အပိုင်း (၁၈) ညဖက်မှာ ငါးကင်စားကြတယ်
ယိုကျင့် ပြုံးရင်း လက်ဆန့်လိုက်ပြီး ယိုကျူး၏ ခေါင်းလေးကို သပ်ပေးလိုက်၏။
“ အင်းပါ ညီမလေး ကြီးလာရင် စန်းကျဲက ညီမလေးကို ကာကွယ်ခွင့်ပေးမယ်နော်”
အတိအကျပင်။ ယိုကျင့်၏စကားကြောင့် ညီအစ်မများနှင့် မိသားစုကို ကာကွယ်ပေးချင်သည့် ယိုကျူး၏ ဆုံးဖြတ်ချက်မှာ ပိုခိုင်မာလာတော့သည်။ နောက်ပိုင်း သူကြီးလာရင်း လက်မထပ်ဘဲ ယိုကျင့်နောက်လိုက်မှာလို့ ပြောပြီး အမေ့ကို ခေါင်းကိုက်အောင်လုပ်တော့မယ်။
လက်ရှိအခြေအနေတွင် ယိုကျူး သက်သာလာသည်ကို မြင်လိုက်ရပြီးနောက် ယိုကျင့်က သမားတော်မာနှင့် သူ့ဇနီးကို ယိုကျူးအား စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့လေသည်။ အခြောက်လှန်းကွင်းဆီသို့ ပြန်လာပြီး ယိုလော့၏အခြေအနေကို သွားကြည့်လိုက်၏။
ယိုလော့၏ခြေသလုံးသည် ခူကောင်ဆူးကြောင့် ယောင်ကာနီရဲနေသည်။ ခူကောင်သွေးကြောကို လိမ်းပေးလိုက်ပြီးနောက် ယိုကျင့်ကာ ယိုလော့၏ခေါင်းလေးကို အသာပုတ်ကာ ချီးကျူးပေးလိုက်သည်။
“ အဘွားကျန်းက ပြောတယ် အစ်မရှောင်ဝူကို ကယ်ဖို့ ရှောင်ပါ့က သမားတော်မာကို သွားပင့်ခဲ့တာဆို ဆူးစူးထားတာတောင် မငိုဘူးတဲ့၊ ငါတို့ ရှောင်ပါ့လေက တော်လိုက်တာ”
ရှောင်ပါ့သည် ခြေထောက်တွင် ဆူးစူးထားသောကြောင့် မူလက ငိုချင်နေလေသည်။ အခုတော့ စန်းကျန်က သူမကို ချီးကျူးလိုက်ရာ ချက်ချင်းပင် သူမ၏ရင်ဘတ်လေးကို ဖွင့်ပြီး ပျော်သွားတော့သည်။
“ ရှောင်ပါ့ မနာဘူး”
ယိုပေါင်သည် ယိုလော့၏ အနည်းငယ်နီရဲနေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး လက်နောက်ပစ်ကာ ခစ်ခနဲ ရယ်လိုက်လေသည်။
“ နာလို့ဆိုပြီး အခုလေးတင် ငိုနေတာဘယ်သူပါလိမ့်၊ အခုကျတော့ လုံးဝမနာတော့ဘူးတဲ့၊ ငါတို့ရှောင်ပါ့က တကယ်ကြီးမြန်တာပဲ”
“အစ်မရှောင်လျို့နော်”
ရှောင်ပါ့သည် ယိုကျင့်ကို နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။
“စန်းကျဲ အစ်မရှောင်လျို့က သမီးကို ရယ်နေတယ်”
“ အင်းပါ အင်းပါ ထပ်မပြောတော့ဘူး၊ ယိုပေါင် နင် ဒီမှာ သူတို့ကို ခေါ်ပြီး စောင့်နေလိုက်၊ ငါ နင်တို့အစ်မဝူကို သွားကြည့်လိုက်အုံးမယ်၊ အဆင်ပြေရင် ငါ လယ်ထဲ အလုပ်ပြန်လုပ်တော့မယ်”
သူတို့ကို ညွှန်ကြားလိုက်ပြီးနောက် ယိုကျင့်သည် အဘွားကျန်းကို ကျေးဇူးတင်စကား သွားပြောလိုက်လေသည်။
“ အဘွားကျန်း ရှောင်ခယ့်နဲ့ သမီးကို လာပြောခိုင်းလို့ ကျေးဇူးတင်ပါတယ်၊ အဘွားသာ ညီမလေးတွေကို ကူညီ မကာကွယ်ပေးခဲ့ရင် တစ်ခုခု ဖြစ်သွားလောက်ပြီ”
အဘွားကျန်းသည် ညင်သာစွာပြုံးလိုက်ပြီး လက်ခါပြကာ
“ ငါတို့အားလုံးက တရွာထဲသားချင်းတွေပဲ၊ ယိုကျင့် ငါ့ကို အဲလောက်ယဥ်ကျေးစရာမလိုပါဘူး၊ ရှောင်ဝူရော သက်သာလား”
အဘွားကျန်းသည် ယွဲ့မိသားစု၏ ဒုတိယမိသားစုမှ သမီးများကို အလွန်ချစ်ခင်လေသည်။ သူတို့အားလုံးသည့် အလွန်သိတတ်လိမ်မာကြလေသည်။ သို့သော် ယွဲ့မိသားစုမှ တခြားကလေးများကို စဥ်းစားမိလိုက်ချိန်တွင်တေ့ အဘွားကျန်း မျက်မှောင်ကျုံ့သွားတော့သည်။
“ ငါ အများကြီး ပြောချင်လို့မဟုတ်ပါဘူး၊ နင်တို့ဦးကြီးအိမ်က အဲဒီဝမ်ဝေ့က လုံးဝဆင်ခြင်ဉာဏ်မရှိတာ၊ အပြင်လူတွေကို သူမိသားစုကိုအနိုင်ပေးကျင့်ခဲ့တယ်လေ”
ထိုစကားနားထောင်လိုက်ပြီး ယိုကျင့် စကားများများ မပြောခဲ့ချေ။ မျက်လုံးများကိုသာ အောက်ချလိုက်၏။ သူမ၏နှုတ်ခမ်းထောင့်မှာ အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားတော့သည်။
“ ဝမ်ဝေ့က ငယ်သေးလို့ပါ၊ ဒါကြောင့် သူမတွေးတတ်သေးတာ၊ အဲလိုပြောမှ သမီး အဘွားကျန်းကို မေးစရာရှိသေးတယ်၊ ဒီနေ့ ဝမ်ဝေ့လုပ်ခဲ့တာကို အဘွားတစ်ယောက်ပဲ မြင်တာပေါ့နော်၊ အဲအကြောင်း မပြောဖို့ တောင်းဆိုချင်လို့ပါ၊ သမီးတို့မိသားစုအခြေအနေကိုလည်းအဘွားသိပါတယ်….”
ယိုကျင့်၏ ‘ရှုပ်ပါတယ်’ ဟူသည့်အမူအရာကို ကြည့်လိုက်ပြီး အဘွားကျန်း သက်ပြင်းအသာအယာ ချမိလေသည်။
“ ဪ ငါနားလည်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ မြင်လိုက်တာ ငါတစ်ယောက်ထဲ မဟုတ်ဘူး၊ အစ်မကြီးကျိုးလဲ မြင်လိုက်တယ်၊ ငါ သူ့ကို ပြောလိုက်ရင်တော့ အဆင်ပြေသွားမှာပါ”
“ဒါဆို အဘွားကျန်းကိုပဲ ဒုက္ခပေးရတော့မယ်”
ယိုကျင့် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ နောက်ဆုံး အဘွားချန် ဒီအကြောင်း သိသွားရင် အမဲကို အဖြူဖြစ်အောင် လုပ်အုံးမှာပဲ။ ဒါမှမဟုတ် မတရားပြန်ရိုက်ချင်ရိုက်အုံးမှာ။ အပေါ်ယံမှာတော့ ဒီကိစ္စကို ဒီအတိုင်းကျော်သွားလိုက်မယ်ပေါ့လေ။ ကိုယ်တိုင်အတွက်တော့ ယိုကျင့် ဘယ်လိုပဲ လက်တုံ့ပြန်ချင်လည်း ဒါက သူ့အပိုင်းဖြစ်သွားပြီ။
သူမ ယိုကျူး၏အခြေအနေကို အတည်ပြုရန် သမားတော်မာထံ ပြန်လာခဲ့၏။ သမားတော်မာသည် ဆေးကျိုပြီး ယိုကျူးကို ဆေးတိုက်ထားလေသည်။ ယိုကျူးခန္ဓာကိုယ်ပေါ်က အနီစက်များနှင့် ယောင်ရမ်းခြင်းတို ပျောက်လုနီးပါးဖြစ်သွားသည်ကို တွေ့လိုက်ရပြီး ယိုကျင့် စိတ်အေးရလေသည်။
“ သမားတော်မာကို ကျေးဇူးတင်ပါတယ်၊ အရင်ဆုံး ဒီဆေးဖိုးကို အကြွေးလို့ မှတ်ပေးပါနော်….”
ယိုကျင့်သည် အလွန်ရှက်မိသော်လည်း သူမတွင် ငွေတပြားမှ မရှိချေ။ ထို့ကြောင့် ရှက်ရှက်နှင့်ပင် အကြွေးမှတ်ထားခိုင်းရတော့သည်။
သမားတော်မာက ပြုံးကာ ပြန်ပြော၏။
“ ရပါတယ် အပူနဲ့ အဆိပ်တွေကို ဖယ်ရှားဖို့ ဆေးပင်လေးနည်းနည်း သုံးလိုက်တာပါ၊ ဒါတွေအားလုံးကို တောင်ပေါ်က ကိုယ်တိုင်ခူးထားတာ၊ အများကြီးမတန်ပါဘူး၊ ပြီးတော့ မင်းကလည်း ငါ့ကို ဆေးညွှန်းကောင်းတစ်ခု ပေးခဲ့တယ်၊ ငါ့ပိုက်ဆံတောင် မယူခဲ့ဘူး၊ ပိုပြီးအကျိုးရှိတာက ငါပါ”
သမားတော်မာက သူမကို ဖြေသာအောင် တမင်ပြောလိုက်သည်ကို ယိုကျင့်ခံစားမိလိုက်၏။ သမားတော်မာအပေါ် အကြွေးအများအပြားရှိပြီး သမားတော်မာ၏စေတနာကို စိတ်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်လေသည်။ နောက်ပိုင်း သူမတွင် အရည်အချင်းပြည့်လာလျှင် သမားတော်မာ၏ စေတနာများကို ကျေးဇူးပြန်ဆပ်ရမည်။
ရွာအနောက်ပိုင်းရှိ လယ်ကွင်းဆီသို့ ပြန်လာချိန်၌ အလွန်စိုးရိမ်နေသည့် ယိုရင်က သူမဆီ အပြေးလာကာ မေးတော့သည်။
“စန်းကျဲ ရှောင်ဝူ ဘယ်လိုနေလဲ”
သူမသည် ယိုရင်၏ ပခုံးကို ပုတ်ကာ စိတ်အေးလက်အေး ပြောပြလိုက်၏။
“ အားလုံးအဆင်ပြေသွားပါပြီ ၊ ကလေးက ကစားကြတာပဲကို ဘာကိစ္စကြီးကြီးမားမား ရှိမှာလဲ”
ယိုကျင့်သည် ယိုရင်၏စိတ်ကို သိလေသည်။ သူမကို အမှန်ပြောပြလိုက်လျှင် သေချာပေါက် အတွေးလွန်ပေတော့မည်။ မပြောတာပဲ ကောင်းလေသည်။
စန်းကျဲပြောသည့်စကားကို ယိုရင် ယုံသွားတော့သည်။ သူမ အလွန်စိတ်အေးသွားပြီး
“ ဘာမှမဖြစ်လို့ တော်သေးတာပေါ့၊ ရှောင်ခယ့် အစ်မဆီ အပြေးအလွှားရောက်လာတုန်းက ပြဿနာကြီး တစ်ခုခုဖြစ်ပြီ ထင်လိုက်တာ”
ယိုရင်သည် အာရုံစူးစိုက်မှုအားကောင်းသော်လည်း ယိုကျင့်ကိုတော့ အကြွင်းမဲ့ယုံလေသည်။ သူမရှင်းပြလိုက်သည့်စကားကို ကြားလိုက်ပြီး ယုံသွားကာ နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။
တစ်ဖက်တွင်တော့ ယွဲ့တာ့ဖူသည် ယိုကျင့် ပြန်လာကတည်း ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဘာတစ်ခွန်းမှ မမေးချေ။
***
ကောက်ရိတ်သိမ်းချိန်သည် မနက်လင်းကြက်တွန်သည့်အချိန်မှ ညပိုင်း မီးများထွန်းသည်အထိ ဖြစ်လေသည်။ နောက်ဆုံးစပါးလှည်းကို အခြောက်ခံကွင်းထဲသို့ ဆွဲသွားလိုက်ပြီးနောက် ယွဲ့မိသားစုဝင်များသည် ပင်ပန်းနေသည့် ခန္ဓာကိုယ်များဖြင့် လရောင်အောင်တွင်အိမ်သို့ တစ်လှမ်းချင်းပြန်လာကြတော့သည်။
အိမ်ပြန်ရောက်တော့လည်း ယိုကျင့်နှင့် ညီအစ်မများသည် ရေနွေးဖြင့် ရေေမချိုးရချေ။ အဘွားချန်က မီးဖိုတံခါးတွင် စောင့်ကြပ်နေလေသည်။ ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လုတို့အတွက် ရေနွေးတစ်ပုံးသာ ပြင်ထားပေးလေသည်။ ယိုကျင့်က သတ္တိမွေးကာ ရေနွေးနည်းနည်း တောင်းလိုက်ရာ မျက်စောင်းတစ်ခုကိုသာ လက်ခံရလေသည်။
“ ရေနွေးက ထင်းလိုတယ်မလား၊ ဘာရေနွေးလဲ၊ နင်က မြို့ကသခင်မလေးလား၊ သန့်ရှင်းရေးလုပ်ဖို့များ ရေနွေးလိုချင်နေသေးတယ်၊ နင်တို့ ခေါင်းအစ ခြေအဆုံး ဆေးကြောဖို့ ငါကနောက်ထပ် ဆပ်ပြာ၂တုံး ပြင်ထားပေးရအုံးမလား”
ယိုကျင့်သည် သက်ပြင်းချမိတော့သည်။ ပင်ပန်းလှသည့်နေတစ်နေ့အပြီးတွင် သူမသည် အဘွားချန်ကို ပြန်ပြောရန် ခွန်အားပင် မရှိတော့ချေ။ ထို့ကြောင့် လွှတ်ထားလိုက်တော့သည်။ ညီမငယ်တစ်သိုက်ကို ရွာကို ဖြတ်စီးနေသည့် ချွေ့ဖုန်းမြစ်အောက်ဖက်သို့ ခေါ်လာခဲ့၏။ သူတို့ ရေမချိုးနိုင်လျှင်တောင် ခန္ဓာကိုယ်သန့်ရှင်းဖို့အတွက် ရေသုံးလို့ရသေးသည်။
ညလေသည် အေးစက်လှ၏။ တသွင်သွင်စီးနေသည့် မြစ်ဘေးတွင် ရပ်လိုက်ပြီး ယိုကျင့်က ရေထဲဆင်းခွင့် မရှိသည့်အကြောင်း တစ်ဖွဲ့လုံးကို သတိပေးလိုက်တော့သည်။
“ အမှောင်ထဲမှာ ရေထဲမဆင်းကြနဲ့နော်၊ ရေစီးနောက်ပါသွားရင် စန်းကျဲလည်း နင်တို့ကို မကယ်နိုင်ဘူး”
ထို့နောက် ယိုရင်ကို မြစ်ဘေးနားတွင် မီးဖိုရန် ထင်းခြောက်များ ကောက်ခိုင်းလိုက်သည်။ သူမ၏ အပေါ်ထပ်အဝတ်အစားများကို ချွတ်လိုက်ပြီး ပလုံမြည်သံနှင့်အတူ ရေထဲ ခုန်ချလိုက်လေသည်။
“ စန်းကျဲ သတိထားအုံး”
ယိုကျူးနှင့် ယိုပေါင်တို့က တစ်ပြိုင်ထဲ အော်လိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် မြစ်ဘေးတွင် လက်ကိုင်ပဝါကို ရေဆွတ်လိုက်၏။ အရင်ဆုံး ရှောင်ချီနှင့် ရှောင်ပါ့တို့၏မျက်နှာကို သန့်စင်ပေးလိုက်ပြီး ရေအေးနည်းနည်းယူကာ လက်နှစ်ဖက်နှင့် ခြေထောက်တို့ကို ဆေးကြောလိုက်လေသည်။ ထို့နောက် အငယ်ဆုံးနှစ်ယောက်ကို ယိုရင် မီးမွှေးထားသည့်နေရာသို့ မီးလုံရန် ခေါ်သွားလိုက်ကြသည်။
ရေကူးရာတွင် မဆိုးကြသည့် ယွဲ့မိသားစုမှ တခြားမိန်းကလေးများနှင့်မတူဘဲ ယိုကျင့်သည် ရေကူးရာတွင် အလွန်တော်လေသည်။ ရေထဲခုန်ချလိုက်ပြီးနောက် ၁၅မိနစ်မပြည့်ခင်မှာပင် ရုတ်တရက် ထရပ်လိုက်၏။ ရေက မနက်ချေ။ ယိုကျင့်၏ပခုံးလောက်သာရှိသည်။ ယိုကျင့်က လက်များကို မြောက်လိုက်သည်တွင် လူးလွန့်နေသည့် ငါးဖိန်းတစ်ကောင်က ပါလား၏။
ငါးဖိန်း၏ကြေးခွံများသည် မီးရောင်ကြောင့် အနည်းငယ် တောက်ပနေလေသည်။ ညီမတချို့သည် စိတ်ဝင်စားသွားတော့သည်။
“ ဝိုး ငါးအကြီးကြီးပဲ”
ယိုကျင့်က ငါးကို ကုန်းပေါ်သို့ အားဖြင့် ပစ်တင်လိုက်၏။
“ယိုရင် ငါးတို့ တံစို့ထိုးပြီး ကင်လိုက်”
ထို့နောက် သူမပြန်လှည့်သွားပြီး ရေထဲပြန်ငုပ်သွားတော့သည်။ ယိုရင်က စန်းကျဲ၏စကားကို ကြားလိုက်သည်နှင့် သန့်ရှင်းသသည့်တုတ်တစ်ချောင်းကို မြန်မြန်ရှာလိုက်ပြီး တံစို့ထိုးကာ တန်းကင်လိုက်တော့သည်။
ငါးမကျက်သေးခင် ယိုကျင့်က ငါးသုံးကောင်ကို ဆက်တိုက်ဖမ်းပြီး ကုန်းပေါ်သို့ ပစ်တင်လိုက်လေသည်။ ထို့နောက်တွင်မှ ရေပေါ်က တွားသွားကာ တက်လာ၏။
“စန်းကျဲ နွေးသွားအောင် မီးနားလာခဲ့၊ လုံးဝမအေးတော့ဘူး”
ယိုပေါင် သူမကို လက်ယက်ခေါ်လိုက်ပြီး မြန်မြန်လာဖို့ လောဆော်လိုက်လေသည်။ ယိုကျင့်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ အဝတ်အစားအသစ်ကို ယူကာ သစ်ပင်နောက်တွင် သွားလဲလိုက်၏။ ခြောက်သွေ့ကာ နွေးထွေးသည့်အဝတ်အစားများနှင့် ထွက်လာချိန်တွင် သူမသည် ရှောင်ချီနှင့် ရှောင်ပါ့တို့ကို ရင်ခွင်ထဲပွေ့ကာ ညလေတိုက်မခံရအောင် ကာထားပေးလိုက်လေသည်။ ရွှေရောင်သန်းနေသည့်ငါးကို ကြည့်လိုက်ပြီး ဝမ်းသာအားရ မှတ်ချက်ပေးလိုက်တော့သည်။
‘အရမ်းမွှေးတာပဲ”
ညီအစ်မများသည် အမှတ်တမဲ့ တစ်ပြိုင်နက် ခေါင်းထောင်လာပြီးနောက် တိတ်တိတ်လေး တံတွေးမျိုချလိုက်ကြသည်။ ငါးကင်မှာ အမှန်ပင် အရသာရှိလေသည်။
ယိုကျင့် ရေထဲကဖမ်းခဲ့သည့် ငါးများအားလုံးသည် တစ်ပိဿာခွဲလောက်ရှိသည်။ သည်နေ့ညတော့ အိပ်ပျော်သွားသည့် ရှောင်ကျို့မှာလွဲလျှင် ကျန်ညီအစ်မများက လိုက်လာကြ၏။ ငါးလေးကောင်သည် လူ၇ယောက် စားသောက်ရန် လောက်ငှလေသည်။ ညီမငယ်လေးများ၏ မျက်လုံးထဲ စားချင်စိတ်များအောက်တွင် ယိုကျင့် ငါးတစ်ပိုင်းကို ယူလိုက်ပြီး အရင်မြည်းကြည့်လိုက်၏။ ထို့နောက် သူမ ကြေညာလိုက်တော့သည်။
“ ကျက်ပြီ၊ စားလို့ရပြီ”
ထို့နောက် ညီအစ်မများသည် ငါးများကို အတူတူစားသောက်လိုက်ကြတော့သည်။
ယိုကျင့်သည် အကြီးဆုံးဖြစ်ပြီး ညီမငယ်လေးများထက် ပိုစားနိုင်သည်။ ထို့ကြောင့် သူမက အငယ်ဆုံးတစ်ကောင်ကို သူမအတွက်ယူလိုက်ပြီး ကျန်သုံးကောင်ကို ညီမလေး ငါးယောက်အတွက် ခွဲပေးလိုက်လေသည်။ ညီမငယ်လေးများက လက်များကို ဆန့်ထုတ်လိုက်ပြီး ငါးအသားကို ဆွဲခွာကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ဤသို့ဖြင့် သူတို့သည် အလောတကြီး အကိုက်ကြီး ကိုက်စားကြတော့သည်။
“ အရသာရှိလိုက်တာ”
ယိုကျင့် စိတ်ကျေနပ်စွာ စားနေကြသည့် ညီမလေးများကို ပြုံးကာ ကြည့်လိုက်ပြီး ပိုစိတ်အေးသွားတော့သည်။ သူမသည် အကိုက်ကြီးကိုက်ကာ ဝါးစားလိုက်တော့၏။ အမှန်တွင် ငါးမှာ အစာအိမ်လည်း မထုတ်ထားသလို အရသာလည်း မသွင်းထားချေ။ အမှန်ပြောရလျှင်တော့ အရသာမရှိပါ။ သို့သော် တစ်နှစ်ပတ်လုံး လုံလုံးလောက်လောက် မစားရသည့် ယွဲ့မိသားစုရှိ မိန်းကလေးများ၏ အမြင်တွင်တော့ ဒါကပင် ကမ္ဘာပေါ် အရသာအရှိဆုံး အစားအသောက် ဖြစ်တော့သည်။
ညီမလေးများ၏ သိတတ်လိမ်မာသည့်စကားများကို ကြားလိုက်ပြီးနောက် ယိုကျင့် စိတ်လှုပ်ရှားသွားတော့သည်။ လက်ဆန့်ထုတ်လိုက်ပြီး ယိုပေါင်၏ခေါင်းလေးကို သပ်ပေးလိုက်ကာ
“ ယိုပေါင် နင်ဗိုက်ပြည့်အောင်အရင်စားပါ ဟုတ်ပြီလား၊ အဖေ ဒီည အိမ်မှာရှိမှာ အဖေသိသွားရင် ပြဿနာတက်လိမ့်မယ်၊ ဆောင်းဦးကောက်ရိတ်ပွဲပြီးမှ အစ်မက အမေနဲ့ ရှောင်ကျို့တို့ စားဖို့ တစ်ခုခု ရှာပေးလိုက်မယ်လေ နော်”
သူတို့ကို မကြာခဏဆိုသလို ရိုက်တတ်သည့် သူတို့၏အဖေအကြောင်း စဥ်းစားမိလိုက်ချိန်တွင် မိန်းကလေးငယ်များသည် မနေနိုင်ဘဲ တုန်ယင်သွားကြတော့သည်။ နေ့စဥ် အိမ်ပြန်လာတိုင်း ရုတ်တရက် ပေါက်ကွဲကာ တခြားလူကို ရိုက်တတ်သည့် အဖေကို အားလုံးက ကြောက်ကြလေသည်။ ထို့ကြောင့် သူတို့အားလုံးက စကားနားထောင်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။
“အွန်း သမီးတို့ စန်းကျဲစကားနားထောင်မယ်”
“ ဟုတ်ပြီ မြန်မြန် စားကြ၊ ငါတို့ ခဏနေ အိမ်ပြန် အိပ်ကြမယ်၊ ထွက်လာတာလည်း ကြာနေပြီ၊ အမေ စိတ်ပူနေလိမ့်မယ်” ယိုကျင့်သည် ကျန်နေသူများကို ငါးကင် ပြီးအောင်စားခိုင်းလိုက်၏။ စားသောက်ပြီးစီးသွားပြီးနောက် ကျန်နေသည့်ငါးရိုးများကို ချွေ့ဖုန်းမြစ်ထဲ ပစ်ချလိုက်ကာ မီးကို မြေကြီးဖြင့် ဖုံးပြီး ငြိမ်းလိုက်လေသည်။ ထို့နောက် လက်ချင်းတွဲကာ အိမ်ပြန်လာတော့သည်။
အနောက်ဆောင်၏ အပြင်ဘက်ခုတင်တွင် ရှောင်ကျို့ကို ချော့သိပ်နေသည့် အမျိုးသမီးစုသည် ခြံတံခါး အသံမြည်သွားချိန်၌ ကလေးများ ပြန်လာသည်ကို သိလိုက်တော့သည်။
“ ပြန်လာဖို့အရေး ဘာတွေအဲလောက်ကြာနေတာလဲ၊ သမီးတို့တွေ ပြန်မလာရင် စိတ်ပူနေရတော့မယ်”
မိန်းကလေးငယ်လေးများသည် ခုတင်ပေါ်သို့ တတ်နိုင်သမျှ တိတ်တိတ်လေး တက်လာကာ အမျိုးသမီးစုဘေးတွင် တိုးဝေ့လိုက်ပြီး လေသံဖြင့် ပြောလိုက်လေသည်။
“ စန်းကျဲက မြစ်ဘေးမှာ ငါးတွေအများကြီး ဖမ်းပေးတာ၊ သမီးတို့ ငါးကင်ပြီး စားခဲ့ကြတာ”
သူတို့သည် အမျိုးသမီးစုကို မလုံမလဲဖြင့် ကြည့်လိုက်လေသည်။
“ သမီးတို့ အားလုံးစားလိုက်ကြတာ၊ အမေ့အတွက် မယူပြန်လာခဲ့ဘူး…”
အမျိုးသမီးစုက မိန်းကလေးငယ်လေးများကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။
“ရပါတယ်ကွယ် သမီးတို့စိတ်ထဲမှာ အမေရှိတယ်ဆိုတာ သိပါတယ်၊ သမီးတို့ ဗိုက်ပြည့်လာတာ သိရလို့ ဝမ်းသာတယ်၊ သမီးတို့ မနက်ဖြန်စောစော ထရအုံးမယ်၊ စောစောအိပ်ကြတော့နော်”
မိန်းကလေးငယ်လေးများသည် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြ၏။ ခဏကြာပြီးနောက် အိပ်ပျော်သွားကြလေတော့သည်။
…