အခန်း ၄၂ ။ မီးပြင်းဖိုအတွင်းရှိ လောက
ယိချင်းနဲ့ကူယွဲ့တို့ သူမရဲ့ရုတ်တရက်မေးခွန်းကြောင့် အံ့ဩကုန်ကြတယ်။ သူတို့ခန္ဓာကိုယ်ကိုကာကွယ်ဖို့ ဝိညာဉ်ချီရှိတဲ့ကျင့်ကြံသူတွေက ပတ်ဝန်းကျင်အပူချိန်ကို အာရုံစိုက်ကြတာရှားတယ်။
“အခု မင်းပြောတော့မှ တကယ်ကိုပူလာသလို…”
ကူယွဲ့စကားမဆုံးခင် မီးလုံးကြီးတစ်လုံးက မြေကြီးထဲကနေ ဝုန်းခနဲ ပစ်ထုတ်လာတယ်။
“သတိထား” သွက်လက်စွာနဲ့ တစ်ဖက်လှည့်လိုက်ပြီး ယိချင်းက နောက်ကို မြန်မြန် ဆုတ်လိုက်မှ မီးတောက်တွေကို ရှောင်လိုက်နိုင်တယ်ဆိုရုံလေး။ ပြန်လှည့်ကြည့်လိုက်တော့ မြေကြီးထဲကနေ မီးတောက်ကြီးတွေ ခုန်ပေါက်ထွက်လာပြီး နေရာအနှံ့ကို ပျံ့လာတာ မြင်လိုက်ရတယ်။ တစ်ခဏအတွင်း သူ့ရှေ့က အရာအားလုံးက မီးပင်လယ်ကြီးဖြစ်သွားခဲ့တယ်။
ကူယွဲ့ ချက်ချင်း မီးစွဲသွားတဲ့ သူ့အင်္ကျီလက်အပိုင်းကို ဆွဲဖြဲလိုက်ရတယ်။ သူ့ရှေ့က ရဲရဲတောက်နေတဲ့ မီးတဟုန်းဟုန်းဟုန်းကို ထိတ်လန့်စွာကြည့်လိုက်တယ်။ မီးတောက်တွေက အရှိန်ပြင်းလွန်းလို့ သူ့အင်္ကျီကိုတောင် လောင်စေနိုင်တယ်။
“သွေဖည်မီးလျှံပဲ!”
ယိချင်း လှမ်းအော်ပြောလိုက်တယ်။ ဒီနေရာက ဝိညာဉ်ချီတွေ ဘာမှားနေလဲ နောက်ဆုံးတော့ သဘောပေါက်ပြီ။ လေထဲက ဝိညာဉ်ချီက ထူသိပ်လွန်းပြီး သိပ်ကြမ်းတမ်းပုံပဲ။ ဒီမီးရဲ့ သက်ရောက်မှု ခံလိုက်ရတာပဲဖြစ်မယ်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ” အလယ်မှာ ပိတ်နေတော့ ရှေ့ဆက်တိုးလို့လည်းမရ၊ နောက်လည်းဆုတ်မရ။
“အဲဒါဘာလဲ” ရှန်းရင်က အရှေ့ဘက်က တစ်စုံတစ်ရာကို လက်ညှိုးထိုးပြလာတယ်။
နှစ်ယောက်သား သူမ လက်ညှိုးထိုးပြတဲ့ဘက် လှမ်းကြည့်လိုက်ပေမဲ့ မီးပင်လယ်ကြီးပဲမြင်ရတယ်။ မျက်စိထဲ ထူးထူးခြားခြား ဘာမှဝင်မလာဘူး။
ဟင့်အင်း၊ တစ်ခုခုတော့မဟုတ်ဘူး။ သူတို့စိတ်ကို ငြိမ်သက်အောင်လုပ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းဖို့ အသိအာရုံတွေကို အသုံးပြုလိုက်တော့ မီးအရှိန်အပြင်းဆုံးနေရာတစ်ခုမှာ ထင်သာမြင်သာရှိလုနီးပါး ထူထဲလွန်းနေတဲ့ ဝိညာဉ်ချီနွံဝဲဂယက်ရှိနေတာကို တွေ့ကုန်ကြတယ်။ ဒါ… အမတချီပဲ။
“အဲနေရာမှာ အထွက်လမ်းရှိနိုင်တယ်!” ကူယွဲ့က အသံအောအောပြောလာတယ်။
“ဒါပေမဲ့…”
သူတို့ကို မီးတောက်တွေက ချောင်ပိတ်ထားတာမို့ သွားလို့မရဘူး။ ဒါက သွေဖည်မီးလျှံ။ သာမန် အကာအကွယ်ဓမ္မအင်္ကျီက အဲမီးလျှံကနေ ဘယ်လိုမှကို ကာကွယ်မှုပေးမှာမဟုတ်ဘူး။
“မီးနံရံကနေတစ်ဆင့် လမ်းဖောက်ပြီး တစ်ရှိန်ထိုးသွားဖို့ ကျွန်တော်တို့ဓားချီတွေကို သုံးကြရအောင်”
ယိချင်းက အကြံပေးပြီး သူ့ဓားကို အရှေ့ဘက်ဆီ ထိုးသွင်းလိုက်တယ်။ ချက်ချင်း သူ့ရဲ့ရှိန်လောက်စရာ ဓားချီက လေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မီးပင်လယ်ကြီးထဲ တစ်ရှိန်ထိုး တန်းဝင်သွားကာ ယက်ကြောင်းထဲ လမ်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်း ဒီလမ်းကြောင်းက မီးတောက်တွေ ဝါးမျိုတာခံလိုက်ရတယ်။
အလုပ်ဖြစ်တယ်။
ဝမ်းမြောက်သွားတဲ့ ကူယွဲ့က ချက်ချင်း ယိချင်းရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတယ်။
“မင်းအရှေ့ကနေသွား၊ ငါ အနောက်ကို ကာပေးမယ်!”
“ကောင်းပါပြီ”
ယိချင်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဓားကို နောက်တစ်ကြိမ်လွှဲပြီး အသစ်ဖန်တီးထားတဲ့ လမ်းကနေတစ်ဆင့် ပျံသန်းလိုက်တယ်။ မီးတောက်တွေနောက်တစ်ကြိမ် ခုန်တက်လာပြန်တာမြင်တော့ ကူယွဲ့ နောက်ကနေ အနီးကပ်လိုက်သွားပြီး သူ့ဓားနဲ့ လမ်းတစ်ခု ထွင်းဖောက်လိုက်ပြန်တယ်။
ဒီပုံစံအတိုင်း အချိတ်အဆက်မိမိနဲ့ နှစ်ယောက်သား ဓားချီတွေဝဲနေတဲ့နေရာဆီ ဦးတည်ခဲ့ကြတယ်။ သူတို့ အချိန်တိုအတွင်း မီးပင်လယ်ကြီးရဲ့အလယ်ဆီ ရောက်လာခဲ့တယ်။ အဲတော့မှပဲ အလယ်မှာတောက်ပနေတဲ့ အစီအရင်အင်းကွက်တစ်ခုကိုမြင်လိုက်ရတယ်။ အဲပတ်လည်မှာတော့ ရှေးဟောင်းအက္ခရာတချို့ တလက်လက်တောက်ပနေလေရဲ့။
“ဒါဘာအင်းကွက်အစီအရင်လဲ” ယိချင်းက မေးရင်း သူ့ဓားကို ကိုင်စွဲပြီး အဆက်မပြတ်ပိုခက်ထန်လာတဲ့ မီးတောက်ကို တားဆီးနေရတယ်။
“ဒါ… ငါမသိဘူး” ခေါင်းခြောက်နေတဲ့ပုံနဲ့ ကူယွဲ့က ပြောလာတယ်။
“ဒီမှာခဏနေနေ၊ ငါ အနီးကပ်သွားကြည့်လိုက်မယ်” သူ အစီအရင်နား ပျံသန်းသွားပြီး သေသေချာချာ ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ကြိုးစားကြိုးစား ဘာအစီအရင်လဲဆိုတာ သူအဖြေမထုတ်နိုင်ဘူး။
“ငါ အရင်ကဒီလို အင်းကွက်အစီအရင် မမြင်ခဲ့ဖူးဘူး၊ ဒါပေမဲ့ ဒီဓမ္မအဆောင်တွေကတော့… အမှတ်တရ သီးသန့်ချိတ်တံဆိပ် တစ်မျိုးမျိုးဖြစ်မဲ့ပုံပဲ”
သူ အရင်ကမြင်ဖူးကြားဖူးသမျှ အင်းကွက်အစီအရင်အားလုံးကို ပြန်စဉ်းစားကြည့်ပေမဲ့ ဘယ်တစ်ခုမှ ပုံစံမကိုက်ဘူး။
“ဒီအင်းကွက်ကို တိုက်ခိုက်ကြည့်ဦးမယ်”
လက်စည်းတံဆိပ်တစ်ခု ဖန်တီးပြီးတော့ သူ့ဓမ္မမန္တန်တွေရဲ့ အစွမ်းကိုးဆယ်ရာခိုင်နှုန်းကို သုံးရင်း သူ့လက်ထဲက လက်နက်ကို အားပါပါ လွှဲချကာ အင်းကွက်ကို ရိုက်ချလိုက်တယ်။ ဘန်း! ကောင်းကင်နဲ့မြေကြီးတစ်လျှောက် တဝေါဝေါအသံကြီး အပ်ခိုးထပ်သွားလေရဲ့။ အသံကကျယ်လွန်းလို့ လျှို့ဝှက်ဆန်းကြယ်ဘုံတစ်လျှောက်လုံးတုန်ဟီးသွားသလိုမျိုးပဲ။ ဒါပေမဲ့ အင်းကွက်ကိုယ်တိုင်ကတော့ ဂယက်မထိသလို တစ်နေရာမှာ ထိခိုက်သွားတဲ့ အရိပ်အယောင်လည်းမရှိဘူး။
“ချီး ဒါဘယ်လိုအင်းကွက်လဲ၊ ဘာလို့ အဲလောက်တောင် ကြောက်ခမန်းလိလိ ခိုင်မာနေရတာတုံး” ကူယွဲ့ ကျိန်ဆဲတော့တာပဲ။
“နောက်ကျသွားပြီ၊ သွေဖည်မီးလျှံက ဒီဘက်ကို ဦးတည်လာတယ်” ယိချင်း မီးတောက်တွေဆီကနေ ဆုတ်ရင်း သတိလှမ်းပေးလိုက်တယ်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ အပူချိန်နဲ့ သူ့ဓားချီဟာ မီးတောက်တွေကို တိုက်ပွဲရှုံးနိမ့်နေရပြီ။ သွေဖည်မီးလျှံက အခုသူတို့သုံးယောက်လုံးပေါ် လွှမ်းမိုးလုနီးပါးဖြစ်နေပြီ။ သူတို့ လမ်းသာမြန်မြန်မရှာနိုင်ရင် ဒီမီးပင်လယ်ကြီးဝါးမျိုသွားတာခံရမှာပဲ။
“ဘေးဖယ်” ရှန်းရင် ရှေ့တက်လာပြီး သူ့ကို ပိတ်နေတဲ့ ကူယွဲ့ကိုဘေးတွန်းထုတ်လိုက်တယ်။ ခြေထောက်တစ်ဖက်မြှောက်ပြီး အင်းကွက်ကို အားပြင်းပြင်း တိုက်ရိုက်ကန်ချလိုက်တော့တယ်။
ဘန်း! အင်းကွက်က ချက်ချင်းမည်းသွားပြီး ပတ်ပတ်လည်က လေထုက ရုတ်တရက် အတွင်းဘက်ဆီ ပျက်ပြားကုန်ပုံပဲ။ ဂလောင်ဆိုတဲ့အသံပေါ်လာပြီးတဲ့နောက် တံခါးလိုမျိုး စတုရန်းအပေါက်တစ်ခု ပေါ်လာလေတယ်။ ပေါကြွယ်ဝပြီး လတ်ဆတ်တဲ့ အမတချီရနံ့က သူတို့ဆီ လေနဲ့အတူ ပါလာခဲ့တယ်။
ဟိုလီရှစ်၊ ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်သားနော်!
(⊙_⊙)
“သွား!” သူမနောက်က စားဖိုမှူးကိုဆွဲပြီး ရှန်းရင် အပေါက်ထဲ တန်းငုံ့ဝင်လိုက်တယ်။ နှစ်ယောက်သား သူမနောက်ကနေ မြန်မြန်လိုက်သွားတော့တယ်။
တခဏအတွင်း သူတို့ခံစားနေခဲ့ရတဲ့ ပူစပ်စပ်ခံစားချက်က မှေးမှိန်ပျောက်ကွယ်သွားပြီး ချက်ချင်း လောကသစ်ကြီးတစ်ခု သူတို့ရှေ့ပေါ်လာတယ် — လတ်ဆတ်တဲ့ ပန်းမာန်အပင်ရနံ့တွေပြည့်နေတဲ့ စိမ်းမြမြစားကျက်မြေတစ်ခု။ အမတချီဟာ သူတို့ပတ်လည်မှာ ရောင်စုံနေဝင်ဆည်းဆာအလင်းလိုမျိုး ဝေ့ဝဲနေတယ်။
ကူယွဲ့ မော့ကြည့်လိုက်တော့ သူ့ အနီးအနားမှာ မိုးထိုးနေတဲ့ ဘုရားကျောင်းတစ်ခုပေါ်လာတာ မြင်လိုက်ရတယ်။ ဘုရားကျောင်းတစ်ခုလုံးက ကျောက်စိမ်းလိုမျိုးဖြူဖွေးနေပြီး ခပ်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေတယ်။
ဒါ… မသေမျိုးသုခဘုံပဲ!
ကူယွဲ့ မယုံကြည်နိုင်စွာ မျက်လုံးပြူးမိသွားတယ်။ အထက်ထျန်းလန်လောကရဲ့ မသေမျိုးသုခဘုံက တကယ်တော့ ဒီရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲ ပုန်းအောင်းနေတာပေါ့!
“ဆရာ အနောက်ကိုကြည့်ပါဦး!”
ယိချင်းက ရုတ်တရက် ထအော်လာတယ်။
“ကျွန်တော်တို့ထွက်လာခဲ့တဲ့နေရာက…”
အမြန်လှည့်ကြည့်လိုက်တော့ ကူယွဲ့ အံ့ဩတကြီး ပင့်သက်မရှိုက်ဘဲ မနေလိုက်နိုင်ဘူး။
ဟိုလီရှစ်!
သူတို့ထွက်လာတဲ့ ဝင်ပေါက်က အဲနေရာမှာရှိနေသေးပေမဲ့ အခုက အပေါက်မဟုတ်တော့ဘဲ တံခါးဖြစ်နေပြီ။ လေးမီတာနဲ့ ခြောက်မီတာအတိုင်းအတာအရဆို ဒါက ပြဒါးရှင်လုံး ချက်လုပ်သန့်စင်တဲ့ မီးပြင်းဖိုပဲ။
“ငါတို့… စောနက ဒီမီးပြင်းဖိုထဲ ရောက်နေခဲ့တာပဲ!”
မြေကြီးက သွေဖည်မီးလျှံတွေ ဖုံးလွှမ်းနေတာလည်း အံ့ဩစရာမရှိတော့ဘူး။ တကယ်တော့ ပြဒါးရှင်လုံးတွေ ဖန်တီးသန့်စင်ဖို့ မီးကိုး။ ဒါကြောင့် ဒီပြဒါးရှင်လုံးဖန်တီးသန့်စင်တဲ့ မီးပြင်းဖိုကလည်း မသေမျိုးအသုံးအဆောင် ဖြစ်ပုံပဲ။ အထဲမှာ လောကသစ်ကြီးတစ်ခုလုံးရှိနေတယ်။
“ဒါပေမဲ့… တောအုပ်ကဘာဖြစ်တာလဲ” ကူယွဲ့ အဖြေမထုတ်နိုင်ဘူး။ တကယ်လို့ ရှေးဟောင်းဆန်းကြယ်ဘုံရဲ့ဝင်ပေါက်က တစ်လျှောက်လုံး ဆေးလုံးသန့်စင်တဲ့မီးပြင်းဖိုနဲ့ တွဲရှိနေတာဆိုရင် ဘယ်လိုလုပ်အထဲမှာ တောအုပ်တစ်ခုပါ ပါနေရတာလဲ။
“ဖြစ်နိုင်တာတော့ မီးပြင်းဖိုထဲက ဆေးဝါးသိုလှောင်အကန့်ဖြစ်လောက်တယ်”
ယိချင်းက ဆေးလုံးသန့်စင်တဲ့မီးပြင်းဖိုရဲ့ညာဘက်ခြမ်းကို လက်ညှိုးထိုးပြလာတယ်။ တကယ်ကို အဲနေရာမှာ ပွင့်နေတဲ့အကန့်ရှိနေတာပဲ။
သူတို့လျှောက်သွားကြည့်တော့ တကယ်ကို သိုလှောင်အကန့်ကြီးဖြစ်နေတာ မြင်လိုက်ရတယ်။ အထဲကို စူးစမ်းဖို့ သူတို့ဝိညာဉ်ချီကိုသုံးလိုက်တော့ အဲဒါရဲ့ နယ်နိမိတ်တွေက အာရုံခံလို့မရတဲ့အထိ ကျယ်ပြန့်လွန်းတာကို တွေ့သွားခဲ့တယ်။ ဒါပေမဲ့ သူတို့ အထဲက သစ်ပင်ချုံပုတ်တွေနဲ့ အဆုံးမရှိတဲ့ စိမ်းလန်းမှုကိုတော့ အာရုံခံနိုင်ခဲ့တယ်။
ကြည့်ရတာ ဒီမသေမျိုးဂေဟာက အချိန်အတော်ကြာ လစ်ဟာနေခဲ့ပုံပဲ။ သိုလှောင်အကန့်ထဲ နဂိုတုန်းက ထည့်ထားခဲ့တဲ့ ပစ္စည်းတွေက ကြည့်ရှုသူမရှိ ချန်ထားခဲ့ခံရတော့ အပင်စပေါက်လာပြီး အဲတောအုပ်အဖြစ် ကြီးထွားသွားခဲ့တာဖြစ်နေတယ်။ တောအုပ်ထဲ ထူးခြားဆန်းပြားတဲ့ အပင်တွေအများကြီးရှိနေတာ မဆန်းတော့ဘူး။ အပင်ဝိညာဉ်တွေတောင် ပေါက်ပွားနေခဲ့ပြီ။ ဒါကြောင့် အဲ့ပြဒါးရှင်လုံး ဖန်တီးသန့်စင်တဲ့ မီးပြင်းဖိုထဲ တစ်လကျော်တောင် သူတို့ ဝိုင်းကြီးပတ်ပတ် ပြေးနေခဲ့တာဖြစ်နေတာကိုး။
“အထဲဝင်မှာလား” ရှန်းရင်က သူမနောက်က မသေမျိုးမျှော်စင်ကို လက်ညှိုးထိုးပြလာယ်။
ကူယွဲ့ ခေါင်းညိတ်ပြပြီး မိုးထိုးနေတဲ့မသေမျိုးမျှော်စင်ကနားကို ကြည့်လိုက်တယ်။ အဲပြဒါးရှင်လုံးဖန်တီးတဲ့မီးပြင်းဖိုတစ်ခုက ဒီလိုအံ့ဩစရာလောကကြီးအဖြစ် ပြောင်းလဲနိုင်တယ်ဆိုရင် ဒီနိဗ္ဗာန်ဘုံထဲ သူတို့အရင်က တစ်ခါမှ မမြင်ဖူးတဲ့ တခြားဘာအရာတွေ ပုန်းအောင်းနေမလဲဆိုတာ ကောင်းကင်ဘုံပဲသိမယ်။
“သွားကြရအောင်!”
သုံးယောက်သား လှည့်ပြီး မသေမျိုးမျှော်စင်ဆီ ဦးတည်လာခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်ပေါက်ဆီ မရောက်ခင်မှာတင် သူတို့နောက်က မီးပြင်းဖိုကနေ ခြေသံသုံးစုံ ထွက်လာတာကို ကြားလိုက်ရတယ်။
“ဟားဟားဟားဟား…. ဒီရှေးဟောင်းဆန်းကြယ်ဘုံထဲ မသေမျိုးမျှော်စင်တစ်ခု ရှိနေမယ် မထင်ခဲ့မိဘူး”
သူတို့ အနောက်ကနေ ရင်းနှီးနေတဲ့အသံထွက်လာတာကို ကြားလိုက်ရတယ်။
ကူယွဲ့စိတ်ဆင်းရဲသွားတယ်။ သူ ဆဲချင်မိလာသလိုပဲ။
ဟိုလီရှစ်!
အချိန်အားလုံးထဲမှာမှ ဒီခိုင်းဖက်သုံးကောင်က ဒီအချိန်အခိုက်အတန့်ကွက်တိမှာ ပေါ်လာဖို့ ရွေးရတယ်လို့။
“ဒီရှေးဟောင်းမသေမျိုးနေရာက တကယ်ကို အံ့ဩစရာပဲ၊ မီးပြင်းဖိုသေးသေးလေးပဲဆိုပေမဲ့ အထဲမှာ လောကကြီးတစ်ခုလုံး ပုန်းအောင်းနေတယ်ပေါ့” ချင်းလန်က မီးပြင်းဖိုက ပြန်လှည့်ကြည့်ပြီးတော့ အရှေ့ကသုံးယောက်ကို လှည့်ကြည့်လိုက်တယ်။
“ဒီမသေမျိုးနိဗ္ဗာန်ဘုံဆီ ခင်ဗျားရဲ့အရှိန်အဝါကို ကျုပ်တို့ ခြေရာခံလို့ရအောင် ဒီဝင်ပေါက်ကို ချန်ထားပေးခဲ့တဲ့ ဒီအရှင်သခင်ကိုကျေးဇူးတင်မိပါတယ်”
ကူယွဲ့ သူ့ကိုဆဲချင်စိတ် ပိုတိုးလာတော့တယ်။ သူ မီးပြင်းဖိုဝင်ပေါက်ကို ပိတ်ထားခဲ့သင့်တာ။
“ကံတရားက မင်းတို့ကို မျက်နှာသာပေးနေပုံပဲ” ထေ့ငေါ့ပြီး ချင်းယန်က သူ့ရှေ့ကလူတွေကို အထင်သေးတဲ့ပုံနဲ့ ကြည့်လာတယ်။
“မင်းတို့က ငါတို့ထက် တကယ်ကြီး အရင်ရောက်လာနိုင်ခဲ့တယ်ပေါ့လေ… ဟမ်၊ အဲဒါက…”
သူက ရုတ်တရက်မျက်လုံးပြူးပြီး ကူယွဲ့ခြေထောက်ကို မမှိတ်မသုန်စိုက်ကြည့်နေတယ်။
“မင်းတို့တွေ တကယ်ကို အရွက်တစ်ထောင်အပင်ဝိညာဉ်ကို ရှာတွေ့ခဲ့တာပဲ!”
တခြားနှစ်ယောက်က ချက်ချင်း ကူယွဲ့ရှိရာဘက် လှမ်းကြည့်လာပြီး သူတို့မြင်တဲ့အရာကြောင့် အမူအရာ ပြောင်းလဲသွားခဲ့တယ်။
“အော် ခင်ဗျားတို့ ဒါကိုပြောတာပေါ့” အသံထွက်ရယ်ပြီး ကူယွဲ့ သူ့ခြေထောက်ပေါ်က မုန်လာဥဆွဲသီးကို ကောက်ယူလိုက်တယ်။ ခပ်ကြွားကြွားမျက်နှာပေးနဲ့ သူပြောလိုက်တာပေါ့။
“ကျုပ်တောင်းပန်ပါတယ်ဗျာ၊ ဒါပေမဲ့ ဒီကောင်လေးက ကျုပ်တို့နဲ့ အထုံပါပုံပဲ၊ ဆန်းကြယ်ဘုံထဲ ဝင်လာတာနဲ့ ချက်ချင်းတွေ့ခဲ့တာ၊ မတတ်နိုင်ဘူးလေ၊ ကံကိုး”
တခြားသုံးယောက်အုပ်စုမျက်နှာပေးတွေက ချက်ချင်းမည်းမှောင်သွားတော့တယ်။
ဒါပေမဲ့ ပူးပေါင်းလိုစိတ်မရှိတဲ့ မုန်လာဥကောင်က တွန့်လိမ်ပြီး ရင်းနှီးနေတဲ့အသံတစ်သံထွက်လာတယ်။
ဖွီ
ဘယ်သူကမင်းကောင်လေးတုံး။
ကူယွဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့တယ်။ သူ ရှန်းရင်ဆီ မုန်လာဥကို အမြန်လွှဲပေးလိုက်တယ်။
မုန်လာဥက လှမ်းဖက်တဲ့ပုံစံနဲ့ ပျော်ရွှင်စွာ အရွက်ကြီး၂ရွက်ကို ဆန့်ထုတ်ပြီး ရှန်းရင်ဆီ အသည်းအသန် ပြေးလာတယ်။ ဒါပေမဲ့ သူမ အင်္ကျီလေးတောင် မထိရသေး ရှန်းရင်က ငြင်းပယ်ဟန်နဲ့ ရုတ်တရက်ကြီး ခေါင်းလှည့်လိုက်လေရဲ့!
“သွားစမ်းပါ” နင်လိုအရွက်ကောင်က။
“… ကျီ”
┭┮_┭┮
…