EYYJ အပိုင်း ၁၃

အပိုင်း (၁၃) ဖြည်းဖြည်းချင်းအကောင်အထည်ဖော်မယ်/ အကြံအစည်နဲ့ အလုပ်လုပ်မယ်

အဘွားချန်၏ မွေးနေ့မှ ရက်အနည်းငယ်ကြာပြီးနောက် ပထမဦးဆုံးသော နှင်းကျဆင်းလေပြီဖြစ်သည်။ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများမှာလည်း ညွှတ်ကိုင်းနေကြကာ နှစ်၀က်မျှ ကြိုးပမ်းအားထုတ်ခဲ့ရသော ရွာသားများသည်လည်း ပျော်ရွှင်မှူများဖြင့် ရိတ်သိမ်းရန် ပြင်ဆင်ကြလေသည်။

ယွဲ့တာ့ဖူသည် ပေါက်ပြားတစ်လက် ကိုင်ကာ ယွဲ့ချန်လု၏နောက်မှနေရင်း လယ်ကွင်းမှ ပြန်လာခဲ့ကြသည်။ ယွဲ့တာ့ဖူ၏ ချွေးသံတရွှဲရွှဲမျက်နှာသည် ပျော်ရွင်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒီ‌နှစ်တော့ ကံကောင်းချက်။ စပါးတွေက ရင့်မှည့်နေတာပဲ။ မနက်ဖြန်ကစပြီး ရိတ်လို့ရပြီ” မိသားစု၏ ပိုင်ဆိုင်မှုများကို ယွဲ့၀မ်ထောင်တို့ ညီအစ်ကိုနှစ်ဦးမှ ယူဆောင်သွားပြီဖြစ်သည်။ ပြည့်ဖြိုးနေသော စပါးများသည် ဈေးများများရနိုင်သည်ဖြစ်ရာ ထိုအရာက ယွဲ့တာ့ဖူကို အပျော်များဖြင့် ပြည့်နှက်စေသည်။

ယွဲ့ချန်လုသည် သူ့အဖေ၏ အနောက်တစ်လှမ်းအကွာမှ အိမ်ထဲသို့ ၀င်လာခဲ့ရာ သူ၏မျက်နှာ၌လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကောက်ရိတ်သိမ်းပြီးတာနဲ့ မြို့ထဲကို အလုပ်လုပ်ဖို့ သွားရမယ်။ ကြည့်ရတာ ဒီနှစ်ဆောင်းတော့ ငွေနည်းနည်း ပိုစုနိုင်‌မယ်ထင်ပါရဲ့”

ယွဲ့တာ့ဖူ၏ အပြုံးသည် အနည်းငယ် အရောင်မှိန်သွားကာ ဒုတိယမိသားစု၏ သမီးခုနှစ်ယောက် အကြောင်းကို စဉ်းစားမိရင်း ခေါင်းခါရမ်းမိသည်။

ထိုသားအဖနှစ်ဦး ပြန်လာချိန်၌ အမျိုးသမီးချန်သည် ချက်ပြုတ်ပြီးခါစဖြစ်သည်။ မိသားစု၌ လျန်းတစ်ရာ ကုန်သွား၍ အဘွားချန်သည် ပို၍‌ပင် စေးကုပ်လာခဲ့သည်။ သူတို့သည် ‌ဆန်လုံးညိုကိုသာ စားခဲ့ရသော်လည်း ယခု၌ ထိုထမင်းကို ပြောင်းဆန်ကြမ်းနှင့် တ၀က်ရောထား‌ပေသည်။ ဟင်းခွက်များသည်လည်း ဆားရည်စိမ်းထားသော ဟင်းရွက်ပန်းကန်တခွက်နှင့် ကျက်ရုံမျှသာ ကြော်ထားသော အရွက်ကြော်တခွက်သာ ရှိပေသည်။

သို့သော်လည်း အဘွားချန်သည် ယွဲ့တာ့ဖူအား ဆာလောင်မှုကို ခံစားရအောင် မလုပ်ရဲပေ။ ယွဲ့တာ့ဖူသည် လက်ဆေးကာ နေရာသို့ထိုင်ချိန်၌ ပြောင်းဆန်ရောနေသော ဆန်ပြုတ်တစ်ခွက်ကို တွေ့လိုက်ရသည်။ ယွဲ့ချန်လု၊ အဘွားချန်နှင့် ပထမမိသားစုမှ ယွဲ့၀မ်ဝေ့တို့သည်ပင် ဆန်ပြုတ်ပန်းကန်အပြည့် ရသေးပေသည်။ အမျိုးသမီးချန်နှင့် ယွဲ့ယိုထင်တို့သည် ဆန်ပြုတ် တ၀က်မျှရကာ ယိုကျင့်တို့ ညီအစ်မခုနှစ်ဦးမှာ ပြောင်းဆန်များပြည့်နေသည့် ဆန်ပြုတ်ကိုသာ ရခဲ့လေသည်။

ယိုကျင့်သည် ထိုအရာကို သည်းခံနိုင်သော်လည်း သူမ၏ညီမလေးများသည် ငယ်ရွယ်သေးသည်။ အခုလိုသာ အာဟာရမပြည့်မ၀ စားသောက်နေရရင် နောင်ကျ ဘယ်လိုလုပ်မလဲ။ ထို့နောက် အဘွားချန်၏ ကပ်သပ်သပ် မျက်နှာဘေးကို ကြည့်သည်နှင့် သူမအား တစ်ခုခုမှားသည်နှင့် ပညာပေးရန် ရည်ရွယ်နေကြောင်း သိလိုက်ရသည်။ ထို့အတွက် ယိုကျင့်သည် နှုတ်ဆိတ်ကာ ပန်းကန်ထဲရှိ စပါးခွံများကို ဂရုတစိုက်ဖယ်ရင်း ရှောင်ကျို့အား တစ်လုတ်ချင်း ခွံ့ကျွေးနေခဲ့သည်။ ထို့နောက် သူမသည် စားပွဲပေါ်ရှိ အရွက်ကြော်ပန်းကန်သို့ လက်လှမ်းလိုက်လေသည်။

ယိုကျင့်သည် အရွက်ကြော်ပန်းကန်ကို သုံးကြိမ်မြောက် လက်လှမ်းချိန်၌ အဘွားချန်သည် သူမ၏လက်ကို ဆန့်ထုတ်ကာ ယိုကျင့်၏လက်ကို တူဖြင့် ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။

“သူတို့တွေက အစာငတ်သေပြီး ပြန်၀င်စားလာတာလား။ တစ်နေ့‌တစ်နေ့ စားသောက်ပြီး အလုပ်ကျ မလုပ်ကြဘူး။ တစ်ဘ၀လုံး အသုံးမကျဘဲ သေသွားမှာ မကြောက်ကြဘူးလား”

အဘွားချန်၏ ရုတ်တရက် အပြုအမူသည် ယိုရင်၊ ယိုကျူး၊ ယိုပေါင်နှင့် အခြားလူများကို ထိတ်လန့်စေသည့်အပြင် ယိုကျင့်၏လက်မောင်းကြားရှိ ရှောင်ကျို့ကိုပင် ကြောက်ရွံ့ကာ ငိုကြွေးစေခဲ့သည်။ ကလေး၏အသံသည် မကျယ်လောင်သော်လည်း တစ်ဖက်စားပွဲရှိ ယွဲ့တာ့ဖူကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

“ငါတို့‌က အပြင်မှာ ပင်ပင်ပန်းပန်းလုပ်လာရတာ။ အိမ်မှာတော့ ကောင်းကောင်းမွန်မွန် နားပါရစေ။ အိမ်ကို ဘယ်လိုတောင် ထိန်းသိမ်းနေလို့ ဒီလိုဖြစ်နေရတာလဲ”

သူ၏စကားလုံးများသည် အဘွားချန်အား ရည်ရွယ် အပြစ်တင်ခြင်းဖြစ်သော်လည်း မျက်၀န်းများသည် ယိုကျင့်အား စိုက်ကြည့်နေခဲ့သည်။

ထိုဆန်ကုန်မြေများနှင့် ပတ်သက်သည့် အိမ်တွင်းပြဿနာများ၌ ယွဲ့ချန်လုသည် အကဲခတ်မြန်လှသည်။ ထို့ကြောင့် ယွဲ့တာ့ဖူ၏ ဆူပူမှုပြီးသည်နှင့် ယိုကျင့်၏အနောက်၌ ရပ်နေခဲ့ကာ သူမ မည်သည်ကိုမျှ မတုံ့ပြန်ခင်ပင် ယိုကျင့်၏ခေါင်းကို အနောက်မှ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ “တစ်နေ့တစ်နေ့ ငိုဖို့ပဲသိတဲ့ဟာ”

ယိုကျင့်သည် ယွဲ့ချန်လု၏ အပြုအမူကြောင့် အနည်းငယ် ကြောင်အသွားခဲ့သည်။ သူမ၏ ခေါင်းအနောက်၌ ပူလောင်နေသည့်ခံစားချက်ကို ရကာ လဲမကျခင် အနည်းငယ် ယိမ်းထိုးနေခဲ့ပေသည်။ ယိုကျင့်၏ဘေးရှိ ယိုရင်သည် အစ်မဖြစ်သူ၏ မူမမှန်မှုကို သတိပြုမိကာ အမြန်ပင် ဆွဲကူလိုက်လေသည်။ “အစ်မသုံး”

ညီအစ်မများသည် ယိုကျင့်အား စိုးရိမ်တကြီးကြည့်ကာ အစ်မဖြစ်သူ၌ တစ်ခုခုဖြစ်မည်ကို စိတ်ပူလျက် ရှိသည်။ ယိုကျင့်သည် သတိရလျှင်ရချင်း ယိုရင်အား စိတ်သက်သာရာရအောင် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ဦးညွှတ်ကာ အမှားအတွက် တောင်းပန်လိုက်သည်။

“ရှောင်ကျို့က ရုတ်တရက် လန့်သွားလို့ငိုတာပါ။ သမီး သူ့ကို ခေါ်သွားလိုက်ပါ့မယ်” ယိုကျင့်သည် ယွဲ့ချန်လုအား အေးစက်စက် စိုက်ကြည့်ရင်း အားနည်းပိန်လှီနေသော ရှောင်ကျို့ကို ခေါ်ကာ ထွက်သွားခဲ့သည်။

ယွဲ့ချန်လုသည် ယိုကျင့်၏ အကြည့်ကြောင့် တုန်လှုပ်သွားခဲ့ကာ စိတ်တည်ငြိမ်စေရန် အချိန်အနည်းငယ်မျှ ယူလိုက်ရသည်။ အမွှေးတောင် မစုံတဲ့ဟာမက ဘာလုပ်နိုင်မှာမလို့လဲ။

ထိုသို့တွေးတောကာ သူ၏ထမင်းကိုသာ ဆက်စားနေခဲ့သည်။

ယိုကျင့်သည် အနည်းငယ်ရှိုက်နေသော ရှောင်ကျို့ကို ခေါ်ကာ အနောက်ခြံထဲသို့ ပြန်လာခဲ့သည်။ အမျိုးသမီးစုသည် ထိုအခြင်းအရာကို မြင်သည်နှင့် ခုတင်ပေါ်မှ အားပြုကာ ထထိုင်လိုက်လေသည်။

“ဘာဖြစ်လာတာလဲ။ ဘာလို့ အဲ့လောက် အသည်းအသန်ငိုလာရတာလဲ”

ယိုကျင့်သည် ဘယ်လက်မှ ရှောင်ကျို့အား အသာအယာပွေ့ထားကာ ညာလက်မှ သူမ၏ကျောပြင်ကို ပုတ်ပေးရင်း ချော့မြူနေရှာသည်။ အမျိုးသမီးစုအား ခေါင်းကို အသာရမ်းပြကာ ဖြေကြားလိုက်သည်။ ရှောင်ကျို့ အိပ်ပျော်သွားသည်နှင့် သူမတို့ အမြဲအိပ်နေကျ အပြင်ခုတင်သို့ တင်ပေးလိုက်သည်။ ထို့နောက် အဖြစ်အပျက်မှန်သမျှကို ပြောရန် လိုက်ကာစကို ပင့်ကာ အမျိုးသမီးစု၏ အခန်းထဲသို့ ၀င်လာခဲ့သည်။

“မင်းအဘွားက လျှာစောင်းသာထက်တာ စိတ်ထားက….” အမျိုးသမီးစုသည် ကိုယ်တိုင်ပင် လက်မခံနိုင်‌သော စကားများဖြင့် ဖြေသိမ့်နေရှာသည်။ အာဟာရချို့တဲ့ခြင်းကြောင့် မွဲခြောက်နေသည့် သူမ၏မျက်နှာ၌ ခပ်မွဲမွဲ အပြုံးတစ်ခု ဆင်မြန်းထားလေသည်။

“သမီးအဖေကိုလဲ အပြစ်မတင်ပါနဲ့။ အမေက သူ့အတွက် သားမမွေးပေးနိုင်တာပါ။ အမေ့အပြစ်ပါ။ အမေ့ကြောင့် သမီးတို့အခုလို ခံစားနေရတာ…”

“အဲဒါ အမေ့အပြစ် မဟုတ်ဘူး….” အမျိုးသမီးစုသည် ကိုယ့်ကိုကိုယ် အပြစ်တင်နေပြန်သည့်အတွက် ယိုကျင့်သည် သူမအား စိုက်ကြည့်မိလိုက်သည်။ “သားမမွေးနိုင်တာ အမေ့အပြစ်မဟုတ်ဘူး” ယိုကျင့်သည် သူမအား XY chromosome (မျိုးရိုးဗီဇပုံစံ)အကြောင်းကို မရှင်းပြနိုင်၍ အမျိုးသမီးစုအား သူမ၏အပြစ်မဟုတ်ကြောင်းကိုသာ ထပ်တလဲလဲ ပြောနေရခြင်းဖြစ်သည်။

အမျိုးသမီးစု၏ တိတ်ဆိတ်နေမှုကြောင့် ယိုကျင့်သည် စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ဖန်တရာထပ်နေသော မေးခွန်းကိုသာ ထပ်မံမေးမိခဲ့သည်။

“တကယ်လို့ သမီးမိသားစုသာ ကွဲသွားရင် အခုထက် ပိုကောင်းကောင်းနေရမလား။ ဒါမဟုတ်ရင် အမေသမီးတို့ကို ယွဲ့မိသားစုကနေ ခေါ်ထုတ်သွားမလား။ သမီးတို့လည်း အာဟာရပြတ်ပြီး မသေပါဘူး”

အမျိုးသမီးစုသည် နှစ်အနည်းငယ်အကြာက ထိုစကားကို ကြားဖူးခဲ့သည်။ သူမ၏သမီးသည် ထိုအချိန်၌ ကိုးနှစ်အရွယ်သာ ရှိသေးပေသည်။ ယောက္ခမဖြစ်သူသည် မွေးကင်းစကလေး ရှောင်ကျို့အား တောင်‌ပေါ်သို့ စွန့်ပစ်လိုက်၍ ယိုကျင့်မှာ ထိုကလေးအား ကယ်ယူခဲ့ရသည်။ ထိုအတွက် အဘွားချန်ဆီမှ ရိုက်နှက်ခံခဲ့ရပေသည်။ ‌သူမ၏သေလုမျောပါး အခြေအနေ၌ ထိုသို့မေးခဲ့သေး၏။ “အမေ သမီးတို့ညီအစ်မတွေကို ခေါ်ပြီး ထွက်မသွားချင်ဘူးလားဟင်။ အမေက အစာငတ်သေမှာ ကြောက်လို့လား”

ထိုအဖြစ်အပျက်အပြီး၌ ယိုကျင့်သည် ရင့်ကျက်လာကာ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ ထိုမေးခွန်းကို ပြန်ကြားချိန်၌ အမျိုးသမီးစု၏ ရင်ထဲ၌ ကိန်းအောင်းနေခဲ့သော အစိုင်အခဲသည် ပြန်လည်ပေါ်ထွက်လာကာ အစပိုင်း၌ ကြောင်အနေခဲ့သည်။ သို့သော် တဖြည်းဖြည်း တည်ငြိမ်လာ၏။ တစ်ခါတစ်ရံ သူမသည် ထိုညက ယိုကျင့်ပြောခဲ့သည့်အကြောင်းအရာကို စိတ်ကူးယဉ်ခဲ့ဖူးပေသည်။

သမီးဖြစ်သူ၏ ထိုမေးခွန်းကြားသည်နှင့် အမျိုးသမီးစုသည် သက်ပြင်းချကာ ပြန်ဖြေခဲ့သည်။

“သမီးနဲ့ သမီးညီမတွေက ငယ်သေးတယ်လေ။ အမေကလည်း ကျန်မာရေးကောင်းတာ မဟုတ်ဘူး။ အမေတို့သာ အခုယွဲ့မိသားစုက ထွက်သွားရင် သမီးတို့ လက်ထပ်ထိမ်းမြားဖို့ကိစ္စက ရေစုန်မြောမှာ။ အဲ့လို ဒုက္ခတွေ ခံနိုင်ရည်ရှိလို့လား” ယွဲ့မိသားစုသည် အပြင်ပန်း၌ အဆင်ပြေသော်လည်း အတွင်းရေး ကမောက်ကမ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဘယ်တတ်နိုင်မည်နည်း။ သူမ၏မိဘဆွေမျိုး အရင်းအချာများသည် ခွဲခွာစဉ်ခဏသာ ဂရုစိုက်ပေးနိုင်သည်။ သူမ၌ ကလေးများကို ပြုစုပျိုးထောင်ရန် အရည်အချင်းနှင့် သတ္တိမရှိပေ။ ယွဲ့မိသားစုတွင် နေထိုင်သည်က ကလေးများကြီးပြင်း၍ လက်ထပ်နိုင်သည်မှာ သေချာပေသည်။

သို့သော်လည်း ယိုကျင့်သည် ငြင်းဆန်နေဆဲပင်ဖြစ်သည်။

“သမီးက ဆယ့်နှစ်နှစ် ပြည့်တော့မှာအမေ။ အငယ်မလည်း ဆယ်နှစ်ပြည့်တော့မှာ။ သမီးတို့အချင်းချင်း ထောက်ပံ့‌နိုင်ပါတယ် အမေရယ်။ မြက်ပဲစားရရ သစ်ခေါက်တွေပဲစားရရ သမီးတို့နဲ့အတူ ရှင်သန်ဖို့ အမေဆန္ဒရှိသ၍ ဘာမဆိုဖြစ်တယ်” ယိုကျင့်၏ လက်ရှိ ကျန်မားကြံ့ခိုင်မှုသည် ယခင်ဘ၀ကဲ့သို့ မကောင်းမွန်သော်လည်း တောတွင်း၌နေထိုင်နိုင်သည့် အရည်အချင်းသည် ကျန်ရှိနေဆဲပင်ဖြစ်သည်။ တောင်ကို အမှီပြုကာ နေထိုင်စားသောက်နိုင်သည့်အပြင် သူမတို့၌ လုပ်ကိုင်စားသောက်ရန် နည်းလမ်းရှိပေသည်။

“ကျင့်အာ ယွဲ့မိသားစု မရှိဘဲ အမေတို့နေနိုင်မယ်ထင်လား” အမျိုးသမီးစုသည် နှစ်ပေါင်းသုံးဆယ်မျှ ဖြတ်သန်းခဲ့ပြီဖြစ်သည်။ သူမ၏မိဘမျိုးရိုးသည် ဆင်းရဲ၍ ပင်ပန်းစွာ လုပ်ကိုင်ရသော်လည်း သူမတို့ညီအစ်မများကို ပြည့်ပြည့်စုံစုံထားခဲ့ပေသည်။ မိဘများဆုံးပါးသွားသည်နှင့် အခြေအနေများသည် မိုးနှင့်မြေလို ကွာခြားသွားခဲ့သည်။ မိသားစု၏အိမ်နှင့် ပိုင်ဆိုင်မှုများသည် မျိုးနွယ်ရှိ ဦးလေးများမှ အသီးသီး ခွဲဝေယူကြလေသည်။ သူမတို့ညီအစ်မသုံးယောက်သည် အကိုများထံမှ ကုန်ပစ္စည်းများကဲ့သို့ လက်ထပ်ရန် ရောင်းစားခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့် အဘွားချန်သည် ယွဲ့မိသားစုဆီသို့ အမျိုးသမီးစု ၀င်ရောက်လာချိန်၌ မကျေမချမ်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဘွားချန်၏ နှလုံးသားထဲ၌ အမျိုးသမီးစုအား ငွေဖြင့်၀ယ်ခဲ့သော အစေခံတစ်ယောက်အဖြစ်သာ သတ်မှတ်ထားလေသည်။

အမျိုးသမီးစု၏ ဘ၀သည် မိဘများ အသက်ရှင်စဉ် အချိန်၌သာ သာယာခဲ့ပေသည်။ မိဘများ ဆုံးပါးသွားသည့်အချိန်မှစကာ အခြားသူများ၏ ထိန်းချုပ်မှုအောက်၌ အသားကျနေခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ အရေးကိစ္စများတွင် မည်သို့ ဆုံးဖြတ်ရမည်မှန်း သူမမသိချေ။ သို့သော်လည်း သူမ၏ငယ်ရွယ် ရင့်ကျက်သည့် အကြီးဆုံး သမီးဖြစ်သူကို ယုံကြည်ပေသည်။

“အမေသာ သမီးတို့ညီအစ်မတွေကို ခေါ်ထုတ်ဖို့ ဆန္ဒရှိသ၍ ညီမတွေကို ပျိုးထောင်ဖို့ သမီး နည်းလမ်းရှာမယ်။ ပြီးတော့ အနာဂတ်မှာ လက်ထပ်ဖို့ လက်ဖွဲ့ငွေလည်းရှာပေးပြီး သူတို့ဘ၀လေး အေးအေးချမ်းချမ်း နေစေရမယ်” ယိုကျင့်သည် အမျိုးသမီးစုအားတောက်ပသည့် မျက်၀န်း‌များဖြင့် ငေးကြည့်လိုက်သည်။ အမျိုးသမီးစုသာ ယုံကြည်နေသ၍ သူမတို့ ညီအစ်မများကို ခေါ်ထုတ်ရန် ဆန္ဒရှိသ၍ ယွဲ့မိသားစုမှ အမျိုးသမီးစု စွန့်ခွာရန်အတွက် နည်းလမ်းစဉ်းစားနေဦးမည်ဖြစ်သည်။

အမျိုးသမီးစုသည် သက်ပြင်းချလိုက်သည်။

“အမေလုပ်ချင်တောင် မင်းအဖေနဲ့ အဘိုးအဘွားတွေက လက်ခံပါ့မလား” အမျိုးသမီးစုသည် ယိုကျင့်အား အတိုက်အခံလုပ်နေခြင်း မဟုတ်ပေ။ သူမသည် ယွဲ့မိသားစု၌ ဆယ်နှစ်ကျော်ကြာ နေထိုင်လာခဲ့ပြီးဖြစ်၍ နောက်လာမည့် ပြဿနာများကို ကြိုတင်တွေးတောနေခြင်းဖြစ်သည်။

ယိုကျင့်သည် အမျိုးသမီးစု၏ သဘောတူညီချက်ကိုရသည်နှင့် စိတ်သက်သာရာရသွားလေသည်။ သူမသည် ပျော်ပျော်ရွင်ရွှင်ပင် အမျိုးသမီးစုနားသို့သွားကာ ကပ်ထိုင်လိုက်သည်။ အမျိုးသမီးစု၏ ဗိုက်လေးအား ပွတ်ပေးကာ ခေါင်းမော့ရင်း မျက်စိစုံမှိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့ အမေ သမီးမှာ နည်းလမ်း ရှိပါတယ်”

သမီးဖြစ်သူ၏ ယုံကြည်ချက်ရှိမှုကို မြင်သည့်အခါ အမျိုးသမီးစုသည် မျှော်လင့်ချက်မထားဘဲ မနေနိုင်တော့ချေ။

“သမီးလုပ်နိုင်ရင် အမေလည်း သမီးတို့ကို ယွဲ့မိသားစုရဲ့ အဝေးဆုံးကို ခေါ်သွားပေးမယ်။ အမေတို့ ကိုယ့်ဘာသာ မိသားစုလေး ထူထောင်ကြမယ်လေ”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset