အခန်း ၄၁။ အပင်ဝိညာဉ်
“အပင်ဝိညာဉ်ဆိုတာဘာလဲ” ရှန်းရင်က မေးလိုက်တယ်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အဲ့ဒီပစ္စည်းက သူမအတွက်တော့ မုန်လာဥတစ်လုံးနဲ့တူနေသေးတုန်းပဲ။
“အပင်ဝိညာဉ်ဆိုတာ အပင်ဝိညာဉ်ချီကနေဖွဲ့တည်လာတဲ့ ဝိညာဉ်ပဲ” ကူယွဲ့က ရှင်းပြလိုက်တယ်။
“ဝိညာဉ်ဆေးပင်တွေမှာ ဝိညာဉ်ချီပါဝင်နေတဲ့အချိန် သူတို့က အသိစိတ်ရဖို့ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ ဝိညာဉ်ဆေးပင်များပြားတဲ့နေရာမှာ ပေါက်ရောက်လာခဲ့မယ်ဆိုရင် သိပ်သည်းတဲ့ သစ်သားဝိညာဉ်ချီက ဝိညာဉ်ဆေးပင်ကို အပင်ဝိညာဉ်တစ်ပင်အဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဒီလို ဖြစ်လာနိုင်ချေက နည်းပါးတာပေါ့။ ငါကိုယ်တိုင်မြင်တွေ့ဖူးတာလဲ ပထမဆုံးအကြိမ်ပဲ”
“ဪ ဒါဆို သူတို့က ဘာအတွက်အသုံးဝင်တာလဲ” ပြောရရင် မုန်လာဥပဲဟာကို။
“သူတို့အသုံးဝင်တာပေါ့” ကူယွဲ့က ကတုန်ကယင်နဲ့ရှင်းပြတယ်။ သူမ လက်ထဲက အပင်ဝိညာဉ်ကို ကြည့်ပြီးတော့ ဆက်ပြောလိုက်တယ်။ “ဝိညာဉ်ဆေးပင်တွေအများကြီးက ဝိညာဉ်ချီကနေ ဖွဲ့တည်လာတာပဲ။ တခြားဝိညာဉ်ဆေးပင်တွေကို အာရုံခံနိုင်တယ်။ တနည်းပြောရရင် ဒါကို ငါတို့နဲ့ထားနေသရွေ့ ဆန်းကြယ်ဘုံထဲမှာရှိတဲ့ ဝိညာဉ်ဆေးပင်တွေအားလုံးရဲ့ တည်နေရာ ကိုရှာနိုင်ပြီး”
“ဒါက” ရှန်းရင်ကိုင်ထားတာက ဟင်းသီးဟင်းရွက်တွေအတွက် အထူးဂျီပီအက်နဲ့တူပုံပဲနော်။
“ကျွန်တော်တို့က သူ့ရဲ့ပန်းပွင့်ကို သန့်စင်ပြီး ဆေးလုံးအဆင့်မြှင့်တင်လို့ရတယ်” ယိချင်းကလည်း အပင်ဝိညာဉ်ကို လေ့လာပြီးပြောလိုက်တယ်။
“သူ့ပန်းပွင့်လား” ရှင်းရင်က မျက်လုံးပြူးကျယ်သွားတယ်။ အဲ့ဒါက အိုးထဲစိုက်တဲ့အပင်လား။
“ဒါပေမဲ့ ဒီအပင်ဝိညာဉ်ကြည့်ရတာ အချိန်မရွေးဖူးပွင့်လာမယ့်ပုံနဲ့မတူပါဘူး”
“ကျီ ကျီ ကျီ” ဒါပေမဲ့ ယိချင်းပြောပြီးတဲ့အချိန်မှာပဲ မုန်လာဥက တွန့်ရှုံ့သွားပြီးတော့ ရှန်းရင်လက်ထဲ ပြန်ဝင်သွားတယ်။ ရွေးချယ်စရာမရှိဘဲ လွှတ်ပေးလိုက်တော့ အပင်ဝိညာဉ်က အောက်ကို ပြုတ်ကျသွားတာပဲ။ ချက်ချင်းပဲ သူ့တစ်ကိုယ်လုံးကို ကျုံ့လိုက်တယ်။ သူ့ရဲ့ အရွက်လေးတွေကတောင် လိပ်သွားတယ်။ ကြည့်ရတာ သူ့ထဲမှာရှိတဲ့စွမ်းအင်အားလုံးကို သုံးလိုက်သလိုပဲ။ ပြီးတော့ ဝမ်းနည်းပန်းနည်းနဲ့ စငိုကြွေးတော့တာပဲ။ “ကျီ ကျီ”
“အား အဲဒါက ဝမ်းချုပ်နေတာများလား”
“ကျီ” ခဏအကြာမှ မုန်လာဥက ရုတ်တရက် မတ်မတ်ရပ်လိုက်တယ်။ သူ့အရွက်လေးတွေကတော့ မဖြည်သေးဘဲနဲ့နှင်းလို ဖြူဆွတ်တဲ့အရာကို လှည့်နေတယ်။
“ဒုဓလီ” ဒီဒုဓလီက မုန်လာဥထဲကနေဘယ်လိုထွက်လာတာလဲ။ သန္ဓေပြောင်းသွားတာလား။
“အဲ့ အဲဒါက ပန်းပွင့်နေပြီ” ယိချင်းက ထုတ်ဖော်ပြောလိုက်တယ်။
“ကျီ” မုန်လာဥက သစ်ရွက်လေးကိုပြန်လိပ်ပြီးတော့ သူ့ရဲ့ခေါင်းကနေ ဒုဓလီကို ဆွဲနှုတ်လိုက်တယ်။ ပြီးတော့ ခွင့်ပြုချက်ကို တောင်းခံနေသလိုမျိုးရှန်းရင်ဆီ ဒုဓလီကိုပေးလိုက်တယ်။ “ကျီ ကျီ”
“ငါ မလိုချင်ပါဘူး” ဒုဓလီက သူမအဝတ်အစားအနှံ့ရောက်သွားတော့တာပဲ။
“ဒါက ရွက်တစ်ထောင်အပင်ဝိညာဉ်ပဲ” ယိချင်းက အခုဆိုအရင်ကထက်ပိုတောင် စိတ်လှုပ်ရှားလာပြီ။ သာမန်အပင်ဝိညာဉ်တွေက ဆေးလုံးတွေကို အဆင့်မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ရဲ့ပန်းပွင့်ကတော့ အထွတ်အထိပ်အဆင့် ဆေးလုံးနဲ့ ဆင်တူတယ်။ ဒီပန်းပွင့်နဲ့သန့်စင်ထားတဲ့ ဘယ်လိုဆေးလုံးမဆို အလိုလိုပဲ အထွတ်အထိပ်အဆင့်အဖြစ် အဆင့်တိုးမြှင့်သွားမှာ။
“အထက်ထျန်းလျန်လောကက မသေမျိုးတစ်ယောက်တောင် ဒီဆန်းကြယ်ဘုံကိုပို့လိုက်တာ အံ့ဩစရာမရှိဘူးပဲ” ကူယွဲ့က အရင်တုန်းက သူတို့ကိုလာရှာတဲ့ ဆန်းကြယ်ဘုံထဲဝင်သွားတဲ့ လူသုံးယောက်ကို နောက်ဆုံးတော့နားလည်သွားပြီလေ။
“သူတို့က ဒီအပင်ဝိညာဉ်ကို ရှာဖို့ဒီရောက်လာတာလား” ယိချင်းကမေးလိုက်တယ်။
“ငါ ထင်တာပဲ” ကူယွဲ့ကခေါင်းညိတ်လိုက်လေရဲ့။ အထက်ထျန်းလျန်လောကရဲ့ မင်းဆွေမင်းမျိုး ထိပ်တန်းမိသားစုလေးစုထဲမှာ ဆေးလုံးအဓိကသန့်စင်တဲ့မိသားစုတစ်စုရှိတယ်။ အဲဒီမိသားစုရဲ့ ကျင့်ကြံသူတွေက ဆေးလုံးသန့်စင်တဲ့ ကျင့်ကြံသူတွေပဲ။ အဲ့ဒီမိသားစုက ဒီလောကကြီးထဲမှာ တစ်ခုတည်းသော ရွက်တစ်ထောင်အပင်ဝိညာဉ်ရှိပြီး အဲ့ဒါက သူတို့ရဲ့ရတနာပဲလေ”
“အပင်ဝိညာဉ်ဆိုတာ လူသားကျင့်ကြံသူတွေကြားထဲမှာမပေါက်နိုင်ဘူး။ ရှင်သန်ဖို့အတွက် သိပ်သည်းတဲ့ သစ်သားဝိညာဉ်ချီလိုအပ်တယ်” ယိချင်းက ရှင်းပြလိုက်တယ်။ “ဒါကြောင့် အဲဒီမိသားစုက ဒီဆန်းကြယ်ဘုံထဲမှာ ထပ်ရှာနိုင်လိမ့်မယ်လို့ထင်နေတာပဲ”
“ဟုတ်တယ်” ကူယွဲ့က အတည်ပြုပေးလိုက်တယ်။ သူက ဇဝေဇဝါအမူအရာနဲ့ ရှင်းရင် လက်ခံမလားဆိုပြီး မျှော်လင့်တကြီးနဲ့ ပန်းလေးကိုင်ထားတဲ့အပင်ဝိညာဉ်ကို ကြည့်လိုက်တယ်။ ရှင်းရင်က ဒီဆန်းကြယ်ဘုံထဲဝင်ဝင်ချင်းမှာပဲ အပတ်တကုတ်ရှာဖွေနေတဲ့အရာက ရှင်းရင်ဆီ ရောက်သွားတယ်ဆိုတာသိရင် သုံးယောက်သားသိပ်စိတ်ပျက်သွားမှာပဲနော်။
ကောင်းလိုက်တာ။ သူတို့ရဲ့တုံ့ပြန်မှုကို မြင်ဖို့မစောင့်နိုင်တော့ဘူး။
အဲ့ဒီအချိန်မှာ ကူယွဲ့က လုံးဝကိုစိတ်အေးလက်အေးဖြစ်သွားတယ်။ အစားရူးက မျက်လုံးထဲမှာပိုတောင် သဘောတွေ့စရာကောင်းလာတော့တာပဲ။
“ရှန်းရင် ဒီဟာလေးကို သခင်အနေနဲ့မင်းကို အသိအမှတ်ပြုအောင်ဘယ်လိုလုပ်လိုက်တာလဲ” သူက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘူး။ အပင်ဝိညာဉ်က လောကကြီးရဲ့ဝိညာဉ်စွမ်းအင်ကနေ ဖွဲ့တည်ထားတာ။ ဒီလိုဝိညာဉ်ပုံစံက သူတို့မျိုးစိတ်တွေထဲမှာ ဂုဏ်ယူဝင့်ကြွားဆုံးပဲ။ လက်ခံလာအောင် လုပ်ဖို့ဆိုတာ ခက်ခဲတယ်။
“ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုတာလား။ ဟုတ်ပါဘူး”
“မဟုတ်ဘူးလား” ကူယွဲ့က မယုံသင်္ကာဖြစ်သွားတယ်။ “ဒါဆိုရင် နင့်နောက်ဘာလို့လိုက်နေတာလဲ”
မင်းကို စိတ်ကျေနပ်စေဖို့ ပန်းပွင့်တောင်ပေးဖို့ ခက်ခက်ခဲခဲကြိုးစားထားတာလေ။
“ငါ ဘယ်လိုလုပ်သိမှာလဲ။ သူ့က ငါ့နောက်လိုက်ဖို့ သူ့ဖာသာသူရွေးတာ” ရှန်းရင်က မြှောက်ပေးနေတဲ့ ဒုဓလီပန်းကို ငုံ့ကြည့်လိုက်တယ်။ အပင်ဝိညာဉ်က မျှော်လင့်တကြီးနဲ့ နောက်ထပ်ပန်းတပွင့် ထုတ်ဖို့ကြိုးစားနေပြီး ဒါမှ ရှင်းရင်စိတ်ကျေနပ်မယ်လို့ထင်နေတာ။ သူမက နောက်တစ်လှမ်း ဆုတ်ပြီး မနှစ်မြို့တဲ့အမူအရာရှိနေတယ်။ “ဒါကို နင်သိပ်သဘောကျရင် ယူလိုက်လေ”
“ငါလား” ကူယွဲ့က ထိတ်လန့်သွားတယ်။ အထက်ထျန်းလျန်လောကထဲမှာတောင် ရဖို့ခက်ခဲတဲ့ အရာကို ဘာကြောင့် အလွယ်တကူ ပေးလိုက်တာလဲ။ အပင်ဝိညာဉ်ဘာလုပ်နိုင်တယ် ဆိုတာကို နားမလည်ဘူးလား။ မရေမတွက်နိုင်တဲ့ ဝိညာဉ်ဆေးပင်နဲ့ ဆေးလုံးတွေနဲ့ ညီမျှတာလေ။ ဆက်ပြီးတော့ ကျင့်ကြံချင်သေးရဲ့လား။ အား ဟုတ်သားပဲ။ သူက တကယ်ကြီးမလိုအပ်ဘူးပဲ။ သေစမ်း။
အပင်ဝိညာဉ်က သူတို့ပြောတာကိုနားလည်တဲ့ပုံပဲ။ သူ့ရဲ့အရွက်ကလေးတွေကိုတောင် စိုးရိမ်တကြီးနဲ့ စဝှေ့ယမ်းနေပြီ။ “ကျီ ကျီ ဆန္ဒမရှိဘူးနော်”
ကူယွဲ့ရဲ့နှုတ်ခမ်းထောင့်က ကွေးတက်သွားတယ်။ “ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါက အမြုတေ ကျင့်ကြံသူမဟုတ်ဘူး။ သူက မင်းကိုပဲစိတ်ထဲထားတာ။ ငါလိုချင်ရင်တောင် အလုပ်မဖြစ်ဘူး”
“ဪ” ရှန်းရင်က စိတ်အနှောင့်အယှက်မဖြစ်တဲ့ပုံပဲ။ “ဒါဆိုလည်းဒါကိုလွှင့်ပစ်လိုက်မယ်လေ”
“ငါ့-င်ကိုပဲပစ်” ဒီလောက်အများကြီးရှင်းပြခဲ့တာကအချည်းအနှီးများ ဖြစ်သွားခဲ့တာလား။
“ဒါဆိုရင် ငါတို့ဘာလုပ်သင့်လဲ” သူမက ခြေထောက်မှာ အပင်ဝိညာဉ်ကပ်တွယ်နေတာကြီး မလိုချင်ဘူးလေ။
“မဆုံးဖြတ်ခင် ငါတို့ဒါကို ငါတို့နဲ့အတူခေါ်သွားမယ်လေ” ကူယွဲ့က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် လိုက်တယ်။ “မှောင်လာနေပြီ။ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ တခြားတန်ဖိုးကြီးပစ္စည်းတွေရှိမှာ သေချာတယ်။ ရှာဖို့အတွက် ရှေ့ကိုဆက်သွားရအောင်”
ရှင်းရင်က တိတ်နေပြီး ယိချင်းက သူ့ရဲ့ဝိညာဉ်ဓားကို ချက်ချင်းဆွဲထုတ်လိုက်တယ်။ အလေ့အကျင့် အတိုင်းပဲ သူက ရှန်းရင်ဓားပေါ်တက်နိုင်အောင်ကူညီပေးပြီး နှစ်ယောက်လုံးကစပျံသန်းတော့တာပဲ။
ကူယွဲ့က ဓားပျံစီးတော့မယ့်အချိန်မှာ သူ့ခြေထောက်မှာ လေးသွားတာကိုခံစားမိလိုက်တယ်။ ငုံ့ကြည့်လိုက်တော့ ခြေထောက်မှာတစ်စုံတစ်ခုကပ်တွယ်နေတာကိုတွေ့လိုက်တာပဲ။
“ကျီ ကျီ” မုန်လာဥပုံက ထိတ်လန့်နေသလိုပဲ။ လေထဲက လူနှစ်ယောက်ကိုလှည့်ကြည့်ပြီး သူချိတ်တွယ်ထားတဲ့ခြေထောက်ကိုပြန်ကြည့်လိုက်တယ်။ လူမှားပြီးချိတ်မိတယ်ဆိုတာ သိလိုက်တော့ သူ့ရဲ့အရွက်ကလေးတွေကို ကူယွဲ့ရဲ့ခြေထောက်ဆီပစ်ပေါက် ဒုဓလီပန်းတွေကိုလည်း မြေကြီးပေါ် ပစ်ချတော့တာပဲ။
ဝှီး
ကူယွဲ့က အထိတ်တလန့် ရပ်နေတော့တာပဲ။ ဒီမုန်လာဥက သူ့ကိုအထင်သေးတာလား။ ဒါ သေချာနေတယ်နော်။
မင်းဖာသာမင်း ခြေထောက်မှားပြီးဆွဲတာ ငါ့အပြစ်လား။ သတ္တိရှိရင် ဒီမှာနေလိုက်လေ။
(╯‵□′)╯(┻━┻
——————
အပင်ဝိညာဉ်နဲ့သွားရင်းနဲ့ ကူယွဲ့ကရုတ်တရက်ကြီး လတ်တလောမှာချမ်းသာလာတဲ့လူလိုမျိုး ခံစားလိုက်ရတယ်။ သူ့ရဲ့နောက်ဖေးခြံဝန်းထဲက ထိပ်တန်းအဆင့်ဝိညာဉ်ဆေးပင်တွေအားလုံးကို နှုတ်ယူလိုက်ပြီး နှုတ်ယူထားတဲ့အပင်တွေအားလုံးက နှစ်တစ်သောင်းကျော်သက်တမ်းရှိသလိုမျိုး ခံစားနေရတာ။ လက်တစ်ချောင်းတောင် မြှောက်စရာမလိုဘူး။ အပင်ဝိညာဉ်က အရွက်ကလေးတွေ အနည်းငယ် ဝှေ့ယမ်းတာနဲ့ ဝိညာဉ်ဆေးပင်တွေက သူ့အိတ်ထဲတန်းတန်းမတ်မတ်ပျံသန်း လာတာလေ။
ဟိုသုံးယောက်အဖွဲ့ရဲ့တုံ့ပြန်မှုကို တွေးမိရုံနဲ့တင် သူဒီတစ်ခေါက်ခရီးကို လာမိတဲ့အတွက် ဝမ်းသာနေပြီ။ ဝိညာဉ်ဆေးပင်တွေကို စုဆောင်းဖို့အတွက် အချိန်တစ်လကျော်သုံးလိုက်ရတာ။ သူတို့ရဲ့ သိုလှောင်အိတ်ထဲမှာပြည့်သွားမှာပဲ ရပ်တော့တယ်။ ပြီးတော့ သူတို့က လျှို့ဝှက်ဆန်းကြယ်ဘုံအလယ်ကို တန်းသွားလိုက်တော့တယ်။
သုံးယောက်သားက လေးငါးရက်လောက်ပျံသန်းပြီးတော့အမှောင်တောအုပ်ထဲကနေ နောက်ဆုံး ထွက်လာတယ်။ သူတို့ရှေ့မှာ ကြီးမားလှတဲ့ပြုန်းတီးမြေကြီးတစ်ခုရှိနေတာ။ သူတို့ထွက်လာခါစ တောအုပ်နဲ့ မျက်နှာချင်းဆိုင်မှာ ချောက်ကမ်းပါးနဲ့ ထူးထူးဆန်းဆန်း ကျောက်တုံးတွေရှိနေပြီး အစိမ်းရောင်တစ်စွန်းတစမှရှိမနေဘူး။
သူတို့နားက အရာအားလုံးကတိတ်ဆိတ်နေတာပဲ။ ငှက်အသံတောင်မကြားရဘူးလေ။
“ဒီနေရာက ဝိညာဉ်ချီက နဲနဲထူးဆန်းနေပုံပဲ” ယိချင်းက မျက်မှောင်ကျုံ့လိုက်တယ်။
“ဘာတွေအာရုံခံနေတာလဲ” ကူယွဲ့ကလည်း ဒီပြုန်းတီးမြေက တစ်ခုခုကွဲပြားနေတာကို ခံစားမိတယ်။ သူသတိထားထားလိုက်တယ်။
“ကျုပ်မသေချာသေးဘူး” ယိချင်းက ခေါင်းခါလိုက်တယ်။ “ဒီနေရာက ဝိညာဉ်ချီကအင်မတန် သိပ်သည်းတာ။ တောအုပ်ထဲကထက်တောင် ပိုသိပ်သည်းနေသေးတယ်။ ဒီနေရာက ဝိညာဉ်ချီတွေက မူမမှန်သလို ခံစားနေရတဲ့အကြောင်းအရင်းကို သူမထုတ်ဖော်နိုင်ဘူး။
“ဒီနေရာမှာ တစ်စုံတစ်ခုပုန်းနေလောက်တယ် ဂရုစိုက်ကြ”
ကူယွဲ့က ခေါင်းအနည်းငယ်ညိတ်ပြီးတော့ သူ့ရဲ့ဓားကို အရှိန်လျှော့လိုက်တယ်။ သူတို့တွေက နှစ်နာရီလောက်ဓားပျံထပ်စီးပြီး သူတို့နားတစ်ဝိုက်မှာ ကျောက်ဆောင်တွေက လွဲပြီးဘာမှမရှိဘူး။ မူမမှန်ဘာမှမတွေ့ရသလိုပဲ။
“နင်တို့တွေ နည်းနည်းလောက်လေးများလေ” ရှန်းရင်က တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းမိလိုက်တယ်။
“ပူတယ်လို့ မခံစားမိဘူးလား”
…
မီယားနဲ ရှေ့ရက်က အစာအိမ်နာသွားလို့ပါဟီး