အခန်း ၅၀ ။ မထင်မရှားအရင်းအမြစ်တစ်ခုမှ ရတနာ
ကူယွဲ့က ဒီရဲတင်းတဲ့ဓားပြတွေကို အတော်လေး ရွံရှာသွားတယ်။ ဒီလူတွေက ရွက်တစ်ထောင် အပင်ဝိညာဉ်အတွက် ရောက်နေတာ အသိသာကြီး။ သူတို့ အကြီးအကဲသုံးယောက် ဘယ်လိုသေသွားလဲဆိုတာ တကယ်တော့ ဂရုစိုက်တာမဟုတ်ဘူး — မဟူရာကောင်းကင်ဂိုဏ်းအတွက် တမင်အခက်တွေ့အောင် ဆင်ခြေအနေနဲ့သုံးချင်ရုံပဲ။
“တာအိုရောင်းရင်း၊ မင်းတို့စွပ်စွဲနေတဲ့အရာအတွက် သက်သေပြဖို့လိုတယ်လေ၊ မင်းတို့ပြောတာနဲ့ပဲ လျှို့ဝှက်ဆန်းကြယ်ဘုံထဲ မင်းတို့ရတနာယူလာတယ်လို့ ငါတို့က ယုံကြည်ပေးဖို့ မျှော်လင့်နေတာလား”
“အကြီးအကဲသုံးယောက် ငါတို့ဂိုဏ်းချုပ်ကို ခွင့်တောင်းချိန် ငါတို့တပည့်တော်တော်များများ ရှိနေခဲ့တယ်”
“အားလုံးက မင်းတို့ရွှမ်းယွမ်မိသားစုကလေ၊ သူတို့က မျက်မြင်သက်သေတွေ ဖြစ်ဖို့ မသင့်တော်ဘူး၊ တစ်ယောက်ယောက်က တကယ်ပဲ ရွက်တစ်ထောင် အပင်ဝိညာဉ်ကို ယူလာတယ်ဆိုရင်တောင် မင်းတို့ ရွှမ်းယွမ်မိသားစုပိုင်တာ ဖြစ်ပြီး နဂိုက လျှို့ဝှက်ဆန်းကြယ်ဘုံက မဟုတ်ဘူးဆိုတာ ဘယ်လိုသက်သေပြမှာလဲ”
“ဟာသပဲ” အဲလူက သရော်လာတယ်။
“အထက်ထျန်းလန်လောကကလူတိုင်း ငါတို့ရွှမ်းယွမ်မိသားစုက အဂ္ဂိရတ်ပညာရှင်တွေရဲ့ အိမ်ဆိုတာ သိကြတယ်၊ လောကကြီးထဲက တစ်ခုတည်းသော ရွက်တစ်ထောင်ဝိညာဉ်က ငါတို့မိသားစုပိုင်တာ — ငါတို့အမွေအနှစ်ရဲ့ ရတနာတွေထဲက တစ်ခုပဲ”
ဟိုလီရှစ်၊ ဘယ်ရွက်တစ်ထောင် အပင်ဝိညာဉ်မဆို သူတို့ရွှမ်းယွမ်မိသားစုက အလိုလိုပိုင်တယ်လို့ ပြောနေတာလား။
အဲလူက တစ်ဖက်လှည့်ပြီး ယိချင်းဘက် မျက်နှာချင်းဆိုင်သွားတယ်။
“တာအိုရောင်းရင်း၊ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ မင်းတို့ ကြုံကြိုက်တွေ့ဆုံရင် အလကားယူလို့ရတဲ့ ရတနာတွေ တကယ်ကို အများကြီးရှိပေမဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ကတော့ သေချာပေါက် အဲဒါတွေထဲက တစ်ခုမဟုတ်ဘူး၊ ပိုင်ရှင်မှန်ရှိပြီးသားမို့ ကျေးဇူးပြုပြီး ငါတို့ကိုပြန်ပေးပါ၊ တာအိုရောင်းရင်း”
“ခင်ဗျားတို့ပိုင်တဲ့ဟာ ကျုပ်တစ်ခုမှမယူထားဘူး” ယိချင်းက ယတိပြတ် ပြောပြီး ရှေ့တက်လာတယ်။
“တကယ်ပဲ ကျုပ် ချင်းယီကို သတ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒါက သူ ကျုပ်တို့ကို သတ်ပြီး ကျုပ်တို့ရတနာကို ယူဖို့ကြိုးစားလို့ပဲ”
“မင်းတို့မယူဘူးလား၊ ရွက်တစ်ထောင်အပင်ဝိညာဉ်က ငါတို့အကြီးအကဲသုံးယောက်နဲ့ ရှိနေတာ၊ မင်းတို့မယူသွားရင် ဘယ်သူယူသွားမှာလဲ၊ မင်းတို့ ရွက်တစ်ထောင် အပင်ဝိညာဉ်ကို မြင်ဖူးမမြင်ဖူး မင်းတို့ဝိညာဉ်ကို ရှာခွင့်ပြုရဲလား”
“မင်းတို့…” ကူယွဲ့ ဒေါသပေါက်ကွဲသွားတယ်။ ဝိညာဉ်ရှာဖွေခြင်းဆိုတာ သိပ်ကိုသွေဖည်ယုတ်မာတဲ့ နည်းလမ်းတစ်ခု။ အသုံးပြုသူက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်အားလုံးကို ဝင်ကြည့်လို့ရပေမဲ့ အဲလူရဲ့ဝိညာဉ်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိမှာ။ အကောင်းဘက်ကနေ ကြည့်ရင်တောင် သေချာပေါက် သွက်ချာပါဒဖြစ်သွားလိမ့်မယ်။ ဒါက ယိချင်းကို သတ်ချင်တယ်လို့ ပြောတာနဲ့ ဘာကွာတော့မှာလဲ။
“ဒါမှမဟုတ်…” အဲလူက လူအုပ်ကြီးကို တစ်ချက် ဝေ့ဝဲကြည့်ပြီး ဆက်ပြောလာတယ်။
“ဒီနေရာကို သွေးချောင်းစီးတဲ့အဖြစ်ရောက်အောင် ငါ့ကို တကယ်ပြောင်းခိုင်းချင်နေကြတာလား၊ အဲဒါမှ ငါ့မိသားစု တရားသဖြင့်ပိုင်တဲ့ ရတနာကို အေးအေးဆေးဆေးရှာနိုင်အောင်လေ”
ဒီစကားလုံးတွေ သူ့ပါးစပ်က ထွက်ထွက်ချင်း ခန္ဓာကိုယ်ကနေ ဖိနှိပ်တဲ့အရှိန်အဝါတစ်ခု ထုတ်လွှတ်လာပြန်တယ်။ သူနဲ့ပါလာတဲ့လူတွေကလည်း လက်နက်တွေ ထုတ်ကုန်ကြတယ်။
မဟူရာဂိုဏ်းသားတွေ သွေးပျက်စပြုလာပြီး ရှီးချိုးနဲ့ ယွိယန်တို့ကတောင် ယိချင်းကို သံသယအကြည့်တွေနဲ့ လှည့်ကြည့်လာကြတယ်။
အခုတော့ ကူယွဲ့ ဆွေ့ဆွေ့ခုန်နေပြီ — သူ ဒီလောက် မခံမရပ်နိုင်ဖြစ်မိတာ ပထမဆုံးအကြိမ်ပဲ။ ရွှမ်းယွမ်မိသားစုက ရည်ရွယ်ချက်ကောင်းတွေနဲ့ လာခဲ့တာမှမဟုတ်တာ။ မဟူရာကောင်းကင်ဂိုဏ်းကို အဲလောက်လွယ်လင့်တကူ လွှတ်မပေးဘူးဆိုတာ အသိသာကြီး။ သူတို့ကို ပြဿနာရှာဖို့သာ အပင်ဝိညာဉ်ကို ဆင်ခြေအနေနဲ့သုံးနေတာ။
သူတို့က ယိချင်းမှာ ရွက်တစ်ထောင်အပင်ဝိညာဉ် ရှိမရှိဆိုတာ ဂရုတောင်စိုက်တာမဟုတ်ဘူး။ သူတို့လိုအပ်သမျှက ဆင်ခြေတစ်ခုပဲ။ ကူယွဲ့၊ ယိချင်းနဲ့ ရှန်းရင်တို့က သူတို့ဆီမှာ ရွက်တစ်ထောင် အပင်ဝိညာဉ်မရှိဘူးလို့ မလျှော့တမ်းပြောသရွေ့ သူတို့က မဟူရာကောင်းကင်ဂိုဏ်းကို ဖျက်ဆီးပစ်မှာ။ ဒါဆို သူတို့အကြီးအကဲသုံးယောက်အတွက် လက်စားချေပေးနိုင်ရုံတင်မကဘူး၊ သူတို့လည်း အောက်ထျန်းလန်လောကမှာ သူတို့အစွမ်းကို ကြွားလုံးထုတ်နိုင်မှာ။ သူတို့သုံးယောက်ထဲက တစ်ယောက်ယောက်က ရွက်တစ်ထောင် အပင်ဝိညာဉ်ရှိပ့တယ်လို့ ဝန်ခံလိုက်ရင် သူတို့အတွက် အားရကျေနပ်ဖွယ်ရာ အံအားသင့်မှုဖြစ်နေဦးမှာပဲ။
ပြီးတော့ ဖြစ်ချင်တော့ သူတို့ဆီမှာ တကယ် ရွက်တစ်ထောင်အပင်ဝိညာဉ်က ရှိနေတယ်။
ဒီမှာရှိနေတဲ့လူတိုင်း ရွှမ်းယွမ်မိသားစုရည်ရွယ်ချက်ကို သဘောပေါက်ကြတယ်။ ဒါပေမဲ့ မဟူရာကောင်းကင်ဂိုဏ်းက အထက်ထျန်းလောကရဲ့ ဆွေကြီးမျိုးကြီးမိသားစုတစ်စုကို ခုခံနိုင်ဖို့ အလားအလာမရှိဘူး။ သူတို့နဲ့ ယှဉ်ရင် မဟူရာကောင်းကင်ဂိုဏ်းက အများကြီး အားနည်းတယ်။ ပြီးတော့ မဟူရာကောင်းကင်ဂိုဏ်းမှာ အဆင့်နိမ့်တပည့်တွေ အများကြီးရှိနေတာ — တိုက်ပွဲက ဘယ်လိုရလဒ်ထွက်ထွက် လူရာချီ ဆုံးရှုံးရဦးမှာပဲ။
“ကျုပ် လျှို့ဝှက်ဆန်းကြယ်ဘုံထဲ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို တကယ်ရှာတွေ့ခဲ့ပါတယ်”
ယိချင်းအမူအရာက မှောင်မည်းသွားတယ်။ ရွှမ်းယွမ်မိသားစု ဘာအချိုးချိုးနေလဲဆိုတာ သူနားလည်တာပေါ့။ လူအုပ်ကြီးကို ဖြတ်ကျော်လာရင်း သူဆက်ပြောလိုက်တယ်။
“ဒါပေမဲ့ အဲဒါက ရွှမ်းယွမ်မိသားစု လျှို့ဝှက်ဆန်းကြယ်ဘုံထဲ ယူလာတဲ့တစ်ခုမဟုတ်ဘူး”
သူ စကားပြောပြီးပြီးချင်း ကြာပန်းပေါ်က ခရီးသွားမသေမျိုးတချို့ ကြက်သေသေကုန်ကြတယ်။
တစ်ဖက်မှာတော့ မဟူရာကောင်းကင်ဂိုဏ်းက လူတိုင်း ဒေါသနဲ့ဆူပွက်ကုန်ပုံပဲ။ အားလုံးက ယိချင်းကို ခက်ထန်တဲ့အမူအရာတွေနဲ့ လှမ်းကြည့်လာကြတယ်။ အထူးသဖြင့် အမှန်တရားကို သဘောမပေါက်သေးတဲ့ တပည့်တွေ။ သံသယဝင်သံအမျိုးမျိုးက ပတ်ပတ်လည်ကနေ ထွက်လာတယ်။
“မဖြစ်နိုင်တာ တကယ်ကြီး ယူထားတာလား”
“အထက်ထျန်းလန်ဂိုဏ်းကလူတွေ ဒီလောက်ဒေါသထွက်နေတာ အံ့ဩစရာမရှိတော့ဘူး”
“သူက ဓားကျင့်ကြံသူမလား၊ ဆေးလုံးဖော်တဲ့ မကောင်းဆိုးဝါးကို ဘာလို့ လိုချင်ရတာလဲ”
“ဘယ်သူက အဲအဆင့်ရတနာကို မလိုချင်ဘဲနေမလဲ၊ သူက လျှို့ဝှက်ဆန်းကြယ်ဘုံထဲကို နတ်ဝိညာဉ်အဆင့်နဲ့ ဝင်သွားတာ၊ ဒါတောင်ပြန်ထွက်လာတော့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဖြစ်နေပြီ၊ သူ ရတနာတစ်ခုခုကို မဆောင်ထားဘူးဆိုတာ ဘယ်သူယုံမှာလဲ”
“အာ ငါ့မဟူရာကောင်းကင်ဂိုဏ်းက ဘယ်လိုလုပ် ဒီလိုလူကို မွေးထုတ်လိုက်တာပါလိမ့်”
ကူယွဲ့ ကြားလေ ဒေါသထွက်လာလေပဲ။ သူ လူအုပ်ကြီးဆီပြေးသွားပြီး အပေါက်တွေအကုန်လုံးသာ ပိတ်ထားပစ်လိုက်ချင်တော့တယ်။
ခန်းဆောင်သခင်တစ်ယောက်ကတောင် သူတို့ကို ဆန့်ကျင်ပြီး ယိချင်းကို နားချလာတယ်။
“ဆရာသခင်ယိချင်း၊ မင်း သူတို့အပင်ဝိညာဉ်ကို တကယ်ယူထားတာဆိုရင် ဘာလို့ ဒီတိုင်း ပြန်မပေးရတာလဲ၊ ဘာလို့ တစ်ဂိုဏ်းလုံးကိုပါ ဆွဲသွင်းမှဖြစ်မှာလဲ”
“ပါးစပ်ပိတ်ထား” ကူယွဲ့စိတ်ထဲ ဆူပွက်နေပြီး အဲခန်းဆောင်သခင်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တော့တယ်။ ဘယ်လိုလုပ် အဲစကားမျိုး ပြောနိုင်ရတာလဲ။ ခရီးသွားမသေမျိုးသုံးယောက် မဟူရာကောင်းကင်ဂိုဏ်းဆီ လာခဲ့ချိန်က ယိချင်းဟာ သာမညောင်ည နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူလေး။ သူတို့ဂိုဏ်းက လူတွေသာ အဲလောက်အသုံးမကျမဖြစ်ဘူးဆိုရင် သူ သွားဖို့တောင် အခွင့်အရေး ရှိခဲ့မှာမဟုတ်ဘူး။ သုံးယောက်သား ဝိညာဉ်ဆေးဖက်ဝင်အပင် အများကြီးနဲ့ အိမ်ပြန်လာဖို့ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့တဲ့အပြင် ရှာတွေ့သမျှကို ဂိုဏ်းဆီ အားလုံးပေးခဲ့တာကိုတောင် တွေးမိသွားခဲ့တယ်။ အခု ပြဿနာရင်ဆိုင်ရတော့ကျ ဒီလူတွေက သူတို့အသက်သူတို့ကယ်ဖို့ ယိချင်းအသက်ကို လက်လျှော့ဖို့ ဆန္ဒရှိနေကြတာလား။
မင်းတို့အားလုံး အရှက်တရားလေးရောရှိကြရဲ့လား။
ရှိသေးတာက ရွှမ်းယွမ်မိသားစု တမင် ပြဿနာရှာနေတာ အသိသာကြီး။ သူတို့ဘယ်လိုလုပ် အားလုံးကို ယိချင်းအပေါ် အပြစ်တင်နိုင်ရတာလဲ။ သူက အဲအကြီးအကဲသုံးယောက် မသေခင်လေး အာရုံစိုက်မိသွားပြီး ကံခေခဲ့ရုံပဲ။
“ဒါ… ဒီလိုမျိုးပြောတာ ကျုပ်မဟုတ်ဘူးလေ၊ အထက်ထျန်းလန်ဂိုဏ်းက…” ခန်းဆောင်သခင်က တုံ့ဆိုင်းဆိုင်းနဲ့ ပြန်ဆုတ်သွားပေမဲ့ အဲအတွေးကိုတော့ မစွန့်လွှတ်နိုင်သေးဘူး။
“ကူယွဲ့…” ယွိယန်က မျက်မှောင်ကြုတ်ပြီး အရှေ့ကိုတက်လာတယ်။
“မင်းသူတို့ကို အပြစ်တင်လို့မရဘူးလေ၊ ဒါက တစ်ဂိုဏ်းလုံးနဲ့သက်ဆိုင်နေတာ၊ ငါတို့ အမြင်ကျယ်ကျယ်ထားဖို့လိုတယ်”
“အစ်ကိုကြီး” ကူယွဲ့ သူ့နားသူ မယုံနိုင်တော့ဘူး။ မျက်လုံးတွေပြူးကျယ်ပြီး မေးလိုက်တယ်။
“မင်းတောင် အဲလိုတွေးတာလား”
ယွိယန်က သူတို့အပေါ်က ကြာပန်းပေါ် ရှိနေတဲ့ လူအုပ်ကို ကြည့်ပြီး အသံနှိမ့်ပြောလာတယ်။
“ဂိုဏ်းကို ကာကွယ်ရမှာက ငါတို့ရဲ့ ဦးစားပေးဖြစ်သင့်တာ မင်းနားလည်သင့်တယ်၊ အမှန်တရားက အရေးမကြီးဘူး”
အရေးမကြီးဘူး။
ကူယွဲ့ ချိတုံချတုံဖြစ်နေတယ်။ ရုတ်တရက် သူတစ်စုံတရာကို သဘောပေါက်သွားတော့တယ်။ မျက်လုံးတွေပိုပြူးကျယ်ကုန်ပြီး သူ့နောက်မှာရပ်နေတဲ့ ခန်းဆောင်သခင်အားလုံးကို လှည့်ကြည့်လိုက်တယ်။ လူတိုင်းက တစ်လှမ်းစီ နောက်ပြန်ဆုတ်ကုန်ကြပြီး ရှီးချိုးတောင် အကြည့်လွှဲသွားတယ်။
ဆိုတော့ သူတို့က စိတ်ပိုင်းဖြတ်ပြီးပြီပေါ့လေ။
အထက်ထျန်းလန်လောကက အမိန့်ပေးလာတော့ သူတို့ဂိုဏ်းကိုကယ်ဖို့ ယိချင်းကို စွန့်ပစ်ချင်နေတာပဲ! တစ်ဂိုဏ်းလုံးဖျက်ဆီးခံရတာကို ကြည့်တာထက် လူတစ်ယောက်ကို စတေးတာက တကယ်ပဲပိုသာတာလား။
သူမျက်လုံး ပြူးသထက်ပြူးသွားခဲ့တယ်။ ရုတ်တရက် သူနှစ်ရာနဲ့ချီ ရှိနေခဲ့တဲ့ ဂိုဏ်းထဲ သူစိမ်းတစ်ယောက်လို ခံစားလိုက်ရတယ်။
ဒါပေမဲ့ ဒါတွေအကုန်လုံးဖြစ်နေတာတောင် ယိချင်းအမူအရာကတော့ တည်ငြိမ်နေဆဲဖြစ်တယ်။ သူ ဒီရလဒ်ကို မျှော်လင့်ထားပြီးပုံပဲ။ ဒါက သူ ခြေသလုံးအိမ်တိုင် နယ်လှည့်ကျင့်ကြံသူတစ်ယောက်အဖြစ် နေပြီး ဂိုဏ်းတစ်ခုခုကို ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်း အတိအကျပဲ။ လူတွေအများကြီးနဲ့ နေရာတစ်ခုက ဖြစ်ချင်တော့ နှလုံးသားကျကင်းမဲ့နေတယ်လေ။
သူ့နောက်မှာ ဒေါသတကြီးတီးတိုးပြောနေတဲ့ လူအုပ်ကို အရေးမစိုက်ဘဲ ပြောလိုက်တယ်။
“ကျုပ် ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲ အပင်ဝိညာဉ်ပေါက်နေတာ မြင်ခဲ့တယ်၊ ဒါက ခင်ဗျားတို့ ရွှမ်းယွမ်မိသားစု မပိုင်ဘူး”
“ဟာသပဲ” ခရီးသွားမသေမျိုးတစ်ယောက်က အေးစက်စက်ရယ်လိုက်တယ်။
“ငါတို့မိသားစုကလွဲ ရွက်တစ်ထောင် အပင်ဝိညာဉ်ကို ဘယ်သူပိုင်နိုင်လို့လဲ”
“ငါလေးပိုင်တယ်လေ” သူ မေးခွန်းမေးပြီးပြီးချင်း အမျိုးသမီးတစ်ယောက်အသံတစ်သံက ဖြေလာတယ်။
ခရီးသွားမသေမျိုးက တုံ့ဆိုင်းသွားပြီး သူ့အောက်က မြေပြင်ကို ရှာကြည့်လိုက်တယ်။ စက္ကန့်နည်းနည်းလောက် ကြာတော့ သူ့အကြည့်တွေက ယိချင်းဘေးက အမျိုးသမီးဆီ ရောက်သွားတယ်။ သူမက လက်မြှောက်ထားတာ။ သူ့ပျာယာခတ်နေတဲ့ နှလုံးသားက ရုတ်တရက် ငြိမ်ကျသွားခဲ့တယ်။
သေမျိုးတစ်ယောက်လား။
“မင်းကဘယ်သူလဲ”
“ငါက သူ့ဆရာပါ” ရှန်းရင်က ပြန်ဖြေပြီး ယိချင်းကို လက်ညှိုးထိုးပြလိုက်တယ်။ သူမကိုယ်သူမ ဒီလို ဖော်ထုတ်မိတ်ဆက်တာက ရှားတယ်။
“နင့်ကို အမှန်ပြင်ပေးပါရစေ : စားဖို– အဟမ်း ငါဆိုလိုတာက ငါ့တပည့်က နင်တို့လူသုံးယောက်ထဲက တစ်ယောက်ကိုပဲ သတ်ခဲ့တာ၊ သူက ဆေးမှားစားမိတဲ့ တစ်ယောက်ကို သတ်မိတာထင်… ဟုတ်တယ်၊ မှန်ထဲက ညာဘက်ထောင့်ကတစ်ယောက်ပဲ၊ ကျန်တဲ့နှစ်ယောက်ကိုက ငါသတ်လိုက်တာ” ပြီးတော့ အဲလိုလုပ်ဖို့ ငါ့ကိုပိုက်ဆံပေးထားတာဆိုတော့လေ။
…