အပိုင်း (၁၇) ပုံပျက်ခြင်း
သမားတော်မာသည် လူနာကုသရန် ပင့်ဖိတ်သည့်အတွက် ဆေးသေတ္တာကို ပြင်ကာ ယိုလော့ရှိသော စပါးခြောက်လှမ်းရာနေရာသို့ ရောက်လာခဲ့သည်။ အခြားတစ်ဖက်၌ ရှောင်ခယ့်သည်လည်း ရွာ၏အနောက်ဘက်စွန်ရှိ ယွဲ့မိသားစုပိုင် လယ်ကွင်း၌ ယိုကျင့်ကို တွေ့လိုက်ရသည်။ သူမအား လက်ဝေ့ရမ်းပြနေသော ယိုကျင့်ဆီသို့ ပြေးသွားလိုက်လေသည်။ “မမကြီး ယိုကျင့်… မမကြီးယိုကျင့်”
ယိုကျင့်သည် သူမအား ခေါ်နေသံကိုကြား၍ ကြည့်လိုက်ရာ အဘွားကျန်း၏ မြေးမ ဖြစ်နေသောကြောင့် လက်ကိုဆန့်ထုတ်ကာ ဝေ့ရမ်းပြလိုက်သည်။ “ရှောင်ခယ့် ဘာဖြစ်လို့လဲ”
ရှောင်ခယ့်သည် တစ်လမ်းလုံး ယိုကျင့်၏နာမည်ကို အော်ခေါ်ကာ ပြေးလာခဲ့ရ၍ ပင်ပန်းနေပြီဖြစ်သည်။ နောက်ဆုံး၌ ယိုကျင့်ကို ရှာတွေ့ခဲ့လေပြီ။ အသက်ပြင်း တစ်ချက်ရှိုက်ကာ သူမအား လက်ပြနေသော ယိုကျင့်ရှိရာသို့ ပြေးသွားလိုက်သည်။ ယိုကျင့်ဆီသို့ရောက်သည်နှင့် ဒူးပေါ်လက်တင်ပြီး ကိုယ်ကိုကွေးချကာ အသက်လုရှူနေရသည်။
“ယို ယိုကျင့် အဘွားက အစ်မကို အမြန်လာခဲ့ဦးတဲ့။ စပါးလှန်းတဲ့နေရာမှာ ရှောင်ကျူးနဲ့ ….နဲ့ ရှောင်ပါးတို့ အနိုင်ကျင့်ခံရလို့တဲ့” ရှောင်ခယ့်သည် သူမ၏အဘွားပြောသည့်အတိုင်း အကြောင်းကြားပြီးပြီဖြစ်ကာ အလွန်ပင်ပန်းနေလေသည်။ မြေကြီး ပေပွနေသည်ကိုပင် ဂရုမစိုက်အားဘဲ ထိုင်ချလိုက်ကာ အသက်ရှူ၀သည်အထိ လေရှူနေလိုက်သည်။
“ဘာ ရှောင်ကျူးနဲ့ကလေးတွေက ဘာဖြစ်ကြတာတုံး” တစ်ခုခုဖြစ်ကြောင်း ကြားသည်နှင့် ယိုကျင့်၏ အာရုံကြောတို့မှာ ရှုပ်ထွေးလာတော့သည်။ “ရှောင်ခယ့် ယိုကျူးက ဘာဖြစ်လို့လဲ” ရှောင်ခယ့်သည် ခေါင်းရမ်းကာ ငြင်းဆိုလေသည်။
“ညီမလည်း မသိဘူး။ အဘွားက အစ်မကို ခေါ်လာဖို့ ပြောလို့။ ရှောင်ကျူးတို့ကို ယောက်ျားလေးအုပ်စုတွေ အနိုင်ကျင့်သွားတာ”
ယိုကျင့်သည် တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ ကလေးများ ဆော့ကစားရုံနှင့် အဘွားကျန်းသည် သူမအား ခေါ်ခိုင်းလိုက်မည်မဟုတ်ပေ။ ယိုကျူးသည် ဒေါသထွက်လွယ်သည့် လူဖြစ်ပေသည်။ အဲ့တော့ တစ်ခုခု ဆိုးရွားများဖြစ်နေလား။ ယိုကျင့်သည် လက်ထဲရှိ တံစဉ်ကိုချကာ စိတ်လှုပ်ရှားနေသော ယိုရင်အား မှာထားခဲ့လေသည်။
“ငါသွားကြည့်လိုက်ဦးမယ်။ ဒီမှာနေပြီး ယိုလော့ကို ကြည့်ထားပေး”
“ညီမလည်း အစ်မနဲ့လိုက်ခဲ့မယ်” ယိုရင်သည် စိတ်ထားနူးညံ့ကာ မျက်ရည်လွယ်တတ်သည်။ ရှောင်ဝူတစ်ခုခု ဖြစ်ကြောင်းကြားသည်နှင့် သူမသည် တုန်လှုပ်နေကာ မျက်၀န်းများမှာ စိုရွှဲလို့နေပြီဖြစ်သည်။ သူမဘယ်လိုလုပ်ပြီး ဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နိုင်မှာလဲ။
သို့သော်လည်း ယိုကျင့်သည် ထိုအရာများကို တွေးတောနေချိန်မရပေ။ သူမသည် အသံတိုးကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ယိုကျူးဘာဖြစ်လဲဆိုတာ ငါတို့သေချာမသိသေးဘူး။ ငါပြောတာကို နားထောင်။ ပြဿနာမရှာနဲ့” ထို့နောက် ယိုကျင့်သည် သစ်မာပင်ကြီး၏အောက်သို့ သွားကာ ယွဲ့တာ့ဖူနှင့် အခြားလူများရှိရာသို့ လှမ်းအော်လိုက်သည်။
“အဘိုး ယိုကျူးတစ်ခုခုဖြစ်လို့တဲ့။ သမီးရွာထဲ ခဏသွားလိုက်ဦးမယ်နော်” ထိုသို့ပြောပြီးသည့်နောက် သူမသည် ယွဲ့တာ့ဖူ၏အဖြေကိုပင် နားမထောင်ဘဲ ပြေးထွက်သွားတော့သည်။
ယွဲ့တာ့ဖူသည် ရွာထဲသို့ပြေးသွားသော ယိုကျင့်ကို ကြောင်အစွာကြည့်ရင်း စိတ်ထဲ၌ ခံရခက်နေကာ မကျေနပ်ပေ။ ထိုမိန်းမသည် တဖြည်းဖြည်း အရိုအသေမဲ့လာပေသည်။ ကောင်းကောင်း မသင်ကြားထားပါက အနာဂတ်၌ မိသားစုအား အခက်တွေ့စေလိမ့်မည်…..
ယိုကျင့်ရောက်သည့်အချိန်၌ သမားတော်မာသည် ယိုကျူးအား စစ်ဆေးပြီးပြီဖြစ်သည်။
သူသည် အခြေအနေ ဖြစ်ကြောင်းကုန်စင်ကို သေချာမေးမြန်းပြီး မျက်နှာအမူအရာသည် အခက်တွေ့နေဟန်ရှိသည်။
“ခူယားကောင်ရဲ့ ဆူးက အဆိပ်သင့်တတ်တယ်။ မြန်မြန် ငါ့အိမ်ကို သယ်ခဲ့တော့”
ယိုကျင့်သည် သတိမေ့နေသော ယိုကျူးကို သယ်ကာ အဘွားကျန်းအား အကူအညီတောင်းခဲ့သည်။ ထို့နောက် ရှောင်ကျို့အား ပိုးကာ လာနေသော ယိုပေါင်ကိုလည်း စပါးလှန်းထားသည့်နေရာအား သေချာစောင့်ကြည့်ရန် မှာကြားခဲ့ပြီး သမားတော်မာနောက်သို့ အမြန်ပြေးလိုက်သွားတော့သည်။
သမားတော်မာ၏ အိမ်သို့ ရောက်သည်နှင့် ယိုကျင့်သည် သူမှာကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ကိုင်နေခဲ့သည်။ ယိုကျူးအား ပုံမှန် လူနာကုသရာခုတင်၌ တင်ကာ သမားတော်မာသည် တံခါးအပြင်၌ ရပ်နေခဲ့သည်။
“အခြားဘယ်နေရာတွေ ဆူးမိလဲ သေချာကြည့်”
ယိုကျင့်သည် ယိုကျူး၏မျက်နှာပေါ်ရှိ နီရဲကာယောင်ရမ်းနေသော ဒဏ်ရာကြောင့် ခေါင်းကိုက်ခြင်းနှင့်အတူ ၀မ်းနည်းမှုများပါ တစ်ပြိုင်နက် လှိုက်တက်လာလေသည်။ သူမသည် ယိုကျူး၏ အင်္ကျီကြယ်သီးများကို တစ်ခုချင်းစီ သေချာဖြုတ်ပေးကာ စစ်ဆေးလိုက်သည်။
“မျက်နှာကဒဏ်ရာအပြင် ခြေထောက်နဲ့ ကျောဘက်မှာလည်း လေးခုလောက်ရှိတယ်”
ယိုကျင့်၏စကားကြောင့် သမားတော်မာ၏စိတ်သည် အနည်းငယ်လေးလံသွားကာ တစ်ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ညီမလေးကို အပ်စိုက်ပြီး သတ်ရအောင်လုပ်လို့ရပေမဲ့ ဆူးစူးတဲ့နေရာတွေကတော့ လိမ်းဆေးလိမ်းမှ ပျောက်မှာ။ လိမ်းဆေးက အလုံအလောက် မရှိတော့ မြို့ထဲသွား၀ယ်မှပဲရမယ်” ခူယားကောင်၏ ဆူးသည် အသက်ပင် သေစေနိုင်သည်။ ဒဏ်ရာများ အကုန်ပျောက်သည်ထိ ကုသပေးရန် ဆေးအလုံအလောက်လည်း မရှိပ။ ထို့အပြင် ဒုတိယမိသားစုခွဲ၌ ထိုမျှလောက် ပိုက်ဆံလည်း မထုတ်နိုင်ပေ။ ထိုမိန်းကလေး၏အသက်သည် ကယ်တင်နိုင်ရန် ခက်ခဲလှသည်။
ယိုကျူး၏ အင်္ကျီကို သေချာ၀တ်ပေးပြီးနောက် ယိုကျင့်သည် အပြင်သို့ သမားတော်မာနှင့် ဆွေးနွေးရန် ထွက်သွားလေသည်။
“သမီးအပြင်ခဏလောက် သွားချင်လို့ ညီမလေးကို သေချာကြည့်ထားပေးပါဦး” သမားတော်မာသည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုကလေးသည် အိမ်သို့ ပိုက်ဆံစုရန် သွားမည်ဟု တွေးလိုက်မိသည်။ သူသည် မထိန်းနိုင်ဘဲ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိသည်။ “သမီးညီမလေးက အသက်ရှင်တောင် မျက်နှာက ဒဏ်ရာကြောင့် မျက်နှာက ပုံပျက်လောက်တယ်….”
ထိုစကားကို ကြားသည်နှင့် ယိုကျင့်၏မျက်၀န်း၌ သောကများနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမသည် သမားတော်မာအား ဦးညွှတ်လိုက်သည်။
“ညီမလေးကို ဂရုစိုက်ပေးဖို့ ဆရာမာ့ကိုပဲ ဒုက္ခပေးပါရစေ။ ခဏနေ ပြန်လာပါ့မယ်” အခုချိန်၌ အရေးကြီးဆုံးအရာသည် ယိုကျူးအား ကယ်တင်ဖို့ဖြစ်သည်။ လိမ်းဆေး၀ယ်ရန် ပိုက်ဆံ မရှိသော်လည်း ကယ်တင်ရန် အခြားနည်းလမ်းများရှိပေသည်။
သမားတော်မာ၏အိမ်မှ ထွက်လာပြီးနောက် ယိုကျင့်သည် ကလေးအများစု မသွားရဲသော နေရာသို့ လာခဲ့သည်။ ထိုနေရာသည် ခူယားကောင်အများစုရှိသည့် နေရာဖြစ်သည်။ ယခင်ဘ၀၌ သူမသည် တောထဲတောင်ထဲ၌ နေလာခဲ့ကာ ထိုကဲ့သို့ ခဏခဏ ဆူးစူးဖူးပေသည်။ လိမ်းဆေးကို သဘာ၀ကနေ ဘယ်လိုရမှာလဲ။ လွယ်လွယ်လေးပဲလေ။ လာတဲ့နေရာကနေ ပြန်ထုတ်ရုံပေါ့။
ယိုကျင့်သည် ခူယားကောင်၏ဆူးများ မစူးမိစေရန် ခပ်ခွာခွာရပ်၍ ဂရုတစိုက်ဖြင့် သစ်ကိုင်းခြောက်တစ်ခုဖြင့် ခူယားကောင်များရှိရာ အပင်၏ကိုင်းကို ရိုက်ချလိုက်သည်။ ခူယားကေယင်များသည် ယိုကျင့်၏ရိုက်ချက်ကြောင့် အပင်၏အမြစ်ပေါ်သို့ ပြုတ်ကျလာကြကာ အချို့မှာ ယိုကျင့်၏ သစ်ကိုင်းပေါ်သို့ တွားသွားရင်း ကပ်တွယ်နေကြသည်။ အမြစ်၌ ခူယားကောင်များ အများအပြားရှိလေပြီဖြစ်သည်။ ယိုကျင့်သည် သစ်ကိုင်းခြောက်အသေးဖြင့် ခူယားကောင်များကို အမြစ်မှ ဦးစွာယူလိုက်သည်။ ထို့နောက် ခူယားကောင်များ၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ လမ်း၌ချိုးလာသော ဝါးဖြင့် ခူယားကောင်များ၏ အရေခွံကို ခွာလိုက်သည်။ ယိုကျင့်သည် ခူယားကောင်၏ အနက်ရောင် သွေးကြောနှင့်ကပ်နေသော စိမ်းပြာရောင် သွေးကြောကိုရှာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ အာရုံစူးစိုက်ကာ ထိုစိမ်းပြာရောင် သွေးကြောကို ထုတ်ယူလိုက်ပြီး သန့်စင်သည့် သစ်ရွက်စိမ်းပေါ်၌ တင်ထားလိုက်သည်။
ယိုကျင့်သည် ထိုကဲ့သို့ ကြိမ်ဖန်များစွာ ပြုလုပ်ကာ ခူယားကောင်၏ စိမ်းပြာရောင် သွေးကြောများကို စုဆောင်းခဲ့သည်။ ယိုကျင့်သည် သစ်ရွက်ပေါ်ရှိ သွေးကြောများကို ကြည့်လိုက်သည်။ လုံလောက်ပြီဟု တွေးမိ၍ ထိုသစ်ရွက်အား သမားတော်မာ၏အိမ်သို့ ပြန်ယူသွားတော့သည်။
ယိုကျင့်သည် အချိန်ခဏနှင့် ပြန်လာသည်ကို မြင်သောအခါ သမားတော်မာသည် လိုအပ်သည့်ဆေးအတွက် ပိုက်ဆံရှာမရလို့ဟုသာ တွေးလိုက်သည်။ သက်ပြင်းသဲ့သဲ့ချကာ ခေါင်းရမ်းမိတော့သည်။ ယိုကျင့်သည် သမားတော်မာ၏ လှုပ်ရှားမှုများကို သတ်မပြုမိပါချေ။ သူမသည် သစ်ရွက်ကိုကိုင်ကာ ယိုကျူးရှိရာအခန်းသို့ တိုက်ရိုက်၀င်သွားတော့သည်။
ခုတင်ဘေး၌ထိုင်ကာ ကျန်သောလက်တစ်ဖက်ဖြင့် စိမ်းပြာရောင်သွေးကြောများကို ယိုကျူးမျက်နှာပေါ်သို့ အားဖြင့်ညှစ်ချလိုက်သည်။ ယိုကျူး၏ မျက်နှာ၊ ပေါင်နှင့် နောက်ကျောများ၌လည်း ထိုသို့လိမ်းလိုက်သည်။ လိမ်းကျံပြီးသည်နှင့် ယိုကျင့်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သမားတော်မာနှင့် ဆွေးနွေးရန် အပြင်သို့ ထပ်ထွက်လာခဲ့သည်။
“ဆရာမာ သမီး ယိုကျူးအပေါ်ကို တစ်ခုခုလိမ်းပေးထားတယ်။ မိနစ်ငါးဆယ်လောက်ကျ ယောင်တာကျသွားရင် ယိုကျူးကို တစ်ချက်လောက် ပြန်စစ်ပေးပါဦး”
သမားတော်မာသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။ ဘာကိုလိမ်းပေးလိုက်တာလဲ။ အဲ့လောက်ခဏလေးနဲ့ပျောက်တယ်ပေါ့။ သူသည် သိချင်စိတ်ဖြင့် မေးမြန်းတော့သည်။
“ဘာလိမ်းပေးလိုက်တာလဲ”
“သမီးလည်း အဲ့လိုဆူးစူးဖူးတယ်။ ဘယ်က ကြားဖူးလဲ မမှတ်မိပေမဲ့ ခူယားကောင်မှာ စိမ်းပြာရောင် သွေးကြောရှိတယ်တဲ့။ အဲဒါနဲ့ သမီးလည်း အဲ့သွေးကြောကိုထုတ်ပြီး အနာပေါ်လိမ်းလိုက်တာ။ တစ်နာရီတောင် မကြာဘူး ပျောက်သွားတယ်။ သမီးလုပ်ဖူးပါတယ် တကယ်ပျောက်တာ” ယိုကျင့်သည် အပြုံးချိုချိုလေနးှင့် သေချာရှင်းပြလေသည်။ ထိုသို့သော အသိပညာများ ပျံ့နှံ့သွားသည်က ကောင်းမွန်ပေသည်။ ရွာသားများသည် သာမန်လူများသာဖြစ်ရာ ထိုသူတို့အတွက် ငွေကုန်ပေါက်တစ်ခုသည် ပြဿနာတစ်ခုဖြစ်ပေသည်။
ယိုကျင့်၏စကားများကို ကြားသည်နှင့် သမားတော်မာ၏မျက်၀န်းများသည် တောက်ပလာသည်။
“အို အဲ့လောက် ထူးဆန်းတာလား” ထို့နောက် သူသည် ယိုကျင့်၏အခန်းထဲသို့ ၀င်သွားလိုက်သည်။ ထိုအရာကိုမြင်သည်နှင့် သမားတော်မာ၏ဇနီးသည်ဆီမှ ညည်းတွားဟန် ထွက်ပေါ်လာသည်။
“တကယ့်ကိုပဲ။ ဆေးတွေ ရောဂါတွေနဲ့ ပတ်သက်လာရင် အဲ့လူကြီးက တော်တော်ကို ရူးသွပ်သွားတာ”
ယိုကျင့်သည် ဘာကိုမျှ မဆိုဘဲ ပြုံးနေခဲ့သည်။
……..
သွေးကြောများကို လုံလောက်သွာ လိမ်းပြီး တစ်နာရီမျှအကြာ၌ ယိုကျူး၏ မျက်နှာပေါ်ရှိ ယောင်ရမ်းမှုသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ ယိုကျူးသည် သတိပြန်လည်မလာသောကြောင့် သမားတော်မာသည် အပ်ကိုယူကာ ယိုကျူး၏သွေးကြော၌ စိုက်လိုက်သည်။ ထိုသို့ဖြင့် ယိုကျူးလည်း သတိရလာတော့သည်။
သူမသည် မျက်လုံးကို အာပျော့စွာ ဖွင့်လိုက်ပြီးနောက် သူမ၏ညာဘက်ပါးနှင့် အခြားနေရာများ၌ ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ မျက်တောက်အနည်းငယ် ခတ်ပြီးချိန်၌ ယိုကျင့်သည် ဘေး၌ထိုင်ကာ သူမအား ပူပန်စွာ ကြည့်နေကြောင်း သိလိုက်ရသည်။
“စန်းကျဲ….”
ယိုကျူးအဆင်ပြေသည်ကို မြင်သည်နှင့် သူမသည် စိတ်သက်သာရာရကာ အမြန်ပြန်ဖြေလိုက်သည်။
“အစ်မဒီမှာရှိတယ်။ သက်သာရဲ့လား” ယိုကျင့်သည် ဤကမ္ဘာ၌ တစ်ဆယ့်နှစ်နှစ်ကျော်ကြာ ထိုကလေးများကို ပြုစုပျိုးထောင်ရင်း နေလာခဲ့သည်။ ထိုကလေးများအတွက် ကြိုးစားအားထုတ်မှုများ မရေမတွက်နိုင်အောင်ပင် ပြုလုပ်ခဲ့ရသည့်အတွက် သဘာ၀ကျစွာပင် ထိုကလေးများက သူမ၏အားနည်းချက် ဖြစ်လာခဲ့သည်။ ယိုကျူးသက်သာမှသာ သူမ၏တုန်လှုပ်နေသော နှလုံးသားသည် အနည်ထိုင်သွားတော့သည်။
ယိုကျူးသည် ဖြည်းဖြည်းသက်သာစွာ ခေါင်းရမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ ရှောင်ပါးရော ရှောင်ပါးဘယ်လိုနေသေးလဲ။ သူရော ဆူးစူးမိသေးလား”
ခူယားကောင်၏ဆူးဒဏ်ကို မခံစားဖူးသည့် ကလေးမရှိပေ။ ထို့ကြောင့် ထိုနာကျင်ကိုက်ခဲမှုသည် ခူယားကောင်၏ဆူးမှန်း ယိုကျူးနားလည်လိုက်ကာ ညီမဖြစ်သူ ဒဏ်ရာရမည်ကို ကြောက်ရွံ့နေခဲ့သည်။
ယိုကျင့်သည် ညီမဖြစ်သူ၏ သေးသွယ်သွာ် လက်လေးအား အသာအယာပုတ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ရှောင်ပါးကအဆင်ပြေပါတယ်။ ယိုပေါင်ကြည့်ပေးထားတယ်” ရှောင်ပါးသည် ပြဿနာမရှာတတ်သကဲ့သို့ ငိုယိုခြင်းလည်း မရှိပေ။ ထို့ကြောင့် ယိုကျင့်နှင့် အခြားလူများ သတိမထားမိခြင်းဖြစ်မည်ဟု တွေးမိကာ ပို၍ပင်စိုးရိမ်လာသည်။
ယိုကျူးသည် ခေါင်းကို အပြင်းအထန်ခါရမ်းနေတော့သည်။
“စန်းကျဲ တစ်ချက်လောက် သွားကြည့်လိုက်ပါ။ ရှောင်ပါးလည်း ဆူးစူးမိလောက်မှာ” ယိုကျူး၏ မျက်၀န်းများသည် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေကာ ယိုကျင့်အား ရှောင်ပါးကို သွားကြည့်ရန် အပြင်းအထန်တိုက်တွန်းနေသည်။
ယိုကျင့်သည် သဘောတူကြောင်းပြောလိုက်သည်။ “ဟုတ်ပါပြီ။ ခဏနေသွားကြည့်လိုက်မယ်။ အရင်ဆုံး ဘာတွေဖြစ်ခဲ့တာလဲ။ စပါးလှန်းတဲ့နေရာမှာ ဘယ်လိုလုပ် အဲ့လောက် ခူယားကောင်အများကြီးနဲ့ ထိမိလာတာလဲ” ယိုကျင့်သည် ညီမဖြစ်သူ၏ ဆိုးသွမ်းမှုကြောင့် ထိုသို့ဖြစ်ခဲ့သည်ဟု မတွေးပါချေ။ အကြောင်းပြချက်ရှိရမည်ပင်။
အစ်မဖြစ်သူ၏ မေးခွန်းကိုကြားသည်နှင့် ယိုကျူး၏မျက်၀န်းများသည် အရိုင်းဆန်လာတော့သည်။
“အဲဒါ ယွဲ့၀မ်ဝေ့ပဲ။ အဲ့ကောင်က အခြားလူတွေပါ ခေါ်လာပြီး ညီမတို့အပေါ် ခူယားကောင်တွေ ပစ်ချခဲ့တာ” ယိုကျူသည် သွားကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ ပြောလေသည်။ “ညီမတို့ကို ပတ်ပတ်လည်ဝိုင်းထားပြီး ထိုင်ရယ်နေကြတာ။ သူ့ကိုအလွတ်မပေးဘူး”
ယိုကျူးကို ထိုသို့ဖြစ်စေသူမှာ ယွဲ့၀မ်ဝေ့ဖြစ်ကြောင်း သိသည်နှင့် ယိုကျင့်၏မျက်၀န်းများ၌ ဒေါသမီးများ တောက်လောင်နေခဲ့သည်။ ယိုကျူးအား စိတ်ငြိမ်အောင် ချော့မော့ပြောလိုက်သည်။
“ယိုကျူးက လိမ္မာပါတယ်။ ယွဲ့၀မ်ဝေ့ကိစ္စကို အစ်မတာ၀န်ထား။ ဒဏ်ရာပျောက်ဖို့ပဲ သေချာအာရုံစိုက်နေ”
“စန်းကျဲ ညီမဘာသာလုပ်မယ်” ယိုကျူးသည် သူမကိုယ်တိုင်ပင် လက်စားချေချင်နေခဲ့သည်။
ယိုကျင့်သည် ခေါင်းကိုခါရမ်းလိုက်သည်။
“ယိုကျူး မင်းလက်သီးလက်မောင်းတန်းပြီး လုပ်လို့မရဘူး။ ညီမသူ့ကို အဲ့လိုသွားရန်တွေ့ရင် နောက်ဆုံး အဘွားက ညီမကိုရိုက်မှာပဲလေ။ အဲဒါဆို ဘယ်လိုလုပ် လက်စားချေတယ် ခေါ်မလဲ” ယိုကျင့်၏ စကားတိုင်သည် သူမ၏နှလုံးသားအား ဓားနှင့်စင်းနေသကဲ့သို့ပင် ဖြစ်နေသည်။ ယိုကျူးသည် ကျဆင်းတော့မည် မျက်ရည်များကို ကြိတ်မှိတ်ကာ ထိန်းလိုက်သည်။
“အဲဒါဆို သူတို့ကို ဒီလိုပဲ အနိုင်ကျင့်ခိုင်းနေရတော့မှာလား။ သမီးတို့က မိန်းကလေးဖြစ်ပြီး ပိုက်ဆံကုန်ပေါက်ဆိုတာနဲ့ အဲ့လို ရိုက်နှက်ဆူဆဲတာ ခံနေရမှာလား”
ယိုကျင့်သည် ယိုကျူး၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်ကာ တည်ငြိမ်ပျော့ပျောင်းစွာ ပြောလေသည်။
“ယိုကျူး မိန်းကလေးဖြစ်တာက အစ်မတို့တွေရဲ့ အမှားမဟုတ်သလို အခြားလူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံစရာမလိုဘူး။ မှတ်ထား ဘယ်တော့မှ ကိုယ့်ကိုကိုယ် အသုံးမ၀င်တဲ့အရာလို့ မတွေးမိစေနဲ့။ မိန်းကလေးဖြစ်တော့လည်း ဘာဖြစ်လဲ။ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး သန်မာအောင်နေလို့ရတယ်။ ဒါပေမဲ့ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်တာက မိုက်မဲလွန်းတယ်။ အစ်မတို့က အဲ့ကျောက်တုံးထက် ပိုသန်မာရမယ်။ သူတို့တွေက ကျောက်တုံးတွေဆိုတောင် သူတို့ကြောင်း ကွဲကြေသွားလို့ မဖြစ်ဘူး။ နားလည်လား”
အစ်မဖြစ်သူ၏ မျက်၀န်းသည် တည်ငြိမ်နေ၍ဖြစ်မည်၊ သို့မဟုတ် သူမ ပြောသည့်အသံသည် သာယာကာ ကြောင်းကျိုးဆက်စပ်နေ၍ဖြစ်ပေမည်။ ယိုကျူးသည် သတိလက်လွတ် ခေါင်းညိတ်မိခဲ့သည်။
“နားလည်ပါပြီ။ ညီမအရင်ကထက် သန်မာလာစေရမယ်။ အဲဒါဆို သမီးတို့ ညီအစ်မတွေကို ကာကွယ်လို့ရပြီ”
…