PTH အပိုင်း ၃၄

အပိုင်း ၃၄ ကျောက်ဆောင်ထူထပ်သော စမ်းရေထဲရှိ လူနှစ်ယောက်

ဂုဟန် မေးချင်သည့်အရာကို ကျောင်းလေးယုသိသော်လည်း သူမ မဖြေချင်သောကြောင့် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

“ရပ်”

ဂုဟန် အသံမာမာဖြင့် ပြောလိုက်၏။

သူ သူ့ခံစားချက်များကို ချုပ်တည်းရန် သက်ပြင်းရှိုက်လိုက်သည်။ သူမ၏ နောက်ကျောကို ကြည့်ကာ သူ ပြောလိုက်၏။
“တောင်ထွတ်တွေပေါ်မှာရှိတဲ့ လူတွေက အိုမင်းလာကြပြီး အာအိုးယာမာရဲ့ အနာဂတ်က ငါတို့အပေါ်မှာ မူတည်…”

ကျောင်းလေးယု သူ့ကို ဆုံးအောင် ပြောခွင့်မပေးခဲ့ပေ။

“ရှင် မှားနေပြီ။ အာအိုးယာမာရဲ့ အနာဂတ်က ကျွန်မအပေါ်မှာ မူတည်တယ်၊ ရှင့်အပေါ် မဟုတ်ဘူး။”

ထိုသည်ကို ပြောပြီးနောက် သူမ ဓားတောင်သို့ ဆက်လျှောက်သွားခဲ့ပြီး မကြာမီ လေနှင့် နှင်းများထဲ ပျောက်ကွယ်သွားသည်။

လေနှင့် နှင်းထဲရှိ သေးငယ်သော အနက်ရောင်အစက်လေးကိုကြည့်ကာ ဂုဟန် တွေးလိုက်သည်။
‘ကျင်းကျူးကရော၊ မင်း ဘာလို့ သူ့ကို အာရုံစိုက်နေတာလဲ။’

လေနှင့် နှင်းတို့က ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ဓားပျံက ကောင်းကင်မှ ရောက်ရှိလာသည်။ သူ ထိုဓားအပေါ်တက်လိုက်ပြီး လေကိုအန်တု၍ ပျံသန်းသွား၏။

အပေါ်သို့ ပျံသန်းလျက် မကြာမီ ဂုဟန် အနောက်တောင်ဘက်ရှိ လှပသော တောင်တစ်တောင်သို့ ရောက်လာခဲ့သည်။

ထိုတောင်ထွတ်သည် လှပသော်လည်း ထက်ရှသော ဓားအလင်းများကို နေရာတိုင်းမြင်တွေ့နိုင်ပြီး သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒနှင့် သွေးဆာသည့်စိတ်ဆန္ဒများ ပြည့်နှက်နေသည်။ ကောင်းကင်မှ ကျဆင်းလာသည့် ဆီးနှင်းပွင့်များသည်ပင် အစိမ်းရောင်မီးခိုးအဖြစ် အရည်ပျော်သွားကြ၏။

ဤသည်က အာအိုးယာမာ၏ ဒုတိယမြောက်တောင်ထွတ်ဖြစ်သည့် လျန်းဝမ်တောင်ထွတ်ဖြစ်သည်။

ဤနေရာတွင် တောင်ထွတ်အားလုံးတို့မှ အကောင်းဆုံးတပည့်များ ရှိကြပေ၏။ သူတို့အများစုက မရှုံးနိမ့်နိုင်သောအဆင့်ကို ရောက်ရှိနေကြပြီး သူတို့ထဲမှ အနည်းငယ်က လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်ကိုပင် ဝင်ရောက်ခဲ့ကြပြီဖြစ်သည်။

ဂုဟန် ဤခံစားချက်ကို အလွန်နှစ်သက်ပေ၏။

လျန်းဝမ်တောင်ထွတ်ပေါ်ရှိ တပည့်ငယ်အများစုကဲ့သို့ ဓားဆက်ခံခြင်းပြိုင်ပွဲအပါအဝင် တခြားတောင်ထွတ်များ၏ ဆောင်ရွက်ချက်များကို သူ မနှစ်သက်ပေ။ သူတို့၏ မျက်လုံးထဲတွင် ဤသည်က ၎င်းတို့၏ အမွေအနှစ်နှင့် ပါရမီရှင်များကို ဆက်လက်ခိုးယူရန် အသိတရားကင်းမဲ့သော လုပ်ဆောင်ချက်တစ်ခုမျှဖြစ်သည်။ ယင်းက ပြင်းထန်သော အတွင်းပိုင်း သဘောထားကွဲလွဲခြင်းကို ဖြစ်စေခြင်းကလွဲ၍ အဓိပ္ပာယ်မဲ့၏။

ဓားအလင်းရောင်များက လျန်းဝမ်တောင်ထွတ်ထိပ်ရှိ ဂူဗိမာန်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“ကျွန်တော်တို့ ဒီလို ဆက်ကြည့်မနေနိုင်တော့ဘူး။ လေးယုက ဘာလို့ ကျွန်တော်တို့ကို သဘောမကျသလဲ မသိတော့ဘူး။”

ထိုလူ၏ နောက်ကျောကို ကြည့်နေကာ ဂုဟန်ပြောလိုက်သည်။

“ညီမငယ်ကို ငါ ပြောလိုက်မယ်။ ဒါပေမယ့် ဂုချင်နဲ့ လီရှီရှူးတို့ ဘေးကင်းဖို့ မင်း ဂရုစိုက်ရမယ်။”

ထိုပုဂ္ဂိုလ် လှည့်မလာဘဲ မေးလိုက်၏။
“ဒါ့အပြင် အခု မင်း ကျင်းကျူးကို ဘယ်လိုထင်သလဲ ငါ သိချင်မိတယ်။”

တခဏတိတ်ဆိတ်ပြီးနောက် ဂုဟန်ပြောလိုက်သည်။
“ကျွန်တော် သူ့ကို သဘောမကျဘူး။”

ထိုပုဂ္ဂိုလ် လှည့်လာ၏။ သူ့မျက်နှာက ခန့်ညားပြီး သူ့အမူအရာက သိမ်မွေ့နေသည်။

သူသည် အာအိုးယာမာဂိုဏ်းသခင်၏ တပည့်ရင်းဖြစ်သည့် ကော်နန်းရှန်ဖြစ်ပြီး လျန်းဝမ်တောင်ထွတ်၏ ခေါင်းဆောင်တပည့်လည်းဖြစ်သည်။

“မာဟွာက သူ့အမြင်တွေဟာ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီ။”

ကော်နန်းရှန်ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဒါပေမယ့် ငါ မင်းလုပ်နေတာကို အားပေးနေတုန်းပဲ။ သူက ဆင်းရဲဒုက္ခတွေကို တောင့်မခံနိုင်ရင် သူ ဘယ်လောက် ပါရမီရှိသလဲဆိုတာက အရေးမပါတော့ဘူး။ အဲကလေးက မင်းရဲ့အကြိမ်များစွာ အရှက်ခွဲခြင်းကို ခံခဲ့ရပေမယ့် သူ သူ့ဓားကိုတောင် ဆွဲမထုတ်ရဲခဲ့ဘူး။ အနာဂတ်မှာ သူက တာအိုကို ကာကွယ်ပြီး အာအိုးယာမာအတွက် ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။”

ဂုဟန် ဂရုမစိုက်စွာ ပြောလိုက်သည်။
“အဲကောင်မှာ ဓားတစ်ချောင်းတောင်မရှိဘူး။ သူ သူ့ဓားကို ဘယ်လိုဆွဲထုတ်မှာလဲ”

***

နှင်းကျဆင်းမှုက သိပ်သည်းလာခဲ့ပြီး ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ညှိုးခြောက်နေသော မြက်ပင်များနှင့် သစ်ကိုင်းသစ်ခက်များက ပြန်စိမ်းလာခဲ့ကြ၏။ နွေဦး ရောက်လာခဲ့ပြန်ပြီဖြစ်သည်။

ဓားဆက်ခံခြင်းပြိုင်ပွဲက စတင်တော့မည်ဖြစ်၏။

ဓားတောင်ပေါ်ရှိ ကျောင်းလေးယုက သူမ၏ ကြိုးစားလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီး ပြန်လာခဲ့ပြီဟု ပြောကြသော်လည်း ကျင်းကျူး၏ ဂူဗိမာန်၌အပါအဝင် မည်သူမျှ သူမကို မတွေ့ခဲ့ကြပေ။

အာအိုးယာမာဂိုဏ်းအတွက် ဓားဆက်ခံခြင်းပြိုင်ပွဲသည် အလွန်အရေးကြီးသော ပွဲဖြစ်သောကြောင့် တောင်ထွတ်အားလုံးတို့က အလေးထားကြသည်။

ထိုင်ခုံများကို ဓားဆေးကြောခြင်းစမ်းချောင်းအဆုံးတွင် ကြိုတင်၍ ပြင်ဆင်ထား၏။ စင်မြင့်များအဖြစ် အသုံးပြုရန် ရှီးလဲ့တောင်ထွတ်၏ အင်မော်တယ်ဆရာသခင်များက ကျောက်တုံးကြီးများကို ဤနေရာသို့ သူတို့၏ မှော်ပညာဖြင့် ရွေ့ခဲ့ကြသည်။ ထိုကျောက်တုံးကြီးများသည် အလွန်ကြီးမားကြကာ လူထောင်ချီ ဆန့်နိုင်ပေ၏။ ကမ်းပါးများကြားရှိ အဖြူရောင်တိမ်တိုက်များနှင့် တိမ်ကောသော ရေများက ၎င်းတို့နှင့်အတူ စီးဆင်းနေကြပြီး နတ်ဘုံအလား ထင်ရစေသည်။

စမ်းချောင်းဘေးရှိ သာမန်တပည့်များက သူတို့၏ သင်ခန်းစာများကို တိတ်တဆိတ်နှင့် စိုးရိမ်ပူပန်စွာ လေ့ကျင့်နေကြပြီး သူတို့ မနေနိုင်ဘဲ ကောင်းကင်ကို ခနခနမော့ကြည့်နေကြသည်။

သေမျိုးလောကတွင် နတ်ဆိုးများကို ချေမှုန်းရန် သွားခဲ့ကြသည့် လျန်းဝမ်တောင်ထွတ်၏ စီနီယာအစ်ကိုများနှင့် ကျောင်းဂီမြို့ရှိ အခြားတောင်ထွတ်များ၏ ဆရာသခင်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လာခဲ့ကြသည်။

မျက်စိအဖမ်းစားဆုံးမှာ ပြိုင်ပွဲကို ကြည့်ရှုရန် လာခဲ့ကြသည့် အမျိုးမျိုးသော ဂိုဏ်းများ၏ ကိုယ်စားပြုသူများ ဖြစ်ကြ၏။ ကောချန်(သစ်သီးဝင်္ကဘာ)ဘုရားကျောင်းမှ ဘုန်းကြီးတစ်ဒါဇင် လာရောက်ခဲ့ကြပြီး ကျောင်းဂီမြို့မှ တော်ဝင်အမှုထမ်းအနည်းငယ် ရောက်လာခဲ့ကြသည်။ အာအိုးယာမာဂိုဏ်းနှင့် ဆက်ဆံရေးကောင်းကြသည့် ရွှီးယွီသီလရှင်ကျောင်းနှင့် ခေါင်းလောင်းဂိုဏ်းတို့က သူတို့၏ အကြီးအကဲများနှင့် တခြားအရေးကြီးပုဂ္ဂိုလ်များကို စေလွှတ်ခဲ့ကြသည်။ ဝေးကွာလှသည့် မြောက်ပိုင်းရှိ လေထန်သော ဓားရွက်ပြားဂိုဏ်းသည်ပင် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့သည်ဟု ဆိုကြ၏။

နှစ်ပေါင်းများစွာ စမ်းချောင်းဘေးတွင် သူတို့၏ ဓားများကို ဆေးကြောနေခဲ့ကြသည့် အတွင်းစည်းတပည့်များသည် သူတို့တွင် လုံလောက်သော ယုံကြည်ချက်ရှိကြသရွေ့ ပြိုင်ပွဲကို လျှောက်ထားခဲ့ကြသည်။

မွေးရာပါတာအိုအမျိုးအစားပိုင်ဆိုင်ထားကြသည့် ကျောင်းလေးယုနှင့် လီရှီရှူးတို့သည် သဘာဝအားဖြင့် လူတိုင်း၏ အာရုံစိုက်စရာဖြစ်ကြသည်။ ခေါင်းလောင်းဂိုဏ်း အကြီးအကဲတစ်ယောက်သည်ပင် လီရှီရှူးအကြောင်း မေးမြန်းစုံစမ်းခဲ့သည်ဟု ဆိုကြ၏။ ကျောင်းလေးယုအတွက်မူ သူမသည် အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်သည်။ မသင့်လျော်သောကြောင့်မဟုတ်ခဲ့ပါက ရွှီးယွီသီလရှင်ကျောင်းသည် သူမကို သွားရှာခဲ့ပြီးဖြစ်ပေလိမ့်မည်။

ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ကျောင်းလေးယုက မည်သည့်တောင်ထွတ်အား ရွေးချယ်လိမ့်မည်ကို လူတိုင်း သိချင်နေကြ၏။

ဤပဟေဠိအတွက် အဖြေသည် အာအိုးယာမာဂိုဏ်းကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သည့် အခြားပဟေဠိကိုလည်း ဖြေရှင်းပေးပေလိမ့်မည်။

ကျောင်းလေးယု မမွေးဖွားလာမီ အာအိုးယာမာဂိုဏ်းသည် သူမတွင် မွေးရာပါတာအိုအမျိုးအစားရှိသည်ဟု ကြိုတင်ခန့်မှန်းခဲ့ပြီး သူမအား ခုချိန်အထိ လျှို့ဝှက်စွာ ကာကွယ်ပေးနေခဲ့သည်။ မည်သည့်အရေးကြီးပုဂ္ဂိုလ်က ဤအရာကို ပြုလုပ်ခဲ့ပါသနည်း။

ကျောင်းလေးယုနှင့် လီရှီရှူးတို့အပြင် အာရုံစိုက်မှုများစွာကို ရရှိခဲ့ကြသည့် တပည့်ဆယ်ယောက်ကျော် ရှိကြသည်။

ဤတပည့်များအားလုံးတို့သည် ဓားဆေးကြောခြင်းလုပ်ငန်းစဉ်အတွင်း အလွန်ကောင်းမွန်စွာ စွမ်းဆောင်ခဲ့ကြပြီး သူတို့ထဲမှ သုံးယောက်ကို လီရှီရှူးကဲ့သို့ လျန်းဝမ်တောင်ထွတ်မှ ကြို၍ ရွေးချယ်ထားခဲ့သည်။ တမြန်နှစ်ကတည်းက သူတို့ကို အတန်းအေတွင် ဂုဟန်က သင်ကြားပေးခဲ့၏။ သူတို့ထဲတွင် ဂုချင်ဟု အမည်ရသည့် တပည့်တစ်ယောက်က ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးဖြစ်ပြီး ဂိုဏ်းမှ ကြီးစွာ တန်ဖိုးထားခြင်းကို ခံခဲ့ရသည်။

မမျှော်လင့်ထားသည့်အရာ မဖြစ်ခဲ့ပါက ဂုချင်ဟုအမည်ရသည့် ဤတပည့်သည် ဓားကို သေချာပေါက် ချောမွေ့စွာ ဆက်ခံပေလိမ့်မည်။

ဂုချင်သည် သူက ဓားလုလင်အဖြစ် လျန်းဝမ်တောင်ထွတ်တွင် ဓားပညာရပ်ကို လေ့လာနေခဲ့ပြီး ဓားဆေးကြောခြင်းစမ်းချောင်းဘေးတွင် ရှားရှားပါးပါးသာ ပေါ်လာခဲ့သောကြောင့် မကျော်ကြားခဲ့ပေ။ ထို့ကြောင့် သူက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်၏။

အတွင်းသတင်းကို သိကြသည့် လူအချို့တို့၏ မျက်လုံးထဲတွင် ဂုချင်၏ အဆင့်သည် ကျောင်းလေးယုထက်ပင် အနည်းငယ်မြင့်‌မားပြီး သူသည် ဤမျိုးဆက်တပည့်များထဲတွင် အသန်မာဆုံးဖြစ်လောက်သည်။

သူသည် လျန်းဝမ်တောင်ထွတ်၏ ခေါင်းဆောင်တပည့်ဖြစ်သော ကောနန်းရှန်၏ ဓားလုလင်လည်းဖြစ်သလို ဂုဟန်၏ ညီငယ်လည်းဖြစ်သည်။

***

ဓားဆက်ခံခြင်းပြိုင်ပွဲ မစတင်မီ အာအိုးယာမာဂိုဏ်းတွင် ဖြေရှင်းရန် အလွန်အရေးကြီးသော ကိစ္စတစ်ခုရှိသည်။

ထိုသည်မှာ ဘီးဟူတောင်ထွတ် တောင်ထွတ်သခင်နေရာကို ဆက်ခံခြင်းဖြစ်၏။

ဘီးဟူတောင်ထွတ်၏ ယခင်တောင်ထွတ်သခင် လေ့ပိုယွမ်း၏ သေဆုံးမှုသည် လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အာအိုးယာမာဂိုဏ်း၏ အတွင်းရေးကိစ္စတစ်ခုဖြစ်သောကြောင့် ၎င်းကို အလွန်နိမ့်ချသည့် ပုံစံဖြင့် ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲကို ကြည့်ရှုရန် လာခဲ့ကြသည့် အမျိုးမျိုးသော ဂိုဏ်းများ၏ သံတမန်များ မဆိုထားနှင့် အာအိုးယာမာဂိုဏ်း၏ ခေါင်းဆောင်နှင့် တောင်သခင်များကလွဲ၍ တခြားမည်သူမျှ တိုက်ပွဲကို မကြည့်ခဲ့ကြပေ။

ညဘက်တွင် ဓားအလင်းရောင်တစ်ခုသည် တောင်ထွတ်ကိုးခုကို တောက်ပသွားခဲ့၏။

ထိုဓားစိတ်ဆန္ဒက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကြား ဖြတ်သန်းသွားခဲ့ပြီး အာအိုးယာမာ၏ မဟာဝင်္ကဘာကြီးက နိုးထသွားခဲ့ကာ မြောက်ပိုင်းအစောင့်အကြပ်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ကြယ်အလင်းရောင်အတော်များများကို မျိုချလိုက်သည်။ နောက်ဆုံးတွင် အနိုင်ရသူက ထွက်ပေါ်လာခဲ့၏။

ဘီးဟူတောင်ထွတ်၏ တံခါးပိတ်ကျင့်ကြံနေခဲ့သော အကြီးအကဲတစ်ယောက်က ရှိုင်းတောင်ထွတ်၏ ချီယန်ကို အနိုင်ယူခဲ့ပြီး တောင်ထွတ်သခင်နေရာကို အောင်မြင်စွာ သိမ်းပိုက်သွားခဲ့သည်။

***

အာအိုးယာမာ၏ တောင်ထွတ်ကိုးခုတို့သည် မနက်ခင်းအလင်းရောင်အောက်တွင် နိုးထခဲ့ကြပြီးဖြစ်သည်။ စမ်းချောင်းအဆုံးတွင် မရေမတွက်နိုင်သော အသံများက ရေးရေးလေး ထွက်ပေါ်နေကြ၏။

ကျင်းကျူး ထိုအရပ်ကို တစ်ချက်ကြည့်လိုက်ပြီး စမ်းချောင်းတစ်ဖက်ကမ်းကို သွားလိုက်သည်။ သူ ဓားဆေးကြောခြင်းခန်းမကို လာခဲ့ပြီး တံခါးကို ခေါက်လိုက်၏။

လူတိုင်းက စမ်းချောင်းအဆုံးရှိ ကျောက်ဆောင်နံရံကို သွားခဲ့ကြသည်။ ဓားဆေးကြောခြင်းခန်းမသည် လူလုံးဝမရှိသည့်အလား အလွန်တိတ်ဆိတ်နေ၏။

လင်းဝုကျိ ကျင်းကျူးကို စောင့်ဆိုင်းနေခဲ့သည့်အလား ထွက်မသွားခဲ့ပေ။

“မင်း လာတော့မှာမဟုတ်ဘူးလို့ ငါ ထင်နေတာ”

သူ ကျင်းကျူးကို အပြုံးဖြင့် ပြောလိုက်၏။

ကျင်းကျူးပြောလိုက်သည်။
“ကျွန်တော်က ဒီနေ့လုပ်ရမယ့်အရာတွေကို လုပ်ရတာ ကြိုက်တယ်”

လင်းဝုကျိ သူပြင်ဆင်ထားသည့် စာရင်းစာအုပ်ကို ဖွင့်လိုက်ပြီး မင်တံတစ်ချောင်းကို ကမ်းပေးလိုက်သည်။

ကျင်းကျူး ထိုမင်တံကို ယူလိုက်ပြီး စာရင်းစာအုပ်ပေါ် သူ့နာမည်ကို ရေးချလိုက်၏။

“စီနီယာဆရာသခင်မိုက မင်းကို တကယ် အသိအမှတ်ပြုခဲ့တာ။ မင်းကို ဒီမှာစောင့်နေတဲ့ ငါ့ကို ထောက်ထားပြီး ကျေးဇူးပြုပြီး သူ့ကို စဉ်းစားပေးပါ”

လင်းဝုကျိ ကျင်းကျူး၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
“သူက… တကယ်ပဲ ရုပ်မချောပေမယ့်ပေါ့”

တခဏတွေးတောပြီးနောက် ကျင်းကျူး ပြောလိုက်၏။
“ရုပ်ချောတာ၊ ရုပ်ဆိုးတာတွေကို ကျွန်တော် တကယ် ဂရုမစိုက်ဘူး။”

ကျင်းကျူး၏ မျက်နှာကို ကြည့်နေကာ လင်းဝုကျိ သက်ပြင်းချလိုက်ပြီး သူမှန်သည်ဟု တွေးတောနေသည်။ မည်သူမျှ ကျင်းကျူးလောက် ရုပ်မချောကြပေ။

ကျင်းကျူး ဓားဆေးကြောခြင်းခန်းမအပြင်ဘက်ကို လျှောက်သွားခဲ့၏။

လင်းဝုကျိ စာရင်းများကို သိမ်းဆည်းပြီး မှတ်တမ်းတင်ရန်အတွက် ၎င်းကို ရှီးယွီတောင်ထွတ်သို့ ပို့ဆောင်ရန် လုပ်လိုက်သည်။ ကျင်းကျူး၏ နောက်ကျောကို ကြည့်နေကာ သူ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိ၏။

‘ဓားက ဘယ်မှာလဲ။ မင်း ဘာလို့ အဲဓားကို သွားမယူတာလဲ’

***

ဓားဆေးကြောခြင်းစမ်းချောင်၏ အဆုံးတွင် စမ်းချောင်းဘေးနှစ်ဖက်စလုံးတို့သည် ဓားဆက်ခံခြင်းပြိုင်ပွဲကို စောင့်ဆိုင်းနေကြသည့် တပည့်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။

ပေတစ်ထောင်ကျော် နှစ်ထောင်လောက်မြင့်သော ကမ်းပါးနံရံနှစ်ဖက်စလုံးတို့တွင် လူများစွာ ရှိနေကြပြီး အများစုက တောင်ထွတ်ကိုးခုမှ ဖြစ်ကြ၏။

ထိုကမ်းပါးနံရံထိပ်ကို တိမ်တိုက်နှင့် မြူခိုးများဖြင့် ဝန်းရံထားသောကြောင့် အထဲဘက်တွင် ဘာဖြစ်နေသည်ကို မြင်ရရန် မဖြစ်နိုင်ပေ။ အာအိုးယာမာဂိုဏ်း၏ အရေးကြီးပုဂ္ဂိုလ်များနှင့် ပြိုင်ပွဲကို ကြည့်ရန် လာခဲ့ကြသည့် တခြားဂိုဏ်းများ၏ သံတမန်များသည် သူတို့ထဲတွင် ဖြစ်ရပေမည်။

ရွှီးယွီသီလရှင်ကျောင်းက ဤနှစ် မည်သူ့ကို စေလွှတ်လိုက်သနည်း။ ညီမငယ်လျန်သည် ကိုယ်တိုင်လာလိမ့်မည်မဟုတ်ပေ။ ၎င်းက သူမ၏ တပည့်လော။

မြူဆိုင်းနေသော ကမ်းပါးယံကိုကြည့်ကာ ကျင်းကျူး အသိအကျွမ်းဟောင်းအချို့ကို တွေးတောလိုက်သည်။

စမ်းချောင်းဘေးတွင် လူများဖြင့် တော်တော်လေးစည်ကားနေ၏။

“အစ်ကိုကြီးကျင်း ဒီဘက်မှာ”

ညီမငယ်ယုချန်း မတ်တပ်ရပ်လိုက်ပြီး ကျင်းကျူးကို လက်ဝေ့ယမ်းပြလိုက်ကာ သူမက သူ့အတွက် နေရာကောင်းတစ်ခု တွေ့ထားကြောင်း ညွှန်ပြနေသည်။

ကျင်းကျူး တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာက ပြိုင်ပွဲကို ကြည့်ရှုရန် တကယ့်နေရာတစ်ကောင်းတစ်ခုဖြစ်သည်ကို တွေ့လိုက်သော်လည်း ထိုနေရာတွင် လူများစွာ ရှိနေကြသည်။

သူ တိတ်ဆိတ်ခြင်းကို နှစ်သက်ပြီး လူစည်ကားသည်ကို မကြိုက်သောကြောင့် လူများသည့်နေရာများကို သူ မသွားချင်ခဲ့ပေ။

သူ့မျက်စိက စမ်းချောင်းဘေးရှိ အတိတ်ဆိတ်ဆုံးနေရာပေါ် ကျရောက်သွားခဲ့သည်။

၎င်းက ချောင်ကျသည့်နေရာတစ်ခုမဟုတ်ပေ။ ကမ်းပါးနံရံနှင့် အနီးကပ်ဆုံး စမ်းချောင်းထဲတွင် ကြီးမားသော အစိမ်းရောင်ကျောက်ဆောင်ကြီးရှိနေသည်။

ထိုအစိမ်းရောင်ကျောက်ဆောင်ပေါ်တွင် လူတစ်ယောက်ရှိနေပြီး ငြိမ်သက်အေးချမ်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ကျောင်းလေးယု ထိုနေရာတွင် ရှိနေပေ၏။

မည်သည့်တပည့်မျှ သူမအနား အရမ်းမကပ်ရဲခဲ့ကြပေ။

ကျင်းကျူး ပုံမှန်အတိုင်း လျှောက်သွားလိုက်ပြီး သူမ၏ ဘေးတွင် ထိုင်ချလိုက်သည်။

***************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset