ERSY အခန်း ၆၄

အခန်း ၆၄ ။ တစ်ခုဝယ် တစ်ခုအလကားရ

ယွီဟုန် အသက်ပြင်းပြုင်းရှူလိုက်တယ်။ သူမက သူတို့ကိုဦးဆောင်ခေါ်သွားတဲ့ အမျိုးသားနောက် သတိကြီးလိုက်နေရင်း တခြားမိန်းကလေးတွေလို ဝမ်းသာပုံပေါ်နေတယ်။ သူတို့လမ်းတော်တော်များများ ဖြတ်သန်းခဲ့ရပေမဲ့ ဘာကြောင့်မှန်းမသိ သူတို့လမ်းလျှောက်လေလေ သူတို့ပတ်ဝန်းကျင်က ပိုပြီးလူများ‌လာလေပဲ။ အဲလူက သူတို့ကို လူသူကင်းမဲ့တဲ့နေရာဆီ ခေါ်သွားတာမဟုတ်ဘဲ အဲအစား မြို့ရဲ့ပိုစည်ပင်တဲ့အပိုင်းဆီ ခေါ်သွားပြီး နောက်ဆုံးတော့ ခမ်းနားတဲ့ဂေဟာတစ်ခုရှေ့မှာ ရပ်သွားလေတယ်။

သူမရင်ထဲ အခြေအနေမဟန်မှန်းသိသွားပြီး အောင်မြင်လုနီးပါးအပျော်ကနေ ချက်ချင်း နိုးသွားခဲ့တယ်။ သူမ ချက်ချင်း ဝိညာဉ်ဓားကို ဆင့်ခေါ်ပြီး သူတို့အရှေ့ကလူကို တိုက်ခိုက်တော့တယ်။

“နင် ငါတို့ကိုလိမ်တယ်ပေါ့”

လန့်သွားပြီး အဲလူကပေပေါင်းရာနဲ့ချီ ပြန်ဆုတ်သွားတာ ဓားကို ရှောင်နိုင်ခဲ့တယ်ဆိုရုံလေးပဲ။

“သွားကြရအောင်” ယွီဟုန် အဲလူနောက်လိုက်ပြီး အချိန်ကုန်ခံလို့မဖြစ်ဘူး။ အဲအစား သူမ အားလုံးကို ထွက်ခွာဖို့ လှည့်အော်လိုက်ပေမဲ့ နောက်ကျသွားလွန်းပြီ။

ခမ်းနားတဲ့ဂေဟာရဲ့တံခါးတွေက ရုတ်ချည်းပွင့်သွားပြီး သဏ္ဍာန်တစ်ခုက ပျံသန်းကာထွက်လာတယ်။ ဘန်းခနဲမြည်သံနဲ့အတူ ဝိညာဉ်ဓားတစ်ချောင်းက မိန်းကလေးတွေနောက်ကလမ်းကို ထိုးစိုက်သွားပြီး သူတို့ရဲ့ထွက်ပြေးဖို့လမ်းတချို့ကို ပိတ်ဆို့လိုက်လေရဲ့။

“ဟုန်၊ မင်းက တကယ်ကိုငါသဘောကျရတဲ့ တပည့်ပဲ၊ ပြဿနာကို ဒီလောက်မြန်မြန် သ‌တိထားမိတယ်”

လေထဲကလူက ဖြည်းဖြည်းချင်း ဆင်းလာတယ်။ သူက လူကြီးလူကောင်းပုံပေါ်ပြီး အပြာရောင်ဝတ်ရုံ ဝတ်စားထားတယ်။ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ မွန်ရည်တဲ့မျက်နှာထားရှိပြီး နတ်ဝိညာဉ်ကျင့်ကြံသူရဲ့ ထိန်းချုပ်အရှိန်အဝါ ထုတ်လွှင့်နေတယ်။

ဒါပေမဲ့ ဖော်ရွေမှုကင်းမဲ့တဲ့ အရှိန်အဝါက သူမရဲ့အရိုးအက်ကြောင်းတွေကနေ စိမ့်ထွက်လာသလိုမျိုုး ယွီဟုန့်ရဲ့ခန္ဓာကိုယ်ဟာ ရေခဲတမျှအေးစက်သွားတယ်။ ရှိနေတဲ့တခြားမိန်းကလေး‌တွေတောင် အငွေ့အသက်ကို တောင့်မခံနိုင်တဲ့ပုံနဲ့ တုန်ယင်ပြီး အနောက်ဘက်ကို ခြေလှမ်းအနည်းအကျဉ်း ဆုတ်သွားလေပြီ။

“ကျန့်ရှန်း ရှင်လူယုတ်မာအဘိုးကြီး” ယွီဟုန် အံကြိတ်ပြီး သူမမျက်နှာချင်းဆိုင်ကလူကို ဒေါသတကြီး စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူမ တွေးခဲ့တာက သူတို့တွေ နေ့ဘက်မှာ အနောက်ကနေ သူလိုက်ဖမ်းတာကို ရှောင်ရှားနိုင်ခဲ့ပြီဆိုတော့ တခြားနေရာတွေမှာရှာဖို့ လူတွေကို ခိုင်းထားမယ်ပေါ့။ ဒါပေမဲ့ သူက သူတို့ ပြန်လာမယ်ဆိုတာကို သိပြီးနေပြီး သူတို့ကို ဒီရောက်လာအောင်လှည့်စားဖို့ အဲပွဲစားနဲ့တောင် ပူးပေါင်းလိမ့်မယ်လို့ တစ်ခါမှ မ‌တွေးကြည့်ခဲ့ဖူးဘူး။

“ဂုဏ်သရေရှိလူကြီးမင်း၊ ကျွန်တော် သူတို့ကို ဒီနေရာခေါ်လာပေးပြီးပြီဆိုတော့… ကျွန်တော် အခုသွားလို့ရပြီမလား” မိန်းကလေးတွေကို ဦးဆောင်လာတဲ့လူက ကျန့်ရှန်းကို ဂါဝရပြုလာတယ်။

“ဒီသစ္စာဖောက်တွေကို ကူညီပြီးဖမ်းပေးလို့ ကျေးဇူးပါ တာအိုရောင်းရင်း”

ကျန့်ရှင်းက ရယ်မောပြီး ‌ဖော်ဖော်ရွေရွေမျက်နှာထား တပ်ဆင်ထားလေရဲ့။

“မလိုပါဘူး ဂုဏ်သရေရှိလူကြီးမင်း” အဲလူက ပြုံးပြီး ကျန်တဲ့လူတွေအားလုံးကို လှမ်းကြည့်လိုက်တယ်။ သူတို့က ယွီမိသားစုကလူတွေဆိုတာသာ သူသိခဲ့ရင် ဒီလုပ်ငန်းသဘောတူညီချက်ကို လက်ခံခဲ့မှာမဟုတ်လောက်ဘူး။ သူ သူတို့ကို အောက်ဘက်ဘုံဆီ တကယ်ခေါ်မသွားမိတာ တော်သေးတာပေါ့။ သူ ချက်ချင်းဓားကိုစီးပြီး ဂေဟာကနေ ထွက်ခွာလာခဲ့တော့တယ်။ ဒီအထက်လောကရဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေကိစ္စနဲ့ ပတ်သက်ချင်စိတ်မရှိဘူး။

“ဟုန်အာ မင်းတို့ဒီလိုလုပ်ဖို့မလိုပါဘူး”

အဲလူ အဝေးကို ထွက်သွားတာကြည့်ပြီး ဂုဏ်သသရေရှိလူကြီးမင်းကျန့်ရှန်းက ပိုရယ်မောကာ ပိုပြီးဖော်ရွေပြလာတယ်။

“အစတုန်းက မင်းတို့တွေက ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးကို ထိုးဖောက်ဝင်ရောက်ဖို့ လူသားမီးပြင်းဖိုဆိုတဲ့ အသွင်ကိုသုံးခဲ့တယ်၊ ပြီးတော့ ငကြောင်အဘိုးကြီးယွိမုန့်ကိုလည်း ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တာက ကြီးမားတဲ့ အကျိုးသယ်ပိုးမှုပဲ၊ သေချာပေါက်သခင်ကြီး ချီးမြှင့်တာခံရမှာ၊ မင်းတို့တွေ ဘာလို့ ကိုယ့်အနာဂတ်ကိုကိုယ် ဖျက်ဆီးပြီး အောက်ဘက်ကဘုံဆီ သွားချင်ရတာလဲ၊ မင်းတို့ အဲမိစ္ဆာကို ဒဏ်ရာ‌ရအောင်လုပ်ခဲ့ပြီး ယွီမိသားစုဆီ မပြန်မှတော့ သူက မင်းတို့အားလုံးကို အလွတ်ပေးမှာမဟုတ်ဘူး”

“ဟမ့် နားထောင်လို့တော့ကောင်းသားပဲ လူယုတ်မာအဘိုးကြီး ကျွန်မတို့ ထွက်မပြေးရင် ရှင်က ယွီမိသားစုဆီ ကျွန်မတို့ကို အသက်ရှင်လျက် ပြန်ခွင့်ပေးမှာမို့လို့လား” ယွီဟုန် ပေါက်ကွဲထွက်လာတဲ့ အမုန်းတရားတွေနဲ့ နှာမှုတ်လိုက်တယ်။

“ယွီမိသားစုရဲ့ အကိုင်းအခက်မျိုးနွယ်ခွဲက ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်ဖြစ်ပြီးတော့ ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးရဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ အဆက်အသွယ်ရှိနေတာ၊ သခင်ကြီးသာ သိသွားလို့ကတော့ ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး”

“အသိတိမ်ပါးတဲ့မိန်းမ” ကျန့်ရှန်းပ သူမကို လှမ်းကြည့်ပြီး ပြောလာတယ်။

“ငါလုပ်ခဲ့သမျှက အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူအုပ်စုကို မလှုပ်ရှားနိုင်တော့အောင် မိစ္ဆာတွေကို သုတ်သင်ပြီး တာအိုကို ကာကွယ်ခဲ့ရုံပဲ”

“သောက်ရေးမပါတာတွေ” ယွီဟုန် ဒေါသပိုကြီးလာတယ်။

“မိစ္ဆာတွေကိုသုတ်သင်ပြီး တာအိုကိုက ကာကွယ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ၊ ရှင် တရားမျှတမှုအတွက် ဘယ်တုန်းကတစ်ခုခုလုပ်ခဲ့ဖူးလို့လဲ၊ အရင်က မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ လက်လေး‌တစ်ချောင်းတောင် မြှောက်ဖူးရဲ့လား၊ ရှင်လုပ်ခဲ့သမျှက ကျွန်မတို့ကို အသုံးမဝင်တဲ့လူသားမီးပြင်းဖိုအဖြစ် အဆင်သင့် အသုံးချပြီးတော့ သေ‌သွားအောင် ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးထဲ ပစ်ချခဲ့တာပဲရှိတယ်” သူမက သူ့ကို တန်းတန်းမတ်မတ် ကြည့်လိုက်တယ်။ အကြည့်တွေထဲမှာတော့ အမုန်းတရားက အပြည့်။

“ရယ်စရာကောင်းတာ ကျွန်မတို့လို အသုံးမဝင်တဲ့ လူသားမီးပြင်းဖိုတွေက တစ်နည်းနည်းနဲ့ မသေခဲ့ရုံတင်မကဘူး၊ ရှင်မလုပ်နိုင်ခဲ့တဲ့ အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကိုပါ ထိခိုက်အောင် လုပ်နိုင်ခဲ့တာပဲ၊ တခြားသူတွေကို အဲဒါလုပ်တာ ကျွန်မတို့မဟုတ်ဘဲ ရှင်လို့ထင်အောင်၊ ပြီးတော့ သခင်ကြီး ရှင့်ကို အင်မတန်အလေးထားအောင် လုပ်ချင်လို့ ကျွန်မတို့ကိုသတ်ဖို့ကြိုးစားနေတာ မဟုတ်လား”

“ပါးစပ်ပိတ်ထား” ကျန့်ရှန်းရဲ့ အမူအရာက တစ်ခဏတာ ရှုံ့တွသွားတယ်။

“မင်းက ပေါက်တတ်ကရအပြည့်ပဲ၊ မင်းတို့တွေ ဂိုဏ်းကို သစ္စာဖောက်ပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းဖို့ အောက်ဘက်ကဘုံဆီ သွားဖို့တောင် ရည်ရွယ်ခဲ့တာ အသိသာကြီးပဲ၊ ငါက မင်းတို့တွေ ဒီနေ့အမှားကြီး ကျူးလွန်မိမှာကို တားဖို့ပဲလုပ်နေတာ”

“မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတဲ့သူက အတိအကျဘယ်သူလဲ” ယွီဟုန် သူမရဲ့ ဝက်ရုံလက်ကို ဆွဲဖြဲပြီး ညာဘက်လက်မောင်းပိုပြလိုက်တယ်။ အမာရွတ် အကြီးအသေးတွေနဲ့ ဖုံးလွှမ်းနေပြီး အနာဟောင်းတွေ ဖြစ်ပုံပေါ်တာတောင် ဒဏ်ရာတစ်ခုချင်းစီက ကြက်သီးမွှေးညင်းထရလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေတယ်။

“ကျွန်မတို့က ရှင့်တပည့် အမည်ခံသာဖြစ်တာ၊ တကယ်တမ်းကျ လူသားမီးပြင်းဖိုတွေထက်တောင် ပိုဆိုးတယ်၊ ကျွန်မတို့ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်တွေ၊ ဖျက်ဆီးခံထားရတဲ့ ‌သွေးကြောတွေ၊ ကျိုးပဲ့နေတဲ့ ဝိညာဉ်အရိုးတွေ၊ အဲဒါတွေအကုန်လုံးက ရှင့်လုပ်ရက်တွေကြီးလေ”

သူမ စကားပြောနေချိန် အားလုံးက သူတို့ရဲ့ မီးခိုးရောင်ဝတ်ရုံရှည်တွေကို ဆွဲတင်လိုက်ကြတယ်။ သူတို့ကိုကာပေးမဲ့ ဓမ္မဝတ်‌ရုံမရှိတော့ ရှစ်ယောက်လုံးရဲ့ နဂိုမူလရုပ်သွင်တွေ ပေါ်လာခဲ့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အမာရွတ်အမျိုးမျိုး တွယ်ကပ်နေပြီး တချို့ကလက်တွေ၊ တချို့က ခြေထောက်မှာ၊ တချို့ဆို မျက်နှာတွေပေါ်မှာတောင် ရှိနေလေရဲ့။ ပြီးတော့ အဲဒါက သူတို့လောလောဆယ် မြင်ရတဲ့ အရေပြားနေရာတွေပဲရှိသေးတယ် — သူတို့အဝတ်အစားအောက်မှာ ပုန်းကွယ်နေတဲ့ အမာရွတ်တွေ ထပ်ရှိဦးမှာပဲ။

“ရှင် ကျွန်မတို့ကို ငယ်ငယ်လေးတည်းက မွေးစားခဲ့ပေမဲ့ တစ်ခါမှ မှော်အတတ်ကို သေချာမသင်ကြားခဲ့ပေးဖူးဘူး၊ လူသားမီးပြင်းဖိုတွေ သင်ယူရတဲ့ ဓမ္မဂါထာတွေပဲ သင်ကြားပေးတယ်၊ ရှင် ကျွန်မတို့ကို သက်မဲ့အရာတွေလိုပဲ ဆက်ဆံပြီး ရှင့်ကျင့်ကြံစဉ်တွေနဲ့ အဆိပ်တွေကို အတင်းအကြပ်ကူညီစမ်းသပ်ခိုင်းတာလေ၊ ကျွန်မတို့သေသွားခဲ့ရင် သက်စောင့်ဆေးတွေအဖြစ် ပြောင်းပစ်မှာ” ယွီဟုန် ပြောလေလေ ပိုပြီး မုန်းတီးမိလာလေပဲ။ သူမ စကားဆက်ပြောရင်း မျက်လုံးတွေပါ နီရဲလာတော့တယ်။

“ရှင် ကျွန်မတို့ကို ကောင်းကင်ဖြတ်တောက် ချောက်ကမ်းပါးထဲ ပစ်ချခဲ့တာက ကျွန်မတို့ အုတ်မြစ်အခြေတည်တွေ ရှင့်ကျင့်ကြံစဉ်နည်းလမ်းတွေကြောင့် ပျက်စီးသွားတော့ ကျွန်မတို့က သက်စောင့်ဆေးအဖြစ် ရောနှောဖော်စပ်ခံရဖို့တောင် မတန်တော့လို့လေ”

သူမ ရှေ့တစ်လှမ်းတိုးလိုက်တယ်။

“ရှင် ကျွန်မတို့ကိုသတ်တာက ရှင့်ရဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံမှုတွေကို ဖုံးကွယ်ဖို့သက်သက်ဆိုတာ ကျွန်မတို့မသိဘူးလို့များတကယ်ထင်နေတာလား”

ကျန့်ရှန်းရဲ့မျက်နှာက အိုးဖင်လိုမည်းတူးသွားတော့တာပဲ။ သူ့‌ဆီမှာ စောနလေးကတင်ရှိခဲ့တဲ့ လူကြီးလူကောင်းရုပ်အသွင်မရှိတော့ဘဲ ယွီဟုန့်ကို သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ကြည့်ပါလေရော။ သူ့အသံက အများကြီး ပိုအေးစက်သွားပြီး လက်တစ်ဖက်မြှောက်ကာ သူ့လက်နက်ကို ဆင့်ခေါ်လိုက်တယ်။

“မင်းတို့အားလုံးက ဒါနဲ့ပတ်သက်ပြီး အဲလောက်တောင် ရှင်းရှင်းလင်းလင်း သိပြီးသားဆိုမှတော့ ဒီနေ့ မင်းတို့ကို လုံးဝ အလွတ်မပေးတော့ဘူး”

သူက ပြောရင်း လက်ကို‌လှန်လိုက်ပြီး သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဓမ္မအသုံးအဆောင်တစ်ခုက ယွီဟုန်ဆီ ဦးတည်ပျံသန်းသွားလေတယ်။

ယွီဟုန် ကြောက်ခမန်းလိလိ ထိန်းချုပ်အရှိန်အဝါက သူမအပေါ် လွှမ်းမိုးဖိနှိပ်လာတာကိုပဲ ခံစားရပြီး အံကြိတ်ကာ ချက်ချင်း သူမကိုယ်တွင်းက ရွှေအမြုတေကို အသက်သွင်းလိုက်တယ် — သူမပေါက်ကွဲထွက်သွားမယ်ဆိုရင်တောင် တခြားသူတွေထွက်ပြေးဖို့ အချိန်ပိုရအောင် တိုက်ခိုက်ချင်သေးတယ်။

ရုတ်တရက် သူမပခုံးက ဖိခံလိုက်ရပြီး အစပျိုးထားတဲ့ ဝိညာဉ်ချီက သူမဘေးကမိန်းကလေး ရှေ့တစ်လှမ်းတက်လာတဲ့အခိုက်အတန့်မှာပဲ လွင့်ပျယ်သွားတယ်။

“ခဏနေဦး”

ရှန်းရင်က ဖမ်းဆုတ်ဖို့ သူမလက်ကို ရုတ်တရက်ဆန့်ထုတ်လာပြီး နောက်အခိုက်အတန့်မှာပဲ အဲကြောက်မက်စရာ ဓမ္မအသုံး‌အဆောင်ကို သူမလက်ထဲ ဖမ်းမလေတယ်။ တကယ်ကို ကြေးခေါင်းလောင်းတစ်ခုပဲ။

ကျန့်ရှန်း မှင်တက်သွားပြီး ခုမှ အဲအုပ်စုထဲ တခြားတစ်ယောက်ရှိနေသေးတာကို နားလည်သွားတဲ့ပုံ။ သူ့ဓမ္မအသုံးအဆောင်ကို တစ်ဖက်လူက အဲလောက်အလွယ်လေးဖမ်းသွားတယ်။

“ရှင်…” ယွီဟုန်ဆို သူ့ထက်တောင် ပိုအံ့အားသင့်သွားတာပေါ့။ သူမကို… အကြောပိတ်ထားတယ် မဟုတ်ဘူးလား။ ဘယ်လိုလုပ် လှုပ်ရှားနိုင်ရတာလဲ။

တခြားဟာတွေအားလုံးကို စိတ်ထဲမထားဘဲ ရှန်းရင်က ကျန့်ရှန်းကိုပဲ တည့်တည့်ကြည့်ပြီး မေးလိုက်တယ်။

“အဲကောင်လေ၊ နင်နဲ့ အဲ… အဲ ကန်းဆိုတဲ့နာမည်နဲ့ ကောင်ရယ်၊ ပြီးတော့ နောက်ထပ်… တင်းဆိုတဲ့ နာမည်နဲ့ကောင်ရယ်လားပဲ၊ သူတို့နဲ့ နင့်ပတ်သက်မှုကဘာလဲ”

“ကန်းလား” သူတစ်ခဏာ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီးမှ နောက်တော့မျက်လုံးပြူးကျယ်သွားတယ်။

“မင်းဆိုလိုတာ ကန်းဇီလွေ့နဲ့ ယွီတင်းကိုလား”

“အော်၊ အဲတော့ နင်သူတို့ကို သိတယ်ပေါ့” ရှန်းရင် မျက်လုံးတွေမှေးသွားတယ်။

“ဒါဆို မှားစရာမရှိတော့ဘူးပဲ”

မျက်စိတစ်မှိတ်အတွင်းမှာတင် သူမက ကျန့်ရှင်းဘေးရောက်သွားပြီ။

“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ ဆန်ကုန်မြေလေး လူယုတ်မာတွေကို မုန်းတယ်”

ကျန့်ရှန်း ဧရာမအားကြီးတစ်ခုက သူ့ကိုဆွဲလိုက်သလိုမျိုး သူ့လည်ထောင် ရုတ်တရက် တင်းကြပ်သွားတာခံစားလိုက်ရပြီး မြေကြီးပေါ် တန်းပစ်ပေါက်ခံလိုက်ရလေတယ်။ နောက်တော့ သူ့ပေါ် လက်သီးတစ်ချက် ဆင်းသက်လာကာ ထုထောင်းခံရတော့တာပဲ။

အဲဒါတွေအကုန်လုံးကို ဝုန်းခနဲအသံအကျယ်ကြီးအနေနဲ့ပဲ ကြားရပြီး ကျန့်ရှန်းတစ်ကိုယ်လုံးကို ပြန်တူးထုတ်ဖို့ မဖြစ်နိုင်တော့တဲ့ပုံစံမျိုးနဲ့ မြေကြီးထဲ တိုက်ရိုက် ရိုက်နှက်ထုထောင်းခံရရှာတယ်။

နောက်ဆက်တွဲကတော့ ပထဝီမြေကြီး တုန်ခါသွားပြီး အနီးအနားကတောင်တန်းတွေ လှုပ်ယမ်းသွားတာမို့ မြည်ဟည်းသံအကျယ်ကြီး ထွက်လာခဲ့တယ်။ ဘူမိနဂါးတစ်ကောင် ကျန့်ရှန်း မြှုပ်ခံထားရတဲ့ နေရာဘေးက ဖြတ်သန်းသွားသလိုမျိုး ဘေးပတ်ဝန်းကျင်မြေပြင်တစ်ခုလုံး အက်ကွဲစပြုလာကာ လမ်းတွေလန်ကုန်ပြီး အိမ်တွေလည်း ကွေးကောက်ကုန်တယ်။ ဖုန်မှုန့်တွေကတော့ နေရာတိုင်းမှာ ပျံ့လွင့်နေ‌တယ်။ တစ်ခဏအတွင်းမှာပဲ အထက်ထျန်းလန်မြို့တစ်ခုလုံး မြေကြီးပေါ်က အက်ကွဲကြောင်းကြီးတွေကြောင့် ပြိုကွဲပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့တယ်။

လူအုပ်ကြီး ။ ။ “…”

တိတ်ဆိတ်မှုပကတိ။

မိန်းကလေးကိုးယောက်ရဲ့ မျက်လုံးတွေက အကျယ်ကြီးပြူးထွက်နေကာ တော်တော်ကြာမှ သတိပြန်ဝင်လာလေတယ်။

ဒါ… ဒါ သူတို့ရဲ့ဂိုဏ်းချုပ်လား။

ဒါ အိပ်မက်မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား။ ဘယ်မှာ ကျင့်ကြံဆင့်မရှိတာတုန်း။ လက်သီးတစ်ချက်နဲ့ တစ်မြို့လုံးကိုဖျက်ဆီးပစ်တာ — အဲကျင့်ကြံမှုက အဆင့်ဇယားကွက်ထဲကနေတောင် ကျော်လွန်သွားပြီ

Σ(°△°|||)

တစ်ခဏအကြာ…

“သွားကြစို့” ရှန်းရင်က သူမဝတ်ရုံလက်ကို ပြန်သပ်ချပြီး တည်တည်ငြိမ်ငြိမ် လှည့်ထွက်သွားတယ်။

မိန်းကလေးအုပ်စုက ထိတ်လန့်မှုကနေ ပြန်မသက်သာသေးဘဲ စက်လိုမျိုး ပါးစပ်ဟကာ မေးလာကြတော့တယ်။

“သွားရမှာလား”

ဘယ်သွားရမှာလဲ။ အခုလေးတင် ဘာတွေဖြစ်သွားတုန်း။ သူတို့က ဘယ်သူတွေလဲ။ သူတို့ ဘယ်နေရာရောက်နေတာလဲ။

“အဲ… အဲဒီ နာမည်တစ်ခုခုနဲ့ ချောက်ကမ်းပါးဆီ သွားမှာမလား”

“ကောင်းကင်… ဖြတ်တောက်ချောက်ကမ်းပါးလား”

“ဟုတ်တယ်၊ ငါတို့ဆီမှာ ရင်ဆိုင်ဖြေရှင်းစရာ နောက်ထပ်အဘိုးကြီး ရှိတယ်မဟုတ်ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် အခန့်သင့်ဆိုမှတော့ ငါ နင်တို့ကို တစ်ခုဝယ်တစ်ခုအလကားရ ဝန်ဆောင်မှု ပေးရတာပေါ့လေ”

အဘိုးကြီးလား။ သူမက အဲဒီ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ယွိမုန့်အကြောင်း ပြောနေတာတော့ မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား။

“လာလေ သွားကြရအောင်” သူမက မြေကြီးထဲက အက်ကွဲကြောင်းတွေကြားကနေ ခုန်ထွက်လာပြီး ပြောလိုက်တယ်။

“မြန်မြန်လုပ်ကြရအောင်၊ ဒါဆို ငါတို့ မနက်စာအတွက် အချိန်မီ ပြန်သွားနိုင်သေးတယ်”

လူအုပ်ကြီး ။ ။ “…”

ကျွန်မတို့သွားမှာက မိစ္ဆာသားရဲတွင်းကြီးနော်။ ဂေါ်ဖီထုတ်ဝယ်ဖို့ ဈေးဆီသွားနေတဲ့ပုံမျိုးနဲ့ မပြောနဲ့လေ

O__O”…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset