အခန်း ၆၀ ။ တပည့်များဂိုဏ်းထဲ ဝင်ရောက်ခြင်း
“နင်တို့ အဆင်ပြေရဲ့လား” ရှန်းရင် မေးလိုက်တယ်။
“တောင်းပန်ပါတယ်၊ နင်တို့ အဲကနေ ထွက်လာမယ်မသိလို့ပါ”
“တောင်းပန်ပါတယ်ဗျ” ယိချင်းလည်း ချက်ချင်း လက်ခုပ်ပုံ ဆုပ်လိုက်တယ်။
“ထိုင်ခုံကို အဲနေရာမှာ ကျုပ်ထားလိုက်တာပါ” သေချာပေါက် ဆရာ့ကို ကြားဝင်ခံခွင့်မပေးနိုင်ဘူး/
“ဒါက နမော်နမဲ့အမှားလေးတစ်ခုပါ၊ ဘာမှမဖြစ်ပါဘူး”
ယွီဟုန်အမည်ရှိတဲ့ အမျိုးသမီးက သူတို့ကိုရယ်လေတယ်။ နောက်တော့ ရှေ့ဆီဆက်သွားပြီး အဲဒီ လူ၇ယောက်၊ ၈ယောက်ကိုပါ ဦးဆောင်ခေါ်သွားလေတယ်။ ဒါပေမဲ့ သူမက လှည့်ထွက်တော့မဲ့ဆဲဆဲ တစ်စုံတစ်ရာက သူမအာရုံကိုဖမ်းစားလိုက်သလိုမျိုး ခြေလှမ်းတွေတန့်သွားပြီး ရုတ်တရက် ခပ်မြန်မြန် ပြန်လျှောက်လာတယ်။ သူမက သူတို့သုံးယောက်ကို ဖျတ်ခနဲကြည့်ပြီး မေးလိုက်တယ်။
“အမတဆရာတို့၊ ရှင်တို့ တပည့်စုဆောင်းနေတာလား”
ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်၊ ငါတို့ရဲ့ ဝူတိဂိုဏ်းက ခုမှစတည်ထောင်ကာစ၊ တကယ်ပဲ တပည့်တွေ စုဆောင်းနေတာ”
“ဒါဆို ရှင်တို့သုံးယောက် ကျွန်မတို့ကို ဘယ်လိုမြင်လဲ” သူမက ရိုးရိုးရှင်းရှင်းနဲ့ တောဆန်ဆန် အဝတ်အစားတွေ ဝတ်ထားတဲ့ အနောက်ဘက်က မိန်းကလေးအုပ်စုကို လက်ညှိုးထိုးပြလာတယ်။
“မင်းတို့ ငါ့ဂိုဏ်းကို ဝင်ချင်တယ်လား”
ကူယွဲ့ ဝမ်းမြောက်သွားတယ်။ နောက်ဆုံးတော့ အမြော်အမြင်ရှိတဲ့လူ ရောက်လာပြီပဲ။
“ဟုတ်ကဲ့ ကျွန်မတို့ ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်…” သူမက အလံကိုမော့ကြည့်ပြီးမှ ဆက်ပြောလိုက်တယ်။
“ဝူတိဂိုဏ်းကို”
“ကောင်းပြီ” ကူယွဲ့ ဝမ်းပန်းတသာရယ်တော့တယ်။
“ငါတို့ဂိုဏ်းဆီဝင်ရင် မင်းတို့နောင်တရမှာမဟုတ်ဘူး၊ ဒါပေမဲ့…” သူက မိန်းကလေးအုပ်စုကို တည်တံ့စွာ ကြည့်လာတယ်။
“မင်းတို့ထဲကတချို့က ကျင့်ကြံသူတွေဆိုတာ ငါမြင်ရတယ်၊ မင်းတို့သုံးယောက်ဆို အမြုတေဖွဲ့စည်းခြင်းကို ပြီးမြောက်သွားပြီ၊ မင်းတို့က တကယ်ပဲ ဂိုဏ်းတစ်ခုခုက မဟုတ်ဘူးလား”
ယွီဟုန်ဆိုတဲ့ အမျိုးသမီးက တစ်ခဏတာတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီး မျက်နှာထက်မှာ သွေးပျက်မှုအရောင်ဖြတ်ပြေးသွားပေမဲ့ ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။ သူမက ပြုံးလိုက်တယ်။
“အမတဆရာ၊ ကျွန်မတို့အားလုံးက ရွာတစ်ခုတည်းကလာကြတာပါ၊ ရွာထဲမှာက လူတိုင်း ငယ်ငယ်တည်းက ကျင့်ကြံခြင်းကို သင်ယူရတာမို့ ကျွန်မတို့ ကျင့်ကြံဆင့်ရှိနေတာက သာမန်ပါပဲ၊ ကျွန်မတို့က တကယ် ဘယ်ဂိုဏ်းကမှ လာရတာမဟုတ်ပါဘူး၊ တကယ်လို့မယုံကြည်ဘူးဆိုရင် ကျွန်မတို့ရဲ့ ကောင်းကင်စိတ်အာရုံမှာ တခြားဂိုဏ်းတွေရဲ့ ချိပ်အမှတ်အသားတွေရှိမရှိ စစ်ဆေးကြည့်နိုင်ပါတယ်”
ကျင့်ကြံသူတွေက ဂိုဏ်းတစ်ခုထဲ ဝင်ရောက်ပြီးရင် အသက်တံဆိပ်ပြားထားရပြီး အဲဂိုဏ်းရဲ့ ချိပ်အမှတ်အသားကို သူတို့ရဲ့ ကောင်းကင်စိတ်အာရုံထဲ စွဲထင်အောင် လုပ်ခံရလိမ့်မယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က သူတို့ကို အသက်တံဆိပ်ပြား ပညက်ပေးတဲ့လူထက် မမြင့်သရွေ့ ချိပ်အမှတ်အသားတွေကို ဖယ်ရှားလို့မရနိုင်ဘူး။ အသက်တံဆိပ်ပြားတွေကို ခန့်ခွဲခွင့်ရှိတဲ့လူတွေက အနည်းဆုံးတော့ နတ်ဝိညာဉ်ကျင့်ကြံဆင့်ရှိသူတွေ။ ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံနဲ့ ဖျတ်ခနဲကြည့်လိုက်တော့ ဒီအုပ်စုမှာ တကယ်ကို ချိပ်အမှတ်အသားတွေရှိမနေတာ သိလိုက်ရတယ်။
“မင်းတို့ ငါ့ဝူတိဂိုဏ်းထဲ ပါချင်တာ သေချာတယ်နော်” သူ့အတွက်တော့ တစ်ခုခုတော့ လွဲနေတယ်လို့ ခံစားနေရတယ်။
“ဟုတ်ကဲ့” ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။ သူမက အနောက်ပြန်လှည့်ကြည့်လိုက်တော့ အားလုံးကလည်း အတူတူပဲ ခေါင်းညိတ်ကြတယ်။
“အဲလိုဆို သူတို့ရဲ့ ဝိညာဉ်ကြောတွေကို စမ်းသပ်ကြရအောင်”
ကူယွဲ့ ဝိညာဉ်ကြောစမ်းသပ်ရာမှာသုံးတဲ့ ဓမ္မအသုံးအဆောင်ကို ထုတ်လိုက်ပြီး သူတို့ကို တစ်ယောက်ချင်း ရှေ့တက်လာခိုင်းလိုက်တယ်။ ဒါပေမဲ့ ရလဒ်ကတော့ တကယ်မထင်မှတ်ထားစရာပဲ။ ဒီလူတွေကြားထဲ ပိုင်ဆိုင်တဲ့ အနိမ့်ဆုံးအရည်အသွေး ဝိညာဉ်ကြောကတောင် တတိယအဆင့် သစ်သား၊ ရေနဲ့ရွှေ ဖြစ်တဲ့ — ဝိညာဉ်ကြောသုံးမျိုးပဲ။ ဒီလိုအရည်အချင်းနဲ့ဆို သူတို့တွေက ဆွေကြီးမျိုးကြီးမိသားစုတွေဆီတောင် ဝင်ရောက်ဖို့ အရည်အချင်းမှီတယ်လေ။ ဘာကြောင့် အသစ်ထောင်ကာစ ဂိုဏ်းကို စိတ်ဝင်စားရတာလဲ။ သူတို့ကန်းနေတာလား။
“အမတဆရာ ကျွန်မတို့ ဝင်လို့ရမလား”
“မင်းတို့ဝိညာဉ်ကြောတွေက မဆိုးပါဘူး…” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
ယွီဟုန် ဝမ်းသာသွားတော့တာပဲ။
“ဒါဆို အမတဆရာ ကျွန်မတို့ကို ဂိုဏ်းဆီ အခုပြန်ခေါ်သွားပေးလို့ရမလားရှင့်” ဒါပေမဲ့ တစ်ဖက်လူဆီက သံသယကိုခံစားမိတာမို့ ချက်ချင်းထပ်ရှင်းပြလိုက်တယ်။
“ကျွန်မတို့ အထက်ထျန်းလန်မြို့ဆီရောက်ဖို့ လဝက်နီးပါး ခရီးသွားခဲ့ရတာ၊ ခရီးက ရှည်လျားပြီး ပင်ပန်းတာမို့ ကျွန်မတို့ အနားယူဖို့ ဂိုဏ်းဆီပြန်ချင်တာပါ”
“မမဟုန်…” ဒါပေမဲ့ ကူယွဲ့ မဖြေခင် သူမဘေးက မိန်းကလေးက ရုတ်တရက် ယွီဟုန့်ကို လှမ်းဆွဲလာပြီး တစ်ခုခုပြောချင်တဲ့ပုံနဲ့ နာမည်တိုးတိုး လှမ်းခေါ်လာတယ်။ နောက်ဆုံးမှာတော့ ဘာမှထပ်မပြောတော့ပေမဲ့ သူမက ခေါင်းတောင်ပိုငုံ့သွားလေရဲ့။
“အမတဆရာ၊ အဲဒါ အဆင်ပြေနိုင်မလား”
ယွီဟုန် နောက်တစ်ကြိမ် မြန်မြန်ဆန်ဆန် မေးလိုက်တယ်။
“ငါသူတို့ကိုပြန်ခေါ်သွားရင်ရော ငါက ဂိုဏ်းချုပ်မဟုတ်ဘူးလား” ရှန်းရင် အကြံပေးတဲ့အနေနဲ့ လက်တစ်ဖက်မြှောက်ပြလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါအိပ်ငိုက်နေတာ”
“ဆရာ” ယိချင်း ထိတ်လန့်သွားတယ်။ သူ တစ်ခုခု ပြောမလို့လုပ်ပေမဲ့ အဆုံးမှာတော့ ဒီလို မလုပ်တော့ဘူး။
“ချီး” ကူယွဲ့ကတော့ သူမအကြံပေးချက်ကို အထင်သေးတဲ့အကြည့်နဲ့ တုံ့ပြန်လိုက်တယ်။
“ဒါဆို ဒီဂိုဏ်းချုပ်က အပြန်လမ်းကို ရှာနိုင်တာပါလား”
“အာ…” သူမမှာ အဲအတွက်တော့ ခွန်းတုံ့ပြန်စရာမရှိခဲ့။
ယိချင်း မျက်မှောင်ကြုတ်ပြီး ရှန်းရင်ကိုကြည့်ကာ သတိပေးလိုက်တယ်။
“မုန်လာဥကို လမ်းပြခိုင်းလိုက်ရင်ရော”
ကူယွဲ့ မျက်မှောင်ကြုတ်ထားရင်း နှစ်ယောက်သားကို အံ့ဩတကြီး ကြည့်ကာ တစ်ခဏ တုံ့ဆိုင်းပြီးတဲ့နောက် မုန်လာဥကို သူ့ခြေထောက်က ဆွဲခွာလိုက်တယ်။
“မုန်လာဥ အသွင်ပြောင်းပြီး ရှန်းရင်ကို ပြန်ခေါ်သွားလိုက်”
“ကျီ” မုန်လာဥအရွက်တွေ မြောက်တက်သွားတယ်။ သူ့အရိပ်ကဝင်းလက်သွားပြီး လှပကာ ယောက်ျားမိန်းမ အစွန်းနှစ်ဖက်ကင်းလွတ်တဲ့ ရုပ်ရည်နဲ့ ပုဂ္ဂိုလ်အသွင်ကို ပြောင်းလဲလိုက်တယ်။ နောက်တော့ ရှန်းရင် ခြေထောက်မှာ တွယ်ကပ်ဖို့ကြိုးစားတော့တာပဲ။
“မမလေးက တို့ရဲ့ အကြွင်းမဲ့အလှကို သဘောကျနေသေးတာဖြစ်ရမယ်မှန်း သိပြီးသား”
“သွားစမ်းပါ” ရှန်းရင် သူ့မျက်နှာကို မြေကြီးပေါ် ခြေဆောင့်ပြီး ကူယွဲ့ဘက်လှည့်ကြည့်လိုက်တယ်။
“နင့်ယပ်တောင်စီးစရာယာဉ်ကို ငှားလို့ရမလား၊ လူတွေကအများကြီးပဲ”
“အဲဒါ ငါ့ရဲ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်ဟ၊ အဲလိုပစ္စည်းတွေကို အလွယ်တကူ ထုတ်မချေးတတ်ကြဘူး”
ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးကြည့်ပြီး သစ်ရွက်ပုံစံ ဓမ္မအသုံးအဆောင်တစ်ခုကို ထုတ်ကာ လေထဲပစ်လိုက်တယ်။ ဓမ္မအသုံးအဆောင်က ပစ်လိုက်တဲ့နောက်မှာပဲ အကြိမ်ပေါင်းမြောက်များစွာ ချက်ချင်းကြီးသွားတယ်။
“အပေါ်တက်ကြ၊ ဒါကိုပဲအစားသုံးလိုက်”
ရှန်းရင် မုန်လာဥကို မြေကြီးထဲကဆွဲနုတ်ပြီး လောလောလတ်လတ် လက်ခံထားတဲ့ အမျိုးသမီးတပည့်အုပ်စုကို သူတို့ရဲ့ စီးစရာပေါ်တက်ခိုင်းကာ မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝန်းထဲ ပျောက်ကွယ်သွားတောါတယ်။
“ဂေး” ကူယွဲ့က ဘေးဘက်က ယိချင်းကိုလှမ်းကြည့်လာပြီး လေသံက သဘောမကျတဲ့ပုံပေါက်နေတယ်။
“ဒီလူစုက တစ်ခုခုမူမမှန်တာ မင်းသိရဲ့သားနဲ့ ဘာလို့ ရှန်းရင် သူတို့ကိုပြန်ခေါ်သွားမှာကို သဘောတူလိုက်တာလဲ”
“မစိုးရိမ်ပါနဲ့၊ ဆရာ့မှာ သူ့ကိုယ်ပိုင်အစီအစဉ်တွေရှိပါတယ်” ယိချင်း ရှန်းရင်တို့အုပ်စု ပျံသွားတဲ့လမ်းကြောင်းဆီ လှမ်းကြည့်ပြီး ဆက်ပြောလိုက်တယ်။
“ပြီးတော့… ဆရာက ဘာမှဖြစ်မှာမဟုတ်ပါဘူး”
“…” ဒါ အဓိပ္ပါယ်ရှိလွန်းလို့ ကူယွဲ့ ဆွံ့ပါဆွံ့အသွားတော့တယ်။
အမှန်ပဲ။ ဘာကိစ္စပဲဖြစ်ဖြစ် အဲcheatကိုတော့ သေချာပေါက် ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး။
မုန်လာဥက အပြန်တစ်လမ်းလုံး ဓမ္မအသုံးအဆောင်ကို ထိန်းလာရတယ်။ ကူယွဲ့ အထက်ထျန်းလန်မြို့ဆီသွားတဲ့လမ်းမှာ နေရာရွှေ့ပြောင်းအစီအရင်တချို့ ချန်ခဲ့တာမို့ အပြန်ခရီးက တစ်နာရီတောင်မကြာဘဲ အထက်ထျန်းလန်လောကနဲ့ မိစ္ဆာဘုံကြားက နယ်စပ်ဆီ ရောက်လာခဲ့ပြီ။
“မမယွီဟုန်” အဖွဲ့ထဲက တစ်ယောက်က ရုတ်တရက် ပင့်သက်ရှိုက်ပြီး ယွီဟုန့်လက်ကို ဆွဲလာတယ်။
“ဒါ… ဒါ မိစ်ဆာဘုံပဲ”
ယွီဟုန့်မျက်နှာမှာလည်း ထိတ်လန့်နေတဲ့အမူအရာနဲ့။ သူတို့ ဂိုဏ်းသေးလေးတစ်ခုရဲ့တည်နေရာက သန့်ရှင်းသန့်ပြန့်မှာမဟုတ်ဘူးဆိုတာ သိထားပေမဲ့လည်း တစ်ဖက်လူက သူတို့ကို မိစ္ဆာဘုံထဲ တန်းခေါ်သွားမယ်တော့ တစ်ခါမှ မစဉ်းစားဖူးဘူး။
“မစိုးရိမ်ပါနဲ့” ရှန်းရင်က သူတို့ကို ပြန်လှည့်ကြည့်လာပြီး တကယ်ကြီး ကြင်ကြင်နာနာတောင် ရှင်းပြလိုက်သေး။
“အထဲက တိရစ္ဆာန်တွေအားလုံးက အရွက်စားတွေလေ၊ လူတွေကို ထိခိုက်အောင်မလုပ်ဘူး”
သူမကရှင်းပြနေတုန်း ဓမ္မအသုံးအဆောင်က မိစ္ဆာဘုံထဲ ပျံသန်းနေချေပြီ။ သူတို့ မိစ္ဆာဘုံထဲ ဝင်ပြီဆိုတာနဲ့ အစီအရင်အင်းကွက်တစ်ခုက လင်းလာပြီး သစ်ရွက်ဓမ္မအသုံးအဆောင်ပေါ်ကလူတိုင်းကို အထဲထည့်ကာ ဘေးပတ်ပတ်လည်မှာရှိတဲ့ မိစ္ဆာအငွေ့အသက်တွေဆီကနေ သီးခြား ခွဲထားပေးလေတယ်။
“ဘာဖြစ်မလဲ စောင့်ကြည့်ကျတာပေါ့”
ယွီဟုန် စိတ်ငြိမ်အောင်ထားပြီး ညွှန်ကြားလိုက်တယ်။
ဝူတိဂိုဏ်းလို့ ခေါ်တဲ့ ဒီဂိုဏ်းက ဘယ်နေရာမှာပဲရှိနေနေ သူတို့ရဲ့အခုလက်ရှိ အခြေအနေအရတော့ မိစ္ဆာဘုံထဲ ဝင်ရောက်တာက အကျိုးရှိကောင်းရှိနိုင်တယ်။ ပြီးတော့ သူတို့ကိုခေါ်လာတဲ့ ဒီမိန်းကလေးက ဘာကျင့်ကြံဆင့်မှရှိပုံမပေါ်ဘူး။ သူတို့သာချရရင် သူ့ကို ကြောက်စရာမလိုဘူးပေါ့။ သူတို့သတိထားဖို့လိုတဲ့ တစ်ခုတည်းသောအရာက အဲမိန်းကလေးဘေးမှာ နေဖို့ ကပ်ဖားယပ်ဖားအပြုံးနဲ့ အဆက်မပြတ်ကြိုးစားနေပြီး ကျန်တဲ့သူတွေကို ကြည့်တောင်မကြည့်တဲ့ အဲမုန်လာဥဆိုတဲ့ နာမည်နဲ့လူပဲ။ သူ့အသွင်ပြောင်းမှုကိုလည်း မြင်ထားရတာဆိုတော့ သူတို့သိချင်မိတာက သူလည်းပဲ မိစ္ဆာလား။
လူတိုင်း သတိကြီးကုန်ပြီး သူတို့ဘေးဘာတွေဖြစ်နေလဲ မှတ်သားကုန်ကြတယ်။ ဒါပေမဲ့ နောက်ထပ်ပေါ်လာတဲ့ မြင်ကွင်းကတော့ သူတို့အားလုံးကို ဆွံ့အမိသွားစေပါရဲ့။
ဆဋ္ဌမဆင့်သားရဲ သူတို့ဘေး ဖြတ်သွားချိန် ပြောသွားတာက…။
“ကြီးမြတ်တဲ့နတ်ဒေဝါကို နှုတ်ခွန်းဆက်သပါတယ်”
“မင်္ဂလာပါ”
မိစ္ဆာက အဝေးကိုပျံသန်းသွားပါလေရော။
သတ္တမအဆင့် မိစ္ဆာလည်း ဘေးကဖြတ်သွားတယ်။
“ကောင်းသောနေ့လယ်ခင်းပါ ကြီးမြတ်တဲ့ နတ်ဒေဝါ”
“ကောင်းသောနေ့လယ်ခင်းပါ”
မိစ္ဆာက ပျံသန်းသွားပြန်တယ်…။
အဋ္ဌမအဆင့် မိစ္ဆာကလည်း ရောက်လာပြန်ပြီ။
“ကြီး… ကြီးမြတ်တဲ့… နတ်ဒေဝါ”
“ဟယ် မင်္ဂလာပါ”
နတ်ဆိုးက တောင့်ခဲသွားလေရဲ့…။
နဝမအဆင့် မိစ္ဆာက ဘေးကဖြတ်သွားတယ်။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်ဒေဝါ စားပြီးပြီလားဗျ”
“မစားရသေးဘူး”
မိစ္ဆာခမျာ ဘန်းခနဲ ပြုတ်ကျသွားရှာတယ်…။
လူအုပ်ကြီး ။ ။ “…”
ဒီမြင်ကွင်းက ဘာလဲဟ။ သူတို့တွေက တကယ်… တကယ်ပဲ မိစ္ဆာတွေဟုတ်ရဲ့လား။ မိစ္ဆာတွေက ဘာလို့သူတို့ကို မတိုက်ခိုက်တဲ့အပြင် အဆင့်မြင့်လေ ပိုပြီးတော့… ရိုသေလေးစားလာရတာလဲ။
လူတွေနဲ့ မိစ္ဆာတွေက ဘယ်တော့မှ အတူယှဉ်တွဲမရှိဘူးဆိုတာ ဘာဖြစ်သွားပြီလဲ။
ဒီမိန်းကလေးက တနည်းနည်းနဲ့ထူးခြားနေတာများလား။
လူတိုင်း ဒီမိန်းကလေးကို မကြည့်ဘဲမနေနိုင်တော့ဘူး။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ ခေါင်းစခြေဆုံးကြည့်ကြည့် သူမမှာ ဝိညာဉ်ချီပိုင်တဲ့ အရိပ်အယောင် မပြသလို သိသိသာသာကို သေမျိုးတစ်ယောက်ပဲ။ တစ်ခုခုသတိထားမိဖို့ သူတို့ရဲ့ ကျင့်ကြံဆင့်တွေက နိမ့်လွန်းနေတာလား။ စောနက မမယွီဟုန်တောင် ကျင့်ကြံဆင့်တွေကို အာရုံမခံနိုင်တဲ့ လူနှစ်ယောက်လိုမျိုးပဲ။
သူတို့ အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်အမတဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆုံသွားတာ… ဖြစ်နိုင်လား။ လူတိုင်းစိတ်လှုပ်ရှားသွားပြီး ယွီဟုန့်မျက်လုံးတွေတောင် တောက်ပသွားတယ်။ ဝူတိဂိုဏ်းက ဒီနှစ်ယောက်ကို အမြင်တစ်မျိုးနဲ့ မြင်စပြုလာတော့တယ်။
“အမတ… အမတဆရာ” နောက်ဆုံးတော့ တစ်ယောက်က ထိန်းမထားနိုင်တော့ဘဲ မေးလိုက်တယ်။
“ကျွန်မ စောနက အမတအကြီးတော်နှစ်ယောက်ဆီကနေ ကြားတာ… ကြားတာကတော့ အသင်… အသင်က ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆို”
“ဟုတ်တယ်လေ” ရှန်းရင်က ပျင်းရိစွာနဲ့ အတည်ပြုခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်မတို့ရဲ့ကျင့်ကြံဆင့်က နိမ့်တာမို့ အသင်တို့အဆင့် ဘယ်လောက်မြင့်လဲဆိုတာ မြင်ရမဲ့ပုံမပေါ်ဘူး၊ အသင်တို့ ကျင့်ကြံဆင့်တွေကို ကျွန်မတို့ စူးစမ်းကြည့်ခွင့်ရှိမလားရှင့်”
“အိုး သူတို့က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဓားကျင့်ကြံသူတွေလေ”
“နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဓားကျင့်ကြံသူတွေ” ပြီးတော့ အဲအဆင့်ရှိတာ နှစ်ယောက်တောင်။ လူတိုင်းပင့်သက်ရှိုက်ပြီး မျက်လုံးတွေ လက်သွားကြတော့တယ်။
“ဒါဆို… အကြီးအကဲ၊ အသင်ကရော”
“ငါလား” ရှန်းရင် ရပ်ပြီး ရိုးရိုးသားသားပဲ ဖြေလိုက်တယ်။
“ငါ့မှာကျင့်ကြံဆင့်မရှိဘူးလေ”
“အာ အယ်” မေးခွန်းမေးသူက မှင်တက်သွားပြီး နားကြားမှားတာလို့တောင် တွေးမိသွားတယ်။
“အသင်… အသင်က ဂိုဏ်းချုပ်မလား”
“ဟုတ်တယ်လေ” သူမ သမ်းဝေရင်း ဖြေလိုက်တယ်။
“အရင်က ငါ လက်ချောင်းခန့်မှန်းတဲ့ ကစားနည်းမှာ ရှုံးသွားတာကြောင့်… မဟုတ်လား”
လူအုပ်ကြီး ။ ။ “…”
သောက်ကျိုးနည်း ဘာလဲဟ။
(╯‵□′)╯(┻━┻
…