အခန်း ၄၄ ။ ခရီးသွားမသေမျိုးနှစ်ယောက်
“ငါသွားပြီ” ရှန်းရင်က လှည့်ထွက်သွားတယ်။
“ခဏ” အမတဝိညာဉ်က သူမရှေ့ အသည်းအသန် လွင့်မျောလာပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက် ချလိုက်ရတဲ့ပုံစံနဲ့ အံကြိတ်ပြီးပြောလိုက်တယ်။
“ထားလိုက်တော့၊ မင်းမှာ ဝိညာဉ်ကြောမရှိလည်း ဘာမှမဖြစ်ဘူး၊ မင်း လက်ခံသရွေ့ ငါ ကျောက်စိမ်းဖြတ်ပိုင်းတွေ ထွင်းပေးလို့ရတယ်၊ စာတွေကူးပေးလို့ရတယ်၊ လက်သာခံလိုက်ပါ”
“ဟင့်အင်း” သူမက ပစ္စည်းပို့ဆောင်ရေးဆတ်သားမှ မဟုတ်ပဲ။
“မသွားပါနဲ့ မိန်းကလေးရယ်၊ မင်း ဒီကိုရောက်နေပြီဆိုမှတော့ တစ်ခုခု ပြန်မယူသွားချင်ဘူးဆိုတာ သေချာရဲ့လား” သူမက သဘောထားမပြောင်းလဲတာ မြင်တော့ အမတဝိညာဉ်လည်း သူမခြေထောက်ကို အမြန်ပြေးဖက်တော့တယ်။
“ငါ့မှာ နှစ်ပေါင်းထောင်ချီ စောင့်လာခဲ့ရပြီး ရခဲ့သမျှက မင်းတဲ့၊ မင်းက ဘယ်သူ့မှတောင် ခေါ်မလာဘူး၊ အမွေအနှစ်ကို လက်ဆင့်မကမ်းရင် ငါ ငြိမ်းချမ်းစွာအနားယူနိုင်မှာ မဟုတ်ဘူး”
“ငါတစ်ယောက်တည်း လာခဲ့တယ်လို့ ဘယ်သူပြောလဲ” ရှန်းရင် ရုတ်တရက် ခြေလှမ်းရပ်လိုက်တယ်။
“ဟမ်” အမတဝိညာဉ်က မတုံ့ပြန်ခင် အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားရှာတယ်။
“တခြားလူတွေ… ရှိသေးတာလား”
“အင်းလေ” ရှန်းရင်ကဖြေပြီး အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
ရုတ်တရက် ဝုန်းခနဲအသံကျယ်ကြီး ကြားလိုက်ရပြီး ရိုက်ချိုးခံလိုက်ရတဲ့ အပေါက်ကြီးနဲ့ တံခါးက နောက်ဆုံးတော့ မြေကြီးပေါ် ကျဆင်းသွားခဲ့တယ်။ ဝိညာဉ်ဓားတွေက အထဲ ပျံသန်းဝင်လာပြီး နေရာတစ်ခုလုံး သူတို့နဲ့ချက်ချင်းပြည့်သွားတောပဲ။
ဓားပျံတွေနဲ့အတူ ပါလာတာတော့ ချင်းယင်ဖြစ်ပြီး မြေကြီးပေါ် ဒုန်းခနဲ ပြုတ်ကျလာတယ်။ စောနတုန်းက သည်းမခံနိုင်စရာထောင်လွှားမှုအပြည့်ပြသနေတဲ့ ဒီလူကအခုတော့ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး ဒဏ်ရာတွေနဲ့ ပွထနေတယ်။ နောက်ဝိညာဉ်ဓားတစ်သုတ်ကတော့ သူ့ကို ဖြတ်ပိုင်းခါနီးဆဲဆဲ။
အရိပ်တစ်ခုက ပျံသန်းလာပြီး မြေကြီးပေါ်ကလူကို ကောက်ယူကာ လေထဲပျံသန်းရင်း နောက်ထပ်တိုက်ခိုက်မှုလှိုင်းကို ရှောင်ရှားသွားကြတယ်။ အဲအရိပ်ကတော့ အထက်ထျန်းလန်ဂိုဏ်းက တခြားကျင့်ကြံသူပဲ။
ယိချင်းနဲ့ ကူယွဲ့လည်း ဒီချိန် လိုက်မီသွားပြီ။ ကူယွဲ့ကအဆင်ပြေပေမဲ့ ယိချင်းကတော့ ကိုယ်ပေါ်မှာ ဒဏ်ရာတချို့ရှိနေတယ်။
“ကျေးဇူးပါ၊ ဆရာတူအစ်ကိုချင်းယီ”
ချင်းယင် နောက်ပြန်ဆုတ်လိုက်ပြီး သူ့ခမျာအကြောက်တရား စွဲကျန်ရစ်နေသေးတယ်။
ချင်းယီကတော့ ပြန်မတုံ့ပြန်ဘူး။ အဲအစား သူတို့နောက်ကနေ လိုက်နေတဲ့ လူနှစ်ယောက်ကို အေးစက်စက် လှမ်းကြည့်ပြီး မျက်လုံးတွေက ယိချင်းအပေါ် ရပ်တန့်သွားတယ်။
“နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ဒီလိုစွမ်းဆောင်နိုင်စွမ်းရှိမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး၊ ငါ သတိမမူမိတာပဲ”
အခု ခန်းမဆောင်ထဲ နောက်ထပ်လူလေးယောက် ရှိနေပြီ။
လူတွေ… လူတွေထပ်ရှိသေးတာပဲ။ ကောင်းလိုက်တာ!
အမတဝိညာဉ်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် ပြူးကျယ်ကုန်တယ်။ သူက ရှန်းရင်ခြေထောက်ကို ဖက်တာ ရပ်လိုက်ပြီး သူနဲ့ အနီးဆုံး ယိချင်းဆီ မျောလွင့်သွားတယ်။
“ဟားဟား၊ ကျင့်ကြံသူလူငယ်လေး၊ ကျုပ်တို့မှာ ဆက်နွယ်မှုရှိ…”
“အပိုတွေပြောနေတာတော်တော့၊ တိုက်ကြမယ်” သူက စကားမဆုံးသေးပေမဲ့ ယိချင်းကတော့ လေထဲကလူဆီ သွားနေပြီဖြစ်ပြီး သူ့ဓားကို လှုပ်ရှားလိုက်တာက ကောင်းကင်ထက်မှာ တောက်ပသွားသလိုမျိုးပဲ။
“…” ဟေး၊ တစ်ယောက်ယောက် စကားပြောနေရင် အရင်နားထောင်သင့်တယ်လေ။
အမတဝိညာဉ်ခမျာ ကူယွဲ့ဆီ လှမ်းကြည့်ပြီး ထပ်ကြိုးစားရုံသာ တတ်နိုင်တော့တယ်။
“ကျုပ်တို့မှာ ဆက်နွယ်မှုရှိမှတော့ ခင်ဗျား…”
“မင်းတို့အားလုံး ဘယ်ကိုထွက်ပြေးနိုင်မလဲ ကြည့်ကြတာပေါ့!”
ကူယွဲ့ကပါ ယိချင်းနဲ့အတူတူ ချက်ချင်းတိုက်ခိုက်သွားတယ်။
“…” ဝင်လာတဲ့ ဒီလူနည်းစုက ငကြောင်တွေပဲ။ တိုက်ခိုက်တာက အမွေအနှစ်ဆင့်ကမ်းတာထက် ပိုအရေးကြီးလို့လား။ သူ့ကို တစ်ယောက်ယောက် နားထောင်နေရဲ့လားဟေ!
လေထုထဲက အခြေအနေကတော့ ပိုကောင်းနေပြီ။ ချင်းယင် ဒဏ်ရာရနေတာမို့ ချင်းယီလည်း တတ်နိုင်သမျှ တိုက်ခိုက်ချက်တွေကို ရှောင်ရှားရုံပဲတတ်နိုင်တယ်။ ကူယွဲ့ သူတို့နှစ်ယောက်လုံးကို သရော်လိုက်တာပေါ့။
“ဒါဆို အထက်ထျန်းလန်ဂိုဏ်းက အရှင်သခင်တစ်ယောက်က ဒီလောက်ပဲ ဖြစ်မြောက်တာလား၊ ဆွေကြီးမျိုးကြီးမိသားစုတစ်စုရဲ့ အကြီးအကဲဖြစ်ဖို့ သိပ်လွယ်ပုံပဲ”
“မင်း” ချင်းယင် ပျာပျာသလဲဖြစ်သွားတယ်။ သူက တစ်ဖက်လူလောက် မကျွမ်းဘူးဆိုတာ အသိသာကြီး။ ဒါကြောင့် သူလုပ်နိုင်တာက ကူယွဲ့ကို စူးစူးဝါးဝါးကြည့်ရုံပဲတတ်နိုင်တယ်။
နောက်အခိုက်အတန့်မှာတော့ ယိချင်း ဝိညာဉ်ဓားအပြည့်ကောင်းကင်ဘုံတစ်ခုကို ဖန်တီးလိုက်ပြီး နှစ်ယောက်နောက်ကို လိုက်တယ်။ ထွက်ပေါက်လမ်းမှန်သမျှကိုလည်း ပိတ်ပြီး အားကုန်ထုတ်တိုက်ခိုက်တော့တာပေါ့။
ချင်းယီက အများကြီးမပြောဘဲ ချင်းယင်ကိုပါဆွဲခေါ်လာခဲ့ပေမဲ့ သူ့အမူအရာက ရုတ်တရက် တည်တံ့သွားပြီး သူ့ခန္ဓာကိုယ်ကနေ အရင်ကထက် အဆပေါင်းရာချီ တင်စီးတဲ့ အငွေ့အသက် ထုတ်လွှတ်လိုက်တယ်။ ချင်းယီကိုတိုကိခိုက်နေတဲ့ ဝိညာဉ်ဓားတွေအကုန်လုံး ရပ်သွားပြီး အပိုင်းပိုင်းပြန့်ကျဲကုန်တယ်။
ဖွီ…
ယိချင်း အချိန်မီ သတိမထားမိလိုက်ဘဲ ဖိနှိပ်တဲ့အငွေ့အသက်နယ်နိမိတ်အတွင်း ရောက်နေတာမို့ ချက်ချင်း သွေးအန်သွားခဲ့တယ်။
“ယိချင်း” ကူယွဲ့ အမြန် နောက်ပြန်ဆုတ်လိုက်တယ်။
ရှန်းရင်လည်း ရှေ့တက်ပြီး မေးလိုက်တယ်။
“နင်အဆင်ပြေရဲ့လား”
“ဆရာ…” ယိချင်းက နှုတ်ခမ်းထောင့်က သွေးကိုသုတ်ပြီး လေထဲမှာရှိနေတဲ့ချင်းယိကို မော့ကြည့်လိုက်တယ်။
“အဲလူက… နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မဟုတ်ဘူး”
အဲအရှိန်အဝါက ကျိန်းသေပေါက် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူ ပိုင်တဲ့ဟာမျိုးမဟုတ်ဘူး။
ကူယွဲ့ သဘောပေါက်သွားတယ်။
“သူကလည်း ခရီးသွားမသေမျိုးတစ်ယောက်ပဲ”
ဟိုလီရှစ်! တကယ်ကြီး ကျင့်ကြံဆင့်ကို ဖုံးထားတာပဲ။ သူတို့သုံးယောက်ထဲက နှစ်ယောက်က ခရီးသွားမသေမျိုးတွေဖြစ်နေမယ်လို့ ကူယွဲ့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး!
“ဟားဟားဟား….” ချင်းယင်က ရုတ်တရက် အရူးတစ်ယောက်လို ဟားတိုက်ရယ်လာတယ်။
“နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ငါတို့ကို အနိုင်ယူနိုင်မယ်လို့တွေးနေတယ်ပေါ့ ဟမ့်! မင်းက ဓားကျင့်ကြံသူဆိုတော့ရော ဘာဖြစ်လဲ၊ ခရီးသွားမသေမျိုးတွေရှေ့ မင်းတို့က အညတရတွေပဲ၊ စောင့်ကြည့်… ဆရာတူအစ်ကိုချင်းလန်”
သူခြိမ်းခြောက်နေတဲ့စကားတွေက မြေကြီးပေါ်မှာ လှုပ်ရှားမှုမပြတော့တဲ့ တစ်စုံတစ်ယောက်ကို မြင်သွားချိန် ရပ်သွားပြီး မျက်လုံးတွေပြူးကျယ်သွားခဲ့တယ်။
ကူယွဲ့လည်း မြေကြီးပေါ်က တောင့်တင်းနေတဲ့ အလောင်းကိုသတိထားမိပြီး ရှန်းရင်ကို လှည့်ကြည့်ကာ တိတ်တိတ်လေး လက်မထောင်ပြလိုက်တယ်။ အကျိုးများချက်ကတော့… သူမကတကယ်ကို ဝိညာဉ်ကျောက်နှစ်အိတ်စာတန်တဲ့ cheat သူငယ်ချင်းပဲ။
“ဆရာတူညီအစ်ကိုချင်းလန်… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ” ချင်းယင် မယုံကြည်နိုင်ဖြစ်နေတယ်။
“ဘယ်သူ… ဘယ်သူက သူ့ကို အန္တရာယ်ပြုသွားတာဖြစ်နိုင်မလဲ၊ မဟုတ်မှလွဲရော ဒီမသေမျိုးဗိမာန်က…” သူဟိုဟိုဒီဒီကြည့်လိုက်တော့လည်း တခြားပုန်းခိုနေတဲ့ အရိပ်တွေမမြင်ပါဘူး။ ရုတ်တရက် တစ်စုံတစ်ရာတွေးမိသွားပြီး သူ့ဘေးကလူကိုလှည့်ကြည့်ကာ ပြောလိုက်တယ်။
“ဆရာတူညီအစ်ကိုချင်းယီ၊ ဒီနေရာက…”
ချင်းယီလည်း ရပ်သွားတယ်။ သူ့အကြည့်တွေက စိုးရိမ်မှုနဲ့မပြည့်ဘဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဟိုဟိုဒီဒီ ကြည့်နေတယ်။ ပြီးတော့ ခန်းဆောင်အရှေ့က ထင်ရှားနေတဲ့ စာလုံးနှစ်လုံးဆီ အကြည့်ရောက်သွားခဲ့တယ်။ အဂ္ဂိရတ်ဂိုဏ်း။
“ရှေးဟောင်းတန်းယန်ဂိုဏ်းပဲ ”
ချင်းယီရဲ့အကြည့်က အဲစာလုံးတွေကို စိုက်ကြည့်ရင်း ပိုပိုပြီးစိတ်လှုပ်ရှားလာတယ်။
“ဟားဟားဟား၊ ဒီနေရာက တကယ်ကို… တကယ်ကို ရှေးဟောင်းတန်းယန်ဂိုဏ်းရဲ့ မသေမျိုးဗိမာန်ပဲ”
သူက ငုံ့ကြည့်လာပြီး ရုတ်တရက် အိတ်ကပ်ထဲကနေ ပစ္စည်းတစ်ခုထုတ်ကာ ခန်းမနောက်ဘက်ဆီ ပျံသန်းသွားတယ်။ သူ နံရံပေါ်က ပစ္စည်းကို ခေါက်လိုက်တော့ ချက်ချင်း လမ်းကြောင်းတစ်ခုပွင့်လာတယ်။
“တကယ်ကိုဒီနေရာမှာ ရှိတာပဲ”
ကူယွဲ့ မကောင်းတဲ့ခံစားချက်တစ်မျိုးနဲ့အတူ အခြေအနေမဟန်မှန်း သိသွားတယ်။
“သူ့ကို တားလိုက်”
သူ ချက်ချင်း ပြေးလာပြီး ဓားဆန္ဒကို ကိုယ်ထင်ပြခိုင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ယိချင်းကလည်း တိုက်ခိုက်တော့တယ်။ သူတို့နှစ်ယောက်လုံးရဲ့ ဓားဆန္ဒတွေကို တစ်ဖက်လူဆီ အပြည့်အဝ ဖောက်ခွဲလိုက်တယ်။
ချင်းယီက ပြန်လှည့်ကြည့်လာပြီး နောက်မဆုတ်ဘဲ သရော်ရယ်လေတယ်။
“ငါ့မှာ ဒါအတွက် အချိန်မရှိဘူး” သူက ရုတ်တရက် လက်ဖဝါးလှန်ပြီး သူ့ဘေးကလူရဲ့ ကျောကို ရိုက်ကာ သူတို့တိုက်ခိုက်မှုကိုကာကွယ်ဖို့ ချင်းယင်နဲ့ ကာဆီးတော့တာပဲ။
“ဆရာတူညီအစ်ကို” ချင်းယင် အကာအကွယ်မဲ့နေတာမို့ ရှောင်ဖို့အချိန်မရလိုက်ဘူး။ ကျန်သမျှက သူ့မျက်နှာပေါ်က မယုံကြည်နိုင်တဲ့ အကြည့်ဖြစ်ပြီးတော့ ဓားဆန္ဒရဲ့ တိုက်ခိုက်မှုတွေအောက် ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ တစ်ဖက်မှာတော့ ချင်းယီက နံရံတွေနောက်မှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး နံရံကတော့ နဂိုမူလပုံစံပြန်ဖြစ်သွားတယ်။
“ဟိုလီရှစ်” ကူယွဲ့ ကျိန်ဆဲလိုက်တယ်။ တစ်ဖက်လူက နည်းနည်းတော့ကာပြီး ခြေလှမ်းတွေ ပြန်ဆုတ်သွားမယ်တွေးခဲ့တာ၊ ဒါပေမဲ့ ဒီလူက အထဲဝင်ဖို့အတွက်နဲ့တင် ချင်းယင်ကို သေလမ်းထဲတွန်းပို့မယ်လို့တော့ လုံးဝမတွေးခဲ့ဖူးဘူး — အထက်ထျန်းလန်လောကက လူတွေက တကယ်ကို အကြင်နာတရားကင်းမဲ့တာပဲ။
“ဒီနံရံနောက်မှာ ဘာတွေရှိလို့ ကိုယ့်လူကိုယ်တောင် သစ္စာဖောက်ရလဲ သိချင်မိတယ်”
ကူယွဲ့က သူ့ရှေ့က နံရံပေါ်မှာရှိတဲ့ အရောင်တလက်လက် အစီအရင်အင်းကွက်ကို လှမ်းကြည့်လိုက်တယ်။ သူ လက်စည်းချိပ်တစ်ခု ဖန်တီးလိုက်ပြီး နံရံကိုခေါက်ကြည့်ပေမဲ့ နံရံကဘာတုံ့ပြန်မှုမှမပြဘူး။
“ဟမ်” သူ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားတယ်။ ဒီအစိအရင်အင်းကွက်က ဓမ္မမန္တန်တွေအပေါ် ခံနိုင်ရည်ရှိတာပဲ။
“နင်ငါ့အကူအညီလိုလား” ရှန်းရင် အကျင့်အတိုင်း ခြေထောက်မြှောက်လိုက်တာပေါ့။
“ခဏ” မီးဖိုတံခါးကန်ဖွင့်ခံလိုက်ရတာကို ပြန်စဉ်းစားမိပြီး ကူယွဲ့ သူ့ကို အမြန်ပြန်ဆွဲထားလိုက်ရတယ်။
“ဟုတ်ပါပြီ အမျိုးသမီးရယ်၊ မင်းတစ်ချက်ကန်တာနဲ့ မသေမျိုးဗိမာန်တစ်ခုလုံး ပြိုကျလိမ့်မယ်ဆိုတာ လောင်းရဲတယ်”
“အော်” ရှန်းရင် ခြေထောက်ပြန်ရုတ်လိုက်တယ်။ မကန်ရဘူးဆိုတော့လည်း ပိုကောင်းတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လှုပ်ဖို့ ပျင်းလွန်းပါတယ်နော်။
“ကြည့်ရတာ.. ရှေးဟောင်းအစီအရင်အင်းကွက်ဖြစ်ပုံပဲ၊ ငါတို့အထဲဝင်ဖို့ သင်္ကေတတစ်ခုလိုလိမ့်မယ်”
ကူယွဲ့ ချင်းယီ စောနကထုတ်လာတဲ့ ပစ္စည်းကိုပြန်သတိရသွားပြီး သူ့ရှေ့က အစီအရင်အင်းကွက်ကို နောက်တစ်ခေါက် သေချာထပ်ကြည့်လိုက်တယ်။
“အင်းကွက်ရဲ့ အပေါက်က ဆက်တိုက်ပြောင်းလဲနေတာ၊ ပြီးတော့ နည်းမှန်လမ်းမှန်နဲ့ မဖြည်ဘဲ ငါတို့အတင်းကျူးကျော်ဝင်ရောက်မယ်ဆိုရင် အဲဒါနဲ့ချိတ်ဆက်နေတဲ့ မသေမျိုးဗိမာန်တစ်ခုလုံး ဖျက်ဆီးခံရနိုင်တယ်၊ ဖြစ်ချင်တော့ ဒီအစီအရင်အင်းကွက် ပျောက်ဆုံးနေတာကြာလှပြီမို့ ဘယ်သူမှနည်းမသိဘူး”
“အာ… တစ်ယောက်တော့ သိလောက်တယ်ဟ” ရှန်းရင် လက်မြှောက်ပြလိုက်တယ်။
သူမ တစ်ဖက်လှည့်ပြီး ခန်းမအထဲကို လက်ယပ်ပြတာမြင်တော့ နှစ်ယောက်သား ကြောင်တောင်တောင် ဖြစ်သွားတယ်။
“ဟဲ့… လေလွင့်လေး ဒီကိုလာပါဦး”
“…”
…