အခန်း ၅၃။ စကားပြောကြရအောင်
ရှန်းရင်က ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ ကူယွဲ့က ပြောလေလေ သူက နှုတ်ကနေပိုထွက်လာလေပဲ။
“ငါ မဟူရာကောင်းကင်ဂိုဏ်းမှာ နှစ်ပေါင်းသုံးရာလောက်ရှိနေခဲ့တာ … အဲဒီနေရာကို အိမ်လို့ သတ်မှတ်ခဲ့တယ်။ ကျင့်ကြံသူတွေက သေမျိုးတွေနဲ့မတူဘူးလို့ ထင်ခဲ့တာလေ။ ဂိုဏ်းရဲ့စည်းမျဉ်းတွေက မှန်ကန်လောက်တယ်လို့တွေးမိခဲ့တာ။ ဂိုဏ်းတစ်ဂိုဏ်းရဲ့အနေနဲ့ လူတိုင်းက တလှေတည်းစီး အတူအကွ လှုပ်ရှားဖို့လိုတာပေါ့။ ဒါပေမဲ့ ရွမ်းယန်မိသားစုရောက်လာတာနဲ့ သူတို့က တိုက်တောင်မတိုက်ခိုက်ဘဲ အလံဖြူချက်ချင်းပြလိမ့်မယ်လို့ငါမထင်ခဲ့ဘူး။ ဂိုဏ်းချုပ်တွေအနေနဲ့ ဒါက ဂိုဏ်းရဲ့စည်းမျဉ်းတွေတဲ့လေ။ တကယ်ကို မျက်စိပွင့်စေတဲ့ အတွေ့အကြုံပဲ”
“မသေမျိုးဂိုဏ်းကျင့်ကြံသူဆိုတာဘာလဲ … အဆုံးကျသူတို့တွေက တကိုယ်ကောင်းဆန်တဲ့ သာမန် လူသားတွေပဲ” သူက သက်ပြင်းချပြီးတော့ တစ်စုံတစ်ခုကိုလွှတ်ချလိုက်တဲ့ပုံနဲ့ သူ့ဘေးကလူကို ကြည့်ပြီးတော့ ပြောလိုက်တယ်။
“ရှန်းရင် ကျေးဇူးတင်တယ်ကွာ … မင်းက သစ္စာရှိလွန်းတော့ မင်းက အခုကစပြီး ငါ့ညီမပဲ”
“အမ်း …” ရှန်းရင်ကတုန်ယင်သွားပြီး အလိုလိုပဲ တစ်လှမ်းခွာလိုက်မိတယ်။
တကယ်တော့ ငါက နင့်ရဲ့သမီးဖြစ်ချင်တာလေ …
“အဖေနျို … နင်နဲ့ငါ တစ်စုံတစ်ခုဆွေးနွေးလို့ရမလား”
“ဘာလဲ … လွတ်လွတ်လပ်လပ်ပြောလေ” သူ့ရင်ဘတ်သူပုတ်လိုက်တယ်။
“ငါ့ကိုလေ … နင် ရုတ်တရက်ကြီး မပြုံးပြလို့မရဘူးလား။ ငါထင်တာတော့ နင် ငါ့ကိုပိုက်ဆံ ပေးချင်နေတာပေါ့”
“ထွက်သွား” မင်းကို ဘယ်သူက ပိုက်ဆံပေးချင်မှာလဲ။ အဖေနျိုအကြောင်း မင်းမေ့သွားတာလား။
“မင်း ဒီလောက်တောင် မွဲတေနေတာလား … ထားလိုက်တော့ အရင်တုန်းက မင်းငါ့ကို ကူညီပေးဖူးတယ်ဆိုတော့ နောက်တစ်ခေါက် ဝိညာဉ်ကျောက်တုံးတွေ လိုလာတဲ့အချိန် မင်းရဲ့အစ်ကိုကို လွတ်လွတ်လပ်လပ်လာရှာလှည့် … ငါ မင်းကို ဂရုစိုက်မယ်”
ဘယ်လိုပဲဖြစ်ဖြစ်သူက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ … သူ့မှာ ဝိညာဉ်ကျောက်တုံးမှမချို့တဲ့တာ။
“ကျေးဇူးပါ အဖေနျို” ရှန်းရင်က ပျော်ရွှင်သွားတော့တာပေါ့။
“ဒါပေမဲ့ ငါ မေးလို့ရမလား … ငါ နင့်ကို ဘာကူညီလိုက်လို့လဲ”
“ဟန်ဆောင်နေတာရပ်လိုက်တော့” သူက သူမပခုံးကို ပုတ်လိုက်တယ်။
“မင်း သစ္စာရှိတဲ့သူမှန်း ငါ သိတာပေါ့။ မင်း အဲဒီမှာနေရင် ငါ့အတွက်ခက်ခဲမှာ စိုးရိမ်တာကြောင့် မင်းဘာသာမင်း မဟူရာကောင်းကင်ဂိုဏ်းကနေထွက်သွားတာမဟုတ်ဘူးလား”
“မဟုတ်ပါဘူး … စားသောက်ဖို့အတွက် တကယ်ကြီးနေရာပြောင်းချင်နေတာ”
“မင်း ဆက်သရုပ်ဆောင်နေမယ်ဆိုရင် အစစ်လို့ထင်ရတော့မှာမဟုတ်ဘူး” ကူယွဲ့က နောက်နေတာ ရပ်လိုက်တော့ဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်တော့တယ်။
“မင်းလို အစားအသောက်ကြိုက်နှစ်ခြိုက်တဲ့ အကျင့်စရိုက်နဲ့ စားစရာတွေကို ဘယ်လိုလုပ် ငြီးငွေ့မှာလဲ။ အပြင်စည်းခန်းမက အစားအသောက်တွေ အင်မတန်ပေါများတယ်လို့ ကြားထားတယ်”
ယိချင်းက ရုတ်တရက်ဝင်ပြောလိုက်တော့တယ်။
“အပြင်အမှုဆောင်ခန်းမက နောက်ထပ်တပည့်အသစ်တွေအားလုံးက အစာလွတ်ကျင့်စဉ် ရထားတယ်လို့ အကြောင်းလာကြားတယ်။ ဒါကြောင့် စားသောက်ဖွယ်ရာတွေ ထပ်ပြီးစုဆောင်းလို့ မရတော့ဘူး … ဆရာက အဆာခံလို့မရဘူးလေ”
“ဘာ …”
“…”
ဒူးခေါင်းကို မြားတစ်စင်းမှန်သွားလေခြင်း။
ခဏအကြာမှာတော့ …
“ဒါဆို အဲဒီလူတွေကကော ဘာတွေလဲ”
သူက မြေကြီးပေါ်မှာသတိလစ်နေတဲ့ လူငါးယောက်ကို လက်ညှိုးထိုးလိုက်တယ်။
“မင်းက ရွှမ်းယန်မိသားစုက အဲဒီလူတွေကို အနိုင်ယူနိုင်တဲ့ အရည်အချင်းရှိတာသိသာရဲ့သားနဲ့ ဒါတောင်မှ မဟူရာကောင်းကင်ဂိုဏ်းထဲမှာ ဘာကြောင့်မတိုက်ခိုက်ခဲ့တာလဲ။ မင်း အဆင့်နိမ့် တပည့်လေးတွေကို နာကျင်စေမှာစိုးရိမ်ကြောင့် ငါ့ကို မျက်နှာသာပေးခဲ့တာမဟုတ်ဘူးလား”
“ဟုတ်ပါဘူး” ရှန်းရင်က ခေါင်းခါလိုက်တယ်။
“ဘယ်လိုကြောင့်မဟုတ်ရတာလဲ”
“အမ်း … လူတွေကများလွန်းတယ်လေ။ တိုက်ခိုက်တာများပြီး အချိန်ကုန်တယ်”
သူဘာကိုဆိုလိုတာလဲဟ
“ဒါ့အပြင် မွန်းတည့်ချိန် ရောက်တော့မယ်လေ … နေ့လယ်စာတစ်နပ်လွတ်သွားတာက သိပ်ကို နှမြောဖို့ ကောင်းတယ်၊ ဒီတော့ ဒါတွေအားလုံးက …”
“တော်တော့ … မပြောနဲ့တော့” ကူယွဲ့က သူမပါးစပ်ကိုပိတ်လိုက်ပြီး သူ့ရဲဖန်လိုနှလုံးသားက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရောပဲ … ဒါက လူတစ်ယောက် အိမ်မက်မက်နေတာမဟုတ်ဘူးလား
“ဆရာ … ကျွန်တော်တို့အခု ဘယ်သွားကြမလဲ” နှစ်ယောက်သားအစားအသောက်အကြောင်း ပြောပြီးတာကို မြင်ပြီးတဲ့အခါ ယိချင်းက မီးမွှေးပြီး အကျင့်အတိုင်း ဝင်ပြောလိုက်တယ်။ ရှန်းရင်က ခဏစဉ်းစားပြီးတော့ … တစ်စုံတစ်ယောက်ရဲ့ တွန့်တိုတဲ့မျက်နှာကိုလှည့်ကြည့်လိုက်တယ်။
“ငါ့ကို ဘာလို့ကြည့်နေတာလဲ” ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ရောပဲ။ သူ့ရဲ့ဒေါသက အနည်မကျသေးဘူး။
“ဒါ ဘယ်သူ့အမှားလဲ … အခု ငါလည်း သွားစရာမရှိတော့ဘူး။ မင်းတို့ကောင်တွေ သွားချင်ရာသွား ငါဂရုမစိုက်ဘူး” ရှန်းရင်က ခဏစဉ်းစားလိုက်တယ်။ ပြီးတော့ မြေကြီးပေါ်မှာ ထပ်လျက်သား ဖြစ်နေတဲ့ လူငါးယောက်ကိုတစ်ချက်ကြည့်ပြီး သူ့မျက်လုံးတွေ မှေးကျဉ်းပြီး ရုတ်တရက် ထရပ်လိုက်တယ်။
“စားပြီးရင် ဘာမှလုပ်စရာ မရှိဘူးဆိုတော့ စာရင်းရှင်းဖို့တစ်ယောက်ယောက်ကို သွားရှာရင်ကော ဘယ်လိုလဲ”
“…”
“…”
“အထက်ထျန်းလန်လောက ရွှမ်းယန်မိသားစုမှာပေါ့”
“သခင်…” တပည့်တစ်ယောက်က ခန်းမအပြင်ဖက်ကနေ ပြေးဝင်လာတယ်။
“အိုး … မဟုတ်ဘူး … အိုး မဟုတ်ဘူး”
“ဘာတွေဖြစ်နေတာလဲ” ခန်းမထဲက စင်မြင့်ပေါ်မှာ ထိုင်နေတဲ့လူတွေက မျက်လုံး ဖွင့်ကြည့်လိုက်တယ်။
“ဒီလောက်စည်းပျက်ကမ်းပျက်နဲ့ ဘာတွေဖြစ်လာလို့လဲ”
“ခန်းမအရှေ့မှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က အရှေ့ခန်းမထဲ ရုတ်တရက် ကျူးကျော်လာတာ”
“နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတဲ့လား” အဲဒီလူက မျက်မှောင်ကျုံ့ပြီး ပြောလိုက်တယ်။
“ခိုလှုံခွင့်တောင်းဖို့ ကျင့်ကြံသူတွေဆိုမှတော့ စီမံခန့်ခွဲလိုက်ဖို့ အကြီးအကဲငါးယောက်ကို သွားအကြောင်းကြားသင့်တာပေါ့ … ငါ့ကို လာပြောဖို့မလိုဘူးလေ”
“မဟုတ်ဘူး သူတို့တွေက ဒီနေရာကို ခိုလှုံခွင့်တောင်းဖို့ ရောက်လာတာ မဟုတ်ဘူး။ သူတို့ပြော … ပြောတာက သူတို့တွေက အောက်ဘုံကတဲ့၊ စာရင်းရှင်းဖို့ ရောက်လာကြတာ”
“ဘာ…” ရွှမ်းယန်မိသားစုခေါင်းဆောင်ရဲ့အကြည့်က လေးနက်တည်ကြည်သွားရောပဲ။
“ကြီးမြတ်လိုက်တဲ့အယူအဆပဲ … နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ကျင့်ကြံသူနှစ်ယောက်က ရွှမ်းယန်မိသားစုထဲမှာ ဆိုးဆိုးရွားရွား ပြုမူရဲတယ်ပေါ့။ ဝိနယခန်းမသခင်ကို သွားအကြောင်းကြားပြီး အဲဒီနှစ်ယောက်ကို ဖြေရှင်းဖို့ လူလွှတ်ခိုင်းလိုက်”
“ဝိနယခန်းမသခင်ကလည်း ကျရှုံးသွားပါပြီ”
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အဲဒီလူရဲ့မျက်နှာက ထိတ်လန့်မှုတွေ ပြည့်သွားရောပဲ။
“သူတို့ … သူတို့က ဓားကျင့်ကြံသူတွေ ဝိနယခန်းမသခင်တင်မကဘူး … သူတို့ကို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း အကြီးအကဲတချို့ကလည်းရင်ဆိုင်ခဲ့တာ ဒါပေမဲ့ အဲ့နှစ်ယောက်ကို မတားနိုင်ခဲ့ဘူး”
“အောက်ဘုံက ဓားကျင့်ကြံတဲ့သူတွေ … ဖြစ်နိုင်တာက” အဲဒီလူက မျက်လုံးပြူးကျယ်သွားပြီး ရှေ့လျှောက်နောက်လျှောက်လုပ်နေလိုက်တယ်။
“ခရီးသွားမသေမျိုး အကြီးအကဲငါးယောက် ပြန်ရောက်ပြီလား”
“မဟုတ်သေးဘူး … မဟုတ်သေးဘူး”
“မရောက်သေးဘူး … မရောက်သေးပါဘူး”
“ပြန်မရောက်လာသေးဘူးလား” အဲ့ဒီလူကပိုပြီးစိတ်မရှည်ဖြစ်လာတယ်။
“ဒီလိုအချိန်ကြီးမှာပေါ့… အခုချက်ချင်း နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေအားလုံးကို ခေါ်လိုက်ပြီး အဲဒီလူတွေကို ဖြေရှင်းခိုင်းလိုက်”
“ဟုတ်ကဲ့ ဆရာ” တပည့်က ချက်ချင်းပြေးထွက်သွားတော့တာပဲ
အဲ့ဒီလူက စိုးရိမ်ပူပန်မေပြီး သတင်းမေးဖို့ လူတွေလွှတ်လိုက်တယ်၊ ဒါပေမဲ့ တုံ့ပြန်တာတွေ ရှိမလာဘူး။
“ဘာတွေဖြစ်ကုန်တာလဲ … မသေမျိုးခရီးသွားငါးယောက်လုံးက ဘာကြောင့်မတုံ့ပြန်ရတာလဲ … သူတို့ ဘယ်တွေသွားနေကြတာလဲ”
“နင်ပြောတာ သူတို့လားဟေ” ရုတ်တရက်ကြီး သူ့ဘေးနားက မိန်းကလေးတစ်ယောက်အသံက ပေါ်ထွက်လာတယ်။
အဲဒီလူက ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ နောက်ထပ်လူတစ်ယောက် ရှိနေတာကို သိလိုက်ရတယ်။
“မင်း … မင်းက ဘယ်သူလဲ။ ဒီနေရာမှာ ဘယ်ချိန်တည်းက စပြီးရပ်နေတာလဲ” သူ အဲဒါကိုတောင် သတိမပြုမိဘူးလေ။
“ငါက ရှန်းရင် … ခုနတုန်းက အဲဒီကောင်လေးလာပြောတဲ့သူလေ” ရှန်းရင်က အစောတုန်းက သွားအကြောင်းကြားတဲ့တပည့်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။
ခုနတုန်းကလား … ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တခြားသူတွေဝင်လာတာကို မတွေ့မိပါဘူး။ သူစိတ်လေးသွားပြီး တစ်စုံတစ်ခုကိုရုတ်တရက်တွေးမိသွားတော့တယ်။
“မင်း … မင်းက ဖောက်ဝင်လာတဲ့ဓားကျင့်ကြံသူနှစ်ယောက်နဲ့အတူ ပါလာတာလား” သူက သတိ အနေအထား ဖြစ်သွားပြီး နောက်တစ်လှမ်းဆုတ်လိုက်ပြီးတော့ အဲဒီကောင်မလေးက လက်ထဲမှာ ကြိုးတစ်ချောင်းကိုင်ထားတာ သူတွေ့လိုက်ရတယ်။ ကြိုးရဲ့တဆုံးထိ ကြည့်လိုက်တော့ တစ်စုံတစ်ခုကို ချည်နှောင်ထားတဲ့ပုံပဲ။ မိန်းကလေးက ကြိုးကို တစ်ချက်ဆွဲလိုက်တော့လူရိပ်တစ်စုက ပေါ်လာပြီး မြေကြီးပေါ်ပြိုလဲကျလာတော့တယ်။
“ဦးလေး…” အဲ့ဒီလူရဲ့မျက်လုံးတွေက ဖူးယောင်နေတယ်။ ဒီတော့မှ ကြမ်းပြင်ပေါ်မှာ ကောက်ညှင်းထုပ်တွေလို တုတ်နှောင်ခံထားရတဲ့လူတစ်စုက ပြန်ရောက်မလာတဲ့ မသေမျိုးခရီးသွား ငါးယောက်ဆိုတာ သိလိုက်ရတယ်။
“မင်းတို့အားလုံး ဘယ်လိုလုပ်…”
“ဟေ့ နင်က သူတို့နဲ့ဆိုင်တာမလား စကားပြောကြရအောင်”
“နတ်ဆိုးပဲ … ငါ့ဦးလေးတွေကို ဘာလုပ်လိုက်တာလဲ”
သူက တဖက်သူကိုဒေါသတကြီးကြည့်ပြီး ဝိညာဉ်ဓားကိုဆင့်ခေါ်ရင်းနဲ့အဲ့ဒီလူကိုပိုင်းဖြတ်လိုက် တယ်။
“ငါ့ရွှမ်းယန်မိသားစုက လူကို ရာရာစစတိုက်ခိုက်ရဲတယ်လား … ငါ နင့်ကိုသတ်မယ်”
“သခင်ကြီး … မဖြစ်ဘူး” ဖက်ထုပ်လေး ငါးခုက တညီတညွတ်တည်းအော်လိုက်ရောပဲ။
တစ်မိနစ်ကြာပြီးသွားတော့ …
ရှန်းရင်က ခန်းမထဲမှာ တစ်ဝက်ဖျက်ဆီးထားခံလိုက်ရတဲ့ပင်မခုံကို သုတ်ဖို့ သူ့အင်္ကျီလက်ကို သုံးလိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်တယ်။ လေဆင်နှာမောင်းဝင်သွားသလိုမျိုးပုံပေါ်နေတဲ့ ခန်းမကို သူကပြန်ကြည့်လိုက်ပြီးတော့ မျက်နှာဖူးယောင်နေပြီး မှတ်မိဖို့ခက်ခဲလှတဲ့ ရွှမ်းယန်မိသားစု ခေါင်းဆောင်ရဲ့ရင်ဘတ်ကို တက်နင်းထားလိုက်တယ်။
“အခု ငါတို့ စကားပြောလို့ရပြီလား”
ရွှမ်းယန်မိသားစုခေါင်းဆောင် “…”
ဖက်ထုပ်လေးငါးခု “…”
…