PTH အပိုင်း ၃၅

အပိုင်း ၃၅ သူက ကျင်းကျူးပေါ့

ကျောင်းလေးယု သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ရှင်ရောက်လာပြီလား”

ကျင်းကျူးခေါင်းညိတ်လိုက်ပြီး စမ်းချောင်းတစ်ဖက်ကမ်းရှိ ပေါ်လွင်သော နေရာတစ်ခုကို ကြည့်လိုက်သည်။

တပည့်ငယ်တစ်ဒါဇင်လောက်က ထိုနေရာတွင် ရပ်နေကြပြီး သူတို့၏ အမူအရာများက တည်ငြိမ်ကာ ယုံကြည်မှု ရှိလှသည်။ သူတို့အားလုံးတို့က ဂုဟန်သင်ကြားပေးခဲ့သည့် အတန်းအေမှ ကျောင်းသားများဖြစ်ကြ၏။

ကျင်းကျူး လူတစ်ယောက်ကလွဲ၍ ထိုနေရာရှိ မည်သူ့ကိုမျှ မသိပေ။

လီရှီရှူး..။

ကျင်းကျူး လီရှီရှူးကို ကြည့်လိုက်၏။

လီရှီရှူး ပြန်ကြည့်လာခဲ့သည်။

***

တပည့်များက သူတို့၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေကြချိန် သူတို့သည်လည်း အမှန်တကယ်တွင် အခြားသူများ၏ အကဲခတ်ခြင်းအား ခံနေရသည်ကို မသိခဲ့ကြပေ။

ကမ်းပါးများရှိ တိမ်တိုက်များဖုံးလွှမ်းနေသော ကျောက်တိုင်ကြီးများနှင့် တောင်ထိပ်များပေါ်တွင် မျက်လုံးများစွာက စမ်းချောင်းအပေါ် ကျဆင်းနေပြီး လူများစွာတို့က မင်တံ၊ စာရွက်တို့ဖြင့် ရေးမှတ်နေကြသည်။

ထိုမျက်လုံးများ၊ မင်တံများနှင့် စာရွက်တို့၏ ပိုင်ရှင်များမှာ အားလုံး တောင်ထွတ်ကိုးခုရှိ အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဓားဆက်ခံရန် မည်သည့်တပည့်အား ရွေးချယ်လိမ့်မည်နှင့် မည်သည့်တပည့်အား လက်လျှော့လိမ့်မည်ကို သူတို့ ဆုံးဖြတ်ကြပေလိမ့်မည်။

အာအိုးယာမာဂိုဏ်းသည် ၎င်း၏အတွင်းစည်းတပည့်များကို စီမံအုပ်ချုပ်မှုအပိုင်းတွင် စည်းကမ်း မတင်းကြပ်ပုံရသည်။ အပြင်စည်းတပည့်များကဲ့သို့ပင် သူတို့အား ဓားကျမ်းစာများကို ကိုယ်တိုင်လေ့လာခွင့်ပြုထား၏။ အမှန်တွင် တောင်ထွတ်များအားလုံးတို့က ဓားဆေးကြောခြင်းလုပ်ငန်းစဉ်အတွင်း တပည့်များ၏ စွမ်းဆောင်ချက်များကို လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့ကြသောကြောင့် သူတို့သည် တပည့်တစ်ယောက်ချင်းစီတိုင်း၏ စိတ်နေသဘောထား၊ ဝါသနာ၊ ကျင့်ကြံခြင်းအဆင့်နှင့် အင်အားတို့ကို ရှင်းရှင်းလင်းလင်းနားလည်ထားကြပေသည်။

“ဂုချင်ကို ငါတို့စဉ်းစားစရာမလိုဘူး။ သူက လျန်းဝမ်တောင်ထွတ်ကို သေချာပေါက် ပြန်သွားလိမ့်မယ်။”

“လီရှီးရှူရဲ့ အခြေအနေက ခြားနားတယ်။ သူက သေချာပေါက် လျန်းဝမ်တောင်ထွတ်ကို ဖိတ်ခေါ်ခံရမှာဆိုပေမယ့် တခြားတောင်ထွတ်က ဓားကို သူ အရင်ဆုံးလေ့လာချင်လောက်တယ်။”

“ချီယွမ်းလျန်းရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းလေး မတည်ငြိမ်ဘူး၊ ဒါပေမယ့် သူက ဓားစီးနင်းရာမှာ တော်တော်လေးပါရမီရှိတယ်။ ငါတို့ စမ်းကြည့်သင့်တယ်။”

“စီခုံးယီမင်အနေနဲ့ကတော့ ငါ သူ့အမေကို စကားပြောပြီးပြီ… ဟမ် ခေါင်းလောင်းဂိုဏ်းရဲ့ အဆက်အသွယ်ကနေတဆင့်ပေါ့။ ငါတို့က သူ့ကို ရွေးချယ်ရင် သူက ငါတို့ဆီ လာလိမ့်မယ်လို့ သူ့အမေက ကတိပေးခဲ့တယ်။”

“ရွှဲယုန်က နောက်ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ပါလောက်တယ်။ သူ့ဦးလေးက ငါတို့ သူ့ကို နောက်တစ်ခေါက်မှာ ရွေးချယ်ရင် သူက ချီဖိန်းယင်ကို ဖျောင်းဖျပေးနိုင်တယ်လို့ ပြောခဲ့တယ်။”

“ချီဖိန်းယင်က နှစ်နှစ်လောက် အတန်းအေမှာ စီနီယာအစ်ကို ဂုဟန်ဆီက ဓားပညာကို လေ့လာနေခဲ့တယ်။ သူ့ကို လွယ်လွယ်ကူကူ ဖျောင်းဖျလို့မရမှာကို စိုးရိမ်မိတယ်။”

“နောက်ပြီး အနာဂတ်မှာ ငါတို့ လျန်းဝမ်တောင်ထွတ်ဆီ သွားတာကနေ သူ့ကို တားမှာမဟုတ်ဘူးဆိုပေမယ့် သူက ငါတို့တောင်ထွတ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ သွားရမယ်။”

“ဒါဆို ငါတို့ သူ့နေရာကို အရှေ့ရွေ့ပြီး သူ့ကို စီခုံးယီမင်ရဲ့ နောက်မှာ ထားရမယ်။”

တူညီသော ဆွေးနွေးမှုများက ကမ်းပါးယံများကြား ဖြစ်ပွားနေ၏။

တောင်ထွတ်ကိုးခု၏ ဆရာသခင်များနှင့် တိုက်ရိုက်တပည့်များက စမ်းချောင်းဘေးရှိ လူငယ်များကို ကြည့်နေကြပြီး ဖြစ်နိုင်ချေမျိုးစုံကို တွက်ချက်နေကြသည်။ သူတို့ စာရွက်ပေါ် နာမည်တစ်ခုပြီးတစ်ခု ချရေးနေကြ၏။ နာမည်အချို့ကို ဖျက်ပစ်မည်ဖြစ်ပြီး နာမည်အချို့ကို ရှေ့သို့ ရွေ့ပေလိမ့်မည်။ လေထုက အလွန်တင်းမာနေ၏။

ဤသည်မှာ အာအိုးယာမာ၏ ဓားဆက်ခံခြင်းပြိုင်ပွဲဖြစ်သည်။

တောင်ထွတ်တိုင်းက သူတို့၏ဓားကို ဆက်ခံရန် တပည့်တစ်ယောက်ကို ရွေးချယ်နိုင်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် အခြားတောင်ထွတ်များနှင့် ပြိုင်လုရမည်ဖြစ်သည်မှာ အလွန်ဖြစ်နိုင်သောကြောင့်ဖြစ်၏။

အာအိုးယာမာ၏ တောင်ထွတ်ကိုးခုတွင် ထျန်းကွမ်တောင်ထွတ်သည် ထူးခြားသော နေရာကို ပိုင်ဆိုင်ထားသည်။ တပည့်များက ပုံမှန်အားဖြင့် သူတို့၏ ရွေးချယ်မှုကို ငြင်းပယ်ကြလိမ့်မည်မဟုတ်ပေ။

သို့တိုင် ရှိုင်းတောင်ထွတ်သည် ရှက်စရာကောင်းသော အခြေအနေတွင်ဖြစ်၏။ နည်းပါးလှသော တပည့်များက စတင်ရွေးချယ်ရန် ဆန္ဒရှိခဲ့ကြသည်။

လျန်းဝမ်တောင်ထွတ်သည် မည်သည့်အချိန်တွင်မဆို အခြားတောင်ထွတ်များမှ တပည့်များကို ရွေးချယ်နိုင်သောကြောင့် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် သူတို့ ဘာမှလုပ်စရာမလိုပေ။ သို့သော်လည်း ဤနှစ်အခြေအနေက အနည်းငယ်ကွဲပြား၏။ ဂုချင်ဟု အမည်ရသည့် တပည့်က လျန်းဝမ်တောင်ထွတ်ကို တိုက်ရိုက်သွားပေလိမ့်မည်။ လာမည့်နှစ်အနည်းငယ်အတွင်း ပလန်းတွေ့ဆုံမှုအတွက် ပြင်ဆင်ရန် အလို့ငှာ ကောနန်းရှန်ကဲ့သို့ လူသည် ကျောင်းလေးယုနှင့် လီရှီရှူးတို့ကို မည်သို့ လက်လွှတ်နိုင်မည်နည်း။

ထို့ကြောင့် တခြားတောင်ထွတ်များမဆိုထားနှင့် ယွမ်ရှင်းတောင်ထွတ်နှင့် ဘီးဟူတောင်ထွတ်တို့၏ ရွေးချယ်စရာများသည် ပို၍ပင် နည်းပါးလာခဲ့သည်။ သူတို့သည် ဂရုတစိုက်ရွေးချယ်ရမည်ဖြစ်ပြီး အစီအစဉ်မျိုးစုံကို ကြိုတင်ပြုလုပ်ထားရပေမည်။

***

ကောနန်းရှန်သည် ဂိုဏ်းသခင်၏ အဓိကတပည့်ဖြစ်ပြီး လျန်းဝမ်တောင်ထွတ်၏ ခေါင်းဆောင်တပည့်လည်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူသည် သေမျိုးလောကရှိ နတ်ဆိုးများကို သတ်ဖြတ်ရန် လူငယ်တပည့်များကို ဦးဆောင်ခဲ့ပြီး မြောက်ဘက်ရှိ မြေအောက်လောက၏ နတ်ဆိုးများနှင့် မွန်းစတားတို့ဖြင့် သွေးစွန်းတိုက်ပွဲများကို တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း သူ့တွင် အေးစက်ပြီး သွေး‌ဆာသည့် အရှိန်အဝါရှိမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့တွင် သိမ်မွေ့သော စိတ်နေသဘောထားရှိ၏။

သူသည် ကြီးမားသော ပါရမီနှင့် အမြင်ရှိသော လူတစ်ယောက်ဖြစ်ကာ အမြင်ကျယ်ပေသည်။ သူသည် လောကရှိ ကိစ္စများစွာကို လျစ်လျူရှုခဲ့၏။

အစိမ်းရောင်ကျောက်တုံးရှိ တစ်ယောက်က ရပ်နေပြီး တစ်ယောက်က ထိုင်နေသော လူနှစ်ယောက်ကို ကြည့်လိုက်ကာ သူ ဝမ်းနည်းစွာ ပြောလိုက်သည်။
“အလုပ်ဖြစ်ပုံမရဘူး”

ဤမှတ်ချက်တွင် အဓိပ္ပာယ်နှစ်မျိုးရှိပေ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောင်းလေးယု ဓားတောင်မှ ပြန်လာပြီးနောက် သူသည် သူမနှင့် အချိန်အကြာကြီး စကားပြောခဲ့သည်။

သို့သော် နောက်ဆုံးတွင် ကျောင်းလေးယုသည် လျန်းဝမ်တောင်ထွတ်ကို ဝင်ရောက်မည်ဟု ကတိမပေးခဲ့ပေ။

ဒုတိယအဓိပ္ပာယ်အတွက်မူ ၎င်းက ကျင်းကျူး ဓား မရရှိခဲ့သေးဘဲ ဤဓားဆက်ခံခြင်းပြိုင်ပွဲတွင် မပါဝင်နိုင်သည်ကို ‌ဆိုလိုပေ၏။

“အလုပ်ဖြစ်ရင်တောင် ကျွန်တော်ကတော့ အလုပ်ဖြစ်မယ်လို့ မထင်ဘူး။”

ဂုဟန် အေးစက်စွာ ပြောလိုက်သည်။

မာဟွာ ရယ်မောလိုက်၏။ သူ၏ ပြည့်ဖောင်းဖောင်းမျက်နှာပေါ်တွင် အရေးအကြောင်းအချို့ပေါ်လာကာ သူ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အလုပ်မဖြစ်တာက အလုပ်မဖြစ်တာပါပဲ။”

ထို့ကြောင့် နောက်ဆုံးနိဂုံးချုပ်မှာ အလုပ်မဖြစ်ခြင်းပင်။

ကျင်းကျူးကို အားထား၍မရပေ။

လင်းဝုကျိ ကမ်းပါးအောက်ခြေမှ တက်လာ၏။

ကောနန်းရှန် ခေါင်းညိတ်ပြလိုက်သည်။

လင်းဝုကျိသည်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက်စလုံးသည် ဂိုဏ်းခေါင်းဆောင်၏ တိုက်ရိုက်တပည့်များဖြစ်ကြသော်လည်း အကြောင်းပြချက်အချို့ကြောင့် သူတို့ အနည်းငယ် သွေးအေးပုံရသည်။

လင်းဝုကျိ ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်သည်။
“ကျင်းကျူး စာရင်းသွင်းခဲ့တယ်”

တခဏတိတ်ဆိတ်နေပြီးနောက် ကောနန်းရှန် ပြောလိုက်သည်။
“ဒါ ကောင်းတဲ့ကိစ္စပဲ”

ဂုဟန် အေးစက်စွာ ပြောလိုက်၏။
“ဒီကောင် အခု ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

မာဟွာ မျက်မှောင်ကြုပ်လိုက်ကာ အပြစ်ကင်းစင်စွာ ပြုံးနေသေးသော်လည်း အေးစက်သည့် အလင်းရောင်တစ်ချက်က သူ့မျက်လုံးထဲ တောက်ပသွားသည်။

“စီနီယာဆရာသခင်မိုက သူ့ကို အစကတည်းက လိုချင်ခဲ့တာ။ ကြည့်ရတာ သူ့အမြင်က တကယ်ပဲ ငါတို့လို ဂျူနီယာလေးတွေထက် အများကြီး ကောင်းပုံပဲ။”

လင်းဝုကျိ သူ့ကို ကြည့်နေကာ ပြောလိုက်သည်။

ကောနန်းရှန် ပြောလိုက်၏။
“ငါလည်း ဒီလူငယ်လေးကို အများကြီး မျှော်လင့်ထားပါတယ်။”

“တကယ်လား၊ ငါ အဲလိုမထင်ဘူး။”

လင်းဝုကျိ ဂုဟန်ကို တစ်ချက်ကြည့်လိုက်ပြီး မခို့တရို့အပြုံးဖြင့် ပြောလိုက်သည်။

“ဂျူနီယာညီလေးဂုက သူ့ကို သွေးပေးချင်ရုံပါ”

ကောနန်းရှန် ပြောလိုက်သည်။
“သူက မာနကြီးလွန်းတယ်။ ဖိအားအတော်အသင့်က သူ့ကို ကြီးပြင်းလာစေလိမ့်မယ်။”

လင်းဝုကျိ ခံစားချက်ပြင်းထန်စွာဖြင့် ပြောလိုက်သည်။
“နှစ်များစွာကြာသွားခဲ့ပြီ၊ ခင်ဗျားကိုယ်ခင်ဗျား ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲဆိုတာကို ကျွန်တော် ကျင့်သားမရနိုင်သေးဘူး။”

ကောနန်းရှန်ပြောလိုက်၏။
“ဒါက ဘာလို့လဲဆိုတာ မင်းက မင်းရဲ့ကျောင်းသားကို ဘယ်တုန်းကမှ နားမလည်ခဲ့တာကြောင့်ပဲ။”

လင်းဝုကျိ မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်အသေးစိတ် ကြားချင်မိတယ်။”

ကောနန်းရှန် စမ်းချောင်းထဲရှိ အစိမ်းရောင်ကျောက်တုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြောနေကြတဲ့ပျင်းရိမှုဆိုတာက တကယ်တော့ ဟိတ်ဟန်တစ်မျိုးဖြစ်တယ်။ သူက လောကမှာရှိတဲ့ ဘယ်အရာကိုမှ ချစ်ခင်နှစ်သက်တာမရှိဘူး။ ဒီလိုမျိုး အစွန်းရောက်မာနတရားက ငါတို့ရဲ့ အာအိုးယာမာဂိုဏ်းနဲ့ လောကမှာရှိတဲ့ လူတွေအတွက် ကောင်းတဲ့ သက်ရောက်မှုမရှိဘူး။ သူက ဒါကို ရှင်းရှင်းလင်းလင်းနားမလည်နိုင်ရင် သူက ငါတို့ရဲ့လျန်းဝမ်တောင်ထွတ်ကို လာဖို့ အရည်အချင်းမပြည့်မီဘူး။”

လင်းဝုကျိ အနည်းငယ်လှောင်ပြောင်မှုဖြင့် ပြောလိုက်သည်။
“သူက လျန်းဝမ်တောင်ထွတ်ကို လုံးဝမသွားချင်တာဖြစ်နိုင်လောက်တယ်လို့ ခင်ဗျား ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးလား။ ဒါ့အပြင် မင်းတို့လုပ်နေတဲ့အရာတွေက သူ့ကို မပျော်မရွှင်ဖြစ်စေတာကလွဲလို့ တခြားဘယ်လိုရလဒ်ရှိနိုင်မှာလဲ။”

“လျန်းဝမ်တောင်ထွတ်ရဲ့ တပည့်တစ်ယောက်ဖြစ်တာက အာအိုးယာမာရဲ့ တပည့်တိုင်းအတွက် ဂုဏ်ယူမှုတစ်ခုဖြစ်တယ်။ သူ တစ်နေ့ ဒါကို နားလည်လာလိမ့်မယ်။”

ကောနန်းရှန် သူ့ကို ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
“ဂျူနီယာညီလေး မင်းက ငါ့ဓားရဲ့ အနိုင်ယူတာကို မခံချင်ရင် မင်း အခု ငါ့ဘေးမှာ ရပ်မနေသင့်ဘူးမဟုတ်လား။”

လင်းဝုကျိ သူ့ကို တိတ်တဆိတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျား ဒီနေ့ နှစ်ကြိမ်တောင် စိတ်ပျက်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်…”

***

စမ်းချောင်းထဲရှိ ထိုအစိမ်းရောင်ကျောက်ဆောင်က အလွန်ထင်ရှားလှသည်။

လူများစွာက ၎င်းကို ကြည့်နေကြ၏။

လူတိုင်းက ကျောင်းလေးယုကို အာရုံစိုက်နေကြသော်လည်း အာရုံစိုက်မှုများစွာက သူမဘေးရှိ လူဆီ ကျရောက်သွားကြသည်။

အဖြူရောင်ဝတ်လူငယ်လေးက အစိမ်းရောင်ကျောက်ဆောင်အပေါ် ထိုင်နေကာ ပျင်းနေပုံပေါ်သော်လည်း အလွန်ဆွဲဆောင်မှုရှိလှသည်။ အကြောင်းမှာ သူက အလွန်ချောမောလှသောကြောင့်ဖြစ်၏။

“ဒီလူက ကျင်းကျူးလား။ သူက တကယ့်ကို အရမ်းချောတာပဲ”

“စတုတ္ထအစ်မ လွန်ခဲ့တဲ့နှစ်နှစ်က ရှင် တောင်ပိုင်းထင်းရှူးစံအိမ်ကို သွားတဲ့အချိန် သူ့ကို တကယ်ပဲ မတွေ့ခဲ့ဘူးလား။ နှမြောစရာပဲ။”

ချင်းရောင်တောင်ထွတ်၏ မိန်းကလေးတပည့်များက စမ်းချောင်းကို ကြည့်နေကြကာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

ဤသည်မှာ သူတို့ ကျင်းကျူးကို ပထမဆုံးအကြိမ် မြင်တွေ့ခြင်းဖြစ်၏။ သူတို့သည် သူ့အကြောင်း ကောလဟလများစွာ ကြားခဲ့ဖူးသော်လည်း လူကိုယ်တိုင်မြင်တွေ့ပြီးနောက် ကောလဟလများက မှန်ကန်ကြောင်း နားလည်လိုက်ကြသည်။

ကျင်းကျူးသည် အလွန်ချောမောလှ၏။

“သူက ဒီနေ့ ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ပါမှာလား။”

ချင်းရောင်တောင်ထွတ်၏ တပည့်များက စီနီယာဆရာသခင်မိန်းလီကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်ကြသည်။

မိန်းလီ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“နောက်တစ်ခေါက်ဖြစ်နိုင်တယ်”

ချင်းရောင်တောင်ထွတ်၏ တပည့်များ တော်တော်လေး စိတ်ပျက်သွားကြ၏။

မိန်းလီသည်လည်း အလားတူခံစားလိုက်ရသည်။

ကျင်းကျူး၏ လက်မောင်းအိုးများက လေနှင့်အတူ လွင့်နေသောကြောင့် အထဲတွင် ဓားကို ထည့်မထားသည်မှာ ထင်ရှားလှသည်။ ကြည့်ရသည်မှာ အံ့ဩဖွယ်ရာက မဖြစ်ခဲ့ဘဲ သူသည် ထိုဓားကို မရရှိခဲ့သေးပုံပေါ်သည်။

ယခုအခါ မိန်းလီသည် ကျောင်းလေးယု ပြုလုပ်တော့မည့် ရွေးချယ်မှုကို ပို၍ ဂရုစိုက်ပေ၏။

အာအိုးယာမာ၏ တောင်ထွတ်ကိုးခု၌ ချင်းရောင်တောင်ထွတ်နှင့် ရှီးလဲ့တောင်ထွတ်တို့တွင် မိန်းကလေးတပည့်အများဆုံးရှိကြသည်။ အထူးသဖြင့် ၎င်း၏ ကျင့်ကြံသူများက အမျိုးသမီးအများစုဖြစ်ကြသည့် ရှီးလဲ့တောင်ထွတ်ဖြစ်၏။

သူမ၏ အမြင်တွင် မွေးရာပါတာအိုအမျိုးအစားဖြင့် ရှားပါသော မိန်းကလေးဖြစ်သည့် ကျောင်းလေးယုသည် ဓားဆက်ခံရန် ချင်းရောင်တောင်ထွတ်ကို လာသင့်ပေသည်။

သေချာပေါက် ကျင်းကျူးကဲ့သို့ ခန့်ညားသော လူငယ်တစ်ယောက်သည်လည်း ချင်းရောင်တောင်ထွတ်ဆီ လာသင့်သည်ဟု သူမ ထင်ပေ၏။

လေညင်းလေးက တိမ်တိုက်များနှင့် မြူခိုးများကို တိုက်ခတ်သွားပြီး ကန့်လန်ကာ၏ အနားစွန်းကို ဖော်ပြလိုက်သည်။

ကြည်လင်သော အသံတစ်သံက ကန့်လန့်ကာနောက်မှ ထွက်ပေါ်လာ၏။
“လေးယုလေးက သဘောမတူသေးဘူးလား”

မိန်းလီ လေးစားစွာ ပြောလိုက်သည်။
“သဘောမတူသေးပါဘူး တောင်သခင်။ ဒါပေမယ့် သူမက တခြားတစ်ယောက်နဲ့လည်း သဘောမတူခဲ့သေးဘူးလို့ ကျွန်မကြားခဲ့တာကြောင့် ကျွန်မတို့မှာ မျှော်လင့်ချက်ရှိပါသေးတယ်။”

“အင်း… သူမရဲ့ဘေးက အဖြူရောင်ဝတ်လူငယ်က ဘယ်သူလဲ။”

“သူက ကျင်းကျူးပါ”

“ဆိုတော့ သူက အဲဒီကျင်းကျူးပေါ့။”

***************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset