အခန်း ၅၆ ။ မုန်လာဥ၏ အသွင်ယူခြင်း
သုံးယောက်သား တောအုပ်ဆီ ရောက်လာခဲ့တယ်။ သူတို့ မြေပေါ် ဆင်းသက်သက်ချင်းမှာတင် မုန်လာဥရဲ့တစ်ကိုယ်လုံးကနေ အနီရောင်အလင်းတွေ လွှတ်ထုတ်ပြီး ရှည်လာပါလာရော။ သူ့ဘေးပတ်လည်မှာတော့ အပင်ဝိညာဉ်ချီက တလိပ်လိပ် တက်လာစပြုနေတယ်။ ကူယွဲ့ အမြန်ပဲ အကာအကွယ်အစီအရင်အင်းကွက်နဲ့ ဝိညာဉ်ချီသိပ်သည်းအစီအရင်အင်းကွက် ချလိုက်ရတယ်။ မုန်လာဥရဲ့ တစ်ကိုယ်လုံးက နီရဲသွားပြီး သူ့ပတ်လည်က အပင်ဝိညာဉ်ချီလည်း ထူသထက်ထူလာတော့တယ်။ ကြွယ်ဝနေတဲ့ ဝိညာဉ်ချီက မီတာအနည်းငယ် အကွာအဝေးအတွင်းမှာရှိတဲ့ အပင်တွေကို မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ ရင့်သန်သွားစေပြီး မုန်လာဥကို ဝိုင်းထားတဲ့ အမိုးခုံးပုံစံအဖြစ် ကြီးထွားသွားခဲ့တယ်။
သုံးယောက်သားလည်း ဆယ်မီတာနီးပါး ပြန်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတယ်။ သူတို့ရပ်နေတဲ့ နေရာကနေဆို မုန်လာဥရဲ့ခန္ဓာကိုယ်ကို မမြင်ရတော့ဘူး။ အမိုးခုံးပုံစံဖြစ်နေတဲ့ အပင်တွေကိုပဲ မြင်ရတာမို့ အထဲကို လှမ်းကြည့်လို့ကလည်းမရ။ ကောင်းကင်က မှောင်မည်းစပြုလာပြီး လျှပ်စီးတဝင်းဝင်းဖြစ်နေတယ်။
“ပြောင်းလဲတော့မှာပဲ” ကူယွဲ့ တခြားသူနှစ်ယောက်ကို သတိပေးပြီးတော့ တစ်ဖက်လှည့်ကာ အဖွဲ့ပတ်လည်မှာ နောက်ထပ်အစီအရင်အင်းကွက်တစ်ခု ချလိုက်တယ်။
နောက်အခိုက်အတန့်မှာ မိုးကြိုးသံကျယ်ကြီးပေါ်လာပြီး လျှပ်စီးကြောင်းတွေက ကောင်းကင်ကို ထိန်လင်းသွားစေခဲ့ကာ အောက်ဘက်ကအပင်တွေကို ပစ်ချလိုက်တယ်။ တောအုပ်တစ်ဝက်က အဲလျှပ်စီးကြောင်းကြောင့် လောင်ကျွမ်းတော့မဲ့ပုံ။ ဒါတောင် လျှပ်စီးတွေက တစ်ကြောပြီးတစ်ကြော ဆက်တိုက်ကျဆင်းနေပြီး တစ်ခုချင်းစီက အရင်တစ်ကြိမ်ထက် ပိုအားပြင်းတယ်။ စက္ကန့်နည်းနည်း ကုန်လွန်သွားတော့မှ အပင်အမိုးခုံးက တော်တော်များများ မိုးကြိုးပစ်ခံလိုက်ရတယ်ဆိုတာ သူတို့နားလည်သွားတယ်။ ဖုန်မှုန့်အလိပ်လိုက်က မုန်လာဥကို ကာထားဆဲဖြစ်ပြီး လေထုထဲမှာတော့ ညှော်နံ့တထောင်းထောင်းနဲ့ပေါ့။
မိုးကြိုး ၉၉၈၁ကြိမ် မြေကြီးပေါ် ပစ်သွားပြီးမှ တိမ်တွေက စရှင်းလင်းလာတော့တယ်။ တောအုပ်က အခု နောက်တစ်ကြိမ် ပြန်လင်းစပြုလာပြီ။ မုန်လာဥရပ်နေတဲ့ မြေကြီးက ခု မည်းတူးနေပြီး အဲနေရာမှာ တွင်းကျယ်ကြီးရှိနေတယ်။
“လောင်သွားတာလား” ရှန်းရင် မမေးဘဲ မနေနိုင်တော့ဘူး။ သက်ရှိအရိပ်အယောင် မရှိဘူးဖြစ်နေတယ်။
“ဆရာ၊ အဆင်ပြေသွားမှာပါ၊ အပင်ဝိညာဉ်က အသွင်မယူခင် သဘာဝလောကကြီးမှာ ဖြစ်ပျက်သမျှ အရာရဲ့ သက်ရောက်မှုကို မခံရတော့ဘူး၊ မိုးကြိုးဝဋ်ကြွေးချေခြင်းက ဒီဝိညာဉ်တွေအတွက် ထိခိုက်မှုအနည်းဆုံးပဲ”
တကယ်ကိုပဲ နောက်အခိုက်အတန့်မှာ မုန်လာဥရပ်နေခဲ့တဲ့ မြေမည်းမည်းက နွေဦးအချိန်အခါရဲ့ စိမ်းမြမှုလိုမျိုး ပြန်ပြောင်းလဲသွားခဲ့တယ်။ တစ်အောင့်နေတော့ ပေါ်ပေါက်လာတဲ့မြက်ခင်းပြင်ကနေ ပန်းတွေစဖူးပွင့်လာလေတယ်။ မြေကြီးက အနီနဲ့ ခရမ်းတွေ ဖုံးလွှမ်းသွားတယ်။
သဏ္ဌာန်တစ်ခုက တွင်းထဲကနေ ထွက်ပေါ်လာပြီး လက်နဲ့ခြေထောက်တွေကို သုံးကာ တွားသွားထွက်လာတယ်။ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ၁၅နှစ်၁၆ နှစ် ကလေးမပုံစံဖြစ်ပြီး ဆံပင်ရှည်က မြေကြီးထိတောင်ရောက်နေတယ်။ သူမမှာ သိမ်မွေ့တဲ့မျက်နှာထားရှိပြီးတော့ သိသိသာသာကို လှပတယ်။ ကောင်းကင်ဘုံရဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးမှုလိုမျိုးပဲ။ ရုတ်တရက် သူမပတ်လည်က ပန်းတွေနဲ့ ယှဉ်လိုက်ရင် ပန်းတွေတောင် အရောင်မှိန်သွားတဲ့ပုံ။ ချီချန်းယွီတောင် သူမအလှကို မယှဉ်နိုင်ဘူး။
နေနဲ့လက ဒီမိန်းကလေးနဲ့ ယှဉ်ရင် သာမညောင်ညဖြစ်သွားတယ် — ခုလက်ရှိ အရေးကြီးသမျှက သူမပဲ။
သုံးယောက်သား မှင်တက်နေကြပြီး သူတို့ရဲ့ခပ်ပြင်းပြင်း အသက်ရှူသံက စည်းချက်ညီနေတယ်။ သုံးယောက်လုံး ကောင်းကင်နဲ့ ပထဝီဝင်မြေကြီးရဲ့ ဝိညာဉ်ချီ ယူထားတဲ့ လူအသွင်ကို အံ့ဩနေတော့တယ်။ သူမ အပြုံးက ပန်းပွင့်တစ်ထောင်ထက် ပိုချိုပြီး ရယ်သံလေးက အင်မတန် နားဝင်ချိုလှပါရဲ့။
“မမလေး ကျွန်မ အသွင်ယူ… အိုက်ယား” ဒါပေမဲ့ စကားတောင်မဆုံးသေး ချော်လဲပါလေရော။ သူမရဲ့ ပြီးပြည့်စုံတဲ့ပုံစံက မြေကြီးပေါ်ပြုတ်ကျလာပြီး သူတို့သုံးယောက်ရှေ့ လိမ့်လာလိုက်တာ ခြေထောက်ရှေ့တည့်တည့်ရောက်မှ ရပ်သွားခဲ့တယ်။
သုံးယောက်လုံး မျက်မှောင်ကြုတ်မိသွားတယ်။
“…”
အဲဒီပြီးပြည့်စုံတဲ့ပုံရိပ်ရဲ့ အက်ကွဲသွားတဲ့ အသံတွေ ခပ်တိုးတိုး ကြားနေရသလိုပါပဲလား။
အား တကယ်ကို မုန်လာဥပဲ။
-_-|||
“မမလေး…” သူက သနားစရာပုံလေးနဲ့ ခေါင်းမော့ပြီး အကျင့်အတိုင်း ခြေသလုံးလှမ်းဖက်တော့တယ်။
ရှန်းရင် မျက်မှောင်ကြုတ်ပြီး ခြေတစ်လှမ်းအဝေးကြီးဆုတ်လိုက်တယ်။
“သွားစမ်းပါ နင်သိပ်ဂေးလွန်းတာပဲ”
“…”
“ဟဲ့” ရှန်းရင်က ကူယွဲ့လက်မောင်းကို ရိုက်လိုက်တယ်။
“ဒါ ယောက်ျားလေးလား မိန်းကလေးလား”
“ငါဘယ်လိုလုပ်သိပါ့မလဲ” ကူယွဲ့က မုန်လာဥကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။
“ဝိညာဉ်ဆေးပင်အများစုက လိင်မရှိကြဘူး၊ ပုံမှန်အရတော့ အသွင်ယူပြီဆိုတာနဲ့ ဘယ်လိင်ကိုပဲဖြစ်ဖြစ် ယူလို့ရတယ်”
“လူမိစ္ဆာလား” ရှန်းရင် တုံ့ဆိုင်းနေပြီး နောက်ထပ်ခြေတစ်လှမ်းပြန်ဆုတ်လိုက်တယ်။
မုန်လာဥကြောင်အမ်းသွားတယ်။ သူ့တစ်ကိုယ်လုံး ရွတ်တွနေတဲ့ ခရမ်းသီးလို ပျော့ခွေသွားပြီး မျက်လုံးထဲမှာလည်း မျက်ရည်တွေဝဲလာတယ်။ စောနတုန်းကရှိခဲ့တဲ့ မက်မောဖွယ်ရာနဲ့ အလှမျိုးမရှိတော့ဘူး။
သူတို့ရှေ့ မျက်ရည်တွေစီးကျနေတဲ့ လူ-မုန်လာဥကို ကြည့်ရင်း ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားတွေ တွန့်ချိုးသွားတယ်။ သူ စပြီးရှင်းပြလိုက်တယ်။
“သူက အခုမှ အသွင်ယူကာစဆိုတော့ လမ်းလျှောက်နေကျ မဟုတ်လို့ ဒီလိုပြုမူနေတာပါ၊ ရက်နည်းနည်းလောက်နေရင် အဆင်ပြေသွားလိမ့်မယ်” သူ မနေနိုင်တော့ဘဲ ရှေ့တက်ပြီး မုန်လာဥကို လက်တစ်ဖက် ကမ်းပေးလိုက်တယ်။
“ထတော့”
မုန်လာဥအမူအရာက အေးစက်သွားတယ်။ သူက ကူယွဲ့လက်ကို ဖယ်ထုတ်ကာ အော်ပါလေရော။
“သွားစမ်းပါ၊ ရုပ်ဆိုးကြီး”
“…”
သူက ရှန်းရင်ဘက် ပြန်လှည့်ပြီး ဆက်ငိုနေတော့တာပဲ။
“ဝါး…ဝါး…ဝါး မုန်လာဥလေး မရပ်နိုင်ခင် မမလေးချီပေးဖို့လိုပါတယ်”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားတွေ နောက်တစ်ကြိမ် တွန့်ချိုးသွားပြန်တော့တယ်။
နှစ်စက္ကန့်အကြာ…
“သေစမ်း မင်းကိုနုပ်နုပ်စဉ်းပစ်မယ်” သူ ဓားကိုဆွဲထုတ်ပြီး မုန်လာဥဆီ တစ်ရှိန်ထိုးဦးတည်လိုက်တယ်။
“ဆရာသခင်နျို၊ စိတ်အေးအေးထားပါ” ယိချင်း အမြန်ရှေ့တက်ပြီး ကူယွဲ့ကို တားလိုက်ရတယ်။
“သူက ခုမှ အသွင်ယူကာစဆိုတော့ ကလေးပဲရှိသေးတယ်၊ တခြားလူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ မသိတာက လုံးဝပုံမှန်ပါပဲ၊ စိတ်ထဲမထားပါနဲ့”
အဓိပ္ပာယ်မရှိတာ၊ မုန်လာဥက ဒါ တမင်သက်သက်လုပ်နေတာပဲ ပြီးတော့ အရှင်သခင်နျိုဆိုတာကရော ဘာသဘောလဲ လခွမ်း။
ယိချင်း မုန်လာဥဘက်လှည့်ကြည့်လိုက်တယ်။
“မုန်လာဥ မင်း…”
“ဟမ့်” မုန်လာဥက အထက်စီးဆန်ဆန် နှာမှုတ်ပြီး ပြောလာတယ်။
“အရှက်မရှိတဲ့ နောက်လိုက်နောက်တစ်ယောက်ပဲ”
ယိချင်း ။ ။ “…”
ရွှင်… နောက်ထပ်ဓားတစ်ချောင်းပါ ဆွဲထုတ်ခံလိုက်ရတယ်။
နောက်အခိုက်အတန့်မှာတော့…
“ရှင်… ရှင်တို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“ကျွန်မက မမလေးရဲ့ မုန်လာဥနော်”
“ရပ်တော့နော်၊ ကယ်ကြပါဦးရှင် မမလေး…”
ရှန်းရင် ။ ။ “…” သေစမ်း”
——————
ကူယွဲ့၊ ယိချင်းနဲ့ မုန်လာဥကြားက တစ်ဖက်သတ်တိုက်ပွဲက ၁၅မိနစ်အတိကြာသွားခဲ့တယ်။ မုန်လာဥရဲ့ တစ်ချိန်တစ်ခါက ပြီးပြည့်စုံခဲ့တဲ့မျက်နှာက ပွန်းပဲ့ရာတွေနဲ့ပြည့်သွားမှပဲ ရပ်ကြတယ်။
မုန်လာဥမျက်နှာက ဖောင်းကားနေပြီး နောက်တစ်က္ကန့်မှာတင် မူလအသွင်ပြန်ပြောင်းသွားတယ်။ တစ်ခါက ဖြူဖွေးဝတုတ်ခဲ့တဲ့ မုန်လာဥက ခုတော့ ခရမ်းရောင်ဖြစ်နေပြီ။
“မမလေး…” မုန်လာဥက လက်လျှော့ဖို့ ငြင်းနေတုန်းပဲ။ အရွက်တွေကိုသုံးပြီး ရှန်းရင်ဆီ လှမ်းလာတယ်။
ယိချင်း ဓားကိုမြှောက်ပြီး ရှန်းရင်ကို လှည့်မေးလိုက်တယ်။
“ဆရာ၊ ဒီည ညစာကို မုန်လာဥစားမယ်ဆိုရင်ရော ဘယ်လိုထင်ပါလဲ”
“မုန်လာဥဟင်းရည် လုပ်ပစ်ရင်ကောင်းမှာ” ကူယွဲ့က လက်သီးနဲ့လက်ဝါးကို ရိုက်ပြတော့တယ်။
“ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ကြော်စားလိုက်၊ ပေါင်းလို့တောင်ရသေးတယ်”
“ဝါးဝါးဝါး…” ရှင်တို့အကုန်လုံး ကျွန်မအလှကို မနာလိုဖြစ်နေရုံနော်
“ဟဲ့ နင်တို့နှစ်ယောက် တော်ကြပါတော့” ရှန်းရင် မျက်ဆန်လှန်လိုက်တော့တယ်။ ဟင်းသီးဟင်းရွက်ကို အနိုင်ကျင့်ပြီး ဘာလုပ်မှာလဲ။
“ငါတို့ ဟိုနာမည်.. ဘာမြို့ကို သွားမလို့မဟုတ်လား”
“အထက်ထျန်းလန်မြို့” ကူယွဲ့ အမှန်ပြင်ပေးပြီး အရှေ့တက်ကာဆက်ပြောလိုက်တယ်။
“ပုံမှန်အရတော့ အောက်ဘက်ဘုံကလူတွေ အထက်ထျန်းလန်လောကကို သွားလည်ချိန်ကျ အဲမြို့မှာ အရင်ရပ်ရတယ်၊ ဆွေကြီးမျိုးကြီးမိသားစုတွေက သူတို့မိသားစုထဲဝင်ရောက်လာအောင် တပည့်တွေကို ဖိတ်ဖို့အဲနေရာဆီ သွားကြတယ်၊ ငါတို့က ရောက်ခါစဆိုတော့ အထက်ထျန်းလန်လောကအကြောင်း သိပ်မသိသေးဘူး၊ အရင်ဆုံး အခြေအနေကြည့်ဖို့ အထက်ထျန်းလန်မြို့ဆီဦးတည်တာအကောင်းဆုံးပဲ”
ကူယွဲ့ ညာဘက်ကို အမူအရာပြလိုက်တယ်။
“ငါ စောနက နေ့လယ်စာစားတုန်းက လျှောက်မေးကြည့်သေးတယ်၊ အထက်ထျန်းလန်မြို့က ဒီနေရာနဲ့ သိပ်မဝေးဘူး၊ ငါတို့ဒီတောအုပ်ကိုဖြတ်ရုံပဲ၊ ပြီးရင် အဲကိုရောက်ပြီ”
“အော် ဒါဆိုလည်းသွားကြရအောင်” ရှန်းရင် လက်ယမ်းပြပြီး ယိချင်းကို သူ့ဝိညာဉ်ဓားထုတ်ဖို့ အချက်ပြလိုက်တယ်။
သူတို့အုပ်စုလေး ဓားတွေကိုစီးတော့မဲ့ဆဲဆဲမှာတင် ရုတ်တရက် သူတို့နောက်ကနေ ဒေါသတကြီး အော်သံပေါ်လာလေတယ်။
“အဲမှာရပ်ကြစမ်း”
ရှန်းရင် ရပ်လိုက်တယ်။ ကျင့်ကြံသူဆယ်ယောက်ကျော်က ရုတ်တရက် တောအုပ်ထဲကနေ ပျံသန်းကာထွက်လာပြီး သူတို့သုံးယောက်ကို ဝိုင်းလာတယ်။
သူစိမ်းတွေကြားထဲမှာတော့ လူလတ်ပိုင်းနှစ်ယောက်။ တစ်ယောက်က အပြာရောင်ဝတ်ရုံဝတ်ထားပြီး နောက်တစ်ယောက်က အစိမ်းရောင်ဝတ်ရုံနဲ့။ နှစ်ယောက်လုံးရဲ့ ဝတ်ရုံမှာ ဒင်္ဂါးပြား၃ပြား သင်္ကေတပါနေတယ်။ သူတို့က ကူယွဲ့၊ ယိချင်းနဲ့ ရှန်းရင်တို့ကို စိုက်ကြည့်ရင်း အမူအရာတွေက ဒေါသတွေနဲ့ ပြည့်နေလေရဲ့။ အစိမ်းရောင်နဲ့တစ်ယောက်က ပေသီးတွက်ခုံတစ်ခု ထုတ်လာတယ်။ သူ့ကိုရင်းနှီးနေသလိုပဲ။
“ဟမ့် မင်းတို့ကိုရှာဖို့ ငါအတော်လေး အားထုတ်ရအောင် တကယ်လုပ်တယ်ပေါ့လေ”
အစိမ်းရောင်ဝတ်ရုံနဲ့ လူလတ်ပိုင်းက သူတို့ဆီ လျှောက်လာရင်း ပြောလေတယ်။ သူက ပေသီးခုံကို ယမ်းပြပြီး သူ့ဘေးနားကလူကို စကားလှည့်ပြောလိုက်တယ်။
“သူဌေး၊ ဒီလူတွေက ကျွန်တော်တို့ ရနံ့သင်းစားသောက်ဆိုင်မှာ စားသောက်ပြီး ပိုက်ဆံမရှင်းသွားခဲ့တဲ့သူတွေပါ”
“…”
…