“အင်း”
“မင်း…”
သူ မှင်တက်သွားတယ်။ တစ်ခါမှ ဒီလိုအရှက်မရှိတဲ့လူမျိုးနဲ့ မကြုံဖူးဘူး။ သူ ပြောသမျှစကားတိုင်းက ဒေါသပဲ ပိုထွက်အောင်လုပ်နေလို့ ဓားကို တန်းထုတ်ပြီး သူမဘက် ဦးတည်လိုက်တယ်။
“မင်းက တခြားသူတွေကို အဆုံးစွန်ထိအနိုင်ကျင့်နေတာပဲ၊ ကျုပ်ဝိညာဉ်ဖမ်းမျှော်စင်က ဆွေကြီးမျိုးကြီးမိသားစု မဟုတ်ပေမဲ့လည်း အနိုင်ကျင့်လို့ရမဲ့လူတွေတော့ မဟုတ်ဘူး”
သူ ဝိညာဉ်ချီတွေကို ချက်ချင်းဆင့်ခေါ်ပြီး မရေမတွက်နိုင်တဲ့ ဝိညာဉ်ဓားတွေ သူ့ပတ်လည်မှာ ပေါ်လာတော့တယ်။ အကုန်လုံးက ရှန်းရင်ဆီ တန်းတန်းမတ်မတ် ဦးတည်နေတာပေါ့။
“မင်း ကျင့်ကြံဆင့်မြင့်တာနဲ့ပဲ အထက်ထျန်းလန်လောကမှာ လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့၊ ဒီနေ့ ကျုပ် ဖုန်းယင်က တရားမျှတမှုကို ရှာဖွေသွားမယ်” သူ ဒီနောက် ကောင်းကင်စိတ်အာရုံကတစ်ဆင့် အတွေးတွေကို ပို့လွှတ်လိုက်တယ်။
“စနစ်၊ နိုင်တာသေချာမဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ချက်ချင်းရွေးပြီး ငါ့ရဲ့ စွမ်းရည်အားလုံးကို လှုံ့ဆော်လိုက်၊ ငါ ဒီဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဒီနေ့သင်ခန်းစာပေးမှဖြစ်မယ်”
ဖုန်းယင်က နမော်နမဲ့နိုင်တဲ့သူမဟုတ်။ သူ့ရဲ့ ကျင့်ကြံမှုက ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ တိုက်ရိုက်ယှဉ်လို့ရအောင် ရဲတင်းဖို့အတွက် အားနည်းနေလို့မဖြစ်ဘူး။ သူ အပူတပြင်း ဝူတိဂိုဏ်းကို လာခဲ့တယ်ဆိုပေမဲ့ တစ်ယောက်တည်း လာရဲမှတော့ လုံလုံလောက်လောက် ပြင်ဆင်မှုတွေလုပ်ခဲ့လို့ပေါ့။ အဲတော့ သူမက နတ်ဝိညာဉ်ကျင့်ကြံဆင့်တော့ရော ဘာဖြစ်လဲ။ သူ့နိုင်ဖဲအနေနဲ့ စနစ်သာရှိရင် သေချာပေါက် နိုင်မှာပဲ။ ပြီးတော့ ဒါက သူ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင်တဲ့ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး။
ဒါနဲ့ပတ်သက်ရင်တော့ သူ့မှာ ယုံကြည်ချက်အပြည့်ပဲ။ စကားဆုံးတဲ့နောက် စိတ်ထဲ ဘာစိုးရိမ်မှုမရှိဘဲ သူ့ဓားနဲ့တိုက်ရိုက်တိုက်ခိုက်လိုက်တယ်။ ပုံမှန်အတိုင်း သတိပေးသံတွေက သူ့နားထဲ မြည်လာတယ်။
[တင်း လက်ခံသူက အမြင့်ဆုံးစွမ်းရည်ကို လှုံ့ဆော်ပြီးပါပြီ၊ အချိန်ကန့်သတ်ချက်က ၁၅မိနစ် တစ်နာရီရဲ့လေးပုံတစ်ပုံပါ]
[တင်း ပြိုင်ဘက်ရဲ့ခွန်အားကို စစ်ဆေးနေပါတယ် အသင့်တော်ဆုံးကျင့်ကြံစဥ်နည်းလမ်းအတွက် အချက်အလက်ရင်းမြစ်ထဲက အချက်အလက်တွေနဲ့ စတင် ကိုက်ညှိနေပါတယ်]
[တင်း ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှု ရာခိုင်နှုန်း ။ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်း၊ ၁၀၀၀ ရာခိုင်နှုန်း… ¥%@¥@¥%@¥%¥%]
[တင်း တင်း တင်း ကိန်းဂဏန်းဇယား ကျော်လွန်သွားပါပြီ… အဓိကစွမ်းအင်တွေ လျှံကျနေပါတယ်… %@¥%@%@#¥%… ပိုပြီးမြင့်မားတဲ့ ဘုံလောကရဲ့ သက်ရှိ ဇီဝရုပ်ပါ]
[ခေါင်သူကြီးတစ်ယောက် ရှာတွေ့ပါတယ် အရေးပေါ် ဆောင်ရွက်မှုများစတင်ပါမယ်၊ တင်း အရေးပေါ်တာဝန် ။ ။ ကျေးဇူးပြု၍ ခေါင်သူကြီးအတွက် ဒူးထောက်ပြီး ဖိနပ်လျက်တဲ့ အရည်အချင်းတွေကို ပြသပါ]
ဘာ။
Σ(°△°|||)︴
ဖုန်းယင်ဓားက ရှန်းရင်နဲ့ မီတာဝက်အတွင်းထိ ရောက်နေပြီ။ သူ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားတာ ခံစားလိုက်ရတယ်။ သူ့ဒူးခေါင်းနှစ်ဖက်လုံး ပျော့ခွေပြီး မြေကြီးပေါ်ပြုတ်ကျသွားတယ်။ ခေါင်းကတော့ ဘေးကကျောက်တုံးပေါ် ပလွတ်ခနဲ ရောက်သွားပြီး ဂါဝရပြုရတော့တာပဲ။
ဖုန်းယင် ။ ။ “…”
ရှန်းရင် ။ ။ “…”
အာ… ငါတို့ ပထမဆုံးအကြိမ် စတွေ့ဖူးကြတာလေ။ ဒီလိုကြီးကျယ်တဲ့နည်းလမ်းနဲ့ ငါ့ကိုကြိုဖို့ မလိုဘူးမလား။
(⊙_⊙)
ကြက်သီးထစရာ တိတ်ဆိတ်မှုက တစ်နေရာလုံးကို လွှမ်းခြုံသွားခဲ့တယ်။
“စနစ်၊ သောက်ကျိုးနည်း မင်း ဘာလုပ်နေတာလဲ”
ဖုန်းယင် စိတ်ထဲ ဒေါသတကြီး ကြိမ်းဝါးပြီး ချက်ချင်း ကောင်းကင်စိတ်အာရုံကတစ်ဆင့် သူ့အတွေးတွေ ပို့လွှတ်တော့တယ်။
“ဘာလို့ ရုတ်တရက်ကြီး ငါဒူးထောက်နေရတာလဲ၊ ငါ့စွမ်းရည်တွေကို လှုံ့ဆော်ခိုင်းထားတယ် မဟုတ်လား၊ ဘာတွေဖြစ်နေတာလဲ”
[တင်း ပြိုင်ဘက်က ဒီဘုံလောကကို ကျော်လွန်တဲ့ နောက်ထပ်ကမ္ဘာက အဆင့်မြင့်သက်ရှိဇီဝရုပ်ပါ]
“သူ ဘာသက်ရှိဇီဝရုပ်မျိုးလဲဆိုတာ ငါဂရုမစိုက်ဘူးကွာ၊ ငါနားမလည်ဘူး၊ ဝိညာဉ်ဖမ်းမျှော်စင်အတွက် လက်စားချေပြီး သူ့ကို ပညာပေးချင်တာပဲရှိတာ]
[တင်း စနစ်ရဲ့ လုံခြုံရေးစည်းမျဉ်းတွေက ပိုပြီးမြင့်မားတဲ့ တည်ရှိမှုဖြစ်တဲ့ တစ်ဖက်သူကို လက်ခံသူက ရိုင်းစိုင်းတဲ့ အပြုအမူတွေလုပ်မှာ တားမြစ်ပါတယ်၊ အဲဒါကို သေတွင်းတူးတယ်လို့ ခေါ်ပါတယ်”
“မင်း ဘာဆိုလိုတာလဲ၊ ငါ သူ့ကို မနိုင်နိုင်ဘူးဆိုတဲ့ သဘောလား”
[တင်း အဆင့်မြင့် သက်ရှိဇီဝရုပ်ရှေ့မှာ လက်ခံသူကို စဉ်းစားတာက ။ ။ အမှိုက်ပါ]
“မဖြစ်နိုင်တာပဲ၊ မင်းမှာ တန်ဆာပလာတွေ အများကြီးရှိတယ် မဟုတ်ဘူးလား၊ ငါ ရှုံးစရာ နည်းလမ်း မရှိနိုင်ဘူးမလား”
[တင်း ဟီးဟီး…]
“…”
[တင်း မဖြစ်မနေထမ်းဆောင်ရန် တာဝန် ။ ။ ကျေးဇူးပြုပြီး မင်းရဲ့ ဖြူစင်ပြီး အန္တရာယ်မရှိတဲ့ ပုံရိပ်ကို ပြသဖို့ ခေါင်သူကြီးဆီမှာ ကောင်းမွန်တဲ့ အမြင်ကျန်အောင် ထားခဲ့ပါ၊ တကယ်လို့ တာဝန်ကျရှုံးရင် အပြစ်ပေးမှု လုပ်ထုံးလုပ်နည်းစတင်ပါမယ်]
“ဘာ မင်းက ငါ့ကို သူ့ဖိနပ် လျက်ခိုင်းနေတာလား၊ မဖြစ်နိုင်တာ သူက ငါ့ဝိညာဉ်ဖမ်းမျှော်စင်က လူတွေကို ဖျက်ဆီးသွားခဲ့တာလေ”
[တင်း ကျေးဇူးပြုပြီး ဆယ်စက္ကန့်အတွင်း တာဝန်စတင်ပါ၊ ကိုး… ရှစ်…]
“မင်းက ငါ့စနစ် မဟုတ်ဘူးလား၊ ဘာလို့ အပြင်လူကို ကူညီနေရတာလဲ”
[ခြောက်… ငါး… လေး…]
“ဟဲ့ ဟဲ့ ဟဲ့…”
“အဲဒါလေ…” ရှန်းရင် နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူမရှေ့မှာ အချိန်အကြာကြီး ဒူးထောက်နေတဲ့လူကို မနေနိုင်တော့ဘဲ လှမ်းပုတ်ပြီး ကြင်နာစွာနဲ့ သတိပေးလိုက်တော့တယ်။
“နင်တို့တွေ ဆွေးနွေးတာပြီးပြီလား”
စနစ် ။ ။ “…”
ဖုန်းယင် ။ ။ “…”
တစ်အောင့်အကြာ…
“မင်း… မင်း ကြားနိုင်တာပဲ” ဖုန်းယင် ရှန်းရင်ကို အံ့ဩမှင်တက်နေတဲ့ အကြည့်နဲ့ ခြေလှမ်းကျဲကြီးတစ်လှမ်း ပြန်ဆုတ်သွားခဲ့တယ်။
“ငါနားထောင်ချင်တာ မဟုတ်ပါဘူး” ရှန်းရင် သက်ပြင်းချလိုက်တယ်။
“ဒါပေမဲ့လေ… နင်တို့ အများသုံးပုံစံကို ပိတ်ဖို့ မေ့သွားခဲ့တာလား”
“…” ဘာသောက်ကျိုးနည်း အများသုံးပုံစံလဲ။
[တင်း စနစ် လူမိသွားပြီ စနစ် လူမိသွားပြီ စနစ် လူမိသွားပြီ]
ကြက်သေသေနေပြီး ဖုန်းယင် ပါးစပ်ဟောင်းလောင်းနဲ့ သူ့ရှေ့က အမျိုးသမီးကို ကြည့်ရင်း တုံ့ပြန်မှုထွက်မလာရှာတော့ဘူး။ စနစ်က သူ့ရဲ့ အကြီးမားဆုံး နိုင်ဖဲ။ ဒါတောင် ဒီလောက် အလွယ်လေး… ရှာတွေ့သွားတယ်… ရှာတွေ့သွားတယ်တဲ့…။
Σ(°△°|||) ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာခြင်း…
သူ့မျက်နှာ ယိုယွင်းပြီး စိတ်ဓာတ်ကျနေတာကို မြင်တော့ ရှန်းရင် သူ့ကို အဲလိုမျိုးမကြည့်ဘဲ မနေနိုင်တော့ဘူး။
“အဲ… ဝတ္ထုထဲမှာ စနစ်က အများသုံးမဟုတ်ဘူးလို့ ပြောထားတဲ့ပုံပဲ”
“…”
“ဘာမှမဖြစ်ဘူး၊ ငါမကြားခဲ့ဘူးလို့… ဟန်ဆောင်လိုက်ရင်ရော ဘယ်လိုလဲ”
“…”
“အာ၊ တကယ်တော့လေ ငါမကြားရရင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့ကို မနှုတ်ဆက်ဘူးလေ၊ စနစ်နဲ့ပဲ စကားစပြောပြီး အဲမှာအကြာကြီး ဒူးထောက်ရင်း ဟိုဟိုဒီဒီပြူးပြဲကြည့်နေတာ၊ နင် ကိုးရိုးကားယားနိုင်တယ်လို့ မခံစားရဘူးလား”
“…”
“နင် နင့်စနစ်နဲ့စကားပြောတဲ့ တခြားအချိန်တွေမှာလည်း တခြားသူတွေကို ဘေးမှာ ပစ်ထားတာလား”
“…”
“ဟဲ့… ငါမေးပါရစ၊ နင့်မှာလေ… သူငယ်ချင်း ရှိသေးရဲ့လား”
“…”
ဒုန်းဒုန်းဒုန်း။ သူ့နှလုံးသားထဲ ဓားချက်ပေါင်းများစွာ ထိုးစိုက်သံတွေကို ခပ်ရေးရေး ကြားလိုက်ရပြီး ရုတ်တရက် ရင်ဘတ်ထဲ နာကျင်မှုတစ်မျိုး ခံစားလိုက်ရတယ်။ ဘာတွေဖြစ်နေတာလဲ။
ငါ့မှာ သူငယ်ချင်းမရှိလည်း အဲတော့ ဘာဖြစ်လဲ။ အဲဒါ ဘယ်လိုလုပ် မင်းကိစ္စဖြစ်သွားတာတုံး။
ဝါးဝါးဝါး… သူငိုချင်လာပြီ…။
“ဟင်… မငိုပါနဲ့ဟဲ့”
“ဘယ်သူက ငိုနေလို့လဲ” ဖုန်းယင်ရဲ့ အရှက်က ဒေါသအဖြစ်ပြောင်းလဲသွားပြီး ပြန်ဟိန်းဟောက်လိုက်တယ်။ နောက်တော့မှ သူ့မျက်ရည်တွေက လှိုင်းတွေလို တဟုန်ထိုး စီးဆင်းလာတာနားလည်သွားခဲ့တယ်။ မျက်ရည်တွေ မျက်နှာပေါ်စီးကျလာရင်း သူ ခေါင်းခြောက်နေတော့တာပေါ့။
[တင်း ငိုကြွေးအလှဆောင်ရွက်မှုကို အလိုအလျောက် စနက်ပျိုးပေးလိုက်ပါပြီ၊ ကျေးဇူးပြုပြီး ခေါင်သူကြီးဆီက ပိုပြီးကောင်းမွန်တဲ့အမြင်ရအောင် ကူညီပေးပါတယ်]
“-ီးပဲ” သူ ချက်ချင်း သူ့ကောင်းကင်စိတ်အာရုံကနေ အသံလွှင့်တာကို လက်လျှော့ပြီး စိတ်ဓာတ်ကျစွာနဲ့ ဒေါသတကြီးပြောတော့တယ်။
“တော်လောက်ပြီ ဘာ ငိုကြွေးအလှလဲ၊ အခု အဲဒီမျက်ရည်တွေကို ပြန်သိမ်းပေးစမ်း”
[တင်း မဖြစ်မနေထမ်းဆောင်ရမဲ့တာဝန်ကို ဖျက်သိမ်းလို့မရပါဘူး]
“ဘိုးအေပဲ၊ မင်းက တကယ်ပဲ ဘယ်သူ့ရဲ့စနစ်လဲ”
ဒါပေမဲ့ သူ ဘယ်လောက် ပြန်တိုက်ခိုက်ပါစေ မျက်ရည်တွေက ကျဆင်းနေတုန်းပဲ — ရပ်ဖို့ နည်းလမ်း လုံးဝမရှိဘူး။ သူ မူးဝေဝေဖြစ်လာတဲ့ထိ ငိုခဲ့တာတောင် မျက်ရည်တွေက စီးကျတာရပ်သွားမဲ့ အရိပ်အယောင် မရှိဘူး။ ရုတ်တရက်ကြီး သူ လက်စားချေတာ၊ ဒေါသပေါက်ကွဲတာနဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာတွေအားလုံးက အမှိုက်တွေလို့ ခံစားလိုက်ရတော့တယ်။
သူ ရှန်းရင် ခြေသလုံးကို ပြေးဖက်ဖို့ ရှေ့တက်လာရင်း ပြောတော့တယ်။
“ခေါင်သူကြီး ဒါ ကျုပ်အမှားပါ၊ ဝူတိဂိုဏ်းကို စိန်ခေါ်ဖို့ ကျုပ်ကိုယ်ကျုပ် အထင်မလွန်ကဲခဲ့သင့်ပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒီတုံးအတဲ့စနစ် ရပ်သွားအောင် လုပ်ပေးလို့ရမလား၊ ကျုပ်ကို ဘာမဆိုလုပ်ခိုင်းနိုင်ပါတယ်၊ ဒီမှာ မျက်လုံးတွေကန်းတော့မယ်”
“…”
ဒီလိုနဲ့ပဲ ယိချင်းနဲ့ ကူယွဲ့ရောက်လာချိန် မြင်လိုက်ရတာကတော့ ဝိညာဉ်ဖမ်းမျှော်စင်အတွက် အပြတ်အသတ် လက်စားချေချင်နေတဲ့ မျှော်စင်သခင်က ရှန်းရင်ပေါင်ကို ဖက်ထားရင်း မြစ်တစ်စင်းလိုမျိုး ငိုချင်းချနေခဲ့တာပဲ။
နှစ်ယောက်သား ။ ။ “…”
သောက်ကျိုးနည်းကြီးဟ
…