ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂
ကုန်းချင်းယောင်သည် တောင်ပေါ်၌ ခေတ္တမျှ လှည့်ပတ်နေပြီးနောက် တောင်အောက်ဆင်းသည့် လမ်းအား သိသွား၏။ သိုးသား စားလိုက်ပြီးနောက် သူမ တောင်အောက်ခြေသို့ လမ်းလျှောက် သွားတော့သည်။။
မူလကိုယ် ရေကန်ထဲ ပြုတ်ကျသောအခါ သူမ၏လွယ်အိတ်သည်လည်း ပြုတ်ကျခဲ့၏။ ယခုမှသာ ကုန်းချင်းယောင်သည် အိတ်ကိုဖွင့်ကြည့်ဖို့ အချိန်ရပေသည်။ အိတ်သည် သားရေဖြင့် ပြုလုပ်ထား၍ အပြင်၌ခြောက်သွေ့နေပြီဖြစ်သော်လည်း အိတ်အတွင်း၌ ရေများရှိနေသေးသည်။
ကုန်းချင်းယောင် အိတ်ထဲရှိ ရေများကို သွန်လိုက်ပြီး ဘာပစ္စည်းတွေရှိမှန်း ကြည့်လိုက်သည်။ အိတ်ထဲတွင် လေးထောင့်အရာလေးတစ်ခုရှိ၏။ မူလကိုယ် ပြောပြချက်အရ ဤသည်မှာ ဖုန်းဖြစ်သည်။ ကုန်းချင်းယောင် နှိပ်ကြည့်သော်လည်း ပွင့်မလာပေ ထို့ကြောင့်အိတ်ထဲသို့ ပြန်ထည့်ထားလိုက်၏။ ဖုန်းအပြင် လေးထောင့်ကတ်တစ်ခုအားလဲ တွေ့လိုက်ရသည်။ ဤသည်မှာ မူလကိုယ်နေသော ဟိုတယ်အခန်းသော့ဖြစ်သည်။ ကုန်းချင်းယောင် ကတ်ပေါ်၌ ရေးထားသော စာလုံးများအား အတန်ကြာစိုက်ကြည့်ပြီးနောက် စကားလုံးတို့၏ အဓိပ္ပါယ်အား အဆုံး၌ မှတ်မိသွား၏။ Holiday Hotel ဟု ရေးသားထားခြင်းပင်။
မမျှော်လင့်ဘဲ ကမ္ဘာကြီးပြောင်းလဲ လာသည်နှင့်အမျှ စာလုံးများလည်း ပြောင်းလဲလာပုံရ၏။ သူမ ယခုတော့ စာလုံးတွေ နည်းနည်းလောက်ကို မဖတ်တတ်တော့ဘူးဟု ခံစားလိုက်ရ၏။ ကုန်းချင်းယောင် ခေါင်းခါလိုက်ပြီး အိတ်ထဲ ဆက်ကြည့်လိုက်ရာ အနီရောင်စက္ကူများတွေ့လိုက်ရ၏။ မူလကိုယ် ပြောပြချက်အရ ထိုအရာသည် ငွေဖြစ်ပြီး ယခုတော့ ပိုက်ဆံဟု ခေါ်ကြလေသည်။ ပိုက်ဆံများသည် ရေကန်ထဲပြုတ်ကျထား၍ စိုစွတ်နေသည်။ သူမ သေချာကြည့်လိုက်သောအခါ စာရွက်ပေါ်ရှိ စာလုံးများသည် ဝေဝါးမသွား၍ အသုံးပြုလို့ရဆဲဖြစ်မည်ဟု တွေးလိုက်၏။။
ထိုအရာများမှ လွဲ၍ အိတ်ထဲတွင် မည်သည့်အရာမှ မရှိတော့ပေ။ ကုန်းချင်းယောင် ပိုက်ဆံများကို အိတ်ထဲထိုးထည့်လိုက်ပြီး Holiday Hotel ထံသို့ ပြန်သွားရန် ထရပ်လိုက်သည်။ ဘယ်နေရာသို့ သွားရမည်ကိုတော့ ဖြတ်သွားဖြတ်လာများကို မေးရန်သာ တတ်နိုင်၏။ သို့သော် အတန်ကြာလမ်းလျှောက်ပြီးသည်အထိ သူမ မည်သူ့ကိုမှ မတွေ့ရပေ။ သို့ပေမယ့် ကြီးမားသည့် ငွေသေတ္တာကြီး သူမဘေးနား၌ ရွှေ့လျားသွားကြောင်း မြင်လိုက်ရသည်။ သူမသည် ရထားလုံးနှင့် ခရီးသွားနေကြဖြစ်ပြီး ယခုတော့ သေတ္တာထဲမှ အရာများပင် လှုပ်ရှားနေနိုင်ပြီလား။ သူမ ထို ‘ သေတ္တာ ‘ အား စူးစိုက်ကြည့်နေလိုက်၏။
ဗင်ကား၏ ဒါရိုက်ဘာထိုင်ခုံဘက်မှ မှန်သည် အောက်သို့ကျလာပြီး သက်လတ်ပိုင်း လူကြီးမှ”မိန်းကလေး ဘယ်သွားမလို့လဲ”
ပုံမှန်လူများသာ သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို မြင်လိုက်ရလျှင် ထိုသူအား လူကောင်းအဖြစ် ယူဆမှာ ဖြစ်သော်လည်း ကုန်းချင်းယောင် ကြည့်လိုက်သောအခါ သူ၏မျက်လုံးတွင် ညစ်ညမ်းသော လေထုများနှင့် ပြည့်နှက်နေပြီး တစ်ယောက်ယောက်အား ထိခိုက်စေမည့် အရာများ လုပ်ဆောင်ခဲ့မှန်း သိလိုက်၏။
ကုန်းချင်းယောင် ငြင်းဆန်မည်အပြုတွင် ကားနောက်ခန်းထဲ၌ ထိုင်နေသော သက်လတ်ပိုင်းမိန်းမကြီးအား မြင်လိုက်ရသည်။ ဤသည်မှာ မထူဆန်းသော်လည်း မူမမှန်သည်မှာ ထိုမိန်းမကြီး လက်ထဲ၌ ပွေ့ထားသော ကလေးပင်။ မိန်းမကြီး၏ကလေးနေရာသည် နှစ်မြှုပ်နေပြီး ဤသည်မှာ ကလေးမရှိဘူးဟု ရည်ညွှန်းပြနေသည်။
ကုန်းချင်းယောင်ထံမှ စကားပြန်မလာသောအခါ သပ်လတ်ပိုင်းလူကြီးသည်”အချိန်က တော်တော်မှောင်လာပြီ၊ လမ်းမှာ တက္ကစီ ရှာဖို့ကလဲ ခက်နေပြီ၊ စိတ်မပူပါနဲ့ ငါတို့က ရွာကနေ မြို့စီကို သွားဖို့လုပ်နေတာ၊ တကယ်လို့ သွားမယ့်နေရာတူရင် အတူတူခေါ်သွားပေးပါ့မယ်၊ အခကြေးငွေလဲ မယူပါဘူး”
လူကြီးသည် စကားပြောပြီးနောက် အနောက်ခန်းမှ မိန်းမကြီးအား အချက်ပြသလို ကြည့်လာ၏။
မိန်းမကြီးသည် အလျင်အမြန် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး”မိန်းကလေး လာပါ၊ ငါတို့က ကလေးနဲ့အတူတူ အမျိုးတွေစီလာလည်တာ၊ ကားကို မကြိုက်ရင်တောင် ခဏလောက်တော့ ငါတို့နဲ့အတူ လိုက်စီးလိုက်ပါဦး”
မိန်းမကြီး၏ မျက်နှာကို မြင်ကတည်းက ကုန်းချင်းယောင်သည် ကားပေါ်တက်ရန် ဆုံးဖြတ်လိုက်သော်လည်း သူမ ကားတံခါးမဖွင့်တတ်ပေ။ ယခု မိန်းမကြီးမှ ဖွင့်ပေးလိုက်ပြီဖြစ်၍ သူမ ကားထဲသို့ အမြန်ဝင်လိုက်သည်။ ကုန်းချင်းယောင် ကားထဲဝင်လိုက်သည်နှင့် လူကြီးသည် ကားထဲမှအမြန်ထွက်လာပြီး နောက်တံခါးကို အမြန်ပိတ်လိုက်ကာ မိန်းမကြီးနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ကားရှေ့ခန်းထဲသို့ ပြန်ဝင်သွား၏။
ကုန်းချင်းယောင်သည် ကားအား စူးစမ်းနေလိုက်ပြီး ဤကဲ့သို့ သေတ္တာထဲတွင် စီးနင်းလို့ ရမည်မှန်းမသိခဲ့ပေ။ ယခုတော့ ထိုအရာကို ကားလို့ ခေါ်နေသည်ပင်။ ကားအား ဝိုင်းနေသည့် အရာလေးအား ကိုင်နေရုံဖြင့် မောင်းနှင်လို့ရပေသည်။ ကား၏ တည်ဆောက်ပုံအား လေ့လာပြီးနောက် ကုန်းချင်းယောင် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်၏။ သူမတို့ခေတ်မှ လမ်းများသည် ယခုကဲ့သို့ မကျယ်ကာ ညီညာမနေပေ။ ကား၏အရှိန်သည်လည်း မြင်းရထားလုံး စီးရသည်ထက် ပို၍လျှင်မြန်နေပေသည်။
2 02
လူကြီးသည် အနောက်ခန်းထဲမှ ကုန်းချင်းယောင် ဟိုဟိုဒီဒီကြည့်နေသည်အား မြင်ပြီးနောက် ပိုပြီးပျော်လာ၏။ သူသည် ထိုမိန်းကလေးမှာ ဘာပြဿနာမှ မဖြစ်စေနိုင်လောက်ဘူးဟု တွေးထားလေသည်။ သူမသည် တောရွာမှ လာသူဖြစ်ပြီး မြို့ကြီးအား တစ်ခါမှ မရောက်ဖူးသည့်သူဖြစ်ရမည်။ Sမြို့သည် မြို့တော်မဟုတ်သော်လည်း မြို့ကြီးတစ်ခုတော့ ဖြစ်နေဆဲပင်။
Sမြို့ထဲ ဝင်မည့်နေရာတွင် ကားများစွာ ရပ်နေရသည်ကို မြင်လိုက်ရ၏။ လူကြီးသည် အပြင်သို့ ကြည့်လိုက်ပြီး မျက်နှာတွင် ထိတ်လန့်မှုအနည်းငယ်ပေါ်လာပေမယ့် စိတ်ငြိမ်အောင် လုပ်လိုက်ပြီး ကားရပ်လိုက်၏။
ထိုသည်အား မြင်သော ကားနောက်ခန်းမှ ကုန်းချင်းယောင်သည်”ဘာဖြစ်လို့လဲ”
သက်လတ်ပိုင်းလူကြီးသည်”ရဲတွေ စစ်ဆေးနေကြတာပါ၊ စိတ်မပူပါနဲ့ ခဏနေရင် ငါတို့သွားလို့ ရတော့မှာ”
ကုန်းချင်းယောင် အကြံအိုက်သွားပြီး”ရဲဆိုတာက ဘာလဲ”
လူကြီးသည် ရဲဆိုတာ ဘာမှန်းမသိသည့် သူများရှိသေးရဲ့လားဟု တွေးမိသော်လည်း ကုန်းချင်းယောင်၏ အမူအရာအားမြင်သောအခါ ဟန်ဆောင်နေသည် မဟုတ်မှန်း သိလိုက်ရသည်။ သူသည် ကုန်းချင်းယောင်မှာ ဦးနှောက်နှင့် ပက်သတ်ပြီး တခုခုချို့ယွင်းနေသည်ဟု ယူဆလိုက်ပြီး”ရဲတွေဆိုတာ လူဆိုးတွေကို ဖမ်းပေးတဲ့ သူတွေ”
ကုန်းချင်းယောင် ခေါင်းညိတ်လိုက်ပြီး ရဲဆိုသည်မှာ လူဆိုးထိန်းများကို ပြောနေသည်ပဲဟု တွေးလိုက်၏။ ရဲများကို မြင်ရသည်နှင့် ကုန်းချင်းယောင်သည် တံခါးဖွင့်ပြီး သူတို့ထံသို့ လမ်းလျှောက်သွားလိုက်သည်။
သက်လတ်ပိုင်းမိန်းမကြီးသည် တီးတိုး”သူမ ကားထဲက ထွက်သွားပြီလေ”
သို့ပေမယ့် လူကြီးသည် စိတ်ပူမနေပေ။ ထိုမိန်းကလေးသည် ရဲသားများကိုပင် မသိတာ တခြားဘာများ လုပ်နိုင်မှာမလို့လဲဟု တွေးလိုက်ပြီး”အဓိကကိုပဲ အာရုံစိုက်စမ်းပါ၊ စိတ်ပူမနေပါနဲ့”
ကုန်းချင်းယောင် ကားပေါ်မှ ဆင်းပြီးနောက် ဆင်တူဝတ်စုံများ ဝတ်ထားသော လူအများအပြားကို တွေ့လိုက်ရပြီး သူတို့သည် လူကြီးပြောသည့် ရဲများဖြစ်မည်ဟု သိလိုက်သည်။
ကုန်းချင်းယောင်သည် လူငယ်လေးတစ်ယောက်ထံသို့ လမ်းလျှောက်သွားလိုက်ပြီး”ကားထဲမှာ ပြန်ပေးဆွဲတဲ့သူရှိတယ်”
ဤနေရာတွင် ရဲသားများစွာရှိသော်လည်း ကုန်းချင်းယောင် ရွေးလိုက်သောသူသည် အသန်မာဆုံးနှင့် အဖြောင့်မတ်ဆုံးသူဖြစ်သည်။
သူသည် ကုန်းချင်းယောင် ပြောသည်ကိုကြားသည်နှင့်”မင်းပြောချင်တာ ငွေရောင်ဗင်ကားကိုလား”
ကုန်းချင်းယောင်”ဟုတ်ပါတယ်”
လူငယ်ရဲသားသည် ချက်ချင်း ဝေါ်ကီတော်ကီအား ကောင်ကိုင်လိုက်ပြီး အခြေအနေအကျဉ်းချုပ်အား အခြားသူများသို့ အမြန်ရှင်းပြလိုက်ပြီး ဗင်ကားထံသို့ ထွက်သွားတော့သည်။
လူကြီးသည် ကုန်းချင်းယောင် ရဲထံသို့ သွားသည်ကို မြင်သောအခါ အနည်းငယ် ပျာယာခတ်နေပြီး ရဲသားသည် သူတို့ထံသို့ လက်ညှိုးညွှန်ပြနေသည်အား မြင်သည်နှင့် မိန်းမကြီးထံသို့ ကြည့်လာပြီး”မြန်မြန်ကားထဲက ထွက်တော့ နောက်မှ ထွက်ပြေးဖို့ အစီအစဉ်ထပ်ဆွဲမယ်”
သူ စကားပြောပြီးသည်နှင့် ရဲသားသည် သူတို့ကားရှေ့သို့ ရောက်လာပြီး ကားမှန်ကို ချခိုင်းနေ၏။ လူကြီးသည် မှန်ချပေးလိုက်ပြီး ရိုးသားသောအပြုံးဖြင့်”မင်္ဂလာပါ ရဲအရာရှိကြီး”
ရဲသား :”ယာဉ်မောင်းလိုက်စင် ပြပါဦး”
လူကြီးသည် တည်ငြိမ်ချင်ယောင်ဆောင်၍ ယာဉ်မောင်းလိုက်စင်အား ထုတ်ယူလိုက်ပြီး မိန်းမကြီးထံသို့ မျက်စိမှိတ်ပြ၍ ကလေးနှင့် အတူထွက်ပြေးရန် အချက်ပြလိုက်၏။ မိန်းမကြီး ကားအပြင်သို့ ထွက်နေသည်ကို မြင်သည်နှင့် အခြားရဲတစ်ဦးသည် အနားသို့ရောက်လာပြီး သူမအား တားလိုက်၏။
မိန်းမကြီး :”အိမ်သာ သွားမလို့ပါ”
ရဲသားသည် သူမအား ပေးမသွားဘဲ”ခဏစောင့်ဦး”
“မစောင့်နိုင်တော့ဘူး”မိန်းမကြီးသည် စိတ်ပူပန်နေသော အကြည့်ဖြင့် ပြန်ဖြေလိုက်ပြီး မဝံ့မရဲဖြင့်”ရဲအရာရှိကြီးရော ကျွန်မတို့နဲ့ အတူတူလိုက်ခဲ့မလား”
လူကြီးသည်လည်း ကားထဲမှ ထွက်လာပြီး”ကျွန်တော်တို့ ဘာဥပဒေကိုမှ ချိုးဖောက်နေတာမှ မဟုတ်တာ၊ ကျွန်တော့်အမျိုးသမီးက အိမ်သာသွားချင်ရုံပဲကို ဘာလို့ တားနေကြတာလဲ”
လူငယ်ရဲသားသည်”ပုံမှန် စစ်ဆေးတာပါပဲ”
လူကြီးသည် ထပ်၍အထွန့်တက်ချင်သော်လည်း ရဲသားသည် ဦးစွာ”ယာဉ်မောင်လိုက်စင်က အတုကြီး”
2 03
ဤသည်အား ကြားသည်နှင့် မိန်းမကြီးသည် ထွက်ပြေးဖို့ လုပ်သောအခါ ရဲသားမှ တားလိုက်ပြီး”ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”
သတင်းပေးခဲ့သော ကုန်းချင်းယောင်သည်လည်း အတူတူ ရဲစခန်းသို့ လိုက်သွားရတော့၏။ ကုန်းချင်းယောင်ကို မြင်သည်နှင့် လူကြီး၏မျက်နှာမှာ မဲမှောင်လာပြီး”မိန်းကလေး ငါတို့က မင်းကို ကြင်နာမှုနဲ့ မြို့ကိုလိုက်ပို့ပေးတာကို ဘာလို့ ငါတို့ကို စွပ်စွဲနေရတာလဲ”
ကုန်းချင်းယောင် လူကြီးအား စိုက်ကြည့်လိုက်သောအခါ ထိုလူကြီးသည် တိတ်ဆိတ်သွားသော်လည်း သူ၏မျက်လုံးထဲတွင် အမဲရောင်များ အနည်းငယ် စိမ့်ဝင်နေဆဲပင်။
လူငယ်ရဲသားသည် ကုန်းချင်းယောင်အား စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။ ဒီမိန်းကလေးက အရမ်းတည်ငြိမ်နေသည်မှာ သူမ၏ အသက်အရွယ်နှင့်ပင် မတူပေ။ သူမ အဘယ်ကြောင့် ပြန်ပေးဆွဲသူများ၏ ကားထဲရောက်နေမှန်းမသိပေမယ့် သူမလည်း ပြန်ပေးဆွဲ ခံလာရသော သူတစ်ယောက်ဖြစ်ပေမည်။ သို့ပေမယ့် သူမသည် လုံးဝ ကြောက်ရွှံ့မနေဘဲနှင့် ရဲကိုပင် အောင်အောင်မြင်မြင် သတင်းပေးနိုင်သေးသည်။
ကုန်းချင်းယောင် ရဲသား၏အကြည့်များကိုလျစ်လျူရှု့လိုက်ပြီး ကားပေါ်ရောက်သည်နှင့် ပြတင်းပေါက် အပြင်သို့ ငေးနေလိုက်သည်။ သူမ မြင်ရသမျှသည် မိုးအထိမြင့်မားနေသော အဆောက်အဦးများပင်။ ထိုသည်တို့ကို အာရုံထဲ၌ မြင်ဖူးပြီးဖြစ်သော်လည်း လက်တွေ့မြင်ရသောအခါ ခံစားချက်များမှာ ကွာခြားနေပေသည်။ ပြီးနောက် အချိန်မှာ ညရောက်နေသော်လည်း လမ်းများသည် နေ့ကဲ့သို့ ထိန်လင်းနေသည်မှာ အနည်းငယ် အံ့ဩစရာကောင်းလှ၏။ သို့ပေမယ့် ထိုခံစားချက်များသည် သူမ မျက်နှာပေါ်တွင် ပေါ်မနေ၍ သူမ ကားအပြင်ဘက်သို့ ကြည့်၍ တိတ်တဆိတ်ငေးနေသည်ကိုသာ အားလုံးမြင်ရ၏။
ရဲစခန်းသို့ ရောက်သည်နှင့် ကုန်းချင်းယောင်သည် ရှိနေသည့် ပစ္စည်းများကို မျက်တောင်မခတ်စိုက်ကြည့်နေ၏။ ခဏမျှမကြာခင် သူတို့ပြောနေသည့် စကားများထဲမှ ဤသည်မှာကွန်ပျူတာ၊ ဤသည်မှာဖုန်းဟု ခေါ်ကြမှန်း သူမသိသွားတော့သည်။ ကုန်းချင်းယောင် တိတ်တဆိတ် အားလုံးကို မှတ်သားနေ၏။
“ကျေးဇူးပြု၍ ထိုင်ပေးပြီး ကျွန်တော်တို့နဲ့အတူ မှတ်တမ်းယူပေးပါဦး” ဟု ရဲသားလူငယ်လေးမှ ပြောလာသည်။
ကုန်းချင်းယောင် အသိစိတ်ပြန်ကပ်လာပြီး သူတို့ခေါ်သည့်နောက်အား လိုက်သွားလိုက်၏။ ၁၀မိနစ်မျှကြာပြီးနောက် မှတ်တမ်းယူခြင်းမှာ ပြီးသွားလေသည်။ လူငယ်ရဲသားသည် ကုန်းချင်းယောင်အား အဝေးသို့ ပို့မည်အပြုတွင် အခြားရဲတစ်ယောက် ရောက်လာပြီး “ချန်လဲ့ ဒီနေ့ဖမ်းမိတဲ့ လူ၂ယောက်က ကလေးက တကယ်ပဲ သူတို့ရဲ့ကလေး မဟုတ်ဘူး၊ ကလေးက သူ့ကို ဟို့ရှန် ကနေ ဒီနေ့ပဲ ခေါ်လာတာလို့ ပြောပြတယ်”
ကုန်းချင်းယောင် အကူအညီတောင်းခဲ့သော လူငယ်ရဲသား ချန်လဲ့ သည် ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး “ဒီမိန်းကလေးက သတင်းပို့ပေးလို့ပါ၊ မဟုတ်ရင် သူတို့က လူကုန်ကူးတဲ့သူတွေမှန်း ငါတို့သိမှာ မဟုတ်ဘူး”
ချန်လဲ့ ပြောနေသည်မှာ အမှန်ဖြစ်ပြီး သက်လတ်ပိုင်းလူကြီးသည် အလွန်ရိုးသားသည့်ပုံပေါ်နေသည်လေ။
အခြားရဲသားမှ”ကလေးက သူတို့ကလေးမဟုတ်ဘူးလို့ သိတာကိုတောင်မှ သူတို့က လူကုန်ကူးတဲ့သူတွေမှန်း ဝန်မခံဘူး၊ ကလေးက အုပ်ထိန်းမယ့်သူ မရှိဘဲ တစ်ယောက်ထဲနေတာ တွေ့လို့ ခေါ်လာပြီး သူတို့ ပြုစုစောင့်ရှောက်ပေးချင်လို့ချည်း ပြောနေတယ်”
ကုန်းချင်းယောင် ထိုသည်အား ကြားသည်နှင့်”သူ လိမ်နေတာ”
ရဲသား၂ယောက်သည် ကုန်းချင်းယောင် ပြောသည်အား ကြားသည်နှင့် အမြန်တုံ့ပြန်လာပြီး ချန်လဲ့ မှ “မင်းမှာ သက်သေရှိလား”
ကုန်းချင်းယောင် : “အာ့လူတွေရဲ့ မျက်လုံးက အရမ်းကို နက်မှောင်နေပြီး ကလေးတစ်ယောက်ထပ် ပိုပြီး ပြန်ပေးဆွဲတဲ့ သူတွေဖြစ်ရမယ်”
ချန်လဲ့ “????”
ကျန့်ချာကော် က ‘ဘာလဲ။ သူ ဒီမိန်းကလေးပြောတာကို အမှန်လို့ ထင်မိတော့မလို့’
သူ့ဘေးနားရှိ ရဲသားသည် ရယ်မောလာပြီး “မိန်းကလေး အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့၊ ကိုယ်တို့ရဲတွေက သက်သေမရှိဘဲနဲ့ အမှုတွေကို ကိုင်တွယ်လို့မရဘူး”
ကုန်းချင်းယောင် “ကျွန်မ ဘယ်တုန်းကမှ အဓိပ္ပါယ်မရှိတာတွေ မပြောပါဘူး”
ချန်လဲ့သည် ကုန်းချင်ယောင်နှင့် ပက်သတ်၍ ကောင်းမွန်သော အမြင်ရှိခဲ့၍ “ဟုတ်ပါပြီ ဒါပေမယ့် သူတို့ကို အပြစ်ဒဏ်ချရမယ်ဆိုရင် လုံလောက်တဲ့ သက်သေရှိတာဖြစ်ဖြစ် မဟုတ်ရင် သူတို့ကိုယ်တိုင် ဝန်ခံမှပဲ အပြစ်ပေးလို့ရလိမ့်မယ်”
ကုန်းချင်ယောင် “ဟုတ်ပြီလေ…”
ချန်လဲ့”?????”
ဘာကို ဟုတ်တာလဲ။
2 04
သူ့ဘေးရှိ ရဲသားသည်လည်း အံ့ဩနေလျက် “မင်းမှာ သက်သေရှိလို့လား မဟုတ်ရင် သူတို့ ဝန်ခံအောင် လုပ်နိုင်လို့လား”
“အာ…” ကုန်းချင်းယောင် ချန်လဲ့အား ကြည့်လိုက်ပြီး “ကျွန်မကို ခေါ်သွားပေးပါ”
ရဲသား၂ယောက်သည် ကုန်းချင်းယောင်အား သက်လက်ပိုင်း လူကြီးနှင့် မိန်းမကြီအား စစ်ဆေးနေသော စစ်ဆေးရေးခန်းမသို့ ခေါ်ဆောင်သွားသည်။ စစ်မေးနေသော ရဲသားသည် ချန်လဲ့တို့ ငယ်ရွယ်သော မိန်းကလေးအား ခေါ်လာသည်ကို တွေ့သည်နှင့် သူတို့အား သံသယဖြင့်ကြည့်လာ၏။ ချန်လဲ့တောင် ရူးသွားပြီလား။ သူ့ရှေ့က မိန်းမငယ်လေးက တကယ်ပဲ ဒီရာဇဝတ်သားတွေကို ဝန်ခံလာအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။
ကုန်းချင်းယောင် သက်ပြင်း အသာအယာချလိုက်၏။ ကမ္ဘာကြီးသည် အလွန်ပြောင်းလဲလာကာ ယခုခေတ်မှ လူများသည် ရုပ်လွန်ဗေဒအား မယုံကြည်ကြတော့ပေ။ အတိတ်တုန်းကဆိုလျှင် သူမ ဘာပြောလိုက်ပါစေ လူဆိုးထိန်းများမှ ချက်ချင်း ဆောင်ရွက်ပေးကြသည်။ ကုန်းချင်းယောင် ယနေ့ခေတ်မျိုးဆက်များကို နားမလည်သော်လည်း ထိုသည်မှာ အဓိက မဟုတ်ပေ။ အဓိကမှာ သူမရှေ့တွင် ထိုင်နေသော လူ၂ယောက်ဖြစ်ပေသည်။
သက်လတ်ပိုင်းလူကြီး နာမည်မှာ ကျိုးဟဲဖြစ်ပြီး မိန်းမကြီးနာမည်မှာ လွီမြဲ့ ဖြစ်ပေသည်။ သူတို့သည် ကုန်းချင်းယောင် ဝင်လာသည်အား တွေ့သည်နှင့် ကျယ်လောင်စွာ အော်ဟစ် ပြောဆိုတော့သည်။ “ဒီမှာမိန်းကလေး… ငါတို့ မင်းကို ပြန်ပေးမဆွဲဘူး၊ ငါတို့က သနားကြင်နာတတ်လို့ မင်းကို ကားပေးစီးတာ၊ မင်း ငါတို့ကို လုပ်လို့မရ…”
သူတို့စကားပြော မပြီးခင် ကျိုးဟဲသည် ရပ်တန့်သွားပြီး အံ့ဩထိတ်လန့်စရာ တစ်ခု ဖြစ်ပွားလာတော့သည်။