အခန်း ၄၆ ။ မိသားစုတာဝန်
“ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ချင်းယီအမူအရာက လုံးဝကို မယုံကြည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတဲ့ပုံတွေထဲက တစ်ခုဖြစ်နေတယ်။ အဲအခိုက်အတန့်မှာ ကူကယ်ရာမဲ့ ယိုယွင်းလာတဲ့ သူ့ခန္ဓာကိုယ်ကနေ ထွက်ပြေးချင်သလိုမျိုးနီးပါးပဲ။ သူ ဘယ်လောက်ပဲ ဝိညာဉ်ချီတွေ လွင့်ပျောက်သွားတာကို တားဖို့ကြိုးစားပါစေ သူ မတားနိုင်တော့ဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ကျင့်ကြံဆင့်က နဂိုမူလအခြေအနေဆီ ပြန်ကျသွားတယ်။
“ဟင့်အင်း… ဟင့်အင်း၊ ဒါမဖြစ်နိုင်ဘူး၊ အဲဒါက ကျိန်းသေပေါက် မသေမျိုးဖွဲ့စည်းမှုဆေးလုံးပဲလေ… တကယ်ကို ထင်ရှားတာပဲကို”
ကူယွဲ့ ကြမ်းပြင်က ဆေးဘူးကိုကောက်ယူလိုက်တယ်။ စေ့စေ့စပ်စပ်စစ်ဆေးလိုက်တော့ ချိတ်ပိတ်ထားတဲ့ အစီအရင်က ပျောက်ကွယ်သွားနှင့်ပြီဆိုတာ သိလိုက်ရတယ်။ အစီအရင်မရှိဘဲနဲ့ဆို အထဲက ဆေးလုံးတွေက အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ရည်ရွယ်ထားတဲ့အစွမ်းအာနိသင်တွေ ကုန်သွားမှာပဲ။
ကြည့်ရတာ အစီအရင်အင်းကွက်တွေရဲ့ အခိုင်မာဆုံးတောင် အချိန်ကို တောင့်ခံနိုင်စွမ်းမရှိတဲ့ပုံပဲ။ သူတို့ မသေမျိုးမျှော်နန်းထဲကို အဲလောက်အလွယ်တကူ ဝင်ရောက်နိုင်တာလည်း မဆန်းတော့ဘူး။ တံခါးက အကာအကွယ်အစီအရင်လည်း အစွမ်းပျောက်သွားပြီကိုး။ ခန်းမတစ်ခုလုံးမှာ အလုပ်ဖြစ်သေးတဲ့ပုံပေါ်တဲ့ တစ်ခုတည်းသော အစီအရင်အင်းကွက်က ဆေးလုံးသိုလှောင်ရုံရဲ့ ဝင်ပေါက်မှာရှိတဲ့ တစ်ခုပဲ။ ပြီးတော့ အဲဒါက ပိထောင်ရဲ့ အမတဝိညာဉ်က အနားမှာတည်ရှိနေလို့ အချိန်ကို တောင့်ခံနိုင်စွမ်းရှိတာဖြစ်နိုင်လောက်တယ်။
ချင်းယီရဲ့ မသေမျိုးတက်လှမ်းမှု အောင်မြင်ဖို့ အိပ်မက်က အခုတော့ တရွတ်တိုက်ဖြစ်သွားပြီး သူကတော့ လုံးဝကို စိတ်လွတ်သွားခဲ့ပြီ။ သူက သွေးရူးသွေးတန်းနဲ့ အနားက ဆေးဘူးတွေကို ကောက်ယူပြီး အကုန်လုံးမျိုချလိုက်တယ်။ သူတို့က ဘာအစွမ်းအာနိသင်မှမပြတာ နားလည်သွားချိန် အဝင်ဝမှာရပ်နေတဲ့သုံးယောက်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်တော့တယ်။
“မင်းတို့တွေပဲ၊ မင်းတို့ ဆေးလုံးတွေကို ဘာလုပ်လိုက်တာလဲ”
သူ့တစ်မျက်နှာလုံးက ဒေါသကြောင့် ရှုံ့မဲ့စပြုလာတယ်။ မျက်လုံးတွေက အမျက်တွေနဲ့ ပြည့်နေလို့ သူက သူတို့အရေပြားကို ဆွဲဖြဲချင်နေတဲ့ပုံစံနဲ့။
သုံးယောက်သားကတော့ တိတ်နေဆဲ။
မင်းဟာမင်း ဒိတ်လွန်နေတဲ့ ဆေးလုံးစားတာလေ။ ခုကျ ငါတို့ကို အပြစ်တင်နေတယ်လား။
ချင်းယီရဲ့ ဒေါသတကြီးစိုက်ကြည့်မှုက ကူယွဲ့အပေါ် အာရုံရောက်သွားခဲ့တယ်။ သူက တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး မျက်လုံးတွေက ရုတ်တရက် ပြတ်သားမှုတစ်မျိုး ရောင်ပြန်ဟပ်သွားပြီး နောက်တော့ လောဘအရောင် ထင်ဟပ်လာတယ်။
“အော်ဟုတ်သားပဲ၊ အပင်ဝိညာဉ်… မင်းတို့မှာ အရွက်တစ်ထောင် အပင်ဝိညာဉ်ရှိသေးတာပဲ၊ အဲဒါနဲ့ဆို ငါ မသေမျိုးဖွဲ့စည်းမှုဆေးလုံး ဖန်တီးလို့ရနိုင်တယ်”
မသေမျိုးဖွဲ့စည်းမှုဆေးလုံးရဲ့ ဆေးဖော်နည်းက ထျန်းလန်လောကမှာ လျှို့ဝှက်ချက်တော့မဟုတ်ဘူး။ သုံးတာရှားရုံက လိုအပ်တဲ့အရသာဟာ သာမန်ဝိညာဉ်ဆေးဖက်ဝင်အပင်မဟုတ်လို့ပဲ — လိုအပ်တာက အမတဆေးဖက်ဝင်အပင်တဲ့။ အမတဆေးဖက်ဝင်အပင်တွေကို ထျန်းလန်လောကမှာ ရှာလို့မရတာမို့ ချင်းယီပထမဆုံးတွေးမိခဲ့တာက မသေမျိုးမျှော်နန်းထဲက ဆေးလုံးသိုလှောင်ရုံပဲ။
သူ နားမလည်ခဲ့တာက အရွက်တစ်ထောင်အပင်ဝိညာဉ်က အနီးအနားက ဝိညာဉ်နဲ့ အမတဆေးဖက်ဝင်အပင်တွေကို အာရုံခံနိုင်တယ်ဆိုတာပဲ။ အရွက်တစ်ထောင်အပင်ဝိညာဉ်က သူရှာနေတဲ့အရာရအောင် အတိအကျ ကူညီပေးနိုင်တယ်။
“ငါ့ကို အရွက်တစ်ထောင်အပင်ဝိညာဉ်ပေးစမ်း”
ရုတ်တရက်ကြီး ချင်းယီက လှည့်သွားပြီး ငရဲမီးနဂါးကို ထုတ်လာတယ်။ တောက်လောင်နေတဲ့အလင်းရောင်က တစ်ခန်းလုံးကိုပြည့်သွားပြီး သိုလှောင်ရုံထဲက ဆေးလုံးတွေအားလုံး မီးတောက်တွေထဲ အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်တယ်။
ကူယွဲ့ အလိုလို သူ့ရဲ့ ခုခံခြင်း အကာအရံကို ဆင့်ခေါ်လိုက်တယ်။ ရှန်းရင် မျက်မှောင်ကြုတ်လိုက်ချိန် ယိချင်းကတော့ ရှေ့တက်ပြီး ဓားကိုဝှေ့ယမ်းနေတာပဲ။ ယိချင်းကိုယ်ကို ဝိုင်းနေတဲ့ ဓားချီက ပွင့်ထွက်သွားပြီး အားကောင်းတဲ့ ဓားတစ်ချောင်းအဖြစ် ဖြစ်ပေါ်လာတယ်။ ယိချင်း အဲဓားကိုသုံးပြီး ငရဲမီးနဂါးကိုယ်ကို နှစ်ခြမ်းပိုင်းချလိုက်တယ်။
“ဆရာ…” သူက ရုတ်တရက် ရှန်းရင်ကိုလှည့်ကြည့်လာတယ်။ အမူအရာက ခိုင်မာတဲ့ယုံကြည်ချက်နဲ့။
“ကျေးဇူးပြုပြီး ဒီကောင့်ကို ကိုင်တွယ်ပါရစေ၊ ကျွန်တော် ဆရာ့ကိုစိတ်မပျက်စေရပါဘူး”
“မင်းရူးနေတာပဲ” ကူယွဲ့ က ရှန်းရင် မဖြေခင် လှမ်းအော်လိုက်တယ်။
“သူက ထာဝရရှင်သန်မှုကို မအောင်မြင်သေးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားမသေမျိုး ဖြစ်နေသေးတယ်နော်၊ မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး”
ဓားကျင့်ကြံသူတွေက အစွမ်းထက်ပြီး ယိချင်းက ကူယွဲ့တွေ့ဖူးတဲ့ စွမ်းအားအရှိဆုံး ဓားကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ နတ်ဝိညာဉ်အဆင့်သာသာကျင့်ကြံသူတစ်ယောက်က ခရီးသွားမသေမျိုး အသာထား နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူကိုတောင် အနိုင်ရနိုင်မှာ မဟုတ်ဘူးဟ။ ငါတို့ တတ်နိုင်တုန်း cheat ကိုသုံးသင့်တယ်နော် ညီကိုရေ။
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုချက်ပေးပါ” ယိချင်းရဲ့အကြည့်က ရှန်းရင်ဆီမှာပဲ ရှိနေတယ်။ သူက ကူယွဲ့ကို လှည့်တောင်မကြည့်ဘူး။ ချင်းယင်ကို ကူယွဲ့က ကိုင်တွယ်လိုက်တယ်။ ဆရာက ချင်းလန်ကို၊ ဒါဆို ငါ ချင်းယီကို ဖြုတ်သင့်တယ်။ အဲဒါက အစတည်းက သူတို့စီစဉ်ထားတဲ့ပုံပဲ။ ချင်းယင်နဲ့ ချန်းလန်ကတော့ သူတို့ကို အရှုံးပေးလိုက်ရပြီ။ ချင်းယီတစ်ယောက်ပဲ ကျန်တော့တာ… ယိချင်းက သူ့ဆရာရဲ့ တစ်ဦးတည်းသောတပည့်။ ဘာပဲဖြစ်ဖြစ် သူ့တာဝန်ကို ပြီးမြောက်အောင် လုပ်ရမယ်။
“ကောင်းပြီလေ အကောင်းဆုံးဖြစ်ပါစေ” ရှန်းရင် ခေါင်းညိတ်ပေးလိုက်တယ်။
“ဟုတ် ဆရာ” ယိချင်း ပြန်လှည့်သွားပြီး ချင်းယီရှိရာဆီ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။
“ခဏ…” ကူယွဲ့ ရှန်းရင်ကိုကြည့်လိုက်၊ သူ့အသက်ကိုသူ ဂရုမထားတဲ့လူကို ပြန်ကြည့်လိုက်နဲ့ဖြစ်နေတယ်။
“ဟိတ် ဟိတ် ဟိတ်! ရှန်းရင် မင်းတကယ်ပဲ ယိချင်းတစ်ယောက်တည်း ချင်းယီကို သွားတိုက်ခိုက်မှာကို ခွင့်မပြုဘူးမလား၊ မင်းတပည့်က ဦးနှောက်ထဲ မူလီတစ်ချောင်း လွတ်နေတာကို မင်းက ဒီတိုင်းခွင့်ပြုလိုက်မို့လား”
ရှန်းရင်ကတော့ စိတ်အနှောင့်အယှက်မဖြစ်ပုံနဲ့ ပြန်ဖြေလေတယ်။
“သူက ငါ့တပည့်ဖြစ်တာ ကြာနေပြီလေ၊ မိသားစုအလုပ်တာဝန်ကို ပြီးအောင်လုပ်တယ်လို့ပဲ သတ်မှတ်လိုက်တာပေါ့”
“ဘိုးအေကို တာဝန်အလုပ်” မင်းတို့တွေ တကယ် အားကိုးမရလိုက်တာနော်။
“မင်းက သူ့ကို တကယ်ကြီး တစ်ခုခုသင်ပေးထားတဲ့လေသံမျိုး မလုပ်စမ်းပါနဲ့၊ သူက နတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာ၊ သူ-”
“ဖေဖေနွီ” သူမ သူ့ကို ကြားဖြတ်ပြောလိုက်တယ်။ သူမရဲ့ဘာကိုမှဂရုမစိုက်တဲ့ နဂိုအမူအရာက ရုတ်တရက်ကြီး ပိုတည်ကြည်တဲ့ပြောင်းလဲမှုဖြစ်သွားတယ်။
“နင်သူ့ကို ယုံရမယ်လေ”
“…” ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူဖြည်းဖြည်းချင်း စိတ်အေးအေးထားပြီး ဘာမှဆက်မပြောတော့ဘူး။
ယိချင်းနဲ့ ချင်းယီ တိုက်ခိုက်နေတာ တစ်အောင့်ကြာသွားပြီ။ လေထုက သူတို့ဓားတွေဆီကနေ ရွှန်းလက်နေတဲ့ အလင်းတန်းတွေနဲ့ ပြည့်နေတယ်။ တစ်ယောက်က ရူးနေတဲ့ အမူအရာနဲ့ တိုက်ခိုက်ပြီး တစ်ယောက်ကတော့ သူ့အသက်အတွက် တိုက်ခိုက်နေတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးနိုင်ဖို့ ရှိသမျှအားကုန်ထုတ်သုံးနေကြတယ်။ အဆင့်မြင့်ကျင့်ကြံသူ နှစ်ယောက်ကြားက ဒီတစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်မှုက ဆေးလုံးသိုလှောင်ရုံတင် မကဘူး မသေမျိုးမျှော်နန်းတစ်ခုလုံးကိုပါ လှုပ်ယမ်းသွားစေတယ်။
ကူယွဲ့နဲ့ရှန်းရင် အပြင်ထွက်ရပ်နေလိုက်ရတယ်။ သူတို့ လူသားမီးပြင်းဖို ရှိနေတဲ့နေရာဖြစ်တဲ့ ကွင်းပြင်ကနေ နှစ်ယောက်ချနေတာကို လေ့လာလိုက်တယ်။ သူတို့ ထွက်တဲ့ချက်ချင်းပဲ နောက်ဘက်ကနေ ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်—မသေမျိုးမျှော်နန်းတစ်ဝက်လောက်က ပြိုသွားပြီ။ ချင်းယီနဲ့ ယိချင်းက မသေမျိုးမျှော်နန်းထဲကနေ ကောင်းကင်ထဲ ပျံတက်လာကြတယ်။
ချင်းယီက ငရဲမီးနဂါးတွေကို အပြင်ကို ဆင့်ခေါ်ပြီးသွားပြီး သူပနောက်ကနေ လိုက်ခိုင်းထားတယ်။ သူတို့တွေက ဝိညာဉ်ဓားတွေ ဝန်းရံထားတဲ့ ယိချင်းဆီ ပျံသန်းသွားကြတယ်။ ယိချင်းရဲ့ ဓားချီတွေက တစ်ရှိန်ထိုးအုံကြွလာတယ်။ တစ်ပြိုင်နက်တည်း ဝိညာဉ်ဓားတွေက ငရဲမီးနဂါးတွေဆီ ပျံသန်းသွားပြီး ခုတ်ပိုင်းပစ်တော့ မီးတောက်မိုးကြီးဖြစ်သွားခဲ့တယ်။
“ဟမ့် သာမညောင်ညနတ်ဝိညာဉ်ကျင့်ကြံသူလေးတစ်ယောက်က ငါ့ကိုအနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာပဲ” ငရဲမီးနဂါးတွေက ယိချင်းဓားတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေရတော့ ချင်းယီ ပိုပိုပြီး ယမ်းပုံမီးကျလာတာပေါ့။ သူက လက်ဖဝါးထဲက အမှတ်အသားကို အမြန်ပြောင်းလိုက်တော့ မီးတောက်လေးတွေကနေ ရုတ်တရက် မီးတောက်ကြီးတွေအဖြစ် ကြီးထွားလာတယ်။ မီးပင်လယ်ကြီးက စက္ကန့်ပိုင်းအတွင်း ပေါက်ဖွားလာပြီး မသေမျိုးဗိမ္မာန်ဆန်းကြယ်ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားတော့တာပဲ။
“ကြာပန်းနီဝဋ်ကြွေးမီးတောက်” ကူယွဲ့ အံ့ဩတကြီး ရေရွတ်မိလိုက်တယ်။ သူ ဘေးပတ်လည်မှာ အင်းကွက်တချို့ အမြန်ချလိုက်ရတယ်။ ချင်းယီကို ကြာပန်းနီဝဋ်ကြွေးမီးတောက် ဆင့်ခေါ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ယိချင်းကတော့ ကြမ်းတမ်းတဲ့တိုက်ပွဲထဲ ရောက်နေပြီပဲ။
မီးပင်လယ်ကြီး ပေါ်ပေါ်လာချင်း ယိချင်းကိုဝန်းရံထားတဲ့ ဝိညာဉ်ဓားတွေက ပြာမှုန့်တွေအဖြစ် တစစီဖြစ်သွားပြီး ပြန့်ကျဲကုန်တယ်။ ယိချင်း ချက်ချင်း နည်းဗျူဟာပြောင်းပြီး ဝိညာဉ်ဓားသောင်းချီကို ပြန်ခေါ်လိုက်တယ်။ သူတို့က သူ့ကိုဝိုင်းပြီး ဆုံလည်နံရံတစ်ခု ဖွဲ့စည်းသွားတယ်။ သူ ဓားနံရံကို သုံးပြီး မီးတောက်တွေကို ငြှိမ်းဖို့ကြိုးစားပေမဲ့ မီးတောက်တွေ အနားကပ်လာတာကို မတားနိုင်ဘူး။
ချင်းယီက နောက်တစ်ကြိမ် နည်းဗျူဟာပြောင်းပါလေရော။ မီးပင်လယ်ကြီးထဲကနေ စောနတုန်းကထက် အဆပေါင်းမြောက်မြားစွာကြီးတဲ့ ငရဲမီးနဂါးတစ်ကောင် ထွက်လာတယ်။ သူ့မီးတောက်တွေက သွေးလိုမျိုး ရဲရဲနီနေပြီး ကောင်းကင်တစ်ခုလုံးကို မီးတောက်တွေနဲ့ လင်းလက်အောင် လုပ်နိုင်တဲ့ပုံမျိုး။ ပတ်ဝန်းကျင်တစ်ခုလုံးက ကြက်သွေးနီရောင် အလင်းအောက် ရုတ်တရက်ထိန်လင်းသွားခဲ့တယ်။
ငရဲမီးနဂါး အကျယ်ကြီးဟိန်းလိုက်တာက နေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်။ ယိချင်းဆီ ပျံသန်းလာပြီး စလုတ်ကြီးကို အကျယ်ကြီးဟလေတယ်။
ယိချင်း အမူအရာ မှောင်မည်းသွားပြီး ဓားတွေကို ပြန်ခေါ်လိုက်တော့ အကာအကွယ်နံရံက ပြိုလဲသွားတယ်။ ယိချင်း သူ့ဝိညာဉ်ချီအားလုံးကို မဟာရွှေဓားအဖြစ် လမ်းကြောင်းဖော်ပေးပြီး နယ်ပယ်အဆုံးထိ ဆန့်ကားလိုက်တယ်။
“သူ့ဓားဆန္ဒက သိပ်ကိုအစွမ်းကြီးတာပဲ!”
ကူယွဲ့ ရေရွတ်မိသွားတယ်။ ယိချင်းက သူ့ဓားဆန္ဒအားလုံးကို သိပ်သည်းအောင်လုပ်ပြီး မဟာဓားတစ်ချောင်း ဖန်တီးနိုင်တာက… တကယ်ကြီး နတ်ဝိညာဉ်ကျင့်ကြံဆင့်သာသာပဲ ဟုတ်ရဲ့လား။ ဒါမှမဟုတ်… ဒါမှမဟုတ် သူက တကယ်တော့…။
တိုက်ခိုက်နေကြတဲ့နှစ်ယောက်က တကယ်ကို အားအကုန်ထုတ်သုံးလိုက်ကြပြီ — ဒီအခိုက်အတန့်က အနိုင်အရှုံးကို ဆုံးဖြတ်ပေးတော့မယ်။
မဟာဓားက အောက်ကိုဆင်းသွားပြီး ငရဲမီးနဂါးကတော့ ဟိန်းလိုက်လေတယ်။ ဝိညာဉ်ချီတွေ အကြီးအကျယ်တိုက်ကုန်ပြီး မျက်စိကျိန်းစရာ အလင်းတန်းဖြူပေါက်ကွဲမှုက မသေမျိုးဗိမ္မာန်လက်ကျန်ကို ပြာမှုန့်တွေအဖြစ် ပြောင်းလဲပစ်ပလိုက်တယ်။ ကူယွဲ့ ရှန်းရင်ကို ဆွဲခေါ်ပြီး နှစ်ယောက်သား ဆေးလုံးဖော်တဲ့ မီးပြင်းဖိုနောက် ပုန်းလိုက်ကြတယ်။ သူတို့ အမတရှေးဟောင်းပစ္စည်းရဲ့ ခံနိုင်ရည်ကြောင့်သာ အဲပေါက်ကွဲမှုကနေ အသက်ရှင်နိုင်ခဲ့တာ။
အလင်းရောင်က စက္ကန့်အနည်းငယ်အကြာမှာ ပျောက်ကွယ်သွားခဲ့ပြီး မြေကြီးပေါ် ယိချင်းနဲ့ ချင်းယီတို့ မြေကြီးပေါ်ကျလာတာကို မြင်လိုက်ရတယ်။ ချင်းယီက သွေးအပြည့်အန်ပြီး သိသိသာသာကို အကြီးအကျယ် ဒဏ်ရာရထားတယ်။ ယိချင်းကတော့ ပိုပြီးတောင် အခြေအနေဆိုးနေတယ်။ သူ့လက်ထဲကိုင်ထားတဲ့ ဓားက ကျိုးနေပြီဖြစ်ပြီးတော့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေနဲ့ ပြည့်နေပြီ။ ယိချင်း ဒူးထောက်ကျသွားပြီး သူ့ကိုယ်အလေးချိန်ကို မထိန်းထားနိုင်တော့ဘဲ သွေးတွေက ပါးစပ်ကနေ အဆက်မပြတ် စီးကျလာခဲ့တယ်။ ယိချင်းရဲ့ လောလောဆယ်အခြေအနေကို ဖော်ပြဖို့ စကားတစ်ခွန်းပဲရှိတယ် — ဝမ်းနည်းစရာပဲ။
…