အခန်း ၅၂ ။ လမ်းတွင်လုယက်မှု
ယိချင်းက မဟူရာကောင်းကင်ဂိုဏ်းကနေ ထွက်လာလာချင်း အနောက်မြောက်အရပ်ဆီ ဦးတည်လာခဲ့တယ်။ စိတ်ထဲမခံမရပ်နိုင်ဖြစ်နေမိသေးလို့ထင် သူ အတော်လေးမြန်မြန် ပျံသန်းမိသွားတယ်။ သူ နောက်ဆုံး လှည့်ကြည့်လိုက်ချိန်မှာတော့ မဟူရာပင်လယ်ကို ဖြတ်သန်းပြီးခဲ့ပြီ။
“ဆရာ၊ ကျွန်တော်တို့ အနီးဆုံးမြို့နဲ့ အနည်းဆုံး လေးနာရီလောက်လိုပါသေးတယ်” သူ အရှေ့ပြန်လှည့်ပြီး အကြံပေးလိုက်တယ်။
“နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ ခရီးမဆက်ခင် ဒီမှာ နေ့လယ်စာအတွက် ဒီနေရာမှာ ရပ်ကြရင်ရော”
“သေချာပေါက်ပေါ့!” ရှန်းရင် ဗိုက်ကိုပွတ်လိုက်တယ်။ သူ ဒီလိုပြောလာမှာကို စောင့်နေတာကြာပြီ။
ယိချင်း ဓားကို ထိန်းပြီး မြေပြင်ဆီ ဦးတည်လိုက်တယ်။ သူ မဆင်းသက်ခင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လှည်းကျင်းဖို့ လေစွမ်းအင်ဓမ္မဂါထာကို ရွတ်လိုက်တယ်။
“ဆရာ၊ ကျေးဇူးပြုပြီး ဒီမှာစောင့်နေပါဦး၊ မကြာခင် နေ့လယ်စာအဆင်သင့်ဖြစ်မှာပါ”
သူ မီးဖိုလိုက်ရင်း သိုလှောင်အိတ်ထဲကနေ ကျန်နေသေးတဲ့ ဝိညာဉ်သားရဲအသားကို ထုတ်လိုက်တယ်။
“ကျွန်တော်တို့ မဟူရာကောင်းကင်ဂိုဏ်းပိုင်နက်ထဲမှာပဲရှိသေးတာမို့ တခြားဝိညာဉ်သားရဲတွေကို ရှာတွေ့ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်ဘူး၊ အရှေ့အရပ်က မြို့မှာ နေရာရွှေ့ပြောင်းအစီအရင်တွေ ရှိပါတယ်၊ ကျွန်တော်တို့ နေရောရွှေ့ပြောင်းအစီအရင်ကို ဖြတ်သန်းပြီးတာနဲ့ ကျွန်တော်တို့ ကောက်ရိုးတဲဆီ ပြန်ရောက်ဖို့ သုံးရက်မကြာလောက်ပါဘူး”
“ဟမ်၊ ဘာ ကောက်ရိုးတဲလဲ”
“ဆရာနေခဲ့တဲ့ ကောက်ရိုးတဲလေ” ယိချင်း တုံ့ဆိုင်းသွားတယ်။
“အဲကိုပြန်ဖို့ ဆရာ အစီအစဉ်မရှိဘူးလား”
“အာ…” ရှန်းရင် မုန်လာဥအပြည့် ခြင်းတွေကို ပြန်အမှတ်ရသွားခဲ့တယ်။ သူမနှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားပြီး သူ့ပခုံးကို ရိုက်လိုက်တယ်။
“စားဖိုမှူး၊ တကယ်တော့…”
သူ့အိမ် ပြန်ပြီး မုန်လာဥတွေကို ထပ်ဝါးဖို့ အစီအစဉ်ကို ပယ်ဖျက်မလို့ပဲရှိသေး ရုတ်တရက် နှစ်ယောက်သားအပေါ်ကနေ အားပြင်းပြင်း ဖိနှိပ်တဲ့ အရှိန်အဟုန်တစ်ခု ဆင်းသက်လာတယ်။
ဝိညာဉ်ချီတွေနဲ့ လေအဟုန်က သစ်ရွက်တစ်ပုံကို လေထဲ လွင့်ပျံသွားစေပြီး အစိမ်းနဲ့အဖြူ ဝတ်ထားတဲ့ သဏ္ဌာန်ငါးခု ရုတ်တရက် ကောင်းကင်ကနေဆင်းလာကာ သူတို့ရှေ့ ကျလာတယ်။
“မင်းတို့နှစ်ယောက်က သိပ်မြန်မြန် လှုပ်ရှားကြတာပဲ၊ မင်းတို့ကိုရှာဖို့ ငါတို့ကို တကယ်အလုပ်ပေးခဲ့တယ်ပေါ့လေ” တစ်ယောက်က ရှေ့တက်လာပြီး ရယ်သမ်းသွေးလေတယ်။
“သူတို့က ရွှမ်းယွမ်မိသားစုကပဲ” ယိချင်း ရန်လိုစွာနဲ့ ထရပ်လိုက်ပြီး မျက်နှာအမူအရာက သုန်မှုန်သွားခဲ့တယ်။ သူတို့တွေက စောနက ကြာပန်းထိပ်မှာ ရပ်နေကြတဲ့ ခရီးသွားမသေမျိုးတွေပဲ။ ယိချင်း သူ့ဝိညာဉ်ဓားကို ဆင့်ခေါ်လိုက်တယ်။
ဒါပေမဲ့ ရှန်းရင်ကတော့ သူ့ပခုံးကို ဖိပြီး ပြောလာတယ်။
“နင့်အသားဆက်ကင်”
“… ဟုတ်ကဲ့ ဆရာ” ယိချင်း နာနာခံခံပဲ ပြန်ထိုင်ချလိုက်ပေမဲ့ သူတို့ရှေ့ရပ်နေတဲ့ သူစိမ်းငါးကောင်ကို သတိပေးတဲ့ စိန်းစိန်းဝါးဝါးအကြည့်တော့ လှမ်းမပေးဘဲ မနေနိုင်ဘူး။ သူတို့က ရွက်တစ်ထောင်အပင်ဝိညာဉ်ကို လာခိုးမယ်ဆိုတာ ခန့်မှန်းထားပြီးသား၊ ဒါပေမဲ့ ဒီလောက် မြန်ဆန်မယ်တော့ မထင်ခဲ့ဘူး။ သူတို့ တကယ်ပဲ နည်းနည်းလေးတောင် ထပ်မစောင့်နိုင်တော့ဘူးပေါ့လေ။ အထက်ထျန်းလန်ဂိုဏ်းက ဆွေကြီးမျိုးကြီးမိသားစုမှာ ဒီလို အကျည်းတန်လောဘကြီးတဲ့ဘက်ခြမ်းရှိနေလိမ့်မယ်လို့ စဉ်းစားကြည့်တာနဲ့တင်…။
“တာအိုရောင်းရင်းတို့ကို နှောင့်ယှက်ရတာ တောင်းပန်ပါတယ်”
သက်လတ်ပိုင်း ခရီးသွားမသေမျိုးတစ်ယောက်က အရှေ့ကို တက်လာပြီး ရှန်းရင်ကို ကြည့်လာတယ်။ သူ့ပုံစံက ပြေပြေလည်လည် လေသံပေါ် ပေါက်နေပေမဲ့ မျက်လုံးထဲမှာတော့ လောဘချည်းပဲ တသီးတသန့်။
“ကျေးဇူးပြုပြီး မင်းတို့နောက်လိုက်လို့ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ — ကျုပ်တို့တကယ်ကို ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့လို့လေ၊ တာအိုရောင်းရင်းတို့ကို အကူအညီတောင်းစရာရှိပါတယ်”
ရှန်းရင် မေးမှာကို မစောင့်ဘဲ သူကဆက်ပြောလာတယ်။
“ကျုပ်တို့ရွှမ်းယွမ်မိသားစုက ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေ ဖန်တီးဖို့အမြဲကြိုးစားခဲ့တယ်၊ ထျန်းလန်လောကသုံးခွင်မှာ ကျုပ်တို့လောက် အင်အားကြီးတဲ့ အဂ္ဂိရတ်ပညာရှင်မိသားစု ထပ်ရှာနိုင်မယ်လို့ မထင်ဘူး၊ ကျုပ်တို့မိသားစုရဲ့ အကြီးအကဲကလည်း ဒဿမအဆင့် အဂ္ဂိရတ် ပညာရှင်၊ တာအိုရောင်းရင်းတို့ရထားတဲ့ အရွက်တစ်ထောင်အပင်ဝိညာဉ်က ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေ ပြုလုပ်သန့်စင်ဖို့ပဲ အသုံးဝင်တာ၊ တခြားနယ်ပယ်တွေမှာ ဘာတန်ဖိုးမှမရှိဘူး၊ မင်းတို့နှစ်ယောက်က အဂ္ဂိရတ်ပညာရှင်နဲ့လည်း လုံးဝမတူဘူးလေ၊ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို ကောင်းကောင်းအသုံးချဖို့ ကျုပ်တို့ ရွှမ်းယွမ်ဂိုဏ်းဆီ ဘာလို့မလွှဲပေးတာလဲ”
ရှန်းရင်က သူတို့မဟူရာဂိုဏ်းထဲကနေ ထွက်လာတည်းက သူ့ခြေထောက်ပေါ် တွယ်တက်လာတဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို ကောက်ယူပြီး အပေါ်ကို မြှောက်ပြကာ မေးလိုက်တယ်။
“နင်တို့ ဒါကိုပြောနေတာလား”
“ကျီ…” မုန်လာဥက ချက်ချင်း အရွက်တွေထောင်လာပါလေရော။
အဖွဲ့ရဲ့မျက်လုံးတွေက တောက်ပသွားပြီး သက်လတ်ပိုင်း ခရီးသွားမသေမျိုးက ရှေ့ကိုပိုတိုးလာတယ်။ သူက ပြန်ဖြေတာတောင် စိတ်လှုပ်ရှားနေမှုကို လုံးဝမမျိုသိပ်နိုင်တော့ဘူး။
“ဟုတ်ပါတယ် ဒါပါ”
“နင်တို့လိုချင်တာလား” ရှန်းရင် ခေါင်းလေးစောင်းသွားတယ်။
ခရီးသွားမသေမျိုးအမူအရာက ပြောင်းလဲသွားပြီး သူ့အပြုံးက ပိုပီပြင်လာတယ်။
“တာအိုရောင်းရင်း၊ ဒီအရွက်တစ်ထောင်အပင်ဝိညာဉ်က ခံစားထိတွေ့နိုင်စွမ်း အတော်လေး မြင့်မားတယ်၊ သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်ပေးရင် အချိန်ခဏကြာတာနဲ့ သရုပ်သကန် ပေါ်လာနိုင်ပါတယ်၊ ပွင့်လင်းမိတာ ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ကျုပ်တို့ရွှမ်းယွမ်မိသားစုကလွဲ အဲဒါကို အသေအချာ ဂရုစိုက်ပြီးကာကွယ်ပေးနိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာမှ မရှိဘူးလို့ထင်ပါတယ်၊ တာအိုရောင်းရင်းက အခု ကိုယ့်ဘာသာ ရပ်တည်နေပြီ၊ ဘယ်မိသားစု၊ ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်တော့ဘူး၊ ဘာကြောင့် ဆွေကြီးမျိုးကြီးမိသားစုတစ်စုကို အပြစ်ပြုချင်ရတာလဲ”
“အော် ဒါဆို…” ရှန်းရင်လေသံကတော့ အေးဆေးတည်ငြိမ်နေဆဲပဲ။
ခရီးသွားမသေမျိုး အမူအရာက ချက်ချင်း ပျက်ယွင်းသွားတော့တယ်။ သူ့ဘေးနားမှာရှိတဲ့ နောက်ထပ် ခရီးသွားမသေမျိုးက သူ့ကိုယ်သူ မတားနိုင်တော့ဘဲ ကြားဖြတ်ပြောလာခဲ့တယ်။
“ဘာလို့ ဒီမိန်းမကို စိတ်ရှုပ်ခံစကားပြောနေရတာလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်းယွမ်မိသားစုကလွဲ တခြားဘယ်သူမှ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်တာမဟုတ်ဘူး၊ သူ တခြားရွေးချယ်စရာမရှိဘဲ လက်လွှဲပေးရမှာပဲ”
သူက စကားဆုံးဆုံးချင်း ပျံသန်းသွားပြီး ဓားကိုဆွဲထုတ်ကာ ရှန်းရင်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားတော့တယ်။ သူရဲ့ တရှိန်ထိုးတက်လာတဲ့ဓားချီက လေပြင်းကြီးဖြစ်ပေါ်အောင် လှုံ့ဆော်ပေးလေတယ်။ မြေကြီးပေါ်က သစ်ကိုင်းခြောက်တွေနဲ့ သစ်ရွက်တွေက ပျံတက်သွားပြီး လေထုထဲက ဝိညာဉ်ချီဟာ ရုတ်တရက် ထူထဲသွားတော့တယ်။ သူက တကယ်ကို မြန်ဆန်ချက် — တစ်စက္ကန့်အတွင်း ရှန်းရင်ရှေ့တည့်တည့် ရောက်နေပြီ။ သူ့ဓားကရှန်းရင်ခေါင်းနဲ့ စင်တီမီတာနည်းနည်းပဲ ကွာတော့တယ်။
ဒါပေမဲ့ ရုတ်တရက် ရှန်းရင်က လက်မြှောက်လာတယ်။
သူတို့ကြားလိုက်ရသမျှက ချွင်ခနဲဆိုတဲ့အသံဖြစ်ပြီး ခရီးသွားမသေမျိုးရဲ့ဓားဟာ တစစီပြိုကွဲသွားတယ်။ သူမရဲ့လက်ဖဝါးထဲမှာ အပိုင်းပိုင်း ကွဲကြေပြီး ဓားရိုးပဲ ကျန်တော့ရှာတယ်။
သူမ လက်ဖဝါးကိုအမြန်လှည့်ပြီး စောနလေးကတင် ဓားကိုကိုင်ထားတဲ့ ခရီးသွားမသေမျိုးရဲ့ လက်သီးကို ဖမ်းဆုပ်လိုက်တယ်။ အဲအခိုက်အတန့်မှာပဲ ဝိညာဉ်ချီနဲ့ ဘေးပတ်ပတ်လည်က လေပြင်းတွေ ရပ်တန့်သွားတော့တယ်။
ရှန်းရင်… တစ်လက်မလေးတောင် မလှုပ်ခဲ့ဘူး။
ဟမ်။
“မင်း…” အဲဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ နဝမအဆင့်ဝိညာဉ်ဓားကို အဲလောက်အလွယ်လေး ဖျက်ဆီးနိုင်တယ်ပေါ့။
ဒါပေမဲ့ သူ အဖြေမဖော်နိုင်မသေးခင်မှာတင် ရှန်းရင် သက်ပြင်းချသံကို ကြားလိုက်ရတယ်။ သူမက နောက်လက်တစ်ဖက်ကို မြှောက်ပြီး အရွက်တွေနဲ့ တွဲလောင်းပါလာတာကတော့ မုန်လာဥပဲ။
“တကယ်တော့ဟယ်… ငါ ဒီလိုအသီးအရွက်မျိုးကို တကယ်စိတ်မဝင်စားခဲ့တာပါ၊ နင်တို့ လိုချင်ရင် ငါ့ကို ကောင်းကောင်းမွန်မွန်လေးတောင်းပေါ့၊ ငါနင်တို့ကို ပေးမိရင်ပေးမိမှာ၊ ဒါပေမဲ့…”
သူမ မျက်ဝန်းတွေမှေးသွားပြီး အရှေ့ကသူစိမ်းငါးယောက်ကို မျက်နှာချင်းဆိုင်လိုက်တယ်။
“နင်တို့ကိုပေးတာက ကိစ္စတစ်ခု၊ ဒါပေမဲ့ နင်တို့ လုယူချင်တာဆိုရင်တော့ ငါ အတော်လေးပျော်ရွှင်နေမှာ မဟုတ်ဘူးနော်…”
အဲစကားတွေ သူမပါးစပ်က ထွက်ထွက်လာချင်းမှာတင် ခရီးသွားမသေမျိုးရဲ့လက်သီးကိုကိုင်ထားတဲ့ သူမလက်သီးဆုပ်ကိုဖိညှစ်လိုက်တယ်။
အား…။
ထူးဆန်းတဲ့အော်သံကြီးတစ်ခု လေထုထဲ ပျံ့လွင့်သွားလေရဲ့။
****
ကူယွဲ့က ရှန်းရင်နဲ့ ယိချင်းကိုမီချိန် မွန်းလွဲပိုင်းတောင် ရောက်နေပြီ။ သူ မဟူရာဂိုဏ်းကနေ ထွက်လာပြီး သူတို့ကို မတွေ့မချင်း ယိချင်းရဲ့ကိုယ်ရောင်ကိုယ်ဝါနောက် လိုက်ခဲ့တာ။ တစ်လမ်းလုံး အသည်းအသန် ခရီးဆက်လာခဲ့ရတယ်။ သူ့စိတ်ထဲမှာတော့ မတူညီတဲ့ခံစားချက် တစ်ထောင်လောက် ခံစားနေရတာပဲ၊ ရင်ထဲထိတယ်၊ အပြစ်ရှိစိတ် ခံစားရတယ်၊ စိုးရိမ်တယ်… သူ ဖြစ်ချင်သမျှက ရှန်းရင်နဲ့ ယိချင်းကို အမှီလိုက်ချင်ခဲ့တာ။
သူ အဝေးကနေ မီးခိုးစိမ်းကြီးတွေကို သတိထားမိသွားချိန် သူတို့နှစ်ယောက်ကိုရှာတွေ့ပြီဆိုတာ သိလိုက်ရတယ်။
အဲ့နောက်မှာတော့…။
သူ လူငါးယောက်ပိရမစ်ဆိုတာ ဘယ်လိုပုံမျိုးလဲ မြင်သွားခဲ့တယ် — ခရီးသွားမသေမျိုးငါးယောက်က ရှန်းရင်နဲ့ ယိချင်းဘေးမှာတင် တစ်ယောက်ပေါ်တစ်ယောက် ဆင့်တင်ခံထားရလေရဲ့။
“ဟိုလီရှစ်” သူ ဓားပျံပေါ်ကနေ ခြေချော်ပြီး ဟန်ချက်မဲ့သွားတာ မြေကြီးပေါ် ခေါင်းနဲ့ကျပြီး အသက်အိုးစာကွဲတော့မလို။ သူတို့တွေက… ရွှမ်းယွမ်မိသားစုက ခရီးသွားမသေမျိုးငါးယောက် မဟုတ်ဘူးလား။
“ဟေး ဖေဖေနျို!” ရှန်းရင် သူမရဲ့ ဆီပေနေတဲ့လက်တွေနဲ့ လက်ယမ်းပြလိုက်ပြီး အကျင့်အတိုင်း နေရာပေးလိုက်တယ်။
“နေ့လယ်စာစားချိန်ရောက်ပြီ၊ နင်ပါ ငါတို့နဲ့စားချင်လား”
သူမက အသားကင်နေဆဲ ယိချင်းကို လက်ညှိုးထိုးပြလိုက်တယ်။ ယိချင်းကတော့ ကူယွဲ့ကို မကြည်ကြည့် ကြည့်လိုက်တာပေါ့။ အရှက်မဲ့လိုက်တာ — ခင်ဗျားက ကျုပ်ဆရာကို ခိုးချင်နေသေးတယ်ပေါ့လေ။
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတော့တယ်။ သူ လူသားပိရမစ်ဘက်လှည့်ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။
“သူတို့… ဘာဖြစ်သွားကြတာလဲ”
“အော် သူတို့က ငါတို့ကို လုယက်ဖို့ ရောက်လာတာလေ” ရှန်းရင် ချက်ကျလက်ကျပြန်ဖြေလိုက်တယ်။
သူတို့ကိုလုယက်တာလား။
ချက်ချင်း ဘာတွေဖြစ်နေလဲ သူနားလည်သွားခဲ့တယ်။ သူတို့က ရွက်တစ်ထောင် အပင်ဝိညာဉ်နောက် လိုက်နေတာပဲ။ ဒါပေမဲ့… ခဏပဲရှိသေးတာကို ငါးယောက်သားက တစ်ယောက်ပေါ်တစ်ယောက် မလှုပ်မယှက် လဲနေကျပြီ။ ကြည့်ရတာ အရုပ်ဆိုးလှတဲ့မြင်ကွင်းပဲ။ မင်း သူတို့ကို ဘာတွေများ လုပ်လိုက်တာပါလိမ့်။
“မစိုးရိမ်ပါနဲ့၊ သူတို့မသေပါဘူး၊ လောလောဆယ် သတိလစ်နေရုံပဲ” ကူယွဲ့က ခန္ဓာကိုယ်တွေကို စစ်ဆေးနေတာ သတိထားမိသွားတော့ ရှန်းရင် ကူယွဲ့ကို အာမခံလိုက်တယ်။ သူမက ခေါင်းတယမ်းယမ်းနဲ့ ဆက်ပြောလိုက်သေး။
“ဒီနေ့ခေတ်… လူလတ်ပိုင်းတွေက သိပ်ကို အားနည်းဝာာပဲ”
သူတို့တွေက သူမကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ဘူး — သူတို့တွေက ရှန်းရင်အတွက်ဆို အကောင်လေးတွေသာသာပဲ။
ကူယွဲ့ : “…”
“နင် အသားတစ်ပိုင်း လိုချင်လား” ရှန်းရင် ကူယွဲ့ကို အသားတစ်ပြား ကမ်းပေးလိုက်တယ်။
ကူယွဲ့ တုံ့ဆိုင်းနေပြီး အသားကိုယူကာ အရင်အတိုင်း သူမဘေးဝင်ထိုင်လိုက်တယ်။ ဒီနေ့ အစောပိုင်းမှာ ဖြစ်ခဲ့တာတွေကို စဉ်းစားကြည့်ပြီး သူစိတ်ထဲ လေးလံနေမိတယ်။ ကူယွဲ့ တစ်ခုခု ပြောချင်ပေမဲ့ ဘယ်ကနေ စကားစရမှန်းမသိ။
အသားကုန်သွားတော့မှ သူ ခပ်တ်ုးတိုးပြောလိုက်တယ်။
“ငါ မဟူရာကောင်းကင်ဂိုဏ်းကနေ ထွက်လာခဲ့ပြီ”
“အိုး”
“ငါ… စောနက ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်”
ရှန်းရင် တန့်သွားပြီး သူ့ဘက်မျက်နှာလှည့်လာကာ အူကြောင်ကြောင်ဖြစ်နေတယ်။
“ဘာကို”
“ငါနဲ့အတူ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲ သွားဖို့ မင်းတို့ကို တိုက်တွန်းခဲ့တဲ့သူက ငါလေ” ကူယွဲ့ သက်ပြင်းချလိုက်တယ်။ သူက နှစ်ယောက်ကို မရွှင်မပျအမူအရာနဲ့လှမ်းကြည့်လာတယ်။
“ရွှမ်းယွမ်မိသားစုက မဟူရာကောင်းကင်ဂိုဏ်းကိုထိပ်တိုက်တွေ့တာက မင်းတို့အပြစ်မဟုတ်ပါဘူး၊ အခု သူတို့က… ဘာကိစ္စပဲဖြစ်ဖြစ်ပါ… ဒါတွေက ငါ့ကြောင့်ဖြစ်ရတာ”
“…”
…