အပိုင်း (၁၉) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
ယွဲ့၀မ်ဝေ့သည် အနိုင်ကျင့်ပြီးချိန်၌ ထိုကလေးအုပ်စုနှင့်အတူ ရွာအနှံ့လျှောက်သွားနေခဲ့သည်။ အနည်းငယ် မှောင်သွားချိန်၌ ညစာစားရန် အိမ်ကိုပြန်လာခဲ့သည်။ သူသည် ထိုမိန်းမယုတ်များ အိမ်သို့ပြန်လာကာ ပြဿနာရှာရန် မျှော်လင့်ခဲ့သည်။ မထင်မှတ်ထားစွာပင် ယွဲ့ယိုကျူးသည် အိမ်သို့ အလွန်အမင်း ယောင်ရမ်းနေသော မျက်နှာနှင့် ပြန်လာကာ သူမလုပ်ရမည့် အလုပ်များကိုသာ လုပ်နေခဲ့သည်။ ထိုအရာက ယွဲ့၀မ်ဝေ့ကို အနည်းငယ် စိတ်ခုစေခဲ့သည်။
ယွဲ့၀မ်ဝေ့သည် ယိုကျူး၏ ကြောက်မက်ဖွယ် ဒဏ်ရာအား နေ့စဉ်အမျှ လေ့လာခဲ့သည်။ ရက်အနည်းငယ် အကြာ၌ ထိုဒဏ်ရာသည် ပျောက်ကွယ်သွားသော်လည်း တစ်လက်မမျှရှိသည့် အမာရွတ်တစ်ခု ကျန်ခဲ့လေသည်။ ယိုကျူး၏ မျက်နှာသည် အလှပျက်သွားပြီဟု မှတ်ယူနိုင်သည်။ ယိုကျူးသည် သူ့အား စိုက်ကြည့်နေရုံမှအပ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်သည့်အတွက် ယွဲ့ဝမ်ဝေ့သည် ဂုဏ်ယူမဆုံး ဖြစ်နေခဲ့သည်။ သူသည် အပြစ်ရှိစိတ် အနည်းငယ် ၀င်နေသော ကောင်လေးအုပ်စုအား စိုက်ကြည့်လိုက်သည်။
“ငါပြောသလိုပဲ။ အဲ့ဆုန်ကုန်မြေတွေက ဘာမှမဟုတ်ဘူးရယ်။ သူတို့ကို ရောင်းစားရင်တောင် ပြဿနာမရှိဘူး။ ဘာမှကြောက်မနေနဲ့”
ကောင်လေးအုပ်စုသည် ယွဲ့၀မ်ဝေ့နှင့် မတူကြချေ။ သူတို့သည် ဆိုးသွမ်းကာ နောက်ပြောင်ကျီစယ်တတ်သော်လည်း ထိုသို့ဆိုးသွမ်းသည့် ရည်ရွယ်ချက်များ မရှိခဲ့ပေ။ စနောက်ခြင်းဟုသာ တွေးမှတ်ခဲ့ကြသည်။
ယွဲ့၀မ်ဝေ့သည် သူငယ်ချင်းများ၏ သတ္တိနည်းမှုအတွက် စိတ်ပျက်နေပြီး သူ၏သတ္တိရှိမှုကို ဂုဏ်ယူ၀င့်ကြွားနေခဲ့သည်။ သို့သော် ထိုအရာသည် မကြာရှည်ခဲ့ပါချေ။ ယွဲ့မိသားစု၏ နှစ်စဉ် ကောက်ရိတ်သိမ်းသည့် ကာလအပြီး၌ ယွဲ့ယိုကျင့်သည် သူမ၏လက်စားချေမည့် အစီအစဉ်ကို စတင်ခဲ့သည်။
ယိုကျင့်သည် ဆိုးသွမ်းမိုက်မဲကာ အသုံးအဖြုန်းကြီးသည့် အဘွားချန်နှင့် အမျိုးသမီးချန်တို့ ပျိုးထောင်ထားသည့် ယွဲ့၀မ်ဝေ့အပေါ်၌ အကောင်းမြင်ခြင်း မရှိခဲ့ပါချေ။ ထို့အပြင် သူသည် သူမ၏ညီမငယ်များကို အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ကာ သူမအား ပြဿနာတက်စေခဲ့သည်။ ထိုအရာများသည် အသေးအမွှား ကိစ္စရပ်များသာဖြစ်ကာ ညီမများသည်လည်း သူမအပေါ် ထိုအတွက် မညည်းညူခဲ့ဘူးပေ။ သို့သော် ယခုအခါ၌ ယိုကျူး၏မျက်နှာအလှသည် ပျက်ယွင်းသွားပေသည်။ ထိုကိစ္စအား လျစ်လျူမရှုနိင်ပေ။
ယိုကျင့်သည် ပေါ်ပေါ်ထင်ထင် ပြုလုပ်ပြီး ပြဿနာအတက် မခံချင်ပေ။ ထို့ကြောင့် ယခုကိစ္စကို မိသားစုဆီမှ လျှို့ဝှက်ထားကာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ယူရန် အစီအစဉ်ချခဲ့သည်။
ဆောင်းရာသီ ကောက်ရိတ်သိမ်းပွဲ ပြီးဆုံးသွားပြီဖြစ်ကာ ရာသီဥတုသည်လည်း အေးလာပြီးဖြစ်သည်။ သို့သော်လည်း နေအပူရှိန်သည် ပူပြင်းနေသေးသည်။ ရက်ပိုင်းအတွင်း၌ ချွေ့ဖုန်းချောင်းအနီးတွင် ငါးအကြီးကြီး ဖမ်းမိသော လူရှိသည်ဟု သတင်းပျံ့လာ၍ ယွဲ့၀မ်ဝေ့သည် ထိုအကြောင်းကို စိတ်ဝင်စားလျက်ရှိသည်။ နောက်နေ့ ညနေ၌ နေပူရှိန် လျော့နည်းသည်ကို အခွင့်အကောင်းယူကာ ချွေ့ဖုန်းချောင်းထဲသို့ သူငယ်ချင်းများနှင့် ငါးဖမ်းရန် ထွက်လာခဲ့သည်။
ယွဲ့၀မ်ဝေ့၏ အစီအစဉ်ကို သူမ သိပေသည်။ ထို့ကြောင့် ယွဲ့၀မ်ဝေ့ထွက်သွားပြီးသည်နှင့် ခြင်းတောင်းကိုလွယ်ကာ ရွာလမ်းမအတိုင်းလျှောက်သွားရင်း တောင်ပေါ်တက်ရန် ပြင်လိုက်သည်။ လမ်းတစ်လျှောက်ရှိ ရွာသားများကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ခဲ့သေးသည်။ သူမကို မေးလျှင် တောင်ပေါ်သို့ ၀က်စာသွားစုသည်ဟုသာ ပြန်ဖြေခဲ့သည်။ ရွာ၏အနောက်ဖက်ခြမ်းသို့ ရောက်သည့်အခါ မည်သူမျှ မရှိသည်ကို တွေ့သောကြောင့် တောင်ခြေသို့ အမြန်သွားကာ သစ်ကိုင်းဖြင့် ခူယားကောင်များကို ရိုက်ချလိုက်သည်။ ထို့နောက် တုတ်ချောင်းဖြင့် အသေအချာယူပြီး သစ်ရွက်ပေါ်တင်ကာ လိပ်လိုက်ပြီး ခြင်းထဲသို့ ထည့်လိုက်သည်။ ရွာသားများ မမြင်စေရန် ချွေ့ဖုန်းချောင်းသို့ ရွာအပြင်ဘက်လမ်းမှ တိတ်တိတ်လေးပတ်သွားခဲ့သည်။
ချောင်းအနီးနား၌ လူသိပ်မရှိပေ။ ယွဲ့၀မ်ဝေ့တို့သည် အ၀တ်အစားများကို ကမ်းဘေး၌ ချွတ်ထားခဲ့ကာ မြစ်ထဲသို့ ငါးဖမ်းရန် ဆင်းသွားကြသည်။
ယိုကျင့်သည် သေချာထိုင်ကာ ထိုကောင်လေးများကို စစ်ဆေးနေခဲ့သည်။ ထိုနေ့က ယိုကျူးအား အနိုင်ကျင့်သူများဖြစ်မှန်း အတည်ပြုပြီးသည်နှင့် သူမသည် အခွင့်အရေးယူကာ အပြင်၀တ်နှင့် အတွင်း၀တ်များကြား၌ ခူယားကောင်များ သေချာထားလိုက်သည်။ ထိုထဲ၌ ယွဲ့၀မ်ဝေ့၏၀တ်စုံသည် ခူယားကောင် ခုနစ်ကောင် ရှစ်ကောင်မျှ တွားသွားနေ၏။
ယိုကျင့်သည် အင်္ကျီကြား၌ ခူယားကောင်များ ပျောက်ကွယ်သွားသည်ကို သေချာကြည့်ကာ လှောင်ပြောင်ရီမောလိုက်သည်။ “ယွဲ့၀မ်ဝေ့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံဘယ်လိုပြန်လာတယ်ဆိုတာ ငါဒီနေ့ သေချာသင်ပေးမယ်”
အ၀တ်ဗလာဖြစ်နေသော ကောင်လေးအချို့ ကမ်းပေါ်တက်လာသည်ကို မြင်သည်နှင့် ယိုကျင့်သည် လာရာလမ်းအတိုင်း ပြန်ကာ တောင်ပေါ်သို့ ၀က်စာသွားစုရန် ပြင်လိုက်သည်။
ယိုကျင့်သည် ၀က်စာများကို ခြင်းအပြည့်ဖြည့်ကာ သူမပြန်လာနေကြအချိန်အတိုင်း အတိအကျ ပြန်လာခဲ့သည်။ အစီအစဉ်သည် တိကျသေသပ်ကာ ပြစ်ချက်ရှာမတွေ့ခဲ့ချေ။ သူမသည် ယွဲ့အိမ်ရှိရာ လမ်းမသို့ ရောက်ချိန်၌ ဝက်အော်သံကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်နေသော ယွဲ့၀မ်ဝေ့၏ အသံကို ကြားလိုက်ရသည်။ တာ၀န်ပြီးမြောက်သည့် အပြုံးတစ်ခုသည် ယွဲ့ယိုကျင့်၏ မျက်နှာ၌ ပေါ်လာလေသည်။ ယခင်ဘ၀၌ သူမသည် အခြားလူများကို တစ်ဦးချင်း ပြိုင်ထိုးမည်ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူမ၏မိသားစုနောက်ခံမှာ အနည်းငယ် စိတ်ပျက်သနားစရာကောင်းလှသည်။
ယခုဘ၀၌ ထိန်းချုပ်ကန့်သတ်ထားသည့် အရာများရှိပေသည်။ အခြားလူများ၏အမြင်ကို ဂရုစိုက်ရသေးပေသည်။ သူမစိတ်တိုင်းကျ ပြုလုပ်၍မရပေ။ ထို့ကြောင့် သူမသည် ပုန်းရှိုးကွယ်ရှိုးဖြင့်သာ စိတ်သက်သာရာရအောင် ပြုလုပ်နိုင်သည်။ ယွဲ့ယိုကျင့်သည် သူမ၏ခေါင်းကို ခါရမ်းကာ အတွေးများ ရှင်းအောင်လုပ်လိုက်သည်။ အသက်ပြင်းပြင်းရှိုက်ပြီးနောက် ယွဲ့အိမ်၏တံခါးကို တွန်းဖွင့်လိုက်သည်။
နောက်ကြောင်းပြန်ရသော် ယွဲ့၀မ်ဝေ့သည် သူငယ်ချင်းများနှင့် မြစ်ထဲ၌ အတန်ကြာနေကာ ငါးဖမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဘာမှမရရှိခဲ့ပေ။ ထိုကြောင့် ကမ်းပေါ်သို့တက်ရင်း ဆဲဆိုကာ အ၀တ်များကို ဒေါသတကြီး ၀တ်ဆင်လိုက်သည်။ နေစောင်းနေပြီဖြစ်၍ ဆောင်းလေအေးများ တိုက်လာ၍ ကြက်သီးမွေးညင်းများ ထသည်အထိ အေးလာပေသည်။ ထို့ကြောင့် ကောင်လေးများသည် အ၀တ်ထဲ၌ တစ်စုံတစ်ရာရှိနေသည်ကို သတိမထားမိဘဲ အမြန်၀တ်ဆင်ကြလေသည်။ ဆူးစူးမိသလို ခံစားချက်ကြောင့် လူတိုင်းသည် တစ်ဦးပြီးတစ်ဦး အော်ဟစ်ကြတော့သည်။
ပြဿနာတစ်ခုခု ရှိမှန်း သတိထားမိသွားကြသည့်အခါ ယောက်ျားလေးများသည် မရပ်မနား ခုန်ပေါက်ကြတော့သည်။ ခဏအကြာ၌ အ၀တ်ထဲရှိ ခူယားကောင်များသည် တွန့်လိမ်ကာ ထွက်ကျလာလေသည်။ ထိုထဲ၌ ယွဲ့၀မ်ဝေ့သည် အဆိုးဆုံးဖြစ်သည်။ ခူယားကောင်များ ထွက်ပြီးသည်နှင့် ဆူးဒဏ်ရာများသည် ခန္ဓာကိုယ်အနှံ့ပေါ်ပေါက်လာကာ ပြောမပြနိုင်လောက်သည့် နာကျင်မှုများကို ခံစားနေကြရတော့သည်။
ဆယ်ကျော်သက်အရွယ်လေးများသည် ထိုသို့ဖြစ်သည့်အခါ ဘာလုပ်ရမှန်း မသိကြဘဲ အိမ်သို့သာ ငိုယိုပြေးကြလေသည်။ ယွဲ့ဝမ်ဝေ့သည် အမြဲအသုံးမကျဖြစ်သော်လည်း ယခုအချိန်အခါ၌ အမြန်ဆုံး ပြေးသွားခဲ့သည်။ ခူယားကောင် ဆူးစူးမိသည်မှာ အများဆုံးဖြစ်သည့်အတွက် အမြန်ပြေးရပေမည်။
ဆောင်းရိတ်သိမ်းပွဲအပြီး၌ လယ်သမားများ၏ နေ့ရက်များသည် အားလပ်နေ၏။ ထို့ကြောင့် အိမ်၌ တစ်ရေးအိပ်ခြင်း သို့မဟုတ် ရွာထဲ၌ အုပ်စုဖွဲ့ကာ အတင်းတုပ်ကြရင်း အိမ်အလုပ်များ လုပ်ကြသည်။ ယနေ့၏သာယာသော ညနေခင်းသည် ယွဲ့၀မ်ဝေ့နှင့် မျောက်လောင်းများ၏ အော်သံကြောင့် ပျက်စီးသွားပေသည်။
“သား ဘာဖြစ်လာတာလဲ” နေ့ခင်းတစ်ရေးအိပ်ရန် ပြင်နေသော အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့၏ အော်ငိုသံကြောင့် နိုးလာခဲ့သည်။ အနည်းငယ်ဒေါသထွက်ကာ ဆူဆဲချင်သော်လည်း သားဖြစ်သူ၏ နာကျင်နေသည့်အမူအရာကြောင့် စိုးရိမ်ကာ အခြေအနေကို စစ်ဆေးရတော့သည်။
ယွဲ့၀မ်ဝေ့သည် နာကျင်ကာ ခန္ဓာကိုယ်တစ်ခုလုံး၌ ယားယံနေ၍ အမျိုးသမီးချန်ကို ငိုယိုပြီး သည်းတွားပြနေသည်။ “အမေ ခူယားကောင် ဆူးတွေက နာတယ်”
အမျိုးသမီးချန်သည် “ခူးယားကောင်ဆူး”ဟု ကြားမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
“ဒီကလေးနဲ့ ခူယားကောင်ကြောင့်နဲ့ ငိုစရာလား။ ဒီလောက်တောင်ကြီးနေပြီကို ငိုနေတုန်း အခြားလူတွေ လှောင်မှာ မကြောက်ဘူးလား” အမျိုးသမီးချန်သည် ထိုအရာကို ဟာသအဖြစ်သာမြင်နေသည်။ သူမ၏သားသည် ဆယ့်တစ်နှစ်ရှိပြီဖြစ်ကာ ခူယားကောင်၏ဆူးကြောင့် အော်ငိုနေတုန်းပင်။ အပြင်လူ ကြားလျှင် ရယ်စရာမဖြစ်ပေဘူးလား”
ဆူညံသံများကြားသောကြောင့် အဘွားချန်သည် ပင်မဆောင်မှထွက်ကာ အခြေအနေကြည့်ရန် ထွက်လာလေသည်။ ကလေးငယ်သည် ငိုကြွေးနေသည့်အပြင် မျက်နှာလည်း ဖြူဖျော့နေသည့်အတွက် အဘွားချန်သည် အမျိုးသမီးချန်အား ဆူလိုက်သည်။
“ကလေးကို ဘယ်နား ဆူးစူးမိလဲ သေချာကြည့်စမ်း။ ဘယ်လိုအမေမျိုးလဲ။ ကလေးက ဒီလောက်နာနေတာကို ရပ်ကြည့်နေသေးတယ်”
အမျိုးသမီးချန်သည် အနောက်သို့လှည့်ကာ ဆူပုတ်နေခဲ့သည်။ အမျိုးသမီးချန်သည် ဆေးလိမ်းပေးရန် ယွဲ့၀မ်ဝေ့၏အင်္ကျီကို ချွတ်ပေးလိုက်သည်။ သူမသည် အင်္ကျီကို ချွတ်မကြည့်ခဲ့ပါက သားဖြစ်သူသည် ထိုသို့ အပြင်းအထန် ဒဏ်ရာရခဲ့မှန်း သိမည်မဟုတ်ချေ။ လက်မောင်းနှစ်ဖက်လုံး၌ ဆူးများ တောက်လျှောက်ရှိနေကာ နောက်ကျော၊ ခါးနှင့် ခြေထောက်များရှိ အနာများသည်လည်း တဖြည်းဖြည်း ယောင်ကိုင်းလာပေသည်။ ထိုအရာသည် အမှန်ပင် ထိတ်လန့်စရာပင်။
“ဘယ်လိုဖြစ်လာတာတုံး။ ခူယားကောင်အသိုက်ပေါ်များ ပြုတ်ကျလာတာလား ကလေးရဲ့”
အဘွားချန်သည် ယွဲ့၀မ်ဝေ့၏ကိုယ်ပေါ်ရှိ ဆူးများကို ဂရုတစိုက်ဖယ်ပေးရင်း အမျိုးသမီးချန်အား တွန်းလိုက်သည်။ “မြန်မြန် ဆပ်ပြာနဲ့ရေယူခဲ့၊ နည်းနည်းလောက် သက်သာပါစေ တိုက်ပေးရမယ်”
အမျိုးသမီးချန်သည် ခဏကြာ တုန်လှုပ်နေပြီး ယောက္ခမဖြစ်သူ၏ အသံကြားမှသာ “အို”ဟု တုံ့ပြန်နိုင်သည်။ထို့နောက် မီးဖိုချောင်ထဲသို့ အမြန်သွားကာ ဆပ်ပြာနှင့်ရေကိုရှာလေသည်။ ခဏအကြာ၌ ဆပ်ပြာရည်ဇလုံးတစ်လုံးကို ယူလာကာ ယွဲ့၀မ်ဝေ့ကိုယ်ပေါ်၌ လိမ်းကျံပေးကာ နာကျင်မှုသက်သာအောင် လုပ်ပေးလိုက်သည်။
ယွဲ့ယိုကျူးက ထိုသို့ဖြစ်စဉ် သူမသည် နာကျင်မှုကြောင့် မေ့မြောသွားသော်လည်း ယွဲ့၀မ်ဝေ့၌ နာကျင်မှုကြောင့် တုန်ရီကာ မျက်နှာဖြူဖျော့ရုံသာ ဖြစ်သည်။ အကြောင်းမှာ ယွဲ့၀မ်ဝေ့သည် ယိုကျူးထက် ခုခံအား ကောင်းမွန်၍ဖြစ်သည်။
ယိုကျင့်သည် အိမ်သို့ ပြန်လာချိန်၌ ယွဲ့၀မ်ဝေ့သည် အပေါ်ပိုင်းဗလာဖြစ်နေကာ ဘောင်းဘီကိုလည်း ပင့်တင်ထားရပြီး ခြံ၀န်းထဲ၌ မျက်မှောင်ကြုံ့ကာ ရပ်နေလေသည်။ အမျိုးသမီးချန်သည်လည်း သားဖြစ်သူ သက်သာစေရန် ဆပ်ပြာရည်များ ပွတ်လိမ်းပေးလျက်ရှိသည်။ လေးလံသည့် ၀က်စာခြင်းကို သယ်လာသော ယိုကျင့်သည် ထိုမြင်ကွင်းကြောင့် ခေါင်းငုံ့လိုက်ကာ မြေကြီးသို့ မျက်နှာမူရင်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူမသည် ယွဲ့၀မ်ဝေ့အား ထိုနာကျင်မှုအား သက်သာပျောက်ကင်းစေမည့် နည်းလမ်းကို ပေးမည်မဟုတ်ပေ။ သူသည် ယိုကျူးကဲ့သို့ပင် တထေရာတည်း ခံစားသင့်ပေသည်။
ယိုကျူးသည် ပြဿနာထဲသို့ မပါချင်သော်လည်း သူမအား ဆွဲထည့်ချင်သည့် အချို့လူများက ရှိနေသေးသည်။
“အဘွား အဲဒါ ဒုတိယမိသားစုက လူတွေလုပ်တာပဲ” ယွဲ့၀မ်ဝေ့၏မျက်၀န်းများသည် နာကျင်မှုကြောင့် နီရဲနေလေသည်။ သူသည် ၀က်စာခြင်းကိုသယ်ကာ အနောက်ခြံတံခါးရှေ့၌ ရပ်နေသော ယိုကျင့်အား ခက်ထန်စွာကြည့်လိုက်သည်။ “သူလုပ်တာ ဖြစ်ရမယ်”
ယခုအချိန်၌ အဘွားချန်၏ ဘက်လိုက်မှုသည် အမြင့်ဆုံးဖြစ်နေရာ မြေးဖြစ်သူပြောသမျှကို အကြွင်းမဲ့ယုံလေသည်။ အထူးသဖြင့် ဒုတိယမိသားစုရှိ ဆန်ကုန်မြေများနှင့်ပတ်သက်လျှင် သူမ၏ ခုနှစ်ဆယ့်ရှစ်ရာခိုင်နှုန်းမျှ ရှိနေသော ယုံကြည်မှုသည် တစ်ရာရာခိုင်နှုန်းမျှတိုးသွားလေသည်။ သူမ၏ မြေးဖြစ်သူ ပြောသည့်စကားကို ကြားသည်နှင့် ယိုကျင့်အား အပြစ်တင်ရှုံ့ချစွာ ကြည့်လိုက်သည်။
“၀မ်ဝေ့ကို ခူယားကောင် ဆူးစူးအောင် နင်လုပ်လိုက်တာလား”
ယိုကျင့်သည် အဘွားချန်အား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“၀မ်ဝေ့က ဆူးစူးမိလာတာလား။ သမီးက တောင်ပေါ်ကို ၀က်စာသွားစုတာလေ သူ့ကိုစဖို့ ဘယ်အချိန်ရှိမှာလဲ” ယိုကျင့်သည် ခဏအကြာမျက်မှောင်ကျုံ့လိုက်၏။
“အခုတလော ခူယားကောင်တွေက နေရာတိုင်းမှာ ရှိနေတာ။ ခူယားကောင် အသိုက်ပေါ် ပြုတ်ကျတာရော မဖြစ်နိုင်ဘူးလား။ ဟိုနေ့က ယိုကျူးတောင် စပါးလှန်းတဲ့နေရာမှာ ခူယားကောင်တွေနဲ့ ထိမိလို့ မျက်နှာမှာ အမာရွတ်ကျန်နေခဲ့တာပဲလေ”
ယိုကျင့်၏ စကားကြောင့် ၀မ်ဝေ့၏စိတ်ထဲ၌ အပြစ်ရှိစိတ် အနည်းငယ် ဖြစ်ပေါ်လာလေသည်။ သို့သော်လည်း ခဏအတွင်း၌ ပျောက်ကွယ်သွားပေသည်။ ယိုကျင့်၏ မူပိုသော မျက်၀န်းများကြောင့် ယိုကျင့်နှင့် အခြားလူများပေါင်းကာ လက်စားပြန်ချေသည်ဟု တဖက်သတ်ကောက်ချက်ချလိုက်သည်။
“သေချာပေါက် နင်လုပ်တာပဲ။ နင်ငါ့ကို လက်စားပြန်ချေတာ”
ယိုကျင့်၏ ပဟေဠိဆန်သော အမူအရာသည် တမဟုတ်ချင်း ပေါ်ပေါက်လာသည်။ သူမသည် အဘွားချန်နှင့် အမျိုးသမီးချန်ဘက်သို့ မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
“၀မ်ဝေ့ရဲ့စကားတွေက ထူးဆန်းတာ။ နင်ငါ့ကို အနိုင်မကျင့်ဘဲနဲ့ ငါက နင့်ကို ဘာလို့ လက်စားချေရမှာလဲ” ယွဲ့၀မ်ဝေ့သည် ထိုနေ့က သူ၏လုပ်ရပ်ကို ၀န်ခံမည်ဟု သူမ မထင်ပေ။ သေချာစွာပင် ၀မ်ဝေ့သည်လည်း ယိုကျင့်၏ မေးခွန်းကြောင့် ကြောင်အသွားခဲ့သည်။ သူသည် ယိုကျင့် လုပ်သည်ဟုသာ တွေးထင်နိုင်သည်။
“ယိုကျူးလည်း အဲ့နေက ဆူးတွေ တော်တော်များတယ်။ သမားတော်မာ ဘာဆေးသုံးလိုက်လဲ မသိပေမဲ့ သက်သာသွားတယ်။ အဘွားနဲ့ ဒေါ်ကြီးတို့ ၀မ်ဝေ့ကို သူ့ ဆီသွားပြကြည့်ပါ့လား” ယိုကျင့်သည် နောက်ထပ် စကားမပြောခင် အနည်းငယ်စဉ်းစားလိုက်သည်။
“အဘွားကျန်းနဲ့ အခြားလူကြီးတွေ ပြောတာကတော့ ခူယားကောင်ဆူးတွေက အဆိပ်ပြင်းပြီး လူကို သေစေနိုင်တယ်တဲ့”
အခြားလူများ ပြောသည့် သေစေနိုင်သည်ဟူသော စကားသည် အဘွားချန်အတွက် အလွန်ပင် ထိတ်လန့်စရာ ဖြစ်ခဲ့သည်။ ၀မ်ဝေ့အား အ၀တ်အစားများ ၀တ်ဆင်ပေးကာ သမားတော်အိမ်သို့ သွားရန် အမြန်ပြင်ကြတော့သည်။ ၀မ်ဝေ့သည် သူမ၏ အဖိုးတန်မြေးလေးဖြစ်ကာ မည်သည့်အမှားမျှ အဖြစ်မခံနိုင်ချေ။
ယိုကျင့်သည် ယွဲ့၀မ်ဝေ့၏ ဆေးကုသမှုအတွက် အဘွားချန်နှင့်အမျိုးသမီးချန်တို့၏ ထိတ်လန့်နေပုံကို ထိုင်ကြည့်နေလိုက်သည်။ သူမနှင့် ပြဿနာရှင်းရန်ကိုပင် မေ့လျော့သွားကြပေသည်။ ယိုကျင့်သည် စိတ်အေးသက်သာစွာဖြင့် အနောက်ခြံထဲသို့ ပြန်သွားတော့သည်။
…