အပိုင်း ၂၉ ငါ သူ့ကို သတ်ခဲ့တယ်
ဘီးဟူတောင်ထွတ်၏ မရှုံးနိမ့်နိုင်သောအဆင့် ဆရာသခင်တစ်ယောက်က သေဆုံးသွားခဲ့ပြီး သူက အသတ်ခံခဲ့ရသည်ဟု ပြောကြသည်။
ထိုဆရာသခင်၏ အလောင်းကို တွေ့သည့်နေရာမှာ စမ်းချောင်းတစ်ခုဘေးတွင်ဖြစ်၏။ သူက သနားစရာကောင်းပုံပေါ်ပြီး သူ့ခေါင်းက ပြတ်နေသည်ဟု ပြောကြသည်။
သံသယရှိစရာမလိုဘဲ ဤသည်က မကြာသေးမီနှစ်များအတွင်း အာအိုးယာမာ၏ တောင်ထွတ်ကိုးခုတွင် ဖြစ်ပျက်ခဲ့သည့် အရက်စက်ဆုံးဖြစ်ရပ်ဖြစ်သည်။
ထိုစီနီယာဆရာသခင်က ဘီးဟူတောင်ထွတ်သခင်၏ ယုံကြည်ရသော သူငယ်ချင်းဖြစ်သည်ဟု ပြောကြ၏။ ဤအချိန်တွင် ဘီးဟူတောင်ထွတ်သခင်သည် သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေခဲ့ပြီး စိတ်မချမ်းသာဖြစ်နေခဲ့ပြီးသည့် တောင်ထွတ်၏ တပည့်များသည် ဤဖြစ်ရပ်ကြောင့် ဒေါသထွက်သွားခဲ့ကြသည်။ ရှိုင်းတောင်ထွတ်သည် ယခုအခါ ကြီးမားသော ဖိအားအောက် ရောက်နေပေ၏။
အကယ်၍ ၎င်းက တောင်ထွတ်ကိုးခုကို ခိုးဝင်လာခဲ့သည့် တခြားဂိုဏ်းမှ သူလျှိုဖြစ်ခဲ့ပါက ရှိုင်းတောင်ထွတ်၏ ပေါ့ဆမှုကြောင့်ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသည်က မဖြစ်နိုင်ပေ။ မရှုံးနိမ့်နိုင်သော အဆင့်ရှိ ကျွမ်းကျင်သော ဓားသမားတစ်ယောက်ကို သတ်ဖြတ်နိုင်သည့် မည်သူမဆို အာအိုးယာမာ၏ ဝင်္ကဘာကို မနှောက်ယှက်မိရန်မှာ မဖြစ်နိုင်ပေ။
ဘီးဟူတောင်ထွတ်၏ ထိုဆရာသခင်ဦးလေးကို ရောင်းရင်းတပည့်တစ်ယောက်က သတ်ဖြတ်ခဲ့သည်မှာ ပို၍ဖြစ်နိုင်ဖွယ်ရှိသည်။
ဤသို့ဖြစ်ခဲ့ပါက ရှိုင်းတောင်ထွတ်သည် တောင်ထွတ်အားလုံးတို့ကို စောင့်ကြည့်စစ်ဆေးရန် တာဝန်ယူထားသောကြောင့် အပြစ်တင်ခံရပေလိမ့်မည်။
ရှိုင်းတောင်ထွတ်သည် အစောင့်များနှင့် တပည့်များစွာတို့ကို ထိုကိစ္စအား စုံစမ်းရန် စေလွှတ်ခဲ့သော်လည်း သူတို့ ဘာသဲလွန်စမှ မတွေ့ခဲ့ကြပေ။
သေဆုံးသူနှင့် ရန်ငြိုးများရှိခဲ့ကြသော အခြားတောင်ထွတ်များမှ ဓားသမားများဖြစ်စေ ပြစ်မှုမှတ်တမ်းရှိခဲ့ဖူးသည့် အကြီးအကဲများဖြစ်စေ သူတို့အားလုံး သက်သေခံချက်များရှိခဲ့ကြသည်။
ဤဖြစ်ရပ်က ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပုံရ၏။
ဓားဆေးကြောခြင်းစမ်းချောင်းနားရှိ တပည့်များသည် အဆင့်နိမ့်ကြသောကြောင့် ဤကိစ္စတွင် ပါဝင်ခဲ့ဖွယ်မရှိပေ။ ရှိုင်းတောင်ထွတ်က ဤကိစ္စကို စုံစမ်းစစ်ဆေးနေချိန် သူတို့ကို မေးမြန်းလိမ့်မည်မဟုတ်ပေ။ သို့သော် သူတို့သည် လေထဲတွင် တစ်ခုခုထူးဆန်းနေသည်ကို ခံစားနိုင်ကြသည်။ သင်ကြားခြင်းတွင် တာဝန်ယူထားသည့် အင်မော်တယ်ဆရာသခင်တို့တွင် သူတို့စိတ်ထဲ၌ တစ်ခုခုရှိနေသည်မှာ ထင်ရှား၏။ အဖြစ်အပျက်တစ်ခုလုံးကို သူတို့သိရှိသွားသည့်အခါ သူတို့မတတ်နိုင်ဘဲ စိုးရိမ်ပြီး ကြောက်ရွံ့သွားကြကာ တိတ်ဆိတ်လာခဲ့ကြသည်။
လီရှီရှူးသည် စကားနည်းသူဖြစ်၏။ ပုံမှန်အားဖြင့် သူသည် ယခင်ကထက်ပင် တိတ်ဆိတ်နေသောကြောင့် သူ့ကို သတိပြုမိရန် ခက်ခဲသည်။ သို့သော် ဝတုတ်မာဟွာက သူနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ဟု ခံစားခဲ့ရသည်။ အကြောင်းမှာ တိတ်ဆိတ်နေသည့်အပြင် လီရှီရှူးသည် ဓားလေ့ကျင့်သည့်အချိန် မကြာခဏ စိတ်လွှတ်နေသောကြောင့်ဖြစ်၏။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် အကြိမ်များစွာ သူ့ကိုယ်သူ ထိခိုက်မိလုနီးပါးဖြစ်ခဲ့သည်။ ၎င်းက တကယ့်ကို ရှားပါး၏။
မာဟွာ ထိုအကြောင်း မေးမြန်းချင်ခဲ့သော်လည်း လီရှီရှူးက ဆယ်ကျော်သက်တစ်ယောက်သာ ဖြစ်နေသေးသောကြောင့် ထိုသို့သောအရာတစ်ခုကို ကြားပြီးနောက် သူက စိုးရိမ်ပူပန်နေမည်မှာ ပုံမှန်ဖြစ်သည်ဟု သူ တွေးတောခဲ့သည်။
ကျောင်းလေးယုကဲ့သို့ လူထူးဆန်းလူငယ်တစ်ယောက်သာ ၎င်းကြောင့် သက်ရောက်မှု ရှိခဲ့လိမ့်မည်မဟုတ်ပေ။
တိမ်များဖြင့် လွှမ်းခြုံနေသည့် ဓားတောင်ကို ကြည့်နေကာ သူ တွေးလိုက်သည်။
***
ထိုညက လီရှီရှူး ကျင်းကျူး၏ ဂူဗိမာန်ကို သွားခဲ့သည်။ သူ ထိုနေရာတွင် အကြာကြီး မနေခဲ့ရပေ။
ကျင်းကျူး အနည်းငယ် အံ့ဩသွား၏။
လီရှီရှူး၏ မျက်နှာသည် အနည်းငယ် ဖြူလျော်နေပြီး သူ့မျက်လုံးများက အနည်းငယ် နီရဲနေကြသည်။ သူ ကောင်းကောင်းမအိပ်ခဲ့သည်မှာ သိသာ၏။
သူက ဓားဆက်ခံခြင်းပြိုင်ပွဲအကြောင်း စိတ်ပူနေသည်ဟု ကျင်းကျူး တွေးလိုက်မိသောကြောင့် သူ သူ့ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းက လျန်းဝမ်တောင်ထွတ်နဲ့ လိုက်ဖက်တယ်။ သူတို့က မင်းကို စွန့်လွှတ်မှာမဟုတ်ဘူး။”
လီရှီရှူး ခေါင်းမောလိုက်ပြီး ရုတ်တရက်မေးလိုက်၏။
“သခင်လေး… ခင်ဗျား အဲဒါကို လုပ်ခဲ့တာလား။”
“အာ…”
ကျင်းကျူး မသဲမကွဲနှင့် မသေချာသော လေသံဖြင့် ရေရွတ်လိုက်သည်။
လီရှီရှူး သူ့ကို မျက်တောင်မခတ် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အဲညက… ကျွန်တော်လာခဲ့ပေမယ့် ခင်ဗျား မရှိခဲ့ဘူး။”
ထိုအချိန်မှသာ လီရှီရှူး ထိုညက သူ့ကို လာရှာခဲ့ကြောင်း ကျင်းကျူး နားလည်သွား၏။ လီရှီရှူးက သူ့အစား ဓားကတ်ပြားကို မြင်တွေ့ခဲ့ရပေမည်။
သူ ရယ်လိုက်ပြီး ပြောလိုက်၏။
“ငါ အဲလူကို သတ်နိုင်မယ်လို့ မင်းထင်လား။”
ဓားတစ်လက်ပင် မရှိသည့် ဓားဆေးကြောခြင်း တပည့်တစ်ယောက်က မရှုံးနိမ့်နိုင်သော အဆင့်တွင် ရှိနေသည့် ဓားသမားတစ်ယောက်ကို မည်သို့ သတ်နိုင်မည်နည်း။
ဤအကြောင်းပြချက်ကြောင့် ရှိုင်းတောင်ထွတ်၏ စုံစမ်းစစ်ဆေးခြင်းသည် ဓားဆေးကြောခြင်းစမ်းချောင်းမှ ဝေးကွာနေခဲ့ခြင်းဖြစ်သည်။
ကျင်းကျူးမဆိုထားနှင့် မြင့်မားသော အဆင့်ကို ပိုင်ဆိုင်ထားကြသည့် ဓားဆေးကြောခြင်းခန်းမ၏ အတန်းအေရှိ ထူးချွန်သော တပည့်များသည်ပင် သံသယဝင်နေသည့် အကြည့်များကို လက်ခံမရရှိခဲ့ကြပေ။
ကျင်းကျူး၏ စကားကို ကြားသည်နှင့် လီရှီရှူး အနည်းငယ် ခေါင်းရှုပ်သွား၏။
“မနေ့က အစ်ကိုကြီးဂုက သေသွားတဲ့စီနီယာဦးလေးရဲ့ ပြတ်သွားတဲ့ လည်ပင်းက အရမ်းချောမွေ့တယ်လို့ ပြောခဲ့တယ်။ လူသတ်သမားက လွတ်လွတ်လပ်လပ် ခရီသွားခြင်းအဆင့်က ဓားသမားတစ်ယောက်ဖြစ်လောက်တယ်၊ ဒါမှမဟုတ် သူက ကျော်ကြားတဲ့ ဓားတစ်လက်ကို အသုံးပြုခဲ့တယ် တဲ့။”
“ခင်ဗျားက ဖြတ်တောက်ခြင်းမှာ တော်တယ်လို့ ပြောခဲ့တာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိတယ်။”
“သခင်လေး ခင်ဗျား တမြန်နေ့ညက ဘယ်ကို သွားခဲ့တာလဲ။”
“သခင်လေး ကျွန်တော် တကယ်ကြောက်တယ်။”
ကျင်းကျူး လီရှီရှူး၏ မျက်နှာငယ်လေးကို ကြည့်လိုက်သည်။
ဤသည်မှာ လီရှီရှူး၏ မျက်နှာက အလွန်ဖြူလျောနေသည်ကို သူ မြင်တွေ့ခဲ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၏။
သေချာပေါက် သူ လီရှီရှူးကို ဖုံးကွယ်လို့ရပေသည်။ သူ အရင်က ဘယ်တုန်းကမှ ဂူဗိမာန်မှ မထွက်သွားခဲ့ဖူးသော်လည်း ထိုညက သူ ဘာကြောင့် ဂူဗိမာန်မှ ထွက်သွားခဲ့သည်ကို ရှင်းပြရန် အကြောင်းပြချက်များစွာကို သူ အလွယ်တကူ ရှာဖွေလို့ရပေသည်။ ဥပမာ သူက ဓားတောင်ပေါ် သွားခဲ့သည်၊ သို့မဟုတ် သူက မျောက်များ ကစားနေသည်ကို သွားကြည့်ခဲ့သည် စသဖြင့်… အကြောင်းမှာ လီရှီရှူးက စိတ်သက်သာရာရသွားရန် အကြောင်းပြချက်တစ်ခုသာ လိုအပ်သည်ကို သူ သိသောကြောင့်ဖြစ်သည်။
သို့သော် အကြောင်းပြချက်အချို့ကြောင့် သူ ၎င်းကို မလုပ်ခဲ့ပေ။
“အင်း”
“အာ…”
“ငါ အဲလူကို သတ်ခဲ့တယ်။”
ဂူဗိမာန်သည် အလွန်တိတ်ဆိတ်လာခဲ့ကာ ဓားဆေးကြောခြင်းစမ်းချောင်း၏ ရေစီးသံကို ရှင်းလင်းစွာ ကြားနိုင်ပေသည်။
ထို့နောက် လီရှီရှူး၏ အသက်ရှူသံက ပို၍ ပို၍ မငြိမ်မသက်ဖြစ်လာ၏။
သူ့မျက်နှာက ဖြူလျော်သည်ထက် ဖြူလျော်လာသည်။
“သခင်လေး… ခင်ဗျားက… ဘယ်သူ.. များလဲ”
လွန်ခဲ့သည့်သုံးနှစ်က တောင်ပိုင်းထင်းရှူးစံအိမ်၌ ဤမေးခွန်းကို ကျင်းကျူးအား တစ်ကြိမ်ထက်ပို၍ လီရှီရှူး မေးမြန်းခဲ့သည်။
ယနေ့ သူ ထပ်မေးလိုက်၏။
ကျင်းကျူးတွင် လျှို့ဝှက်ချက်များရှိပြီး ကျင်းကျူးက လျန်းဝမ်တောင်ထွတ်နှင့် မပတ်သက်ချင်ခဲ့သည်ကို သူသိသောကြောင့် ဤလျှို့ဝှက်ချက်များက ပြဿနာဖြစ်နိုင်သည်။
သို့သော် ကျင်းကျူးက ဂိုဏ်း၏ စီနီယာဆရာသခင်တစ်ယောက်ကို သတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ငါ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ မင်း ဒါကို မင်းရဲ့ စီနီယာဆရာသခင်ဆီ ဒါမှမဟုတ်.. မင်းရဲ့အစ်ကိုကြီးဆီ တင်ပြလို့ရတယ်။ တကယ်တော့ မင်း ဒါကို အရင်ကတည်းက လုပ်ခဲ့သင့်တာ။”
ကျင်းကျူးပြောလိုက်၏။
တောင်ပိုင်းထင်းရှူးစံအိမ်တွင် သူသည်လည်း ဤမေးခွန်းကို လီရှီရှူးအား တစ်ကြိမ်ထက်ပို၍ မေးမြန်းခဲ့ပေသည်။
လီရှီရှူး ခေါင်းငုံ့လျက် ပြောလိုက်၏။
“ခင်ဗျားက ကျွန်တော့်ဆီက ဖုံးကွယ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့တာကြောင့် ခင်ဗျားရဲ့လျှို့ဝှက်ချက်တွေကို ကျွန်တော် သိပါတယ်။ အချိန်အများစုမှာ ခင်ဗျားက ကျွန်တော့်ကို ကူညီချင်ခဲ့တယ်။”
ဥပမာ ရွာငယ်ရှိ အသက်ရှူခြင်းနည်းစနစ်နှင့် လက်ဖက်ရည်ထဲရှိ မှော်ဆေးလုံးတို့ပင်။ ဤအရာများအားလုံးတို့သည် ကျင်းကျူး၏ လျှို့ဝှက်ချက်များဖြစ်ကြသော်လည်း ၎င်းတို့ဆီမှ သူ အကျိုးအမြတ်ရရှိခဲ့ပေသည်။
“မင်း အများကြီး တွေးနေတာပဲ”
ကျင်းကျူး အပြုံးဖြင့် ပြောလိုက်၏။
“အဲဒါက ဒုက္ခများတယ်။ မင်းနဲ့ငါက နေ့တိုင်း အတူရှိခဲ့ကြပြီး မင်းဆီကနေ ဖုံးကွယ်ဖို့က ဒုက္ခများလွန်းတယ်။”
‘ဆိုတော့ ဒုက္ခများလွန်းလို့ပေါ့။’
လီရှီရှူး မတ်တပ်ရပ်လိုက်ပြီး ဂူဗိမာန်မှ ထွက်သွားလိုက်ကာ အနည်းငယ် သနားစရာကောင်းပုံပေါ်သည်။
ရွာမှ သူ ထွက်ခွာခဲ့ကတည်းက သုံးနှစ်ရှိသွားခဲ့ပြီဖြစ်ပြီး ကောင်ကလေးက ဆယ်ကျော်သက်တစ်ယောက်ဖြစ်လာခဲ့သည်။ အားလုံးပြီးနောက် သူသည် အရင်ကနှင့် မတူတော့ပေ။
ဂူအပေါက်ဝတွင် လီရှီရှူး ရပ်လိုက်သည်။ လှည့်ကြည့်ခြင်းမရှိဘဲ သူ တုန်ရီနေသည့် အသံဖြင့် မေးလိုက်၏။
“… အဲဒီစီနီယာဆရာသခင်က… လူဆိုးတစ်ယောက်လား”
ကျင်းကျူး ဓားစာအုပ်ကို ဖတ်ရန် ခေါင်းငုံ့လိုက်ပြီး မေးခွန်းကို မဖြေခဲ့ပေ။
လီရှီရှူး ဂူအပေါက်ဝတွင် ရပ်နေပြီး ထွက်မသွားချင်ခဲ့ပေ။
အချိန်အတော်ကြာပြီးနောက် ကျင်းကျူး၏အသံ နောက်ဆုံးတွင် ထွက်ပေါ်လာ၏။
“ငါ့အမြင်အရတော့ သေချာပေါက် သူက လူဆိုးတစ်ယောက်ပဲ။”
လီရှီရှူး ဘာမှမပြောဘဲ ထွက်ခွာသွားသည်။
***
လီရှီရှူးက သူ့အကြောင်း ပြောလိမ့်မည်ဟု ကျင်းကျူး မထင်ထားပေ။
အာအိုးယာမာဂိုဏ်းကို ပြန်သွားရန်အတွက် သူသည် ထိုရွာလေးတွင် တစ်နှစ်လုံး ကုန်ဆုံးခဲ့ရသည်။ သူသည် မမျှော်လင့်ထားသော အခြေအနေများကို သေချာပေါက် တွေ့ကြုံလိမ့်မည်ဖြစ်သော်လည်း သူ့တွင် လုံလောက်သော တန်ပြန်မှုများ ရှိကြသေးသည်။
သေချာပေါက် သူက ဤပြဿနာအကြောင်း မတွေးချင်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ယခုတွင် သူသည် တခြားအကြောင်း တွေးနေပေသည်။
မနက်စောစောတွင် နေသည် တောင်ထွတ်များ၏ အခြားတစ်ဖက်တွင် ရှိနေဆဲဖြစ်ပြီး ဓားဆေးကြောခြင်း စမ်းရေသံက တိတ်ဆိတ်နေ၏။
သူ စမ်းချောင်းကို ကြည့်လိုက်ပြီး တွေးလိုက်သည်။
အနီရောင် နေမင်းကြီးက တောင်ထွတ်မှ ခုန်ထွက်လာချိန်တွင် သူ တွေးတောနေ၏။
နေ့လည်အထိ နေမင်းကြီးက တောက်ပနေချိန်တွင် သူသည် တိမ်တိုက်များဖြင့် တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေသော တောင်ထွတ်ကို ပြန်ကြည့်လိုက်ကာ နောက်ထပ် တွေးတောလိုက်သည်။
“ငါ သွားကြည့်ရင် ကောင်းမယ်”
သူ သူ့ကိုယ်သူ ပြောလိုက်၏။
သူ ဂူဗိမာန်မှ ထွက်ခွာပြီး ဓားဆေးကြောခြင်းစမ်းချောင်းအတိုင်း ထိုတောင်ထွတ်ဆီသို့ လိုက်သွားလိုက်သည်။
သူ ထွက်လာချိန်တိုင်း သူသည် အာရုံစိုက်မှု များစွာကို ဆွဲဆောင်လိမ့်မည်ဖြစ်ပြီး ဆွေးနွေးမှုများစွာကို ဖြစ်စေပေလိမ့်မည်။ ဤတစ်ကြိမ်လည်း ချွင်းချက်မဟုတ်ပေ။
ဂရုတစိုက် ရေတွက်ကြည့်ပါက သူသည် အတွင်းစည်းတွင် နှစ်တစ်ဝက်လောက်ကြာခဲ့ပြီဖြစ်ပြီး ဤသည်က ဂူဗိမာန်မှ သူ ထွက်ခွာပြီး လူများရှေ့ပေါ်လာသည့် တတိယအကြိမ်မြောက်ဖြစ်သည်။
သူ၏ ပျင်းရိမှုနှင့် အပြင်ကမ္ဘာမှ သူ့ကိုယ်သူ ဖြတ်တောက်ထားသည့် အတိုင်းအတာက ကျင့်ကြံသူများ တစ်ဦးတစ်ယောက်တည်း လေလွင့်ရသည်နှင့် အသားကျနေကြသည့်နေရာဖြစ်သည့် ကျင့်ကြံခြင်းလောက၌ပင် တော်တော်လေး ရှားပါးသည်။
စမ်းချောင်း အဆုံးရှိ ကျောက်နံရံကို ဖြတ်ကျော်ပြီး တောင်ထွတ်ကိုးခုဆီသို့ သူ ဆက်လျှောက်သွားချိန် ပို၍ပို၍များသော မျက်လုံးများက သူ့အပေါ် ကျရောက်လာခဲ့ကာ ဆွေးနွေးသံများက ကျယ်လောင်သည်ထက် ကျယ်လောက်လာခဲ့သည်။
သူသည် ဓားတောင်ဆီရှိသည့်အရပ်ကို ဦးတည်နေခြင်းဖြစ်လောက်၏။
“အဲကောင်က ဓားတစ်ချောင်း သွားယူဖို့ ကြံနေတာလား။”
စမ်းချောင်းတွင် ဓားပျံများ လေ့ကျင့်နေကြသည့် တပည့်များ အလိုလိုရပ်တန့်လိုက်မိကြသည်။
မာဟွာ အဝေးရှိ ကျင်းကျူးကို ကြည့်လိုက်ပြီး ရေရွတ်လိုက်၏။
*******************************