အခန်း ၅၈ ။ မိစ္ဆာလောကထဲ နေအိမ်ရွေးချယ်ခြင်း
“ရှန်း… ကြီးမြတ်တဲ့ ရှန်း… ကြီး… ကြီးမြတ်…”
“စိတ်မလှုပ်ရှားနဲ့၊ ငါနင်နဲ့ ဆွေးနွေးဖို့ ကိစ္စရှိရုံပဲ”
ရှန်းရင် သူ့နားကို ပွတ်သပ်ပေးရင်း သေချာအောင် ပြောလိုက်တယ်။ မျိုးစိတ်အတိုင်း ယုန်က တကယ်ကို အသည်းငယ်တဲ့ တိရစ္ဆာန်ပဲ။ သူမ အနောက်က ထိုင်ခုံကို အမြန် လက်ညှိုးထိုးပြလိုက်တယ်။
“လာ ထိုင်ဦး”
ယုန်ဘုရင်က ပိုတောင်တုန်ခါသွားပြီး ရှန်းရင် ပွတ်ပေးနေတဲ့နားက ရုတ်တရက် ထုံသွားတော့တယ်။ သူ့သလွန်ပေါ် ပြန်ထိုင်ဖို့ အကြိမ်ရေတချို့ ကြိုးစားပေမဲ့ သူ့ ဒယီးဒယိုင် ခြေထောက်တွေကြောင့် ပြန်ပြန်လျှောကျနေလေရဲ့။
“ကြီးမြတ်တဲ့… နတ်ဒေဝါ၊ ကျေးဇူး… ကျေးဇူးပြုပြီး ကျွန်တော့်ကို အမိန့်မှာကြားပါ”
ယုန်ရဲ့ အကျပ်အတည်းပြဿနာကို သတိထားမိတော့ ရှန်းရင် သူ့ဘေးမှာ တန်းပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ သူမ အသံထွက်ရယ်ကာ ပြောလိုက်တယ်။
“ဒီလိုမျိုးဟယ်၊ ငါတို့သုံးယောက်က အထက်ထျန်းလန်လောကကို ရောက်ကာစဆိုပေမဲ့ နေစရာနေရာ ရှာမတွေ့ဘူး၊ ငါကြားတာတော့ ထျန်းလန်လောကသုံးခွင်နဲ့မတူဘဲ နင့်ရဲ့ မိစ္ဆာလောကက အထက်၊ အလယ်၊ အောက် လောကတွေ မခွဲထားဘူးဆို၊ ပြီးတော့ အထက်ထျန်းလန် လောကနဲ့ အနီးဆုံးလေ၊ ဒါကြောင့် ငါတို့အတွက် သင့်တော်တဲ့ နေရာများရှိမလား မေးချင်တာ”
“ကြီး… ကြီးမြတ်တဲ့ နတ်ဒေဝါက နေဖို့နေရာ ရှာနေတာလား” ယုန်ဘုရင် စိတ်သက်သာရာရပြီး သက်မချလိုက်တယ်။ ဒါဆို သူတို့ မျိုးနွယ်ကို အမျိုးဖြုတ်ဖို့ ဒီကိုရောက်လာတာမဟုတ်ဘူးပေါ့။ အားလုံး အဆင်ပြေတယ်၊ အားလုံးအဆင်ပြေတယ်။
ယုန်လုရင်က ရှန်းရင်နောက်ကို လှမ်းကြည့်ပြီး ထင်တဲ့အတိုင်း တခြားကျင့်ကြံသူနှစ်ယောက်ကို မြင်လိုက်ရတယ်။ တစ်ယောက်က အရင်တည်းကသိကျွမ်းပြီးသား ကျေးဇူးရှင်ယိချင်း။ ဒါပေမဲ့ ဒီလိုအချိန်တိုအတွင်း ယိချင်းကို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တခြားတစ်ယောက်ကလည်း နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူပဲ။ ယုန်ဘုရင် ရှန်းရင်ကို အရင်ကထက် ပိုလေးစားသွားတယ်။
သူ ကြီးမြတ်တဲ့နတ်ဒေဝါဖြစ်နေတာ မဆန်းတော့ပါဘူး — သူ့နောက်လိုက်တွေကတောင် သန်မာတဲ့သူတွေထဲက အသန်မာဆုံးတွေပဲ။ အခြေအနေတွေက မျက်နှာသာမပေးရင်တောင် လူတစ်ယောက်က အခြေအနေကိုဖန်တီးပြီး အသန်မာဆုံးအဖြစ် ပေါ်ထွက်လာရမယ်။
“အေး လိုရင်းကတော့ အဲဒါပဲ” ဖေဖေနျိုပြောတာကို ပြန်စဉ်းစားပြီး ရှန်းရင်မေးလိုက်တယ်။
“ငါ မုန်လာဥစိုက်ဖို့အတွက် သင့်တော်တဲ့ နေရာမျိုးလိုချင်တယ်၊ နင် ငါ့ကို မုန်လာဥတွေ မကြာခဏ ပို့ပေးနေကျ မဟုတ်လား၊ နင့်မှာ ဒီလိုနေရာမျိုး ရှိလောက်မယ် ထင်တာပဲ”
“ကျွန်တော် ဒီလို…ထင်ပါတယ်” ဘာမုန်လာဥလဲ။ ပိုပြီးရှင်းရှင်း ပြောလို့မရဘူးလား။
“ရှန်းရင်” ကူယွဲ့ နှုတ်ခမ်းတွေ မဆိုစလောက်တွန့်သွားပြီး ရှန်းရင်ကို ဘေးဆီ ဆွဲခေါ်လိုက်တယ်။
“မင်းစောနက ပြောတဲ့ အရမ်းကို သင့်တော်တဲ့နေရာဆိုတာ မိစ္ဆာလောကထဲရှိနေတာလား”
သူမ ဦးနှောက်ပျက်နေတာများလား။ ဟုတ်ပါတယ်၊ မိစ္ဆာလောကဆိုတာ ကျယ်ပြောပြီး ကျိုးတိုးကျဲတဲ နေထိုင်ကြတာ။ ဘယ်ဆွေကြီးမျိုးကြီးမိသားစုထဲမှာမှ မပါဘူး။ အထက်ထျန်းလန်လောကနဲ့လည်း နီးတယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကကျင့်ကြံသူတွေလေ။
“မစိုးရိမ်ပါနဲ့၊ ငါ ယုန်အကြောင်း ကောင်းကောင်းသိတယ်”
သူမက ပိုင်နိုင်စိတ်ချတဲ့ မျက်နှာထားနဲ့ သူ့ပခုံးကို ပုတ်လာတယ်။
“ဒါက ကောင်းကောင်းသိတာ မသိတာနဲ့ မဆိုင်ဘူးဟ” ကူယွဲ့မျက်နှာပေါ်က မျက်မှောင်ကြုတ်မှုဟာ ပိုပြီးလေးနက်လာတယ်။
“မိစ္ဆာလောကက မိစ္ဆာအငွေ့အသက်အပြည့်ဆိုတာ မင်းသိသင့်တယ်၊ ကျင့်ကြံသူတွေက မိစ္ဆာအငွေ့အသက်တွေရှိနေတဲ့ နေရာမှာ မလေ့ကျင့်နိုင်ဘူး”
“အော်” ရှန်းရင် တစ်ခဏ စဉ်းစားပြီးတော့ ယုန်ဘက် ထပ်လှည့်ပြောလိုက်တယ်။
“ဒါဆို အဲကိစ္စနဲ့ပတ်သတ်ပြီး… ယုန်ရေ ငါ မိစ္ဆာအငွေ့အသက်မရှိတဲ့နေရာလိုချင်တယ်”
“မိစ္ဆာလောကထဲ ဘယ်လိုလုပ် အဲလိုနေရာရှိ…”
“ကောင်းပါပြီ ကြီးမြတ်တဲ့နတ်ဒေဝါ” ယုန်ဘုရင်က တက်ကြွစွာနဲ့ ခေါင်းညိတ်ပြလာတယ်။
“…” မင်း အဲလောက်မြန်မြန် သဘောတူရလား၊ တကယ်ပဲ အဲလိုနေရာရှိတာလား။
“တကယ်လို့ မိစ္ဆာလောကထဲ အဲလိုနေရာရှိရင်တောင် သေချာပေါက် ဝိညာဉ်ကြောကိုတော့ မထုတ်လုပ်နိုင်ဘူးမလား”
“ယုန် ဒီနေရာမှာ ဝိညာဉ်ကြော ရှိဖို့လိုတယ်တဲ့”
ရှန်းရင် သူမရဲ့ လိုအပ်တဲ့အခြေအနေစာရင်းထဲ ထပ်ဖြည့်လိုက်တယ်။
“မင်း…”
“ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့ နတ်ဒေဝါ”
ယုန်က တက်တက်ကြွကြွနဲ့ ခေါင်းညိတ်ပြပြန်တယ်။
“…” ဟိုလီရှစ် မင်း ဘာလို့ အားလုံးကို သဘောတူနေရတာလဲ။
“ဒီလိုနေရာကို အထက်ထျန်းလန်လောကမှာတောင် ရှာတွေ့ဖို့ခက်တယ်၊ မိစ္ဆာလောကက ဒီလောက်ကြီးတာ၊ တကယ်လို့ ဒီလိုနေရာရှိရင်တောင် ရှာတွေ့ဖို့ အရမ်းခဲယဉ်း…”
“နင်ရှာနိုင်လား ယုန်ရေ”
“ဟုတ်၊ ကျွန်တော် ရှာနိုင်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ချက်ချင်း ဆောင်ရွက်ပေးပါ့မယ်” ယုန်က အားတက်သရော ခေါင်းညိတ်ပြလေရဲ့။
“…” ဟိုလီရှစ် မင်း ဒီယုန်ကို အတိအကျ ဘာများလုပ်ခဲ့တာလဲဟေ။
“ထားလိုက်တော့၊ ငါအရှုံးပေးပြီ၊ မင်းတို့စိတ်တိုင်းကျသာ အကုန်လုပ်ကြတော့”
ကူယွဲ့ ဘေးထွက်ရပ်လိုက်တော့တယ်။ ရှန်းရင်နဲ့ ယုန်ဘုရင်က တည်နေရာကို စစ်ဆေးဖို့ ပြင်ဆင်မှုတွေ လုပ်နေပြီ။ သူတို့ ရှာဖွေမှုမှာ အောင်မြင်မယ်လို့ မယုံကြည်တဲ့အတွက် သူတို့နောက်ကို လိုက်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့ဘူး။ မိစ္ဆာလောကထဲ မိစ္ဆာအငွေ့အသက်မရှိဘဲ ဝိညာဉ်ကြော၊ ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ်ချီအမြောက်အများရှိတဲ့ နေရာမျိုး ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ…။
“ဒီမှာပါ၊ ကြီးမြတ်တဲ့ နတ်ဒေဝါ”
ဟိုလီရှစ်
တကယ်ကို ဒီလိုနေရာရှိတယ်ပေါ့ မင်းတို့ အဲလောက်တောင် ကျွမ်းကျင်ရလား။
Σ(°△°|||)
ကူယွဲ့ မိုးထိုးကာ မျောလွင့်နေတဲ့ တောင်တန်းကြီးကိုမော့ကြည့်ပြီး အံ့အားတကြီး မှင်တက်နေမိတယ်။ မြင့်လွန်းလို့ တိမ်တိုက်တွေဆီ ရောက်တဲ့အထိပဲ။ တောင်ကို လှပတဲ့ ညနေဆည်းဆာက ပက်ဖျန်းထားပြီး မြူခိုးတွေ အခွေလိုက် ရစ်ခွေထားတယ်။ ဒဏ္ဍာရီလာ နတ်ဘုံတစ်ခုရဲ့ ရှုခင်းတစ်ခုအတိုင်းပဲ။ တောင်ထိပ်ကနေ ဝိညာဉ်ချီတွေ တဝေါဝေါပန်းထွက်နေပြီး အထဲမှာရှိတဲ့ ဝိညာဉ်ကြောတွေ တဒုတ်ဒုတ်ဖြစ်နေတဲ့ အရှိန်အဝါကိုတောင် ခပ်ရေးရေးခံစားရနိုင်တယ်။ ဒီအားမာန်ပြည့်ဝတဲ့ ဝိညာဉ်ကြောတွေက မဟူရာကောင်းကင်ဂိုဏ်းမှာ ရှိတာတွေထက်တောင် အဆတချို့ ပိုအားကောင်းနေတယ်တဲ့လေ။
ထူးဆန်းတာက ဘေးပတ်ပတ်လည်က မိစ္ဆာအငွေ့အသက်တွေက ဒီဝိညာဉ်ပိုင်းဆိုင်ရာတောင်ထွတ်ကို တမှင်တက်သက် ရှောင်ရှားသွားတဲ့ပုံပဲ။ ကီလိုမီတာနည်းနည်းဝေးတဲ့ အဖျားပိုင်းနယ်နိမိတ်မှာသာ စွဲကျန်ရစ်နေတယ်။ မိစ္ဆာအငွေ့အသက်က ကျူးကျော်လာချင်တဲ့ အရိပ်အယောင်မပြဘူး။ မိစ္ဆာလောကကနေ လှီးထုတ်ခံထားရသလိုမျိုး လုံးဝကိုကွဲပြားတဲ့ နယ်ပယ်အတိုင်းပဲ။
“ဒီနေရာက အထက်ထျန်းလန်လောကနဲ့နီးပြီး ဝိညာဉ်ချီပေါအကြွယ်ဝဆုံး တောင်ထွတ်ပါ”
မျောလွင့်နေတဲ့တောင်ကို လက်ညှိုးထိုးပြပြီး ယုန်ဘုရင်ကရှင်းပြလာတယ်။
“ဒီနေရာက လူသားနဲ့ မိစ္ဆာလောကကြားက နယ်သတ်မျဉ်းပေါ် အတိအကျရှိနေတာပါ၊ ယန်ချီအမြင့်ဆုံးနေရာမို့ မိစ္ဆာအငွေ့အသက်တွေ မဝင်ရောက်နိုင်ပါဘူး”
ဒါဆို အဲဒါက မိစ္ဆာအငွေ့အသက်ဟာ တောင်ကနေ ကီလိုမီတာနည်းနည်းဝေးတဲ့နေရာမှာပဲ စွဲကျန်ရစ်နေရတဲ့အကြောင်းရင်းကို ရှင်းပြလိုက်တာပဲ။
“ဒီနေရာမှာ ဝိညာဉ်ချီတွေ အပြည့်အဝရှိတာမို့ ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ ကျင့်ကြံမှုအတွက် လုံးဝကို အကောင်းဆုံးပါ၊ မိစ္ဆာဘုံထဲ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ ပေါကြွယ်ဝဆုံး နေရာလည်းဖြစ်ပါတယ်၊ ကျွန်တော် ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ အိမ်ဆီပို့ဆောင်ခဲ့တဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကို ဒီနေရာကနေစုဆောင်းထားတာလေ”
ယုန်ဘုရင် အရှေ့ကို လက်ညှိုးထိုးပြတယ်။ ရှန်းရင် လှည့်ကြည့်လိုက်တော့ တောင်တစ်တောင်လုံးနဲ့ ပတ်ဝန်းကျင်ကမြေယာတွေကိုပါ မုန်လာဥတွေနဲ့ ဖုံးလွှမ်းနေတာ မြင်လိုက်ရတယ် — တကယ်ကို မုန်လာဥယာခင်းပဲ။
ငါ ဘာပြောနိုင်ပါ့မလဲ၊ ယုန်ရဲ့ အိမ်ပဲကိုး
“မမလေး၊ ဒီနေရာကို ကြိုက်တယ်” မုန်လာဥက ကူယွဲ့ ခြေထောက်ကနေ ခုန်ဆင်းသွားပြီး မုန်လာဥခင်းထဲ ပျော်ပျော်ကြီး လူးလှိမ့်နေလေတယ်။ အပင်ဝိညာဉ်ဖြစ်တာနဲ့အတူ သစ်သားချီသိပ်သည်းတဲ့နေရာတွေကို ကြိုက်တာ သဘာဝပဲ။
ရှန်းရင် သူ့ကို လျစ်လျူရှုပြီး ယုန်ဘုရင်ကို ပုတ်လိုက်တယ်။
“ယုန်ရေ ဒီနေရာပဲ၊ ကျေးဇူးပါ”
“ကျွန်တော့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒါ ကျွန်တော့်တာဝန်ပါ”
“ငါ ခုကစပြီး ဒီနေရာမှာနေတော့မယ်”
“ကြီးမြတ်တဲ့နတ်ဒေဝါ တခြားလိုတာများရှိပါသေးသလား”
“တခြားလား…” ရှန်းရင်က တလေးတနက်ကို စဉ်းစားနေလေတယ်။
“ငါ့မှာ တောင်းဆိုစရာ သေးသေးလေးတော့ရှိသေးတယ်… နင် ပရိဘောဂတို့၊ မီးဖိုချောင် အသုံးအဆောင်တွေနဲ့ နေ့စဉ်သုံးလိုအပ်ချက်လိုမျိုး အိမ်သုံးပစ္စည်းတွေ ယူလာပေးလို့ရမလား”
“ကျွန်တော် ခုချက်ချင်း သွားပြင်ဆင်ပေးပါ့မယ်”
“အော်၊ ပြီးတော့ စားပွဲတစ်လုံးပါ ယူလာခဲ့ဖို့ သတိရနော်”
“ဟုတ်ကဲ့ပါ ကြီးမြတ်တဲ့နတ်ဒေဝါ”
“ဒါနဲ့တစ်ခါတည်းလမ်းကြုံတုန်း… အိမ်ပါဆောက်ပေးရင်ရော၊ ဘယ်လိုပဲဖြစ်ဖြစ် နင့်မှာ အတွေ့အကြုံရှိတာပဲလေ”
“ပြဿနာမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကြီးမြတ်တဲ့နတ်ဒေဝါမှာ ဒီအိမ်အတွက် အထူးတလည် လိုအပ်ချက်များ ရှိပါသလား”
“သိပ်ပြီးကြီးဖို့မလိုပါဘူး၊ အိပ်ခန်းရယ်၊ ဧည့်ခန်းရယ်၊ မီးဖိုချောင်တစ်ခုနဲ့ ရေချိုးခန်းပါဖို့ပဲလိုတာ၊ အာ… ဒါမှမဟုတ် နင့်မိစ္ဆာနန်းတော်အတွက် ဆောက်ထားသလိုမျိုး ဆောက်လို့ရတာပဲလေ၊ အဲဒါကြည့်ကောင်းတယ်”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ဒါက တောင်းဆိုချက်သေးသေးလေးလို့ ခေါ်တာလား။ မင်း သူ့ကို ဧကရာဇ်နန်းတော်တစ်ခုတောင် ဆောက်ရင်ဆောက်ခိုင်းလောက်တယ်၊ မင်းလိုမျိုး အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူး”
“ဟုတ်ကဲ့၊ ကြီးမြတ်တဲ့ နတ်ဒေဝါ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ”
“…”
ဘာလို့မင်းကရော ဒီလောက်အဆင်သင့် သဘောတူမှဖြစ်မှာလဲ။ နည်းနည်းလောက်တော့ နောက်ခံအားလေး မပြနိုင်ဘူးလား။
ဦးနှောက်ခြောက်သွားပြီး ကူယွဲ့ သူ့ဘေးမှာရပ်နေတဲ့ ယိချင်းကို မနေနိုင်တော့ဘဲ တံတောင်ဆစ်နဲ့ တွတ်လိုက်တော့တယ်။
“ဟေး၊ မင်း ဒီယုန်မိစ္ဆာကို ဘယ်လိုသိကျွမ်းခဲ့တာလဲ၊ ဘာလို့ ရှန်းရင်အပေါ် ဒီလောက်ကောင်းနေရတာတုံး” ဘာလို့ ရှန်းရင်ဆီကနေ လိမ္မာတဲ့ကလေးတစ်ယောက်လိုမျိုး အမိန့်တွေနာခံနေတာပါလိမ့်။
ယိချင်း တစ်အောင့်စဉ်းစားပြီးတော့ လေးလေးနက်နက်ပြန်ဖြေလိုက်တယ်
“ဖြစ်နိုင်တာကတော့ ဆရာက… သူ့တစ်မျိုးနွယ်လုံးကို ဖျက်ဆီးခဲ့လို့များလား”
“…”
မျိုးနွယ်ကို ဖျက်ဆီးတာ… ဘာကြီးတုန်းဟ ဒါ ရင်းနှီးတဲ့ ဆက်ဆံရေးမှမဟုတ်တာ… ဒါက သောက်ကျိုးနည်း ကမ္ဘာ့ရန်လေ
(╯‵□′)╯(┻━┻
————————
သုံးလအကြာ။
“ဟုတ်ပြီ၊ မျိုတာရပ်ပြီး အဆင်သင့်ပြင်တော့၊ ငါတို့ အထက်ထျန်းလန်မြို့ဆီ သွားရမယ်” ကူယွဲ့ ညွှန်ကြားပြီး တစ်စုံတစ်ယောက်သော အစားသရဲကို စားပွဲကနေ ဆွဲခေါ်လာခဲ့တယ်။
“အထက်ထျန်းလန်မြို့ဆီ သွားရမှာလား” မျက်နှာသေရုပ်နဲ့ ရှန်းရင်က သူမလက်ထဲက ကိတ်မုန့်နောက်ဆုံးအပိုင်းကို ပါးစပ်ထဲထိုးထည့်လိုက်တယ်။
“ဘာလုပ်ဖို့လဲ”
“ဘာလုပ်ဖို့လဲတဲ့လား၊ ဘာလို့လဲဆိုတော့ သေချာပေါက် တပည့်တွေ စုဆောင်းဖို့ပေါ့” သူမကို မျက်ဆံလှန်ပြပြီး ကူယွဲ့ရှင်းပြလိုက်ရတော့တယ်။
“ငါ စုံစမ်းပြီးပြီ၊ မနက်ဖြန်က အထက်ထျန်းလန်လောကရဲ့ဆွေကြီးမျိုးကြီးမိသားစုတွေနဲ့ အဓိကဂိုဏ်းတွေ သူတို့ရဲ့ နှစ်စဉ် တပည့်စုဆောင်းမှုကိုဦးစီးကျင်းပမဲ့နေ့ပဲ၊ ကျင့်ကြံချင်တဲ့လူတွေက စာရင်းသွင်းဖို့ မြို့အသီးသီးဆီ ဦးတည်ကြမှာ၊ ငါတို့နဲ့ အနီးဆုံးမြို့က အထက်ထျန်းလန်မြို့ပဲ”
“ငါတို့ ဘာလို့ တပည့်စုဆောင်းဖို့လိုတာလဲ”
ရှန်းရင် ဦးနှောက်ခြောက်သွားပြီး မေးလိုက်တယ်။ ငါတို့ရဲ့ကိုယ်ပိုင် ကျင့်ကြံမှုကို လေ့ကျင့်ဖို့ပဲ စွဲစွဲမြဲမြဲလုပ်လို့မရဘူးလား။
…