EYYJ အပိုင်း ၁၆

အပိုင် (၁၆) ခူစိမ်းကောင်

နေ့လယ်စာစားပြီးနောက် ယွဲ့ချန်လုသည် နွားလှည်းတစ်စီး လှည်းအပြည့်တင်ထားသည့် စပါးများကို အခြောက်ခံသည့်ကွင်းဆီသို့ မောင်းလာခဲ့လေသည်။ ချွေ့ဖုန်းရွာလယ်တွင် အခြောက်ခံကွင်းကြီးတစ်ခု ရှိသည်။ ကောက်ရိတ်ချိန်တွင် နှစ်တိုင်း အနှောင့်အယှက်ကင်းကင်း လှန်းနိုင်ရန် လွန်ခဲ့သည့်နှစ်အနည်းက ချွေ့ဖုန်းရွာက စပါးအခြောက်ခံသည့် ကွင်းအသုံးပြုပုံကို စည်းကမ်းသတ်မှတ်ထားလေသည်။ အိမ်ထောင်စုတစ်ခုစီက ပိုင်ဆိုင်သည့်လယ်ပမာဏပေါ်မူတည်ပြီး ခွဲတမ်းချထား၏။ ယွဲ့မိသားစုသည် လယ်များစွာပိုင်ပြီး ယွဲ့တာ့ဖူကလည်း မျိုးနွယ်ထဲတွင် မျက်နှာကြီးရာ စပါးအခြောက်ခံမည့်နေရာသည်လည်း တော်တော်ကျယ်ဝန်းလေသည်။

သည်လိုအချိန်မျိုးတွင် စပါးအများစုကို အခြောက်ခံကွင်းထဲတွင် အခြောက်ခံကြသည်။ ယွဲ့ချန်လုက နွားလှည်းပေါ်က စပါးများကို ချပြီး သူတို့၏ကိုယ်ပိုင်အခြောက်ခံကွင်းထဲတွင် နေလှန်းရန် ညီညီညာညာ ဖြန့်လိုက်၏။ ထို့နောက် ယိုကျူးနှင့် ယိုလော့တို့ကို လှည့်ကြည့်လိုက်ပြီး အမိန့်ဆန်ဆန် ပြောလိုက်လေသည်။

“ ငါတို့မိသားစုမှာ စပါးတစ်စေ့ လျော့တာနဲ့ နင်တို့နှစ်ယောက် ထမင်းတစ်နပ်လျှော့စားရမယ် နားလည်လား”

ဟုတ်ပါသည်။ စပါးခိုးသည့်ကိစ္စ ရွာမှာ အရင်ကဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယွဲ့ချန်လုက စပါးများကို ဆွဲသွားချိန်၌ ယွဲ့တာ့ဖူက လယ်ကွင်းထဲတွင် စပါးနှံများကောက်နေသည့် ယိုကျူးနှင့် ယိုလော့ကို ခေါ်သွားခိုင်းကာ အခြောက်ခံကွင်းထဲက စပါးများကို စောင့်ကြည့်ခိုင်းလိုက်သည်။

ယိုကျူးနှင့် ယိုလော့တော့သည် လက်ချင်းတွဲကာ ခေါင်းညိတ်ပြလိုက်၏။

“ သမီးနားလည်ပါပြီ”

တကယ်တော့ ညီအစ်မများကြားတွင် ယိုကျူး၏စိတ်ဓာတ်သည် ယိုကျင့်နှင့် အတူဆုံးဖြစ်သည်။ မျက်ရည်လွယ်ကြသည့် ညီအစ်မများနှင့်ယှဥ်လျှင် ယိုကျူးသည် ခန္ဓာကိုယ်အနှံ့ အညိုမည်းစွဲနေအောင် ရိုက်ခံရလည်း အံကြိတ်ကာ သည်းခံတတ်လေသည်။ သူမသည် အငယ်များကို ကူညီစောင့်ရှောက်ပေးတတ်လေသည်။ ထို့ကြောင့် ယိုကျင့်မှာ တော်တော်လေး စိတ်အေးရသည်။

ယွဲ့ချန်လုက နွားလှည်းမောင်းထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ယိုကျူးက လက်တစ်ဖက်ဖြင့် မျက်လုံးများကို ဆက်တိုက်ပွတ်နေသော အိပ်ငိုက်နေသည့် ယိုလော့ကို လက်တွဲကာ ထိုင်ဖို့ အရိပ်ရသည့်နေရာတစ်ခုကို ရှာလိုက်လေသည်။

“ ရှောင်ပါ့ လာ မမဘေးမှာ လာအိပ်”

ယိုလော့သည် အလွန်အိပ်ငိုက်နေရာ သူမ၏ခေါင်လေးမှာ ရှေ့သို့ ဆက်တိုက်ငိုက်ကျနေတော့သည်။ အစ်မရှောင်ဝူ စကားကိုကြားလိုက်ရပြီးနောက် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “အွန်း”

ထို့နောက် ယိုကျူးဘေးက မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး သူမဘေးတွင် လှဲချလိုက်ကာ အချိန်တိုအတွင်း အိပ်ပျော်သွားတော့သည်။

ယိုကျူးက လက်ထဲတွင် သစ်ရွက်ကြီးတစ်ခုကို ကိုင်ထားပြီး ယပ်ခပ်ကာ ယိုလော့အတွက်  ခြင်မောင်းပေးရင်း ကွင်းထဲတွင် နေလှန်းထားသည့် စပါးများကို ပျင်းရိငြီးငွေ့စွာ စောင့်ကြည့်နေတော့သည်။ သူမလည်း အနည်းငယ် အိပ်ငိုက်နေ၏။ သို့သော် မအိပ်ရဲ။ သူမ အိပ်ပျော်သွားလျှင် တစ်ယောက်ယောက်က သူတို့မိသားစု၏စပါးများကို လာခိုးပေလိမ့်မည်။

***

ယွဲ့ဝမ်ဝေ့သည် သူ့သူငယ်ချင်းများနှင့် နေ့ခင်းမွန်းတည့်ချိန်၌ တောရိုင်းသစ်သီးများကို သွားခူးရန် တောင်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် တက်သွားလေသည်။ တောင်ခြေတွင် အကြိမ်အနည်းငယ်လောက် ပတ်ခဲ့သော်လည်း အသီးတလုံးတလေမျှ ပင်မတွေးချေ။ စိတ်ပျက်ပျက်နှင့် သူငယ်ချင်းများနှင့်အတူ ပြန်လာခဲ့လေသည်။ အခြောက်လှန်းသည့်ကွင်းကို ဖြတ်လာချိန်၌ သူတို့ထဲကတစ်ယောက်က ယွဲ့ဝမ်ဝေ့ကို တတောင်ဖြင့်တွတ်လိုက်ပြီး

“ ဝမ်ဝေ့ ဟိုနားက နှစ်ယောက်က မင်းဒုတိယဦးလေးရဲ့ ဆန်ကုန်မြေလေးတွေမလား”

ယွဲ့ဝမ်ဝေ့နှင့် ဆက်ဆံရေးကြောင့် ရွာထဲက သူ့လိုပင် အာချောင်တတ်သည့် ပါးစပ်ကြီးကောင်ပေါက်အရွယ် ကောင်လေးများကလည်း ယိုကျင့်နှင့် ညီအစ်များကို နောက်ကွယ်တွင် ထိုသို့ခေါ်ကြလေသည်။ ယွဲ့ဝမ်ဝေ့သည် ဘာအသီးမှ မခူးလာရသဖြင့် စိတ်မကြည်ဖြစ်လာ၏။ ထို့ကြောင့် အာ့ကောဇီက သူ့ဒုတိယဦးလေး၏ ဆန်ကုန်မြေလေးအများအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သာမန်ကာလျှံကာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ညစ်ပတ်နံစော်နေသည့် ယွဲ့ယိုကျူး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ရုတ်တရက် စိတ်ဝင်စားသွားပြီး မလိုမုန်းထားစွာ မျက်နှာကို မဲ့ကာ ကြီးကောင်ပေါက်အရွယ်ကောင်လေးများကို လက်ယက်ပြလိုက်လေသည်။

“ သွားစို့၊ ငါတို့ သူတို့ကို သွားခြောက်ကြမယ်”

ညီမလေးကို ချော့သိပ်ရင်း ယိုကျူးသည် ပျင်းရိငြီးငွေ့ကာ သမ်းဝေလိုက်၏။ အန္တရာယ်က နောက်မှ တိတ်တဆိတ်ရောက်လာသည်ကို သတိမထားချေ။ ယွဲ့ဝမ်ဝေ့နှင့် တခြားကောင်လေးများသည် ယိုကျူးနောက်က ခပ်လှမ်းလှမ်းတွင် တိတ်တိတ်လေး အလစ်ဝင်ကာ သစ်ကိုင်းပေါ်က ခူကောင်တချို့ကို ဖမ်းလိုက်လေသည်။ တွန့်လိမ်ကာ သွားနေသည့် ခူကောင်၏ လေးဖက်လေးတန်ကျောပေါ်က ဆူးချွန်များကို  ကြည့်ကာ ယွဲ့ဝမ်ဝေ့သည် စဥ်းလဲသည့်အပြုံးတစ်ခုကို ထုတ်လိုက်လေသည်။

တစ်ဖက်တွင်တော့ သူနှင့်လိုက်လာသည် ကောင်လေးများက တွန့်ဆုတ်နေကြ၏။

“ဝမ်ဝေ့ ခူကောင်တစ်ကောင် ဆူးခံရရင်တောင် အချိန်အကြာကြီး နာနေတာ ငါတို့တွေ သူတို့ကို ဒီအတိုင်း ခြောက်လန့်ကြမယ်လေ”

နောက်ဆုံး သူတို့သည် မိန်းကလေးငယ်လေးများ ဖြစ်လေသည်။ ယောက်ျားများအနေဖြင့် မိန်းကလေးငယ်များကို အနိုင်ကျင့်သည်က အနည်းငယ်ရှက်စရာကောင်းလေသည်။

ယွဲ့ဝမ်ဝေ့သည် သူတို့ကို ကျေနပ်နေသည့်ရုပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး

“ဘာလဲ ကြောက်နေပြီလား၊ ယောက်ျားမပီသလိုက်တာကွာ”

ကြီးကောင်ပေါက်အရွယ် ကောင်လေးများသည် ထိုယောက်ျားပီသသည်ဟု ခေါ်သည့် အကြောင်းအရာပေါ် အလေးအထားဆုံး ဖြစ်သည်။ ထိုလေသံကို သည်းမခံနိုင်တော့ သူတို့သည် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။

“ ငါမလုပ်ရဲဘူးလို့ ဘယ်သူပြောလဲ”

ယွဲ့ဝမ်ဝေ့ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။

“ မင်းတို့ တကယ်ပဲ သတ္တိရှိရင် ခူကောင်တွေကို သွားဖမ်းခဲ့လေ၊ သူတို့ကိုအတူတူသွား ခြောက်ကြမယ်”

ကောင်လေးတချို့သည် မြန်မြန် သွားလိုက်ကြလေသည်။ တစ်လှမ်း နှစ်လှမ်းလောက် လျှောက်လိုက်ပြီးနောက် သူတို့သည် သစ်ပင်ပေါ်တက်ကာ ခဏအကြာ လက်ထဲတွင် ခူကောင်များနှင့် ဆင်းလာကြ၏။ သူတို့ ယိုကျူးနောက်မှ တိတ်တိတ်လေး ချဥ်းကပ်လာကြတော့သည်။

“ဝါးးးး” ယွဲ့ဝမ်ဝေ့သည် ယိုကျူးနောက်က အရင်အော်လိုက်လေသည်။ ထင်ထားသည့်အတိုင်း ယိုကျူးက လှည့်ကြည့်လိုက်၏။ သူမ မတုံ့ပြန်ခင်မှာပင် ယွဲ့ဝမ်ဝေ့က လက်ဦးသွားတော့သည်။ ကောင်လေး ၄-၅ယောက်တို့သည် သူတို့၏တုတ်ချောင်းများကို ပစ်ထည့်လိုက်လေသည်။

ယိုကျူး၏မျက်နှာသည် ယွဲ့ဝမ်ဝေ့ ပထမဆုံးပစ်ထည့်လိုက်သည့် ခူကောင်ကြောင့် စူးသွားတော့သည်။ ကြောက်စရာကောင်းသည့် ဆူးတစ်ချောင်း ထောင်တက်လာ၏။ ယိုကျူးသည် အံကြိတ်ရင်း နာကျင်မှုကို သည်းခံထားကာ သူမကိုယ်သူမ ယိုလော့ပေါ်သို့ မြန်မြန်အုပ်ထားလိုက်လေသည်။ ထို့ကောင်လေးများ၏ အခိုက်တန့် တုံ့ဆိုင်းသွားခြင်းကြောင့် သူတို့သည် ကျန်တစ်ဝက်ကို နောက်မှ လှမ်းပစ်လိုက်ကြသည်။ ကျန်သည့် ခူကောင်လေးကောင်းသည် ယိုကျူး၏ကျောပေါ်သို့ ကျသွားတော့သည်။ ယိုလော့ပေါ်သို့ တစ်ကောင်သာကျသွား၏။ သူမ၏ဘောင်းဘီကို ခေါက်တင်ထားပြီး ခြေထောက်ပေါ်နေသောကြောင့်ပင်။ အိပ်နေရင်းမှာ ယိုလော့သည် ရုတ်တရက် ပူလောင်သည့်နာကျင်မှုကြောင့် နိုးသွားပြီး ချက်ချင်းထငိုတော့သည်။

“ အစ်မရှောင်ဝူ နာတယ် နာတယ်”

ယိုလော့ငိုသံက အနီးနားရှိ စပါးများကို စောင့်နေသည့် လူများ၏အာရုံကို ဆွဲဆောင်လိုက်လေသည်။ ကောင်လေးတချို့က ယွဲ့မိသားစုက မိန်းကလေးငယ်လေးများကို အနိုင်ကျင့်နေကြသည်ကို အဒေါ်ကြီးနှစ်ယောက် မြင်သွားပြီး သူတို့ကိုမောင်းထုတ်ရန် ကြိမ်တုတ်တစ်ခုကို မြန်မြန် ကောက်ယူလိုက်တော့သည်။

“ နင်တို့ မရှက်ကြဘူးလား၊ ကြီးကောင်ပေါက်အရွယ်ကောင်လေးတစ်အုပ်က မိန်းကလေးငယ်နှစ်ယောက်ကို အနိုင်ကျင့်နေရတယ်လို့”

ယွဲ့ဝမ်ဝေ့၏ ရည်ရွယ်ချက် အောင်မြင်သွားလေသည်။ သို့သော် သူ့မူလအစီအစဥ် ယိုကျူး သူမကိုယ်သူမ အရူးလုပ်နေသည်ကို စောင့်ကြည့်ရန်ဖြစ်လေသည်။ မျှော်လင့်မထားဘဲ အဒေါ်ကြီးနှစ်ယောက်က သူတို့ကို လာမောင်းထုတ်သဖြင့် သူ တို့ကို မျက်နှာတစ်ချက်ပြပြီး ဝှစ်ခနဲ ရှေ့ကဦးအောင် ထွက်ပြေးခဲ့တော့သည်။ ကောင်လေးများက သူထွက်ပြေးသွားသည်ကိုမြင်တော့ သူတို့အားလုံး လူစုခွဲလိုက်ကြလေသည်။ နေရာအနှံ့တွင် ခူကောင်ဆူးစူးကာ နာကျင်သဖြင့် သတိလစ်သွားသည့် ယိုကျူးနှင့် အော်ငိုနေသည့် ယိုလော့ကို ထားခဲ့ကြလေသည်။

တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားသည့် အဒေါ်ကြီးနှစ်ယောက် တစ်ချက်လောက် စူးစမ်းရန် မြန်မြန်ရောက်လာကြ၏။ ခူကောင်းတော်တော်များများက ယိုကျူး၏ကျောပေါ်တွင် တွန့်လိမ်ကာ သွားနေကြသည်ကို သတိထားမိသွားတော့သည်။ ကျန်းမျိုးရိုးအမည်ရှိ အဒေါ်ကြီးတစ်ယောက်က တုတ်တစ်ချောင်းကို ယူကာ ယိုကျူးကိုယ်က ခူကောင်အားလုံးကို ဖယ်ထုတ်ပေးလိုက်ပြီးနောက် ကျိုးမျိုးရိုးအမည်ရှိ တခြားအဒေါ်ကြီးက ယိုကျူးကို ဆွဲလှည့်လိုက်လေသည်။ ယိုကျူး၏ ဘယ်ဖက်ပါးသည် ဆူးစူးထားသဖြင့် ယောင်ကာ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။ ကြောက်စရာကောင်းလွန်းလှသည်။

သည်အခိုက်တွင် ယိုလော့သည် သူမ၏နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ယိုကျူး၏ လက်မောင်းကို အလန့်တကြား ဆွဲဖက်လိုက်ပြီး

“ အစ်မရှောင်ဝူ အစ်မရှောင်ဝူ”

အဒေါ်ကျန်းသည် အခြေအနေအလွန်ဆိုးနေသည်ကို မြင်လိုက်ရပြီး အခြောက်လှန်းကွင်းထဲ သူမနှင့်အတူတူ လိုက်လာသည့် သူမ၏မြေးကို လှမ်းခေါ်လိုက်လေသည်။

“ ယွဲ့အိမ်ကိုသွားပြီး ယိုကျင့်ကို သွားခေါ်ခဲ့၊ ရှောင်ဝူနဲ့ရှောင်ပါ့တို့ ပြဿနာဖြစ်လို့လို့လဲ ပြောခဲ့အုံး”

ယွဲ့မိသားစု၏ ဒုတိယမိသားစုမှ သမီးများသည် အချစ်မခံရသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ အဒေါ်ကျန်းက အဘွားချန်ကိုခေါ်ခိုင်းလျှင် သေချောပေါက် လစ်လျူရှုထားမည်ကို သိနေသည်။

“ဟုတ်” ၇နှစ်အရွယ်ကလေးမလေးက မြန်မြန်ပြေးထွက်သွားတော့သည်။ ထို့ကြောင့် မျက်စိတမှိတ်အတွင်း မြင်ကွင်းထဲမှဦ ပျောက်သွား၏။

ယိုလော့သည် မြေကြီးပေါ်တွင် ဒူးတုတ်ထိုင်ရင်း ငိုနေလေရာ မျက်ရည်များ စီးကျနေလေသည်။

“ အစ်မရှောင်ဝူ  အစ်မရှောင်ဝူ ထပါအုံး”

ယိုလော့မှာ ဘာဖြစ်နေမှန်းမသိချေ။ နာကျင်မှုကြောင့် အိပ်နေရာမှ ရုတ်တရက်နိုးလာပြီး အကြီးဆုံးဦးလေးအိမ်က တတိယဝမ်းကွဲအကို၏ အော်ရယ်သံကို ကြားလိုက်လေသည်။ သို့သော် အစ်မရှောင်ဝူက ဘာကြောင့် မေ့မျောသွားရပါသနည်း။

အဒေါ်ကျိုးသည် ရွာထဲက ကလေးတစ်ယောက် ခူစိမ်းကောင် ဆူးစူးခံရပြီး ရက်အနည်းငယ်လောက် သတိလစ်သွားပြီးနောက် သေဆုံးသွားသည်ကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ယိုကျူး၏ပုံစံကို ကြည့်လိုက်ပြီး ကူညီရမည်ကို အနည်းငယ် ကြောက်ရွံ့သွားတော့သည်။ သူမ ဘာမှမပြောဘဲ ထွက်လိုက်လေသည်။

အဒေါ်ကျန်းက သူမ သဘောမကျသလို လှမ်းကြည့်လိုက်၏။ သူတို့အားလုံးက တစ်ရွာတည်းသားတွေလေ။ ကလေးတစ်ယောက် တစ်ခုခုဖြစ်နေတာကို ဘယ်လိုလုပ်ပြီး မမြင်သလို ရှောင်သွားနိုင်ရတာလဲ။ သူမ အရင်ဆုံး ယိုလော့ကို ချော့မော့ကာ ညင်ညင်သာသာ ပြောလိုက်လေသည်။

“ ရှောင်ပါ့ သမားတော်မာရဲ့ အိမ်ကို မှတ်မိလား”

ယိုလော့သည် ခေါင်းကို စောင်းထားရင်း တစ်နေ့လုံး ပြုံးရွှင်နေသည့် သမားတော်မာကို ပြန်သတိရသွားကာ အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။

“ အွန်း ရှောင်ပါ့ သိတယ်”

“ ရှောင်ပါ့က အရမ်းဉာဏ်ကောင်းတာပဲ၊ အခု အစ်မရှောင်ဝူက သတိမေ့နေလို့ အဘွားကျန်းက ဒီမှာ အစ်မဝူကို စောင့်ရှောက်ထားပေးမယ်၊ သမီးက သမားတော်မာအိမ်ကို သွားပြီး သူ့ကို သွားခေါ်ပေးပါလား၊ သမားတော်မာ ရောက်လာရင် သမီးရဲ့အစ်မဝူ နိုးလာလိမ့်မယ်”

အမျိုးသမီးကျန်းသည် ရှောင်ပါ့ကို ချစ်ခင်စွာကြည့်ရင် ချော့မော့ကာ ဆက်ပြောလိုက်လေသည်။

“ ရှောင်ပါ့က ၄နှစ်တောင်ပြည့်သွားပြီပဲ၊ သမီး သမားတော်မာကို သွားရှာနိုင်တယ်လေ ဟုတ်တယ်မလား”

ရှောင်ပါ့သည် မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ပြီး အခြောက်ခံကွင်းထောင့်က ကျောက်တုန်းလေးကို အားပြုကာ တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်လေသည်။ ထို့နောက် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေသည်။

“ရှောင်ပါ့ သမားတော်မာကို သွားရှာခဲ့မယ်နော်”

ထို့နောက် သမားတော်မာအိမ်သို့ ထော့နဲ့ ထော့နဲ့ဖြင့် လှည့်ကာ ထွက်သွားလိုက်တော့သည်။

အမျိုးသမီးကျန်း၏ မြေးမလေး ရှောင်ခယ့်သည့် ယွဲ့အိမ်သို့ မြန်မြန်ပေးသွားလိုက်သော်လည်း ယိုကျင့်နှင့် မတွေ့ပေ။ ရှောင်ကျို့ကို ပွေ့ကာ ခြံတံခါးတွင် ထိုင်နေသည့် ယိုပေါင်ကိုသာ မြင်လိုက်ရသည်။ ရှောင်ခယ့်သည် ခါးထောက်ကာ ယိုပေါင်ရှေ့ရင်လိုက်ရင်း အသက်ဝဝရှူလိုက်ပြီး ပြောလိုက်၏။

“ ယိုပေါင် ဘယ်မှာလဲ နင့်စန်းကျဲ ဘယ်မှာလဲ…”

ယိုပေါ် အနည်းငယ်တွေဝေသွားပြီး မသင်္ကာသလို မေးလိုက်၏။

“ ဘာလို့ စန်းကျဲကို ရှာတာလဲ၊ စန်းကျဲ အိမ်မှာမရှိဘူး၊ သူ ရွာအနောက်ဖက်က လယ်မှာ စပါးသွားရိတ်နေတယ်”

ရှောင်ခယ့် အသက်ရှူမှန်အောင်လုပ်လိုက်ပြီး ခက်ခက်ခဲ့ တံတွေးမျိုချကာ လည်ချောင်းခြောက်သံဖြင့် ပြောလိုက်လေသည်။

“ နင့်အစ်မရှောင်ဝူနဲ့ ရှောင်ပါ့တို့လေ၊ သူတို့တွေ အခြောက်ခံကွင်းထဲမှာ အနိုင်ကျင့်ခံရလို့၊ ငါ့အဘွားက နင့်အစ်မစန်းကျဲကို လာရှာခိုင်းလိုက်တာ”

အစ်မရှောင်ဝူနှင့် ရှောင်ပါ့တို့အနိုင်ကျင့်ခံရသည်ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက်တည်း ရှောင်ဝူ စိုးရိမ်တကြီး ထရပ်လိုက်လေသည်။

“ ဘယ်သူအနိုင်ကျင့်တာလဲ”

ရှောင်ခယ့်သည် ခေါင်းခါပြလိုက်ပြီး

“ ငါလည်း မသိဘူး၊ ငါ့အဘွားက ဒီကိုလာပြောခိုင်းလို့”

ထိုအချိန်က သူမသည် သူမတို့၏အခြောက်ခံကွင်းရှေ့တွင် ရပ်နေပြီး အဝေးမှ ကောင်လေးတချို့ အော်ရယ်နေသည်ကို မြင်လိုက်သော်လည်း ဘယ်သူမှန်း သေသေချာချာ မတွေ့လိုက်ချေ။

ယိုပေါင်သည် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသည့် ရှောင်ကျို့ကို ကြည့်လိုက်ပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။ သူမ ရှောင်ခယ့်ကို တောင်းဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး

“ ရှောင်ခယ့် နင် ငါ့အစ်မစန်းကျဲကို ကူရှာပေးပါလား၊ ငါ့အမေရဲ့ကျန်းမာရေးကလည်း မကောင်းဘူး၊ ပြီးတော့ ရှောင်ကျို့ကလည်း ဒီနှစ်ရက်လောက်မှ နေပြန်ကောင်းလာတာ၊ ငါသူတို့ကို ဒီအတိုင်းထားခဲ့လို့ မရလို့…”

ရှောင်ခယ့် ခေါင်းညိတ်ပြလိုက်၏။

“ အင်း ဒါဆို ငါ နင့်အစ်မစန်းကျဲကို မြန်မြန်သွားရှာလိုက်မယ်”

ပြောပြီးသည်နှင့် ယိုကျင့်ကိုသွားရှာရန် ရွာအနောက်ဘက်သို့ ခပ်ခပ်မြန်မြန် လျှောက်သွားလိုက်တော့သည်။

တစ်ဖက်တွင်တော့ ယိုလော့သည် တစ်လမ်းလုံး ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာကာ နောက်ဆုံး သမားတော်မာ၏အိမ်သို့ ရောက်လာတော့သည်။ သမားတော်မာ၏အိမ်တံခါး အပြင်ဘက်တွင်ရပ်ကာ ယိုလော့သည် သူမ၏လက်လေးကို မြောက်ကာ သစ်သားတံခါးကို ခပ်ပြင်းပြင်း ပုတ်လိုက်လေသည်။

“သမားတော်မာ ၊ သမားတော်မာ သမားတော်မာအိမ်မှာရှိလား”

သမားတော်မာသည် လူငယ်အရွယ်ကတည်းက မြို့တော်တွင် အလုပ်လုပ်ပြီး ငွေများကို စုဆောင်းခဲ့လေသည်။ သူမိသားစုဝယ်ထားသည့် မြေဧကအနည်းငယ်ကို တခြားလူများအား စိုက်ပျိုးရန် အငှားချထားသည်။ ထို့ကြောင့် သူ့တွင် ရိတ်သိမ်းစရာ မြေမရှိချေ။ သမားတော်မာသည့် အိမ်တွမ် နေ့လယ်စာစားပြီး တမှေးမှေးနေစဥ် အိမ်ပြင်က တစ်စုံတစ်ယောက်ခေါ်သံ ကြားလိုက်ရ၏။ ချက်ချင်း ထကာ တံခါးဖွင့်လိုက်ရာ ငိုယိုနေသည့် သုံး လေးနှစ်အရွယ်ကလေးမလေးကို တွေ့လိုက်လေသည်။ ထို့ကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်နှာပေါ်က မျက်ရည်များကို ခြောက်သွားအောင် လက်ဖြင့်သုတ်ပေးလိုက်ပြီး သိမ်မွေ့သည့်အသံဖြင့် မေးလိုက်လေသည်။

“ ဘယ်သူ့ကလေးလဲကွယ်၊ ဘာလို့ ဒီကိုရောက်လာတာလဲ”

“အစ်မရှောင်ဝူ သတိလစ်သွားလို့၊ အခြောက်ခံကွင်းထဲမှာ၊ အဘွားကျန်းက ပြောတယ်၊ သမားတော်မာကို သွားရှာရင် အစ်မရှောင်ဝူ နိုးလာလိမ့်မယ်တဲ့…”

ရှောင်ပါ့သည် ငိုရင်း တစ်လမ်းလုံး ပြေးလာခဲ့ရသည်။ အမျိုးသမီးကျန်း၏ စကားများထဲက အရေးကြီးသည်များကိုသာ ဆို့နင့်စွာ ပြောလိုက်လေသည်။

သမားတော်မာသည် အစက နောက်ပြောင်တတ်သည့်ကလေးလေးဟု တွေးကာ ပြုံးထားသော်လည်း တစ်ယောက်ယောက် သတိလစ်နေသည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းထရပ်လိုက်ပြီး

“ ကလေး ဒီမှာစောင့်၊ သမားတော်မာ ဆေးသေတ္တာသွားယူလိုက်အုံးမယ်”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset