အခန်း ၄၅။ မသေမျိုး ဖွဲ့စည်းမှု ဆေးလုံးများ
အမတဝိညာဉ်ရဲ့ ခန္ဓာက တုန်ယင်လာပြီး ဒေါသတွေ စတောက်လောင်လာတော့တယ်။
“မင်း… ကောင်မလေး တကယ်ကို ကျင့်ဝတ်မရှိတာပဲ၊ ငါက အမတဝိညာဉ်ဖြစ်နေသေးတယ်ကွ၊ ဟုတ်ပြီလား” ဒါပေမဲ့ သရဲက သရဲဖြစ်နေသေးတုန်းပဲလေ၊ ဟုတ်ပြီလေ သူက အမတ သရဲပေါ့။
“ဪ ကျွန်မသိပြီ၊ လေလွင့်လေး ဒီကို ခဏလာအုံး”
“ဆရာ… သူက” ယိချင်းက မေးလိုက်တယ်။ ကြွင်းကျန်ဝိညာဉ်တွေက ပုံမှန်ဆို တွေ့ဖို့ မလွယ်ဘူး။ ဒီခန်းမက ရောင်စုံမသေမျိုးချီတွေနဲ့ ပြည့်နေတော့ ကြွင်းကျန်ဝိညာဉ်ကို ရှာတွေဖို့က ပိုတောင်ခက်မှာ။
“ဪ သူက ဒီမှာ စောင့်နေတာ နှစ်တစ်သောင်းလောက် ရှိပြီတဲ့” ရှန်းရင်က ချက်ကျလက်ကျ ရှင်းပြတော့တယ်။ “သူက ငါ့ကို သူ့အမွေတွေ လက်ဆင့်ကမ်းပေးချင်တာ၊ ဒါပေမဲ့ သူ မအောင်မြင်ဘူးလေ”
“အမွေအနှစ်” ကူယွဲ့က ထိတ်လန့်သွားပြီး သူ ကြားလိုက်တာကို မယုံရဲဘူး။ သူက ကြွင်းကျန်ဝိညာဉ်ကို တစ်ချက်ကြည့်ပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်သည်။
“သူ… သူက ဒီမသေမျိုးမျှော်နန်းရဲ့သခင်လို့တော့ ငါ့ကို မပြောနဲ့နော်” သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ပြီး ကြွင်းကျန်ဝိညာဉ်ကို ထပ်ကြည့်လိုက်တယ်။ တကယ်ပဲ ကြွင်းကျန်ဝိညာဉ်နားမှာ မသေမျိုးချီတွေ ဝဲနေတာ တွေ့လိုက်ရတယ်။ သူက တကယ်ကြီး အမတဝိညာဉ်ဟ။
“ဟမ့် ကောင်မလေး မင်းက တကယ် အကောင်းကြိုက်တာတော့ ရှိသားပဲ” ပိထောင်က ကျေနပ်သွားတယ်။ သူက ပျံသန်းလာပြီး ကူယွဲ့ကို အထက်အောက် ကြည့်လိုက်တယ်။
“ငါက တကယ်ပဲ ဒီမသေမျိုးမျှော်နန်းရဲ့သခင်၊ တန်းယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ငါ့တာအိုနာမည်က ပိထောင်”
“…” ဟိုလီရှစ် တကယ်ကြီးပဲ။
“မင်းက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လောက်တယ်၊ ဒါပေမဲ့ မင်းဆီမှာ မီးဓာတ်ဝိညာဉ်ကြောတစ်ကြော ရှိနေတာ၊ ဒါ မဆိုးဘူးပဲ၊ မင်းက ဆေးလုံးသန့်စင်တဲ့လူတော်တစ်ယောက် ဖြစ်လောက်တယ်” ပိထောင်က ကူယွဲ့ကို ကျေနပ်နေပုံပဲ။ သူက မုတ်ဆိတ်သပ်ပြီးတော့ သူ့တည်ကြည်တဲ့ ကိုယ်နှုတ်အမူအရာအတိုင်း ပြန်နေလိုက်တယ်။ “ကောင်လေး ရေစက်က ငါတို့ကို ဆုံစည်းစေ…”
“ဟေး လူကြီးမင်းရေ၊ ဘာပဲဖြစ်ဖြစ် နံရံပေါ်က အဲဒီအစီအရင်ကို ကျွန်မတို့ ဘယ်လိုဖျက်ရမလဲလို့” ရှန်းရင်က သူ့ကို ဖြတ်မေးလိုက်တယ်။
“မင်းက တကယ်ဒေါသထွက်ဖို့ကောင်းတာပဲ ကောင်မလေး” ဒီတော့ ပိထောင်က အနှောင့်အယှက်ဖြစ်သွားတယ်။ “မင်းရဲ့အကြီးအကဲတွေကို လေးစားဖို့အကြောင်း ဘာမှမသိဘူးလား၊ အမွေအနှစ်တစ်ခုလုံးကို လက်ဆင့်ကမ်းဖို့ မှန်ကန်တဲ့လူရွေးတာက အရေးကြီးတဲ့ကိစ္စပဲ၊ အစီအရင်အခင်းအကျင်းထက် အများကြီး ပိုအရေးကြီးတယ်”
“ငါတို့…”
“မင်းခန္ဓာထဲမှာ ဝိညာဉ်ကြော မရှိဘူး ပြီးတော့ အမွေအနှစ်ကို လက်ခံဖို့ မင်းဆန္ဒမရှိဘူး၊ ဒီတော့ ကိစ္စတွေကို မင်းအတွက် ခက်ခဲအောင် ငါ လုပ်မှာ မဟုတ်ဘူး၊ အခု တစ်စုံတစ်ယောက်က အမွေအနှစ်ကို ဆက်ခံဖို့ လိုလားနေပြီလေ၊ မင်း ဘာကြောင့်များ ပြဿနာ ရှာနေသေးတာလဲ”
“မဟုတ်ဘူး ငါ”
“ငါက ဒါအတွက် အနှစ်ငါးသောင်းလောက် စောင့်ခဲ့ပြီး ကြွင်းကျန်ဝိညာဉ်အဖြစ်နဲ့ ဒီမှာ ငြိတွယ်နေရတာ၊ အားလံးက တန်းယန်ဂိုဏ်းရဲ့ ဆေးဖော်နဲ့နည်းတွေကို လက်ဆင့်ကမ်းပေးဖို့ အတွက်ပဲ၊ ဒီမှာ ဒီလူက အမွေအနှစ်ကို ဆက်ခံဖို့ ပြီးပြည့်စုံတယ်၊ ဒါကြောင့် ငါ သူ့ကို လွှဲပေးမှာ”
“နေအုံး၊ ခင်ဗျား”
“မင်းတို့တွေ အဲဒီကျင့်ကြံသူနောက် လိုက်ချင်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ လောစရာမလိုဘူး၊ မင်း အမွေအနှစ်ကို လက်လွှဲယူပြီးသွားတာနဲ့ မကြာခင်မှာ အမတအဖြစ် တက်လှမ်းနိုင်သွားမှာ၊ သူ့ကို ထပ်ကြောက်ဖို့ မလိုတော့ဘူး”
“ဒါပေမဲ့”
“ဒီလောကကြီးမှာလေ အရေးကြီးတဲ့ကိစ္စတွေနဲ့ အရေးမကြီးတဲ့ကိစ္စတွေ ရှိတယ်၊ တန်းယန်ဂိုဏ်း ဖွဲ့ပြီးချိန်ကစပြီး ဆေးလုံးဖော်ရာမှာ ထက်မြက်တဲ့ တခြားသူတွေကို မွေးထုတ်နိုင်ခဲ့တယ်၊ ဒါတောင် ဘယ်သူကမှ ရှင်းထုတ်ခံရမှာကို မရှောင်နိုင်ဘူး၊ ဒါပေမဲ့ တန်းယန်ဂိုဏ်းက တစ်ကိုယ်နည်းနဲ့ ဒီနေ့အထိ ရပ်တည်နိုင်တာ၊ အခု အမွေအနှစ် လွှဲပေးရမဲ့ တစ်စုံတစ်ယောက်ကို ငါ နောက်ဆုံးတော့ ရှာတွေ့ပြီ”
ဘန်း
ပိထောင်က ပြောတာမပြီးသေးခင် သူ့မျက်နှာ အရိုက်ခံလိုက်ရတယ်။ အမတ ဝိညာဉ်ကို အထိုးခံလိုက်ရတာပဲ၊ သူက ကူးခတ်နေတဲ့ ငါးတစ်ကောင်လိုမျိုး အခန်းထဲ လွင့်သွားတာလေ။ “ပြီးတော့ ပြီးတော့ ပြီးတော့…”
သူက အတော်ကြာတဲ့အထိ အဲဒါကိုပဲ ထပ်တလဲလဲ ပြောနေပြီး နောက်ဆုံးမှာ နံရံကို ရိုက်မိသွားတယ်။
“ပါးစပ်ပိတ်”
ရှန်းရင်က မျက်ဝန်းတွေ မှေးကျဉ်းလိုက်ပြီး အမတဝိညာဉ်ကို တက်နင်းလိုက်တယ်။ သူမက အမတဝိညာဉ်ကို ဆွဲကိုင်ပြီး သူ့ခြေထောက်နားဆွဲရင်း မေးလိုက်တယ်။
“အခု နင် တံခါး ဖွင့်နိုင်ပြီလား”
“…” တစ်ခါတုန်းက ပြီးပြည့်စုံတဲ့မျက်နှာက အခုတော့ ရှန်းရင် သူ့ကို ထိုးထားတာကြောင့် ယောင်နေပြီ။ သူရဲ့ လက်လက်ထနေတဲ့ ဝတ်ရုံက အခုဆို အရင်ကထက် ပိုတောက်နေပြီ။
ခဏအကြာမှာတော့…
“ရပြီ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကို အပ်လိုက်ပါ”
ယိချင်း “…”
ကူယွဲ့ “…”
ဒီရလဒ်က သူတို့ကို ဘာကြောင့်များ မအံ့ဩစေတာလဲ။
ပိထောင်က တွားသွားရင်း လှိမ့်လိုက်တယ်။ သူက နာနာခံခံနဲ့ နံရံဆီ ပျံသန်းပြီး အစီအရင်ကို စချိုးဖျက်တော့တယ်။ ဒီမိန်းမက သိပ်ကြောက်ဖို့ကောင်းတာပဲ၊ သူမကို ဘာဝိညာဉ်ကြောမှမရှိတဲ့ သေမျိုးတစ်ယောက်လို့ သူ ထင်ခဲ့တာ။ သူ မသိတာက သူမက ဝိညာဉ်တစ်ကောင်ကိုတောင် ရိုက်နိုင်တယ်ဆိုတာပဲ။ သူက သေမျိုးလောကကို ဆင်းသက်လာတဲ့ အထက်ထျန်းလန်လောကက နတ်ဒေဝါတစ်ပါးပဲ ဖြစ်ရမယ်။
သူ တုန်ယင်နေပြီလေ။
“ဟေး ဒါ… ဂုဏ်သရေရှိ အမတ လူကြီးမင်းရေ ဒီနံရံနောက်မှ ဘာရှိလဲ” ကူယွဲ့က ရုတ်တရက်ကြီး အမတဝိညာဉ်အတွက် သနားသွားတယ်။ ပြောရရင် ပိထောင်က ဒီမသေမျိုးမျှော်နန်းရဲ့သခင်ပဲလေ၊ ဒီတော့ ဒီနေရာအကြောင်း ကောင်းကောင်းသိရမယ်။
“အထဲမှာက…” ပိထောင်က သူ့ဘေးမှာ ရပ်နေတဲ့ ရှန်းရင်ကို ကြည့်လိုက်တယ်။ သူက သူ့NPC လိုမျိုး စာသားတွေကို ဖယ်ပြီး တိုတိုချိုချို လြေိုက်တယ်။ “ဆေးလုံးသိုလှောင်ရုံတစ်ခု၊ ဒါက ငါ သက်ရှိထင်ရှားရှိတုန်းက ငါ့ဆေးလုံးတွေကို သိမ်းတဲ့နေရာပဲ”
“ဆေးလုံးတွေ” ကူယွဲ့က ထပ်ပြောလိုက်တယ်။ ချင်းယီလိုချင်တဲ့ ဆေးလုံးတွေများလား။ ဒါပေမဲ့ သူက ခရီးသွားမသေမျိုးတစ်ယောက် ဖြစ်နေပြီလေ။ သူ့ကျင့်ကြံဆင့်က ထပ်မမြင့်နိုင်တော့ဘူး။ ဘယ်လိုမသေမျိုး ဆေးလုံးကများ သူ့ကို ဒီလောက် လှုံ့ဆော်နိုင်တာလဲ။
ပိထောင်က ရှင်းပြလိုက်တယ်။ “ငါ့အထင် အဲဒီလူက ဆေးလုံးသိုလှောင်ရုံထဲမှာ မသေမျိုးဖွဲ့စည်းမှု ဆေးလုံးကို ရှာနေတာပဲ”
“ဆေးလုံးသိုလှောင်ရုံထဲမှာ မသေမျိုးဖွဲ့စည်းမှုဆေးလုံး ရှိတယ်ပေါ့” ကူယွဲ့က ပြောမိသွားတယ်။
“ငါ သက်ရှိထင်ရှားရှိတုန်းက…” ပိထောင်က ရှန်းရင်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ ငါထင်တာ.. ငါ.. အဲမှာ နည်းနည်းကျန်အုံးမယ်ထင်တာပဲ”
“မသေမျိုးဖွဲ့စည်းမှု ဆေးလုံးက ဘာလဲ” ရှန်းရင်က မေးလိုက်တယ်။
ကူယွဲ့ရဲ့ မျက်နှာက တည်သွားရော၊ ခဏကြာပြီးတော့မှ သူ ပြန်ပြောတာ။ “မသေမျိုး ဖွဲ့စည်းမှုဆေးလုံးတွေဆိုတာက မသေမျိုး အရိုးတွေကို ကုသပေးနိုင်တဲ့ မသေမျိုးဆေးလုံးတွေပဲ၊ သူတို့က အမတလောကမှာပဲ ရှာတွေ့နိုင်တယ်။ ရှေးယခင်တုန်းက ထျန်းလန်လောကသုံးခွင် မပြိုကွဲခင်မှာ အမတအဖြစ်ကို တက်လှမ်းသွားတဲ့ သေမျိုးအားလုံးက တူညီတဲ့နေရာမှာ ကျန်နေတာ။ ဒါက ရှေးခေတ်ကာလရဲ့ မသေမျိုး မျှော်နန်းပဲ၊ ဒါကြောင့် အဲဒီမှာ”
“သူက အဲဒါကို ဘာအတွက် လိုချင်နေတာလဲ”
“သူက ခရီးသွားမသေမျိုးတစ်ယောက်လေ”
ယိချင်းရဲ့အမူအရာက သုန်မှုန်သွားပြီး ရှင်းပြတယ်။
“ဆရာ… ခရီးသွားမသေမျိုးတွေဆိုတာက မသေမျိုးအဖြစ် တက်လှမ်းဖို့ ကျရှုံးခဲ့တဲ့ စစ်သည်တွေပါ၊ သူတို့က ကောင်းကင်ဝဋ်ကြွေးကိုလဲ ဖြတ်ကျော်ရသူတွေ၊ သူတို့က ဝဋ်ကြွေးတွေ ဖြတ်ကျော်ရတာကြောင့် သူတို့ရဲ့ မသေမျိုးအရိုးတွေကို ဖွဲ့တည်ရမယ်၊ ဒါပေမဲ့ မဖြတ်ကျော်နိုင်ခဲ့ရင် သူတို့ရဲ့ မသေမျိုးအရိုးတွေက နတ်လျှပ်စီးက အပိုင်းပိုင်းအစစ ပြိုကွဲသွားမှာ၊ ဒါကြောင့် မသေမျိုးခရီးသွားတွေက မသေမျိုးတက်လှမ်းခွင့်ရဖို့ နောက်ထပ်အခွင့်အရေး မရှိတော့ဘူး၊ မသေမျိုးဖွဲ့စည်းခြင်းဆေးလုံးကပဲ သူတို့ရဲ့ မသေမျိုးအရိုးတွေကို ကုသပေးနိုင်တာ၊ တစ်နည်းပြောရရင်…”
“သူတို့က ဆေးလုံးစားပြီးသွားရင် အမတအဖြစ်တက်လှမ်းနိုင်မယ်ပေါ့”
“ဟုတ်တယ်” ယိချင်းက ခေါင်းညိတ်လိုက်တယ်။
“မဖြစ်ဘူး” ကူယွဲ့က အဲဒီအကြောင်းကို တွေးလေလေ သူစိတ်ပူပန်လာလေပဲ။ “ငါတို့တွေ သူ့ကို အဲဒီမသေမျိုးဖွဲ့စည်းခြင်းဆေးလုံး ရသွားခွင့် မပေးနိုင်ဘူး၊ မဟုတ်ရင် ငါတို့ ဒီနေရာကနေ တကယ်ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ထျန်းလန်လောကသုံးခွင်က အရင်တုန်းက စစ်မှန်တဲ့ မသေမျိုးတစ်ယောက်ကို ဘယ်တုန်းကမှ မထွက်ပေါ်စေဖူးဘူး။ ပိထောင်က အမတရဲ့ ကြွင်းကျန်ဝိညာဉ်အဖြစ်ပဲ ရှိတာ။ ဒါတောင် သူက ဒီမသေမျိုး မျှော်နန်းထဲမှာ အနှစ်ငါးသောင်းပဲ နေနိုင်ပြီး ပုန်းနေရတာ။ ဒါမှ မျှော်နန်းကို ဘယ်သူမှ အလွယ်တကူ ရှာမတွေ့မှာ။ စစ်မှန်တဲ့အမတ တစ်ယောက်က ဘာတွေလုပ်နိုင်လဲဆိုတာ ဘယ်သူမှမသိဘူး။ သူတို့နဲ့အတူ cheat ဖြစ်တဲ့ ရှန်းရင်ရှိနေပေမဲ့ အမတတစ်ယောက်ကို အနိုင်ရဖို့ အခွင့်အရေးက မရှိသေးဘူးလေ။
“ဟုတ်ပြီ” နောက်ဆုံးတော့ ပိထောင်က အစီအရင်ကို ဖျက်ပြီးသွားပြီ။ နံရံက နှစ်ခြမ်းကွဲပြီး ပွင့်လာတယ်။ အဲဒီအချိန်မှာ ၎င်းက တံခါးတစ်ချပ်အဖြစ် ပြောင်းသွားတော့တာပဲ။ တံခါးနောက်မှ ကြီးမှာတဲ့သိုလှောင်နေရာကြီး။ သိုလှောင်ရုံအတွင်းမှာ စင်တွေနဲ့ အခန်းငယ်လေးတွေ ရှိပြီး စင်တိုင်းမှာ အရောင်မတူနဲ့ ပုလင်းနှစ်ပုလင်း ရှိနေတယ်။
သူတို့အဖွဲ့လေးက လမ်းလျှောက်ဝင်သွားတယ်။ အခန်းထဲက စင်တချို့က လဲပြိုကျနေပြီး ကြမ်းပြင်ပေါ်မှာ ပုလင်းတချို့ လဲနေတယ်။ လေထဲက ချင်းယီကတော့ ပုလင်းတစ်ခုကို ကိုင်ထားပြီး ကြမ်းကြုတ်စွာ ရယ်နေလေရဲ့။
“မင်းတို့တွေ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ငါ လုံး၀ မထင်ထားဘူး။ နှမြောစရာပဲ၊ မင်းတို့တွေ နောက်ကျလွန်းသွားပြီ။ ငါက မသေမျိုးဖွဲ့စည်းခြင်းဆေးလုံးကိုရှာတွေ့ပြီးပြီကွ” သူက စိတ်လှုပ်ရှားပြီးတော့ ပုလင်းထဲပါတာတွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပြီး မျိုချလိုက်တယ်။ ပြီးတော့ ပုလင်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး သူ့မျက်လုံးကတော့ အမတအရှင်တစ်ပါးဖြစ်လာဖို့ မျှော်လင့်ချက်တွေ ပြည့်နေတယ်။
“မကြာခင်… မကြာခင်မှာ ငါက အမတအဆင့်ကို တက်လှမ်းတော့မှာကွ၊ ဟား ဟား ဟား”
ခဏအကြာမှာပဲ သူ့ဝိညာဉ်ချီက စတင်တက်လာပြီး သူ့နားက မသေမျိုးချီတွေက စတင်မွှေနှောက်လာတာ။ သူ့ကျင့်ကြံဆင့်က တက်သွားပြီ။
“ဟိုလီရှစ်” ကူယွဲ့က ကျိန်ဆဲလိုက်တယ်။ သူတို့ နောက်ကျသွားမယ်လို့ မထင်ထားဘူး။
“ငါတို့ ဒီကနေ ထွက်ရမယ် မြန်မြန်” သူတို့ အခု ပြေးရုံပဲရှိတယ်။ သူက ရှန်းရင်လက်ကို ဆွဲပြေးဖို့ ပြင်လိုက်ပေမဲ့ သူမကို ရွေ့အောင် မလုပ်နိုင်တာ သိလိုက်ရတယ်။
“ဒါက.. ငါ မေးစရာရှိလို့”
“အခုချိန်ကြီး မင်း ဘာမေးချင်သေးတာလဲ၊ ငါတို့အသက်အတွက် ပြေးရမယ်ဟ” သူတို့က အမတအရှင်ကို ဘယ်တော့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။
“သူ့ကျင့်ကြံဆင့် တက်နေတုန်း ငါတို့အခု ထွက်သွားရမယ်”
“မဟုတ်ဘူး” ရှန်းရင်က သွားဖို့ ငြင်းလိုက်တယ်။ “သရဲကောင်ပြောတော့ မသေမျိုးဖွဲ့စည်းမှုဆေးလုံးက လွန်ခဲ့တဲ့နှစ်ပေါင်း ငါးသောင်းတုန်းက ဖော်ထားတာဆို မဟုတ်ဘူးလား”
“ဟုတ်တယ်လေ၊ အဲဒီတော့”
“ဒီလောက် ကြာနေပြီဆိုတော့… ရက်မလွန်ဘူးလား”
“… ဟမ်”
ကူယွဲ့က ကြက်သေသေသွားပြီး တုံ့ပြန်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ဒါပေမဲ့ သူ့နောက်ကနေ ထူးဆန်းတဲ့ ဆူညံသံ ကြားလိုက်ရတယ်။ အစောကမှ ချင်းယီရဲ့ ကျင်းကြံဆင့်က တက်နေတာ၊ အခုတော့ သူ့ ဝိညာဉ်ချီတွေအားလုံး လွင့်ပါးကုန်ပြီ။
“ကြည့်လေ သူ ဗိုက်နာနေပြီ” ရှန်းရင်က တည်တည်ငြိမ်ငြိမ်ပဲ မှတ်ချက်ချလိုက်တယ်။
ကူယွဲ့ “…”
ယိချင်း “…”
ပိထောင် “…”
…