အခန်း ၆၂ ။ ဝင်ခွင့်စာမေးပွဲ
ကူယွဲ့ လမ်းမှားကို ရောက်တော့မဲ့ပုံ ပေါ်နေတဲ့ အဲဒီတပည့်သစ်တွေကို နောက်ဆုံးတော့ ခက်ခက်ခဲခဲ ပြန်ဆွဲခေါ်နိုင်ခဲ့တယ်။
“ခုကစပြီး မင်းတို့အားလုံးက ငါ့ဝူတိဂိုဏ်းရဲ့ တပည့်တွေပဲ” သူ ဝတ်ရုံတွေလွှမ်းထားဆဲဖြစ်တဲ့ အုပ်စုကိုကြည့်ပြီး ခေါင်းငုံ့နေတဲ့ မိန်းကလေးကို တမင်သက်သက်တောင် လှမ်းကြည့်လိုက်တယ်။ နောက်တော့ မျက်ခုံးကြုတ်လိုက်ပြီး ချက်ပြုတ်ပြီးစီးပြီဖြစ်တဲ့ ယိချင်းကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒီဂိုဏ်းက လောလောဆယ် သုံးယောက်ပဲရှိသေးပေမဲ့ သူနဲ့ငါ့ကျင့်ကြံဆင့်က မင်းတို့အားလုံးကို သင်ကြားပေးဖို့ လုံလောက်တယ်၊ မင်းတို့အားလုံး ကြိုးကြိုးစားစားကျင့်ကြံကြပြီး ထာဝရရှင်သန်သူလမ်းစဉ်ကို လျှောက်လှမ်းကြဖို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့” လူတိုင်း ပြိုင်တူ ဖြေကြလေတယ်။
ကူယွဲ့က အားပေးစကားတချို့ထပ်ပြောပြီးမှ လေးနက်တဲ့အသံကိုပြောင်းပြီး ပြောလိုက်တယ်။
“မင်းတို့အားလုံး ငါ့ဆီကနေ အရင်ဆုံး အခြေခံမှော်အတတ်တချို့ သင်ယူနိုင်တယ်၊ ဒါပေမဲ့ အားလုံးက ကျင့်ကြံဆင့်တွေ ရှိပြီးသားဆိုတော့ မင်းတို့ရဲ့ အခြေအနေအတိအကျကို ငါ့သင်ကြားမှုတွေမစခင် သိဖို့လိုတယ်၊ မင်းတို့ အရင်က ဘာသင်ယူခဲ့ဖူးသလဲနဲ့ ဘယ်လိုကျင့်စဉ်ကို လေ့ကျင့်ခဲ့လဲ ဝေမျှကြပါ”
မိန်းကလေးအားလုံး ထိတ်လန့်သွားကာ တစ်ယောက်နဲ့တစ်ယောက် ဘာပြောရမှန်းမသိ ကြည့်နေပြီးမှ အရှေ့က ယွီဟုန်ဆီ လှမ်းကြည့်လိုက်ကြတယ်။
ယွီဟုန့်အမူအရာက ပြောင်းလဲသွားပေမဲ့ မကြာခင်ပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။ သူမက ရှေ့တက်လာလိုက်တယ်။
“အမတဆရာကို တင်ပြရရင်တော့ ကျွန်မတို့က အရှိန်အဝါကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းတဲ့ မသေမျိုးဓမ္မနည်းနည်းကိုပဲ အကြမ်းဖျင်း သင်ယူထားတာပါ၊ ကျွန်မက မီးနဲ့သစ်သား ဝိညာဉ်ကြောကို ပိုင်ဆိုင်ပြီး နွေဦးဖူးပွင့်အနုပညာပဲ သင်ယူရပါသေးတယ်၊ ကျန်တဲ့မိန်းကလေးတွေအတွက်ကတော့…”
“သူတို့ဘာသာပြောပါစေ”
ကူယွဲ့က လေးလေးနက်နက်လေသံနဲ့ ကြားဖြတ်ပြောလိုက်တယ်။
“သူတို့တွေ သင်ယူလေ့ကျင့်ထားတဲ့ ကျင့်စဉ်တွေကို ရှင်းရှင်းလင်းလင်းသိသင့်တယ်”
ယွီဟုန် ခဏတာ ဝေလည့်လည့်ဖြစ်ပြီး မိန်းကလေးတွေကို ပြန်လှည့်ကြည့်ပြီးတော့ နောက်ပြန်ဆုတ်လိုက်တယ်။
“ဟုတ်ကဲ့”
သူမ မျက်လုံးတွေနဲ့ အချက်ပြလိုက်တော့ တိတ်နေတဲ့ အဲဒီမိန်းကလေးတွေက တစ်ယောက်ချင်း ရှေ့တက်လာပြီး သူတို့သင်ယူထားတဲ့ ကျင့်ကြံစဉ် နည်းလမ်းကို တင်ပြတော့တယ်။ သူတို့တိုးတိုးလေး ပြောကြတာက ရှိနေတဲ့လူတွေသာ ကျင့်ကြံသူတွေမဟုတ်ရင် သေသေချာချာ ကြားရဖို့ မဖြစ်နိုင်လောက်တဲ့အထိပဲ။
“ကျွန်မက… ရေဆန်သိုင်းကို သင်ယူလေ့ကျင့်ထားပါတယ်”
“ကျွန်မက ကိုယ်ဖော့ဂါထာလေ့ကျင့်ထားပါတယ်”
“ကျွန်မ သင်ယူလေ့ကျင့်ထားတာကတော့…”
သူတို့ ကျင့်စဉ်နည်းလမ်းတွေကို တင်ပြအပြီးမှာတော့ ချက်ချင်း ယွီဟုန့်နောက်မှာ ဝင်ရပ်လိုက်ကြတယ်။
ကူယွဲ့အမူအရာက နည်းနည်း ပိုပြီးစိုးရိမ်လေးနက်လာကာ တစ်ခဏ တုံ့ဆိုင်းနေပြီးတော့ ပြောလိုက်တယ်။
“ငါ မင်းတို့အခြေအနေတွေကို အလုံးစုံ နားလည်သွားပြီ၊ အခုနောက်ကျနေပြီဆိုတော့ မနက်ဖြန် စတင်လေ့ကျင့်ကြတာပေါ့” သူ စကားပြောပြီးတော့ ဘေးတစ်ဖက်မှာ အသည်းအသန်ထမင်းခူးနေတဲ့ လူတစ်ယောက်နဲ့ ကူညီတည်ခင်းပေးနေတဲ့ လူတစ်ယောက်ဆီ အကြည့်ရောက်သွားတော့တာပဲ။ နှစ်ယောက်လုံးဆီကနေ တချွင်ချွင်အသံတွေလည်း ပေါ်လာတော့ သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့တာပဲ။
“ဟေး၊ မင်းတို့နှစ်ယောက်လုံး အနည်းဆုံးတော့ စကားနည်းနည်းလောက် ပြောသင့်တယ် မဟုတ်ဘူးလား”
ဒါအတိအကျ ဘယ်သူ့ဂိုဏ်းလဲ။
“အာ” ရှန်းရင် ခဏတာ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်ပြီး မှင်တက်နေမိတယ်။
“ငါ ဘာပြောသင့်လို့လဲ”
“ဒီတပည့်တွေက ဂိုဏ်းထဲဝင်ကာစလေ၊ ဂိုဏ်းချုပ်အနေနဲ့ မင်းတပည့်တွေရဲ့ အကြမ်းဖျင်း အခြေအနေကို နားလည်ပြီး သူတို့ရဲ့ စံနှုန်းပဲဖြစ်ဖြစ် တခြားတစ်ခုခုပဲဖြစ်ဖြစ် စမ်းသပ်တာမျိုး မလုပ်ချင်ဘူးလား”
ရှန်းရင် လူတိုင်းကို တစ်ချက်ကြည့်ပြီးတော့ ကတ်သတ်နေတဲ့ ဖေဖေနျိုကို ကြည့်လိုက်တယ်။ အခု သူအဲလိုပြောတော့လည်း တကယ်ကို အဲလိုလုပ်ဖို့ လိုတဲ့ပုံပဲ။ ဒါပေမဲ့…
“ငါ သူတို့ကို ဘာစမ်းသပ်သင့်လဲ”
“မင်းသဘောပဲ” ကူယွဲ့ သူ့လက်ကို ယမ်းပြလိုက်တယ်။
“သူတို့ကို သိုင်းကွက်တချို့ ပြသခွင့်ပြုလိုက်တာနဲ့တင် လုံလောက်မှာပါ”
“ကောင်းပြီလေ၊ ဒါဆို…” ရှန်းရင် သူမရဲ့ ဇွန်းကို နောက်ဆုံးတော့ချလိုက်ပြီး လျှောက်လာခဲ့တယ်။ မျက်နှာထားတည်တည်နဲ့ သူ တခြားတပည့်တွေဘေးက ကျော်ဖြတ်လာခဲ့ပြီး ယွီဟုန်ရှေ့ ရပ်လိုက်တယ်။
“ညီမ၊ နင့်မှာ… ဖရီးစတိုင် အကွက်တွေဘာတွေ ရှိလား”
အယ်… ဘာ
ဘာကြီးလဲ။
Σ(°△°|||)
ကူယွဲ့ ။ ။ “…”
ချီးကို ညီမ၊ ဒါ စွမ်းရည်ပြပွဲလို့များ ထင်နေတာလား။ သူတို့ကို သီချင်းတစ်ပိုဒ်သာ ဆိုခိုင်းလိုက်ပါတော့လား ဟမ်
“ဖူ… ဖူ ဘာ စစ်တာ့လဲဟင်” ယွီဟုန် ကြောင်အမ်းအမ်းဖြစ်သွားတယ်။
“ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး တပည့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ၊ ဒါပေမဲ့ အဲစကားလုံးက ဘာအဓိပ္ပာယ်လဲဟင်”
“ဆရာက တကယ်ကို လိုက်မမီနိုင်အောင် အတွေးနက်နဲလှတာပဲ” ယိချင်းရဲ့ မျက်လုံးတွေတောက်ပသွားတယ်။
“ဒါ အဆင့်မြင့်ကျင့်စဉ် တစ်ခုခုပဲဖြစ်ရမယ်၊ ဆရာနောက်တစ်ခေါက် ပြောပေးလို့ရမလား”
မင်းခေါင်းကို နက်နဲ ဟေး ဘာလို့ မင်တံကိုင်ထားရတာတုံး။ ဒါက အကျိုးနည်း ဟာသတစ်ခုဟ ဟုတ်ပြီလား။ ယိချင်း မင်းဆရာရဲ့ ဖြီးလုံးတွေကို အတင်းကြီး ထောက်ခံပေးတာ မလုပ်လို့မရဘူးလားဟေ။
“ဒီလိုကိုး” ယွီဟုန် နားလည်သွားဟန် ခေါင်းညိတ်ပြလိုက်တယ်။
“ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ကျွန်မတို့အတွက် လက်တွေ့ပြပေးပါဦး”
ဟမ်၊ မင်းတို့အားလုံး တကယ်ကြီး ယုံကြတယ်ပေါ့လေ မင်းတို့အသိဉာဏ်တွေ ဘယ်ရောက်သွားတာတုံး။
“အာ တကယ်တော့ ငါစဉ်းစားနေတာက…”
“တော်ကြတော့” ကူယွဲ့ ဝင်မတားဘဲ မနေနိုင်တော့ဘူး။ သူ ရှန်းရင်ကို အေးစက်စက်ပြန်လှည့်ကြည့်ပြီး ပြောလိုက်တယ်။
“ပါးစပ်ပေါက်ပိတ် ထမင်းသွားစားတော့”
“…” နင်ပဲ ငါ့ကို လုပ်ခိုင်းတဲ့သူမဟုတ်ဘူးလား။
ကူယွဲ့ နဖူးကိုပွတ်ပြီး သူ့စိတ်ထဲက အဆဲစကားတွေ အားလုံးကိုမြိုသိပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ရတယ်။
“ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ မင်းတို့ အနားသွားယူလို့ရပြီ၊ မနက်ဖြန်ကျ ကျင့်ကြံမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြတာပေါ့”
စကားဆုံးတော့ သူ ကန့်သတ်ချက်တွေကို ဖယ်ဖို့ တံဆိပ်ပြားတချို့ ထုတ်ပေးလိုက်ပြီး သူတို့ကို အရှေ့ခန်းမဆောင်ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ နေရာထိုင်ခင်းတွေဆီသွားဖို့ အချက်ပြလိုက်တယ်။
လူတိုင်း ယွီဟုန်ကို ကြည့်ပြီး အနည်းငယ်ခပ်အမ်းအမ်းဖြစ်နေတယ်။ သူမခေါင်းညိတ်တာမြင်တော့ အကုန်လုံး ဂါဝရပြုပြီး ထွက်သွားကြလေတယ်။
ပင်ပန်းလိုက်တာ…။
“ဒီအုပ်စုနဲ့ပြဿနာကို ကျော်သွားလို့မရဘူးပဲ” ယိချင်းက သူတို့အကုန်လုံးမြင်ကွင်းထဲက ထွက်သွားပြီးတဲ့နောက် နောက်ဆုံးတော့ ပြောလာတယ်။
“သေချာပေါက် ငါအဲဒါသိတာပေါ့” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ မင်းအသိဉာဏ်က ရှန်းရင်နဲ့ မပတ်သက်တဲ့ကိစ္စကျမှပဲ ပြန်ရောက်လာတော့တယ်။
“ခုလေးတင် သူတို့ကြားမှာ အမြုတေဖွဲ့စည်းခြင်း ပြီးထားပြီးသား သုံးယောက်တောင်ရှိတယ်၊ ဒါပေမဲ့ သူတို့အစီရင်ခံတဲ့ ကျင့်စဉ်တွေကတော့ အဆင့်နိမ့်တာတွေကြီးပဲ၊ တချို့စွမ်းရည်တွေဆို ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတောင် ကျင့်ကြံမဲ့ဟာမျိုး မဟုတ်ဘူး။ ဘယ်သူက အဲဒါကိုယုံကြည်ပါ့မလဲ၊ သေချာပေါက် သူတို့ထဲက ဘယ်သူမှ အမှန်ကိုပြောနေတာမဟုတ်ဘူး”
သူတို့ထွက်သွားတဲ့ဘက်ကို သူလှမ်းကြည့်လိုက်တယ်။
“ကြည့်ရတာတော့ သူတို့ ပြဿနာတစ်ခုခုနဲ့ကြုံလို့ ဒီမှာပုန်းဖို့ အခွင့်အရေးကို အရ ဆုပ်ကိုင်ထားတာဖြစ်လောက်တယ်၊ ပြီးတော့ အဲပြဿနာက သေချာပေါက် အတော်လေး ကြီးလောက်တယ်”
“ဂိုဏ်းသစ္စာဖောက်တွေလား၊ ဒါမှမဟုတ် ထွက်ပြေးလာတဲ့ ကျွန်တွေလား” ယိချင်း မျက်ခုံးကြုတ်လိုက်တယ်။ ဘယ်ဖြစ်နိုင်ချေပဲဖြစ်ဖြစ် သူတို့ကို ကောင်းတဲ့ပုံရိပ်ထဲတော့ မရောက်စေဘူး။
“သူတို့ဆီမှာ သူတို့အရှိန်အဝါကို ဖုံးပေးထားတဲ့ဟာ တစ်ခုခုရှိနေတာဖြစ်ရမယ်၊ အဲဒါကြောင့် ငါတို့ သူတို့ဘယ်သူဘယ်ဝါဆိုတာ မမြင်ရတာ”
သူ လက်ထဲက ပုလွေကို မြှောက်ကစားလိုက်တယ်။
“ဒါပေမဲ့ သူတို့ကြာကြာတော့ ဖုံးကွယ်မထားနိုင်ပါဘူး၊ ငါတို့ကံကောင်းရင် မနက်ဖြန်တောင် သိရင်သိရလောက်မှာ”
——————
ညဉ့်နက်ချိန်။
လူတစ်ယောက်ရဲ့အရိပ်က ခေါင်မိုးတစ်ခုအောက်က နေရာမှာပေါ်လာပြီး ရင်ထိတ်စွာနဲ့ ဘေးဘီဝဲယာကို စစ်ဆေးနေလေတယ်။
“မမဟုန်…” နောက်အခိုက်အတန့်မှာတင် နောက်ထပ်လူရှစ်ယောက်က သူမမျက်နှာချင်းဆိုင်မှာ ပေါ်လာပြီး အဲပုံရိပ်ဆီ ခပ်သွက်သွက်လျှောက်လာကြတယ်။
“လာပြီ” ယွီဟုန် သူတို့တွေကိုကြည့်ပြီး ရေတွက်လိုက်တယ်။
“အားလုံးဒီရောက်နေပြီလား၊ နင်တို့ထဲကတစ်ယောက်ယောက်ကို မြင်သွားသေးလား”
“မစိုးရိမ်ပါနဲ့ မမယွီဟုန်” သူတို့ထဲကတစ်ယောက်က ခပ်တိုးတိုး ဖြေလေတယ်။
“ကျွန်မတို့ အရှေ့ရောအနောက်ပါ စစ်ဆေးကြည့်ပြီးပါပြီ၊ ဘယ်သူမှ နောက်ယောင်ခံလိုက်မနေပါဘူး၊ သုံးယောက်ကလွဲ ဒီဝူတိဂိုဏ်းက တကယ်ပဲ တခြားလူမရှိတာပါ”
“အဲဒါကောင်းတယ်” ယွီဟုန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပေမဲ့ သူတို့ကိုတော့ စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေဆဲပဲ။
“ငါတို့ အစောကြီးတော့ သတိပေါ့လို့ မဖြစ်ဘူး၊ ဒီနေရာက မိစ္ဆာဘုံမှာဆိုတာ မမေ့နဲ့၊ နင်တို့လည်း စောနက အဆင့်မြင့်မိစ္ဆာတွေကို မြင်ခဲ့ဝာာပဲ၊ သူတို့က ငါတို့ကိုင်တွယ်နိုင်တဲ့ ပြိုင်ဘက်တွေမဟုတ်ဘူး”
လူတိုင်းရဲ့ အမူအရာက စိုးရိမ်လာကြတယ်။
“မမယွီဟုန်၊ ကျွန်မတို့ တကယ်ပဲ… အောက်ဘက်ကဘုံကို ဘေးကင်းကင်း ထွက်ပြေးနိုင်မှာလား”
“ဒါပေါ့၊ ငါတို့ထွက်ပြေးနိုင်ပါတယ်” ယွီဟုန် သူမဘေးက မိန်းကလေးရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပေးလိုက်တယ်။ သူတို့ကို အားပေးနေတာလား၊ သူမကိုယ်သူမလားဆိုတာ မသေချာတော့ပါဘူး။
“ငါတို့ ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးကနေတောင် လွတ်မြောက်နိုင်ခဲ့တာပဲ၊ အဲတော့ တခြားဘာကြောက်စရာရှိလဲ၊ ငါတို့အောက်ဘက်ဘုံကို ရောက်ချိန်ထိ တောင့်ခံထားနိုင်သရွေ့ ငါတို့လွတ်လပ်မှုကို ရလိမ့်မယ်၊ အဲလူရဲ့ ကာကွယ်ပေးမှုနဲ့ ငါတို့အစကနေ ပြန်စလို့ရပြီး ဘယ်သူမှ ငါတို့ကို သိမ်ငယ်အောင် ထပ်လုပ်ရဲတော့မှာမဟုတ်ဘူး”
သူမပြောပြလိုက်တော့ လူတိုင်းရဲ့မျက်ဝန်းတွေက မျှော်လင့်ချက်အသစ်ရလိုက်သလိုမျိုး တောက်ပကုန်ကြတယ်။
“အဲဒါမှန်တယ်၊ သူက ကျွန်မတို့လိုပဲလို့ ကြားဖူးတယ်…၊ မိန်းမတစ်ယောက်အနေနဲ့ သူ… သူ သေချာပေါက် ကျွန်မတို့ကိုကူညီမှာပါ”
“ဒါပေမဲ့…” စိုးရိမ်နေသေးတဲ့ လူတွေရှိသေးပြီး တစ်ယောက်က ချီတုံချတုံပြောလာတယ်။
“အစ်မယွီဟုန်၊ ကျွန်မတို့ တကယ်ပဲထွက်သွားရမှာလား၊ အဲဒီဆရာသခင်နှစ်ယောက်က လူဆိုးပုံ မပေါက်ဘူးလို့… ထင်တာပဲ၊ ပြီးတော့ ဒါက မိစ္ဆာဘုံထဲမှာလေ၊ အဲလူလိမ်လူညစ်အဘိုးကြီး ကျန့်ရှန်း… သူတောင် ဒီနေရာဆီ လမ်းရှာတွေ့နိုင်လောက်မှာမဟုတ်ဘူး၊ ပြီးတော့ အဲဒီဆရာသခင်နှစ်ယောက်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရောက်နေပြီလေ၊ အဲအပြင် သူတို့က ဓားကျင့်ကြံသူတွေနော်”
…