အခန်း ၇၆ ။ ယွီမိသားစု၏ ထွက်ပြေးသွားသော အစေခံများ
စစ်ယွီ တံခါးအပြင်ထွက်ပြီးတော့ တစ်နေ့ခင်းလုံး အပြင်မှာရောက်နေထဲ့တယ်။ ရှန်းရင် စိုးရိမ်လာပြီး မုန်လာဥနဲ့ ယွီဟုန်ကို လိုက်ရှာခိုင်းပေမဲ့ နေဝင်တာတောင် တစ်ယောက်မှ ပြန်မလာဘဲ ကူယွဲ့ပဲ ပြန်ရောက်လာတယ်။ တစ်ခုခုများ ဖြစ်နေသလား သူမ သိချင်သွားတယ်။
ရှန်းရင် စဉ်းစားကြည့်လေ ပိုပြီးမသက်မသာ ဖြစ်လာလေပဲ။ ကိုယ့်ကိုယ်ကိုယ် နာကျင်ရတာကြိုက်တဲ့ကောင်ကများ အငြင်းခံရပြီးတော့ ဒေါသထွက်ပြီး သူတို့ကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်လိုက်တာများလား။
“ဒီနေ့ ယင်းမိသားစုက သခင်လေးနဲ့ ပတ်သက်တဲ့ တစ်ခုခုဖြစ်လားဆိုတာ သွားစုံစမ်းကြည့်”
ကူယွဲ့ မိန်းကလေးတွေထဲကတစ်ယောက်ကို ညွှန်ကြားလိုက်တယ်။ သူလည်း တစ်ခုခုတော့ လွဲနေတယ်လို့ ခံစားနေရပြီ။
ငါးမိနစ်အတွင်း တပည့်က တံခါးကနေ ပြေးလွှားဖြတ်သန်းကာ ပြန်ရောက်လာတယ်။
“ဂိုဏ်းချုပ်၊ ယင်းမိသားစုသခင်လေးက ဒီနေ့လယ်မှာ လူတစ်ယောက်ယောက်နဲ့ လုံးထွေးသတ်ပုတ်ခဲ့တယ်တဲ့၊ ကြားတာတော့ ဝိညာဉ်ဖမ်းမျှော်စင်က လူတွေလို့ကြားတယ်”
“ဝိညာဉ်ဖမ်းမျှော်စင်” ကူယွဲ့ အာမေဋိတ်သံပြုပြီး ချက်ချင်း ထရပ်လိုက်မိတယ်။
“သူတို့ကဘယ်သူတွေလဲ” ယိချင်းက မေးလာတယ်။
“သူတို့က ကောင်းတာလည်းမဟုတ် ဆိုးယုတ်တာလည်းမဟုတ်တဲ့ အဖွဲ့အစည်းပဲ”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“အဲအဖွဲ့အစည်းထဲကလူတွေက လျှို့ဝှက်ခြေသိုင်းမှာ ကျွမ်းကျင်ကြတယ်၊ အဆင့်မြင့် ကျင့်ကြံသူတွေတောင် သူတို့ကို လွယ်လွယ်နဲ့ အာရုံမခံနိုင်လူး၊ သူတို့ရဲ့ သတင်းအချက်အလက်ကွန်ယက်က ထျန်းလန်လောကသုံးခွင်အနှံ့ ကျယ်ပြန့်ပြီး ဂိုဏ်းအသီးသီးရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းချတဲ့နေရာမှာ ကျင်လည်ကြတာလို့ ကြားဖူးတယ်၊ ပိုက်ဆံတတ်နိုင်ရင် လိုချင်တဲ့ အချက်အလက်မှန်သမျှ ဝယ်လို့ရတယ်တဲ့၊ သူတို့ရဲ့အဓိက အဆောက်အဦက မြို့အနောက်ဘက်အခြမ်းမှာလေ”
“သူတို့က ကျွန်တော်တို့တပည့်တွေကို ဘာလို့ဖမ်းဆီးရတာလဲ”
“ကလေးမတွေက ငွေအများကြီးနိုင်ခဲ့လို့ တခြားသူတွေ မနာလိုဖြစ်တာနေမယ်”
ကူယွဲ့ တောက်ခေါက်ပြီး လက်ထဲက ပုလွေကို လှည့်လိုက်တယ်။
“ဒါပေမဲ့ သူတို့ မနာလိုရင်တောင် သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို စဉ်းစားသင့်တယ်၊ ငါတို့ဝူတိဂိုဏ်းက ဒီလိုအလွယ်တကူ အနိုင်ကျင့်ခံမယ်လို့များ တကယ်ထင်နေကြတာလား”
သူက စကားဆုံးတာနဲ့ ရှန်းရင်ကို လှည့်ပြောလာတယ်။
“ရှန်းရင်၊ ယိချင်းနဲ့ငါ ဝိညာဉ်ဖမ်းမျှော်စင်ဆီ ခရီးတစ်ခေါက်သွားလိုက်ဦးမယ်၊ ချက်ချင်းပြန်လာမှာပါ”
“အင်း ကောင်းပြီလေ” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ ရှောင်…”
ဒါပေမဲ့ သူမ စကားမဆုံးခင် ကူယွဲ့နဲ့ ယိချင်းက တံခါးအပြင်မှာ ပျောက်သွားပြီး မြို့အနောက်ခြမ်းကို ဦးတည်သွားတော့တယ်။ သူတို့တွေ ဖြေရှင်းဖို့ အသင့်ဖြစ်နေပြီ။
“…”
ခဏကြာသော်…
“ရှောင်ပိုင်”
“ဟုတ်ကဲ့ဂိုဏ်းချုပ်”
“ရှောင်ဟုန်နဲ့ မုန်လာဥ ထွက်သွားတုန်းက မြို့အရှေ့ခြမ်းဆီ သွားမှာလို့ ပြောခဲ့တယ်မဟုတ်လား”
“ပြောခဲ့တယ်… ထင်ပါတယ်”
“ဒါဆို ကူယွဲ့နဲ့ ယိချင်းက ဘယ်သူတွေကိုရှာဖို့ ကြိုးစားနေတာလဲဟေ”
“…”
——————
ရှန်းရင် ကူယွဲ့နဲ့ ယိချင်းနောက် လိုက်ရင်ကောင်းမလား စဉ်းစားနေရုံရှိသေး လူတစ်ယောက်က တံခါးအပြင်မှာ ပေါ်လာတယ်။ ဒီလူက ယင်းမိသားစုက လူတွေဝတ်တဲ့ ပုံမှန်အပြာရောင်ဝတ်ရုံဝတ်ထားတာ။ အသက်လေးဆယ်ငါးဆယ်အရွယ်လောက်ရှိပြီး အတော်လေး ရင်းနှီးနေတယ်။
“နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်ယိ” ဝတ်ရုံပြာလူက ရှန်းရင်ကို ဂါဝရပြုလာတယ်။
“ဟမ်” ရှန်းရင် တစ်ခဏ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီးမှ နာမည်ပျက်စာရင်းသွင်းခံရတဲ့ကိစ္စကို သတိရခဲ့တယ်။ သူမ အမြန် ကိုယ်ဟန်ပြန်ဖို့ပြီး ပြောလိုက်တာပေါ့။
“အော်၊ နင်က ငါ့ကိုပြောနေတာပဲ၊ ဟုတ်ပါတယ်၊ ငါက ဂိုဏ်းချုပ်ယိပါ”
“ကျွန်တော်က ယင်းမိသားစုရဲ့ ကျန့်ဖုန်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ပါ” အဲလူက အမြန်စမိတ်ဆက်ပြီး အင်မတန် အသည်းအသန်ဖြစ်နေတဲ့ပုံပဲ။
“ကျွန်တော့်မျိုးနွယ်စုခေါင်းဆောင်က ဂိုဏ်းချုပ်ယိကို ဟွားယွမ်မြို့က ယွီမိသားစုရဲ့ အိမ်ဆီ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
“ယွီမိသားစုလား” ရှန်းရင် အမူအရာက အူကြောင်ကြောင်ဖြစ်သွားတယ်။
“ဘယ်သွားပြီး ဘာလုပ်ဖို့လဲ”
“ကျွန်တော်တို့သခင်လေး၊ စစ်ယွီနဲ့ မိန်းကလေးယွီဟုန်တို့အားလုံး ယွီမိသားစုအိမ်ဆီ ရောက်နေပါတယ်”
“ဘာ” သူတို့ကို ဝိညာဉ်ဖမ်းမျှော်စင်ကလူတွေ ပြန်ပေးဆွဲသွားတာ မဟုတ်ဘူးလား။
“ကျွန်တော်လည်း ဘာဖြစ်သလဲဆိုတာ သေချာမသိပေမဲ့ ကိစ္စအသေးအမွှားလေးတော့ ဟုတ်ပုံမရပါဘူး၊ ကျွန်တော့်မျိုးနွယ်စုခေါင်းဆောင်က အခု အဲသွားတဲ့လမ်းမှာပါ၊ တကယ်လို့ ကျွန်တော်တို့ နောက်ကျရင်…”
“သွားကြစို့”
သူစကားမဆုံးခင် ရှန်းရင်က ဆိုင်ရှင်ကို လက်မောင်းကနေဆွဲခေါ်ပြီး မြို့ထဲက ထွက်ကာ သူညွှန်ပြရာဆီ ဦးတည်တော့တယ်။ ယင်းထျန်းမြို့နဲ့ ဟွားယွမ်မြို့က သိပ်မဝေးလှဘူး။ ရှန်းရင် မြန်မြန်ပြေးလာလိုက်တာ တစ်နာရီအတွင်း ယွီမိသားစုအိမ်လေးဆီ ရောက်လာခဲ့တယ်။
တံခါးဝမှာတော့ သူမ ယင်းဖုန်း၊ ရွှမ်းယွမ်ယွီတို့နဲ့ ဝင်တိုးသွားတယ်။
“တာအိုရောင်းရင်းယိ” ယင်းဖုန်းက ရှန်းရင်ကိုမြင်ချိန် အံ့ဩသွားတယ်။ သူ ဘယ်လိုလုပ် ဒီနေရာဆီ အဲလောက်မြန်မြန် ရောက်လာခဲ့ဝာာလဲ။
“ကြီးမြတ်တဲ့နတ်ဒေဝါ” ရွှမ်းယွမ်ယွီအမူအရာလည်း လုံးဝကို အံ့ဩသွားတဲ့ပုံ။ အဲအချိန် သူမဘေးမှာ အန်နေတဲ့ ဆိုင်ရှင်ကို လှမ်းကြည့်မိလိုက်တယ်။
“ဘာဖြစ်တာလဲ”
“ယွီမိသားစုကပြောတာ ယွမ်ဖေးက သူတို့မိသားစုက ထွက်ပြေးသွားတဲ့ အစေခံတွေကို ဖမ်းဆီးတာကနေ တားခဲ့တယ်တဲ့” ယင်းဖုန်းက ပြောရင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ ရှန်းရင်ကို မော့ကြည့်ပြီး အသံနှိမ့်လိုက်တယ်။
“အခု ယွမ်ဖေး၊ စစ်ယွီနဲ့ ယွီဟုန်တို့က အထဲမှာ၊ ဒါက အသင့်ဂိုဏ်းနဲ့ပတ်သက်နေတာဆိုတော့ ကျွန်တော် ဂိုဏ်းချုပ်ယိကို အကြောင်းကြားဖို့ လူလွှတ်လိုက်တာ၊ ဘာဖြစ်သလဲကတော့ အထဲဝင်ကြည့်မှပဲ သိရလိမ့်မယ်”
သူ စကားဆုံးတော့ အိမ်လေးဘက် လှည့်ဝင်သွားခဲ့တယ်။ ရှန်းရင်လည်း အနောက်ကလိုက်သွားတာပေါ့။
“ကြီးမြတ်တဲ့နတ်ဒေဝါရှန်း” ရွှမ်းယွမ်ယွီက အရှေ့ကိုပြေးလိုက်လာပြီး လှမ်းခေါ်လာတယ်။
“အင်း” ရှန်းရင် သူ့ဘက်လှည့်ကြည့်လိုက်တယ်။
သူ အားတင်းပြုံးလိုက်တယ်။
“အင်း… ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က အမြဲကမူးရှူးထိုးလုပ်တတ်ပြီး အသင့်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို သတိမထားမိပါဘူး၊ သူက အထဲကျရင် အသင့်ကို အပြစ်ပြုမိကောင်းပြုမိနိုင်ပါတယ်၊ ကျေးဇူးပြုပြီး သူ့ကိုစိတ်ရှည်သည်းခံပေးပါ ကြီးမြတ်တဲ့နတ်ဒေဝါ”
ယင်းဖုန်းက သူမကို အသိပေးထားတာ ကြားပြီးတော့ တစ်ခုခုဖြစ်မှာဆိုးလို့ အပြေးလာခဲ့တာ။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ဆွေကြီးမျိုးကြီးမိသားစုဝင် အပေါင်းအဖော်တွေပဲလေ။ ရွှမ်းယွမ်ယွီမိသားစု ဖြတ်သန်းခဲ့ရတဲ့ကိစ္စအပြီးမှာ ဒီကို အရောက်လာပြီး ယင်းမိသားစုကိုယ်စား အသနားခံတာ သင့်တော်တယ်လို့ တွေးမိခဲ့တယ်။
ရှန်းရင် ခေါင်းလေးကိုစောင်းပြီး မေးလိုက်တယ်။
“သူက အဲလောက်တောင် ဗဟုသုတနည်းတာလား”
“အာ… ဟုတ်ပါတယ်” ရွှမ်းယွမ်ယွီဝန်ခံလိုက်တယ်။
“ဒါကြောင့်… ကြီးမြတ်တဲ့နတ်ဒေဝါ ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ခွန်အားကိုထိန်းပေးလို့ရမလား”
ရှန်းရင် တုံ့ဆိုင်းသွားပြီးတဲ့နောက် ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီလေ ငါနင့်ကိုကတိပေးတယ်၊ ဘာပဲဖြစ်ဖြစ် ငါသူတို့နဲ့ အရင်ကျိုးကြောင်းညှိကြည့်မယ်”
“ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ ကျေးဇူးပါ ကြီးမြတ်တဲ့နတ်ဒေဝါ” ရွှမ်းယွမ်ယွီ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။
ယင်းမိသားစုနဲ့ ရွှမ်းယွမ်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်လုံးရောက်နေတာကြောင့်ထင် သူတို့သုံးယောက်ကို တားမဲ့သူမရှိ ဝင်လာလို့ရသွားတယ်။ အရှေ့ခန်းဆီ တန်းတန်းမတ်မတ် ဦးတည်လာခဲ့တာပေါ့။
“ရှင် အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ” သူတို့ အဝေးကနေ မိန်းကလေးစစ်ယွီရဲ့ စူးရှတဲ့အော်သံကို ကြားလိုက်ရတယ်။
“ဒီအချိန်ထိ ငြင်းရဲသေးတယ်ပေါ့” ဖြုံလောက်စရာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူရဲ့ ကြမ်းတမ်းတဲ့အသံက အခန်းအတွင်းမှာ ပဲ့တင်ထပ်နေတယ်။ တံခါးအထဲမှာတော့ ယင်းယွမ်ဖေးနဲ့ စစ်ယွီက ဒူးထောက်ဖို့ အတင်းခိုင်းခံထားရတဲ့ပုံမျိုး။
ယင်းဖုန်း အရှေ့ကို အပြေးသွားပြီး လူငယ်နှစ်ယောက်ကို ဆွဲထူကာမတ်တတ်ရပ်ခိုင်းလိုက်တယ်။ သူ သူ့သားဒဏ်ရာရမရ အသည်းအသန်စစ်ဆေးပြီးတော့ သူတို့မျက်နှာချင်းဆိုင်ကလူကို ဒေါသတကြီး လှည့်ကြည့်လိုက်တော့တယ်။
“ယွီမျိုးနွယ်စုခေါင်းဆောင်၊ ဒါဘာသဘောလဲ”
“အစ်ကိုယင်း ရောက်လာတာပဲ” ယွီမိသားစုမျိုးနွယ်စုသခင်ကပြုံးလေတယ်။ သူ ချက်ချင်း ဓားကိုချပြီး ခုလေးတင်ရောက်လာတဲ့ လူသုံးယောက်ကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ရွှမ်းယွမ်ယွီဆီရောက်သွားခဲ့တယ်။
“ဘယ်လိုလုပ်အစ်ကိုရွှမ်းယွမ်ပါ ဒီရောက်နေတာလဲ”
“ဂိုဏ်းချုပ်” စစ်ယွီက ချက်ချင်း ယင်းယွမ်ဖေးကို တွန်းထုတ်ပြီး ရှန်းရင်နား ပြေးသွားတော့တယ်။ သူမက ရှန်းရင်ဝတ်ရုံလက်ကိုဆွဲပြီး ခံပျင်းစွာနဲ့ ငိုတော့တယ်။
“ဆရာတူအစ်မဟုန်… သူတို့ မမဟုန်ကို ဖမ်းသွားတယ်”
ရှန်းရင် မျက်မှောင်ကြုတ်ပြီး နဖူးကိုပွတ်လိုက်မိတယ်။ သူမ စစ်ယွီကို အနောက်ပို့ပြီး အခန်းထဲကလူတွေကို စစ်ဆေးကာ အသံကို နှိမ့်မေးလိုက်တယ်။
“ဘာဖြစ်ခဲ့တာလဲ”
ရွှမ်းယွမ်ယွီကတော့ သူမကို ဒီလိုပုံစံမျိုးမြင်ပြီး တုန်နေပြီ။ ကံကောင်းတာက သူတို့မဝင်လာခင် သူ ကြိုစကားပြောခဲ့လို့ပေါ့။
သူ လှည့်ကြည့်လိုက်တော့ အခန်းထဲမှာ ထိုင်နေတဲ့လူတချို့ရှိနေတာမြင်လိုက်ရတယ်။ သူတို့ခေါင်းဆောင်က ယွီဟိုင်ဟုန်ဖြစ်ပြီး အသက်အရွယ်အမျိုးမျိုးနဲ့ ကျင့်ကြံသူငါးယောက် ဝိုင်းထားတယ်။ သူတို့အားလုံးက ယွီမိသားစုရဲ့ ခရီးသွားမသေမျိုးတွေ။
ယွီမိသားစုမျိုးနွယ်စုခေါင်းဆောင် ယွီဟိုင်ဟုန်က ရှန်းရင်ကို လျစ်လျူရှူထားတယ်။ အသိအမှတ်ပြုဖို့ အလုပ်တောင်အရှုပ်မခံဘူး။
ယင်းဖုန်းက ယွီဟိုင်ဟုန်ကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“မျိုးနွယ်စုခေါင်းဆောင်ယွီ၊ ဘာဖြစ်ခဲ့သလဲဆိုတာ မရှင်းပြတော့ဘူးလား၊ ကျုပ်ယင်းမိသားစုက ခင်ဗျားရဲ့ယွီမိသားစုကို ဘယ်လိုမျိုး အပြစ်ပြုမိလို့ ကျုပ်သားကို ဒီလိုအခြေအနေထားရတာလဲ”
“မျိုးနွယ်စုခေါင်းဆောင် ယင်း ခင်ဗျားအထင်လွဲနေပြီ” ယွီဟိုင်ဟုန်က ဟာသမမြောက်စွာရယ်ပြီး နည်းနည်းလေးတောင် ကြောက်တဲ့ပုံမပေါ်ဘူး။
“ကျုပ်တို့က ခင်ဗျားတို့ယင်းမိသားစုအပေါ် ရန်ရှာတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားမိသားစုရဲ့ သခင်လေးက ဒီထွက်ပြေးသွားတဲ့ကျွန်ကို အတင်းကာကွယ်ပေးနေတာမို့ ကျုပ်တို့လည်း ရွေးစရာမရှိတော့ဘဲ ခင်ဗျားသားကို ဒီနေရာဆွဲခေါ်လာခဲ့ရတာ”
“အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ၊ ဘယ်သူက ယွီမိသားစုရဲ့ ထွက်ပြေးသွားတဲ့အစေခံလဲ”
ယင်းဖုန်းမတုံ့ပြန်နိုင်ခင် ယင်းယွမ်ဖေးက ဝင်ပြောတော့တယ်။
“စစ်ယွီက ဟိုတလောကကပြိုင်ပွဲရဲ့ ရွှေအမြုတေအဆင့်မှာ ဗိုလ်စွဲသူဆိုတာ ဘယ်သူမသိလို့လဲ၊ ဘယ်တုန်းက ယွီမိသားစုရဲ့အစေခံဖြစ်လို့လဲ”
…