အခန်း ၆၆ ။ ဘာသာရပ်အားလုံး၏ဆရာ
ညဘက်။
ရှန်းရင် အိပ်ဖို့ ဖြားယောင်းမှုကို မတွန်းလှန်နိုင်တော့ဘဲ တဖြည်းဖြည်း မျက်ခွံတွေ လေးလံလာခဲ့တယ်။ ဒါပေမဲ့ သူမ အိပ်ပျော်တော့မဲ့ဆဲဆဲမှာတင် ရုတ်တရက် ဖျတ်ခနဲမျက်လုံးပြူးပြီး ပြတင်းပေါက်အပြင်မှာ တောက်ပနေတဲ့လရောင်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်တယ်။ သူမ ရွေးစရာမရှိဘဲ နေရာကနေ ထလိုက်ပြီး ညာဘက်က ပြတင်းပေါက်ကို တွန်းဖွင့်ကာ အဲဒီအပြင်ဘက်မှာ တိုင်လျိုးမတ်မတ်ရပ်နေတဲ့ လူဆီ စကားလှမ်းပြောလိုက်တယ်။
“စားဖိုမှူး နင် အဲနေရာမှာ ဘယ်လောက်ကြာတဲ့ထိ ရပ်နေဖို့ ရည်ရွယ်ထားတာလဲ”
ယိချင်းက တုံ့ဆိုင်းသွားပြီး ချက်ချင်း ပိုတောင် မတ်မတ်ရပ်သွားကာ တလေးတနက်ဖြေကြားလာတယ်။
“ဆရာ စိတ်ချပါ၊ ကျွန်တော် ဒီနေရာကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်မှာပါ၊ ဘယ်သူမှ ဆရာ့ကို ထပ်လာမနှောင့်ယှက်စေရပါဘူး” သူ့မျက်စိရှေ့မှာတင် သူမကို လာအလစ်သုတ်ရဲဦးမဲ့သူ ရှိနေသေးမယ်လို့တော့ မယုံဘူး။
“ဟင်း၊ ရှောင်ဟုန်တို့ကို ဂိုဏ်းထဲ တရားဝင်လက်ခံပြီးပြီလေ၊ အဲတော့ သူတို့က ဒီကိုညဘက်ကြီး လာတော့မှာ မဟုတ်ပါဘူး”
“ဆရာ လူတစ်ယောက်ရဲ့ နှလုံးသားဆိုတာ အမြဲခန့်မှန်းရခက်သလို ဆိုးယုတ်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် သတိထားဖို့လိုတယ်” သူက အတည်ပေါက်ကြီး ဆက်ပြောလာတယ်။
“အရင်က ဆရာပြန်ပေးဆွဲခံရတာ တပည့်အပြစ်ပါ၊ တတိယတစ်ကြိမ် ဒီလိုအမှားမျိုး အဖြစ်မခံတော့ဘူး”
“ဒါပေမဲ့ ငါ့ပြတင်းပေါက်မှာ နေ့တိုင်းရပ်တာက ဖြေရှင်းချက်မဟုတ်ဘူးလေ၊ နင် မနက်စာပြင်ဖို့ မနက်စောစော ထရသေးတယ်မလား”
“ဆရာ မစိုးရိမ်ပါနဲ့၊ တပည့်က မပင်ပန်းပါဘူး”
ဒါပေမဲ့ ငါကတော့ပင်ပန်းတယ်လေ!
ရှန်းရင် နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်တယ်။ ပထမဆုံးအကြိမ် သူ့စားဖိုမှူးက ဘယ်လောက်တောင် ခေါင်းကြောမာလဲ သဘောပေါက်သွားခဲ့တော့တယ်။ သူမ ပြတင်းပေါက်နေ ခုန်ထွက်ပြီး ဘေးကထိုင်ခုံဆီ ဆွဲခေါ်သွားလိုက်တယ်။
“စားဖိုမှူးရယ်၊ နင် ဒီလို ညသန်းခေါင်ကြီး မအိပ်ဘဲ ဒီနေရာမှာ ဆက်ပြီးရပ်နေမယ်ဆိုရင် ငါအနားယူဖို့ စိတ်ထဲမကောင်းဘူးလေ၊ တစ်ယောက်ယောက်လာရင် နင့်ကိုလှမ်းခေါ်ဖို့ ကတိပေးရင်ရော”
“ဒါပေမဲ့… ဆရာက အိပ်မောကျသွားတာနဲ့ မိုးကြိုးသံတောင် ဆရာ့ကို မနှိုးနိုင်ဘူးလေ”
“အာ….” ဘယ်လိုအမှိုက်ပါလိမ့်။
“ဘယ်သွားမလဲ မကြည့်တဲ့ နောက်ထပ်လူတစ်ယောက်က ဆရာ့ကို ထပ်ပြီးပြန်ပေးဆွဲသွားရင်ရော၊ ကျွန်တော်ဒီနေရာမှာ စောင့်ကြပ်တာ ပိုဘေးကင်းတယ်”
“…” သူက အဲလောက်တောင် လွယ်လင့်တကူ ပြန်ပေးဆွဲခံရတဲ့ ကလေးမမို့လို့လားဟေ။
ယိချင်းစကားပြောလေ မတ်တတ်ရပ်စောင့်ကြပ်ဖို့ လိုအပ်တယ်လို့ ခံစားရလာလေပဲ။ သူ ပြတ်ပြတ်သားသား ရပ်တည်ချက်ကို ဆွဲကိုင်လိုက်တယ်။
“ဆရာ အရင်အနားယူပါ၊ ကျွန်တော် ဆရာအိပ်စက်မှာကို မနှောင့်ယှက်ပါဘူး”
နင် ငါ့ကို နှောင့်ယှက်ပြီးနှင့်သားလေ။
သူမအကြံပေးချက်ကို နာမခံဘဲ တံခါးဘေးမှာ စိတ်နှစ်ပြီး စောင့်ကြပ်ချင်နေတဲ့ ဒီလူ့ကိုကြည့်ကာ ရှန်းရင် ခေါင်းကိုက်လာတော့တယ်။ သူမ သက်ပြင်းရှည်ကြီးချကာ တစ်ခဏ စဉ်းစားပြီးတဲ့နောက် မရမနေ တစ်ခုခုတော့ ပြောလိုက်တယ်။
“ငါ ရှောင်ဟုန်နဲ့ကလေးမတွေကို ငါ့တပည့်အဖြစ် လက်မခံဘူး၊ အဲလိုဆိုအဆင်ပြေလား!”
သူက လှည့်ကြည့်လာတယ်။
“ပြီးတော့ အနာဂတ်မှာလည်း တခြားဘယ်တပည့်မှ လက်မခံဘူး” သူမ ထပ်ဖြည့်ပြောလိုက်တယ်။
တကယ်ကို သူ့အကြည့်က ကောင်းကင်ယံက ကြယ်ပွင့်တွေလိုမျိုး ချက်ချင်းတောက်ပသွားလေရဲ့။
“တကယ်လား”
“အေး” သူမ ခေါင်းညိတ်ပြလိုက်တယ်။ သူတို့ ဟင်းပွဲတွေက နင့်ဟာလောက် အရသာမရှိဘူးလေ။
“အခု နင် သွားပြန်အိပ်လို့ရပြီလား”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ”
ယိချင်း ချက်ချင်းထရပ်ပြီး ဝမ်းသာစွာနဲ့ ခြံဝန်းထဲက ထွက်သွားတော့တယ်။ သူ့ခြေလှမ်းတွေက ဆုကြီးတစ်ခုကို အနိုင်ရထားသလိုမျိုး သွက်လက်နေပြီး တံခါးဘေးကနေ တစ်ဖက်လှည့်သွားကာ ပျောက်ကွယ်သွားတော့တယ်။
ရှန်းရင် ။ ။ “…”
အတော်လေး ဂုဏ်ယူစိတ်ကြီးဝင်နေတဲ့ စားဖိုမှူးတစ်ယောက်ရှိတာလည်း ပြဿနာတစ်ခုပဲ။ ကြည့်ရတာတော့ အနာဂတ်မှာ ဟင်းအရသာတွေ ပြောင်းလဲတော့မဲ့ပုံ မပေါ်ဘူး။
——————
အခုတလော မိစ္ဆာဘုံတစ်ခုလုံး အင်မတန် အလုပ်ရှုပ်နေပါတယ်။ မိစ္ဆာတွေအားလုံး ရှင်းပြရခက်လောက်အောင် ပြိုကျသွားတဲ့ ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ အနောက်ဘက်နန်းဆောင်ကို ပြန်လည်တည်ဆောက်ဖို့ ကူညီရင်း မအားမလပ်ဖြစ်နေကျတယ်။ ရှန်းရင်ကတော့ တစ်နေ့လုံးမျိုစို့ရင်း အလုပ်ရှုပ်နေချိန် ကူယွဲ့ကတော့ တပည့်သစ်တွေကို နည်းပြရင်း အလုပ်များနေတယ်။ နဂိုတုန်းက ယိချင်းက မှော်အတတ်သင်ကြားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပါဝင်ခဲ့ပေမဲ့ အခုတော့ ရိုက်ချက်ပြင်းပြင်း ကြုံတွေ့ခဲ့ရတဲ့ပုံပဲ။ အဲဒီတပည့်တွေ ဂိုဏ်းဆီဝင်လာတဲ့ ဒုတိယနေ့ကစပြီး ရှန်းရင်အိမ်ဘေးမှာ ယာယီမီးဖိုချောင်တစ်ခု အပိုင်းကန့်ပြီး အားကြိုးမာန်တက် ဟင်းလျာအသစ်တွေ စမ်းသပ်နေတော့တယ်။ ဘယ်သူမှ သူထွက်လာအောင် မလုပ်နိုင်တော့ဘူး။
ကူယွဲ့လည်း စားဖိုမှူးအမတအဖြစ်ပြောင်းလဲသွားတဲ့ ဒီဓားအမတအပေါ် မျှော်လင့်ချက်အားလုံး ကုန်ခမ်းသွားတယ်။ ပြီးတော့ သူ ရှန်းရင်ကိုလည်း ကူညီခိုင်းလို့မရဘူး။ မဟုတ်ရင် ဒီအစားသရဲက စားဖိုမှူးအထူးပြုသင်တန်းအသစ်တစ်ခုလုံးသာ ပို့ချလောက်တယ်။ သူလုပ်နိုင်တာက အံကိုကြိတ်ပြီး သင်ကြားရေးတာဝန်ယူဖို့ပဲ။
သင်ခန်းစာပထမဆုံးနေ့မှာတော့ သူတို့အားလုံးရဲ့ ကျင့်ကြံမှုမှော်အတတ်ကို ဂရုတစိုက် စစ်ဆေးပြီးတဲ့နောက် ထိတ်လန့်အံ့ဩသွားခဲ့ရတယ်။ တပည့်ကိုးယောက်လုံးရဲ့ ဝိညာဉ်ကြောတွေက အပြည့်ရှိမနေဘူး။ သူတို့မှာ တကယ်ကို အလားအလာကောင်းရှိခဲ့တယ်ဆိုတာ မြင်နိုင်ပေမဲ့ ရိတ်သိမ်းဖို့အတွက် ဝိညာဉ်ချီအများအပြား အတင်းအကြပ်စိမ့်ဝင်ခဲ့မှုက သူတို့ရဲ့အုတ်မြစ်တွေကို ဆိုးဆိုးဝါးဝါးထိခိုက်စေခဲ့တယ်။ ပြီးတော့ သူတို့ခန္ဓာကိုယ်ထဲက သွေးကြောတွေက အရမ်းကိုရှုပ်ယှက်ခတ်နေပြီး တချို့ဆို အဆိပ်တွေတောင် ပါနေတယ်။ ကျင့်ကြံဖို့ကို အသာထားဦး၊ သူတို့ဒီနေ့ထိ အသက်ရှင်နေခဲ့တာတင် အံ့အားသင့်စရာဖြစ်နေပြီ။
ကံကောင်းချင်တော့ ဝူတိဂိုဏ်းမှာက တောရိုင်းတောင်တန်းတွေတစ်လျှောက် ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ ပေါကြွယ်ဝတယ်။ ဒါကြောင့်မို့ သူတို့ကျန်းမာရေးကို ပြန်ပြုစုစောင့်ရှောက်ပေးဖို့က အချိန်ပဲလိုအပ်တာ။ တစ်ခုတည်းသောပြဿနာက သူရောယိချင်းပါ ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေမဟုတ်ကြဘူး။ ဒါကြောင့် သူတို့ မိန်းကလေးတွေရဲ့ ပျက်စီးထားတဲ့ အုတ်မြစ်တွေကို နဂိုအတိုင်းပြန်ဖြစ်လာအောင် မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ကျင့်ကြံစဉ်နည်းလမ်းတွေကို သင်ယူဖို့ဆိုတာ သူတို့အတွက် နောက်ပိုင်းကျရင် ပိုတောင်ခဲယဉ်းလာမှာ။ အနာဂတ်မှာလည်း ဆက်ပြီးတိုးတက်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဓားကျင့်ကြံခြင်းကို ပြောင်းလဲဖို့ အခွင့်ကောင်းပဲ။
နဂိုတုန်းက အဲဒီတပည့်တွေဟာ လူသားမီးပြင်းဖိုတွေအဖြစ် ငယ်ငယ်လေးတည်းကနေ ပျိုးထောင်ခံခဲ့ရတယ်။ ဒါကြောင့် သူတို့သင်ကြားခဲ့ရသမျှအားလုံးက ပိုပြီးညင်သာတဲ့ မှော်အတတ်အမျိုးအစားတွေပဲ။ သူလည်း တခြားကျင့်ကြံသူ အမျိုးအစားတွေနဲ့ မရင်းနှီးတာမို့ တကယ်လို့ သူတို့အုတ်မြစ်တွေသာ အကောင်းအတိုင်းရှိနေသေး၍ သူ သိပ်ပြီးသင်ပေးနိုင်လောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကိုသုံးပြီး ဓားကျင့်ကြံသူတွေဖြစ်လာအောင် ပြောင်းလဲလိုက်ရင်ရော။ ဓားကျင့်ကြံခြင်းနဲ့ မှော်အတတ်က ကွဲပြားတယ်။ ဓားကျင့်ကြံခြင်းဆိုတာ နည်းနိဿယနဲ့ ဓားဆန္ဒကို နားလည်နိုင်စွမ်းအပေါ် မူတည်တဲ့အရာပဲ။ ဒါကြောင့် သူတို့အုတ်မြစ်တွေပျက်စီးနေတုန်း ဓားကျင့်ကြံသူလမ်းစဉ်ပေါ် လျှောက်လှမ်းလို့ရနိုင်လောက်တယ်။
သာမန်ကျင့်ကြံသူတွေ၊ ပြီးတော့ တခြားဓားကျင့်ကြံသူတွေထက်တောင် အများကြီး ပိုခဲယဉ်းတဲ့ အချိန်ရှိနိုင်ရုံပဲ။ ကူယွဲ့ နုနုဖတ်ဖတ်ပုံပေါက်နေတဲ့ မိန်းကလေးတွေကို ချီတုံချတုံဖြစ်မှုတချို့နဲ့ လှမ်းကြည့်လိုက်တယ်။
“ဆရာသခင် မစိုးရိမ်ပါနဲ့၊ ကျွန်မတို့ ပင်ပန်းဆင်းရဲမှုကို မကြောက်ပါဘူး” သူ ဘာစိုးရိမ်နေလဲ သိတော့ ယွီဟုန်က ခိုင်ခိုင်မာမာဆုံးဖြတ်ချက်နဲ့အတူ ရှေ့တက်လာခဲ့တယ်။
“ကျွန်မတို့ လောကကြီးထဲက အကြမ်းတမ်းဆုံးအရာကိုတောင် ကြုံတွေ့ခဲ့ပြီးပြီပဲ၊ ဘာကြောက်စရာရှိသေးလို့လဲ”
ကူယွဲ့ သူတို့ကို နောက်တစ်ခေါက် လေ့လာပြီးတော့ မျက်ခုံးတွေပြေလျော့သွားခဲ့တယ်။ ကြည့်ရတာတော့ သူကမှ အဲဒီကလေးမတွေကို လျှော့တွက်မိခဲ့သူဖြစ်နေတာပဲ။ ဒီလိုငရဲဆန်တဲ့ အခြေအနေမျိုးတွေကို ရှင်ကျန်ဖြတ်သန်းနိုင်ခဲ့ပြီး အလျှော့မပေးဘဲ စိတ်နှလုံးသားစစ်မှန်စွာ နေခဲ့တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ ဒီလိုစမ်းသပ်မှုအဆင့်ကို ဘယ်လိုလုပ် ကြောက်ရွံ့ကြမှာလဲ။
“ကောင်းပြီ! ဒီနေ့ကစပြီး မင်းတို့အားလုံးက ငါ့ဝူတိဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေပဲ”
ကူယွဲ့ လက်ယမ်းပြလိုက်ပြီး ဝိညာဉ်ဓားတချို့ကို ဆင့်ခေါ်ကာ မိန်းကလေးတွေရှေ့ နေရာချပေးလိုက်တယ်။
“မင်းတို့အားလုံး ဓားသိုင်းတွေရဲ့ အခြေခံအကျဆုံးကနေ သင်ယူဖို့လိုတယ်”
“ဟုတ်ကဲ့!”
အားလုံး ပြိုင်တူ ဖြေလိုက်ကြတယ်။
အဲအချိန်ကစပြီး တစ်ချိန်တစ်ခါက အလယ်ထျန်းလန်လောကရဲ့ ထိပ်တန်းဓားကျင့်ကြံသူ ဆရာသခင်ကူယွဲ့ဟာ ရောဂါကုသပြီး ဓားသိုင်းတွေသင်ကြားပေးတဲ့ ခရီးကြီးကိုစတင်ခဲ့ပါတော့တယ်။ ဒါက တကယ့်ကို ကလေးထိန်းလို ဘဝမျိုးပဲ။ ရုတ်တရက် တိတ်ဆိတ်လှတဲ့ ဝူတိဂိုဏ်းက ပိုအသက်ဝင်လာပြီး ဓားတွေဝှေ့ယမ်းနေတဲ့ လူပုံရိပ်တွေကို မကြာခဏ မြင်နိုင်လေတယ်။
ကူယွဲ့ အစတုန်းက ဒီတပည့်တွေအတွက် အများကြီး မမျှော်လင့်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဓားကျင့်ကြံသူ အင်မတန်ရှားပါးရတာက လူတွေ ဒီကျင့်ကြံစဉ်နည်းလမ်းကို သင်ယူဖို့ လိုအပ်ချက်တွေက အတော်လေးကိုမြင့်မားလို့ပဲ။ တိတိကျကျပြောရရင် ဓားတာအိုအပေါ် သူတို့ရဲ့ နားလည်နိုင်စွမ်းက သာမန်ထက် လွန်ကဲဖို့လိုတယ်။ မွေးရာပါဓားသရုပ်သကန်နဲ့ မွေးဖွားလာတဲ့ ယိချင်းကလွဲရင် တွေ့မြင်ရတဲ့အတိုင်း အလယ်ထျန်းလန်လောကတစ်ခုလုံးမှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဓားကျင့်ကြံသူ သူတစ်ယောက်တည်းရှိပြီး ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ နတ်ဝိညာဉ်အဆင့်ကိုတောင် ရောက်ရှိအောင်မြင်နိုင်တဲ့သူတွေကို ကြုံဆုံရဖို့ အင်မတန်ရှားပါးလေတယ်။ ပြီးတော့ ဒီအချက်က ပါရမီရှင်ထူးချွန်သူတွေ ပေါများတဲ့ အထက်ထျန်းလန်လောကအတွက်တောင် မှန်နေလေတယ်။ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းကြောင်းဟာ အင်မတန်ခဲယဉ်းတယ်ဆိုတာ ပြောဖို့တောင်မလိုဘူး။
သူတို့ကို ဓားကျင့်ကြံသူအဖြစ် ပြောင်းခိုင်းတာကနေ သူစတင်ခဲ့တယ်။ မျှော်လင့်ချက်ပေးတာအပြင် ဒါက အနာဂတ်မှာ ရန်သူတွေကို ကိုယ်တွယ်ဖို့ သူတို့ကိုနောက်ထပ်နည်းလမ်းတစ်မျိုး ပညာရပ်ပေးဖို့လည်းဖြစ်တယ်။
သူ့ကိုအံ့အားသင့်စေခဲ့တာကတော့ သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်ပဲ။ အတိအကျဆိုရရင်တော့ သူတို့က ကိုယ့်အခြေအနေကိုကိုယ် နားလည်တဲ့အတွက် နေ့တိုင်း နေ့ရောညပါ ပိုကြိုးစားပြီး မရပ်မနားလေ့ကျင့်လေတယ်။ လအနည်းငယ်အတွင်းမှာတင် အဆင့်တစ်မှာတစ်နေခဲ့တဲ့ သူတို့ရဲ့ ကျင့်ကြံမှုက တကယ်ကြီး တဖြည်းဖြည်းတိုးတက်လာတဲ့ အရိပ်အယောင်တွေ ပြလာခဲ့တာဟာ အမှန်တကယ်ကို အံ့ဩစရာပဲ။ ကူယွဲ့ နှလုံးသားအောက်ခြေကနေပါ ဂုဏ်ယူမှုကိုခံစားလိုက်ရတယ် — ဓားကျင့်ကြံသူတွေဖြစ်လာဖို့ သူ သင်ပေးနေရတဲ့ တကယ့်ကို သူ့တပည့်တွေပဲ။
သူ မပျော်မရွှင်ဖြစ်ရတဲ့ တစ်ခုတည်းသောအချက်က သူတို့ကို သူသင်ပေးခဲ့တာတောင် ရှန်းရင်ကို ကြည့်တဲ့အချိန်တိုင်း သူတို့အကြည့်တွေက တခြားသူတွေအားလုံးကိုကြည့်တဲ့အကြည့်တွေထက် ပိုပြီးလေးစားသမှုရှိနေတယ်။ သူမ အပျင်းပြေလမ်းလျှောက်ဖို့ မုန်လာဥကိုခေါ်လာရင်း တိုက်တိုက်ဆိုင်ဆိုင် ဆုံကြရင်တောင် မိန်းကလေးတွေအားလုံးရဲ့အကြည့်က ထိန်းချုပ်မရဘဲ သူမဆီ လှည့်ကုန်ကြတယ်။ သူတို့ရှေ့ရပ်နေတဲ့သူ့ကြောင့်သာမဟုတ်ရင် လက်မှတ်တွေ အသည်းအသန်သွားယူပြီး အားကျလေးစားတဲ့ မျက်နှာအမူအရာတွေနဲ့ အတူတူ ဓာတ်ပုံတွဲရိုက်လောက်တယ်။ တစ်ခဏအတွင်း ဦးနှောက်ပျက်နေတဲ့ ပရိသတ်တွေဖြစ်လာမဲ့ နိမိတ်ပဲ။
ဒါနဲ့ပတ်သက်ပြီး သူ တစ်ခုတည်းပဲ ပြောချင်ပါတယ် ။ ။ အကျိုးနည်း ဒီcheatကတော့!
…