EYYJ အပိုင်း ၁၂

အပိုင်း (၁၂) မွေးနေ့ပွဲကျင်းပခြင်း

မနက်ခင်းနှင်းမှုန်များက မပျယ်သေးချေ။ ဆောင်းလယ်ပွဲတော် ပြီးသွားပြီးနောက် မနက်ခင်းတွင် ချမ်းစိမ့်စိမ့် ဖြစ်စပြုနေပြီဖြစ်သည်။ မနက်စောစောနိုးတတ်သည့် ယိုကျင့်က ဖာထေးရာဗရာပွဖြင့် ဂွမ်းသားအဝတ်အစားကို ဝတ်ထား၏။ သူမသည် အမျိုးသမီးဟန်ကို နှုတ်ဆက်လိုက်ပြီးနောက် ကျောတွင် ဝါးခြင်းတောင်းကို လွယ်ကာ ထွက်လာခဲ့လေသည်။ သည်နေ့သည် အဘွားချန်၏ အသက်၅၀ပြည့်မွေးနေ့ ဖြစ်သည်။ သူမသည် စောစောစီးစီး တောင်ပေါ်တွင် ဝက်စာများကို ခူးလိုက်လေသည်။ သို့မဟုတ်လျှင် အိမ်က ဝက်များသည် သည်အနေ့အတွက် ဝက်စာစားရလိမ့်မည် မဟုတ်ပေ။

“ယိုကျင့် ဒီလောက်အစောကြီး တောင်ပေါ်တက်တော့မလို့လား၊ မကြောက်ဘူးလား ကောင်မလေး”

ဝါးခြင်းတောင်းကို သယ်ထားသည့် နောက်မှ လူငယ်က ယိုကျင့်နှင့် လိုက်မီလာလေသည်။ လင်းမိသားစုမှာ လင်းစန်းလန် ဖြစ်လေသည်။

“ လင်း ဦးလေးသုံး” လင်းမိသားစုက တတိယသားသည် သူမထက် ၆နှစ် ၇နှစ်သာကြီးသော်လည်း သူက ဝါစဥ်ပိုမြင့်လေသည်။ ယိုကျင့်က သူ့ကို လေးစားသမှုဖြင့် ဦးလေးသုံးဟု ခေါ်ရသည်။

လင်းစန်းလန်က ယိုကျင့်ခြေလှမ်းအတိုင်း လိုက်လာ၏။

“ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း ဝက်စာသွားရှာမလို့ ငါတို့ အချင်းချင်း အဖော်လုပ်ပြီး သွားလို့မရမလား”

မိန်းမငယ်လေးတစ်ယောက် တစ်ယောက်ထဲ တောင်ပေါ်တက်ရမည်ကို စဥ်းစားမိသွားပြီး အတူတူသွားရန် စေတနာဖြင့် အကြံပြုလိုက်လေသည်။

ယိုကျင့်က ခေါင်းခါပြလိုက်၏။ ကျေးရွာများတွင် ယောကျ်ားနှင့် မိန်းမကြားက တားမြစ်ချက်က မြို့မှာလောက် မပြင်းထန်သော်လည်း အတူတူ သွားလျှင် အတင်းပြောခံရမည့် ဖြစ်နိုင်ခြေက ရှိသေးသည်။

“ ဦးလေးသုံး သွားနှင့်ပါ၊ သမီး ဒုတိယဦးလေးကျွမ်းရဲ့ သမီး ချောင်ချောင် ကို စောင့်ရအုံးမယ်”

သူမက ရပ်လိုက်ပြီး တစ်ယောက်ယောက်ကို စောင့်ရမည်ဟု ပြောသဖြင့် လင်းစန်းလန်သည် ဖိအားမပေးတော့ပေ။

“အေးပါ ဒါဆို ဂရုစိုက်နော် ဦးလေး သွားနှင့်မယ်”

နေရာတွင် ရပ်နေလိုက်ပြီး လင်းစန်းလန်၏ပုံရိပ်က နှင်းမြူကြားထဲတွင် ပျောက်သွားသည်ကို စောင့်နေလိုက်လေသည်။ နှစ်ယောက်ချိန်းထားသည့် နေရာသို့ ရောက်လာဖို့ တစ်လမ်းလုံးခြေလှမ်းကျဲများဖြင့် လျှောက်လာသည့် ချောင်ချောင်အတွက်တော့ အချိန်အကြာကြီး မယူလိုက်ရချေ။

“ ယို့ကျင့် ငါရောက်ပြီ”

ချောင်ချောင်သည် သည်နှစ်တွင် ၁၃နှစ်ရှိပြီဖြစ်သည်။ တုတ်တုတ်ခိုင်ခိုင် ချစ်စဖွယ်မိန်းကလေး တစ်ယောက်ပင်။ သူမသည် ယိုကျင့်နှင့် တော်တော်ခင်မင်သည်။ နှစ်ယောက်သား မကြာခဏဆိုသလို ဝက်စာ ခူးရန် တောင်ပေါ်တက်ကြသည်။ သူတို့သည် သူငယ်ချင်းများဟု သတ်မှတ်နိုင်လေသည်။

“ဒါဆို သွားကြမယ်”

သူမရောက်လာသည်နှင့် နှစ်ယောက်သား တောင်ပေါ်သို့ အတူတူတက်ခဲ့သည်။ ယခုမူ ပို၍အေးလာ၏။ တစ်လ နှစ်လနေလျှင် နှင်းများကျပေတော့မည်။ ထိုအချိန်တွင် ဝက်စာများလည်း ရှိတော့မည် မဟုတ်ပေ။

မိန်းမငယ်လေးနှစ်ယောက်သည် တောင်ကုန်း တစ်ခုပြီး တစ်ခု တက်လာကြ၏။ မကြာမီ ဝက်စာများကို တွေ့ရလေသည်။ စကားပြောရင်း ဝက်စာများကို ခူးကြတော့သည်။

“ယိုကျင့် နင်တို့မိသားစု ဘာလုပ်မလို့လဲ၊ တတိယဦးလေးမိသားစုနဲ့ အကြီးဆုံးဦးလေးရဲ့မိသားစုက နင့်အစ်ကိုဝမ်းကွဲနှစ်ယောက်က ဘာလို့ ပြန်လာကြတာလဲ”

မနေ့က ရွာသားအများစုက ယွဲ့ချန်ရှို့နှင့် တခြားလူများ မြည်းလှည်းဖြင့် ရွာထဲဝင်လာသည်ကို မြင်လိုက်ကြသော်လည်း အကြောင်းအရင်းကို မသိကြပေ။ ချောင်ချောင်လည်း အလွန်သိချင်နေသဖြင့် မေးလေတော့သည်။

“ငါ့အဘွားက မွေးနေ့ပွဲ လုပ်မလို့လေ၊ ဒါကြောင့် သူတို့အားလုံး ပြန်လာကြတာ”

ယိုကျင့်၏လှုပ်ရှားမှုများသည် တိကျလှပေသည်။ လက်တစ်ဆုပ်စာဝက်စာများသည် တစ်ခုပြီးတစ်ခု အချိန်တိုအတွင်း ကျောပေါ်က ခြင်းထဲသို့ ရောက်သွားလေသည်။ မကြာခင်မှာပင် ကျောပေါ်က ခြင်းတောင်းပြည့်သွားတော့သည်။

“ချောင်ချောင် မြန်မြန်လုပ်၊ ဒီနေ့ ငါ့အဘွားက မွေးနေ့ပွဲလုပ်မှာ၊ အိမ်မှာလုပ်စရာတွေအများကြီး ရှိသေးတယ်”

ယိုကျင့်၏ကျောပေါ်က ခြင်းတောင်းထဲတွင် ဝက်စာများ ပြည့်နေသည်ကို မြင်လိုက်ရသည်နှင့် ချောင်ချောင်က သူမ၏လက်နှင့် ခြေအမြန်နှုန်းကို တင်လိုက်ရာ မကြာလိုက်ပေ ကျောပေါ်က ခြင်းထဲတွင် ဝက်စာများပြည့်သွားတော့သည်။ သူတို့နှစ်ယောက် ကျောပေါ်က ဝက်စာများနှင့် အိမ်သို့ လမ်းလျှောက်ပြန်လာချိန်၌ အရှေ့ဘက်ကောင်းကင်သည် ရွှေရောင်အလင်းများဖြင့် ရောင်နီသန်းစ ပြုနေပြီဖြစ်သည်။ နေထွက်လာ၏။ လမ်းဆုံတွင် ချောင်ချောင်နှင့် လမ်းခွဲလိုက်ပြီးနောက် ယိုကျင့် ကျောပေါ်က လေးလံသည့်ခြင်းတောင်းတစ်ခုနှင့် အိမ်ပြန်လာခဲ့သည်။ ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့် အဘွားချန်က လူများကို အော်ငေါက်နေသံ ကြားလိုက်ရလေသည်။ သေချာပါပြီ။ သူမ၏မွေးနေ့တွင် သူမ၏စိတ်အခြေအနေ တိုးတက်လာဖို့ မျှော်လင့်ရတော့မည်။

ဝက်ခြံတံခါးတွင် ဝက်စာများကို ချထားလိုက်ပြီး အဆူခံနေရသည့် ယွဲ့ရင်နှင့် ယွဲ့ကျူးတို့ကိုယ်စား အဘွားချန်ရှေ့သို့ သွားရပ်လိုက်ပြီး

“အဘွားက ဒီနေ့ မွေးနေ့ပွဲလုပ်ဦးမှာလေ၊ နင်တို့နှစ်ယောက်က အဘွားကို စိတ်ဆိုးအောင် လုပ်နေကြတုန်းလား၊ သွားသွား အခု လုပ်စရာရှိသွားလုပ်ကြတော့”

သူမ ယိုရင်လက်ထဲက စားစရာကို ယူလိုက်ပြီး ညီမငယ်နှစ်ယောက်ကို မြန်မြန် ထွက်သွားခိုင်းလိုက်တော့သည်။ ပြန်လှည့်လာပြီး အဘွားချန်ကို ပျော်ရွှင်နေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“ ညီမလေးတွေက ငယ်သေးလို့ပါ၊ အဘွား အဘွားက အကြီးဆိုတော့ သဘောထား ပိုကြီးမှာပဲနော်  ပြီးတော့ ဒီနေ့ အဘွားရဲ့မွေးနေ့လည်း လုပ်ရအုံးမှာဆိုတော့ အဘွား ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်”

အဘွားချန်သည် ကော်ရစ်တွင်ရပ်ကာ ခါးထောက်ရင်း ခွေးတစ်ကောင်ကဲ့သို့ ပြုံးနေသည့် ယိုကျင့်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် အနောက်ဆောင်တံခါးတွင် ရပ်နေသည့် ဆန်ကုန်မြေလေးတစ်ခုကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး ပင်မဆောင်သို့ ပြန်သွားလေတော့သည်။ သည်နေ့သည် သူမ၏အသက်၅၀ပြည့်မွေးနေ့ ဖြစ်သည်။ အလကားနေရင်း သည်ဆန်ကုန်မြေလေးများကြောင့် ဒေါသထွက်လို့မဖြစ်ပေ။

မွေးနေ့ပွဲတစ်ခု ဆိုသော်လည်း ယွဲ့မိသားစုသည် ကျေးလက်အိမ်ထောင်တစ်ခုသာ ဖြစ်လေသည်။ သူတို့သည် ခါတိုင်းထက် နည်းနည်းပိုကောင်းသည့် တစ်နပ်စာကိုသာ စားလိုက်ပြီး ဥဆယ်လုံးကို ပြုတ်လိုက်လေသည်။ ဒါကိုပင် မွေးနေ့ပွဲတစ်ခုဟု သတ်မှတ်ကြလေသည်။ အဘွားချန်၏လက်ထပ်ကာ အိမ်ထောင်ခွဲသွားသည့်သမီးက မိခင်အိုကြီး၏မွေးနေ့ကို ကျင်းပပေးရန် မြေးနှစ်ယောက်ခေါ်ကာ အိမ်ပြန်လာခဲ့၏။ သူတို့ကလည်း ကြက်အိုကြီးနှစ်ကောင်ကို ယူလာခဲ့ကြသည်။ အဘွားချန်သည် အားရဝမ်းသာဖြင့် သမီးဖြစ်သူ၏သိတတ်ပုံတို့ကို ကြွားလုံးထုတ်လေတော့သည်။

ယွဲ့ချန်ဟုန်သည် မြို့စွန့်က တော်တော်ချမ်းသာသည့် ရွာတစ်ခုက ကောမျိုးရိုးအမည်ရှိ ချမ်းသာသည့်မိသားစုတစ်ခု၏ တစ်ဦးတည်းသောသားနှင့် လက်ထပ်ခဲ့လေသည်။ သူမ ကောမိသားစုနှင့် လက်ထပ်လိုက်သည့်နှစ်တွင် ပြည့်ဖောင်းဖောင်းယောက်ျားလေးတစ်ယောက်ကို မွေးခဲ့သည်။ နောက်ပိုင်းတွင် စုစုပေါင်း သားနှစ်ယောက်နှင့် သမီးတစ်ယောက်ကို ဆက်တိုက်မွေးခဲ့လေသည်။ ဒါကပင် ကောမိသားစုအတွင်း သူမ၏အခြေအနေကို ပိုခိုင်မာသွားစေပြီး မျိုးဆက်သုံးခုအတွက် သားတစ်ယောက် ရလာတော့သည်။  ထို့အပြင် သူမယောက်ျားက မယားကြောက်တစ်ယောက်ဖြစ်ရာ ဤသို့ဖြင့်  ကောမိသားစုအတွင်း ယွဲ့ချန်ဟုန်၏ဘဝသည် အလွန်သာသာယာယာရှိလေတော့သည်။

ယွဲ့မိသားစု၏သမက် ကောကျင်းပေါင်သည် ပိန်ပိန်ပါးပါး သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်၏။ ဝမ်းမြောက်ဝမ်းသာ ဆိုလိုက်၏။

“ဒီနေ့က အမေ့ရဲ့အသက်၅၀ပြည့် မွေးနေ့နော်၊ ကျွန်တော်တို့မိသားစုမှာ ငွေများများစားစား မရှိပေမဲ့ ကျွန်တော်တို့ လုပ်သင့်တဲ့အချိန်မှာတော့ အမေ့ကို သိတတ်ရမှာပေါ့”

ထိုစကားလုံးများသည့် တစ်စုံတစ်ယောက်၏ သိတတ်လိမ္မာမှုတို့ကို အပြည့်အဝဖော်ကာ နားဝင်ချိုနေတော့သည်။ အဘွားချန်သည် ပျော်ရွှင်ကြည်နူးနေတော့သည်။

နေ့လယ်စာစားချန်၌ အဘွားချန်က ရှားရှားပါးပါး သဘောကောင်းနေတော့သည်။ သမီးဖြစ်သူ ယူလာသည့် ကြက်အိုကြီးနှစ်ကောင်ထဲမှ တစ်ကောင်ကို သတ်ခိုင်းလိုက်၏။ ထို့နောက် အာလူးများကို အတုံးတုံးကာ ရောချက်လိုက်လေသည်။ မနေ့က ယွဲ့ချန်ရှို့ ယူလာသော မကုန်သေးသည့်ဝက်ဟင်းပါ ထပ်ပေါင်းလိုက်ရာ အသားနိုင်းချင်းနှင့် ဟင်းနှစ်မျိုးဟု သတ်မှတ်နိုင်လေသည်။ ယွဲ့မိသားစုသည် လူများသော်လည်း အသားနှိုင်းချင်းနှင့် ဟင်းတစ်မျိုးကိုတော့ စားနိုင်လေသည်။ အားလုံးက ကျေနပ်နေကြ၏။

မွေးနေ့ကြက်ဥနီကိုတော့ အဘွားချန်က ခါတိုင်းလိုပင် ဘက်လိုက်သည့်နည်းလမ်းဖြင့် ခွဲဝေပေးလိုက်လေသည်။ သူမအတွက် တစ်လုံး အရင်ယူလိုက်ပြီး မြေးလေးယောက်ကို တစ်လုံးစီ ပေးလိုက်၏။ ထို့နောက် ယွဲ့တာ့ဖူနှင့် သားများကို တစ်လုံးစီ ပေးလိုက်လေသည်။ ကြက်ဥဆယ်လုံးကို အတိအကျ ခွဲဝေပေးလိုက်လေသည်။ သမီးဖြစ်သူနှင့် သမက်ကပင် ကြက်ဥတစ်လုံးမှ မရပေ။ ဒုတိယမိသားစု၏ မြေးမ ၇ယောက်ကိုတော့ ဆိုဖွယ်ရာပင်မရှိချေ။

အဘွားချန်နှင့် ကျန်လူများက ကြက်ဥနီကို အခွံခွာနေသည်ကို ကြည့်ရင်း ယိုကျင့် လက်မောင်းထဲတွင် ထိုင်နေသည့် ရှောင်ကျို့သည် နှုတ်ခမ်းသပ်လိုက်၏။ သူမသည် ဥများကို အလွန်စားချင်သွားတော့သည်။

“ စန်းကျဲ ဥ ဥ”

ယိုကျင့် ဘာမှမပြောနိုင်ခင် အဘွားချန်သည် လက်ထဲတွင် ကိုင်ထားသည့် ဥခွံများကို ပစ်ပေါက်လိုက်၏။ ထိုနောက် ရှောင်ကျို့ကို ကြောက်စရာကောင်းအောင် ကြည့်လိုက်လေသည်။

“ဆန်ကုန်မြလေးက ဥတွေကို စားချင်နေသေးတယ်”

ယိုကျင့်သည် သူမပစ်လိုက်သည့် ဥခွံများအားလုံးကို ကောက်ကာ စားပွဲအောက်ကို ပစ်ထည့်လိုက်လေသည်။ ကြောက်လွန်းသဖြင့် မျက်ရည်များထွက်လာသည့် ရှောင်ကျို့ကို ချော့မော့ရင်း အဘွားချန်ကို ဖြည့်တွေးကာ ပြောလိုက်လေသည်။

“ ရှောင်ကျို့က ငယ်သေးလို့ပါ၊ နည်းနည်းလေး စားချင်စိတ်ဖြစ်သွားတာ၊ သူက ဘာမှမသိသေးတော့လေ၊ အဘွား စိတ်မဆိုးပါနဲ့နော်၊ သမီး သူ့ကို အခုပဲ ပြန်ခေါ်သွားလိုက်မယ်”

ရှောင်ကျို့သည် ငယ်သေးလေသည်။ အရင်က အဘွားချန် ရိုက်နက်တာခံခဲ့ရသော်လည်း စကားပြောတတ်စ ကလေးတစ်ယောက်က ဘယ်မှာ အငြိုးထားတတ်ပါမည်နည်း။ ဥစားချင်သည့်အတွက်ကြောင့် အဘွားချန်၏ ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် ခြောက်လန့်ခံလိုက်ရပြီး ယိုကျင့်လက်မောင်းအတွင်း ပုန်းကာ စတင်ငိုလေတော့သည်။

“ နေ့တိုင်းပဲ ငိုရင်ငို ၊ မဟုတ်ရင် စား ၊ မိသားစုရဲ့ ဒုက္ခအိုးတွေ ၊ ဆန်ကုန်မြေလေးတွေ”

အဘွားချန်သည် ဒုတိယမိသားစုက မြေးမများကို အမုန်းဆုံးဖြစ်လေသည်။ ယခုမူ ရှောင်ကျို့ ငိုနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲက ဒေါသတို့မှာ ကြီးထွားလာတော့သည်။ သို့သော် သူမ၏မွေးနေ့ဖြစ်ပြီး သမီးဖြစ်သူ၏မိသားစု ပြန်လာသည်ကို တွေးလိုက်ပြီး တစ်ဖက်လူအား ရိုက်ချင်စိတ်ကို မျိုသိပ်ထားလိုက်တော့သည်။ ယိုကျင့် ရှောင်ကျို့ကို ချီကာ သူမကို ချော့မြူရန် အနောက်ဆောင်သို့ မြန်မြန် ပြန်လာခဲ့တော့သည်။ အဘွားချန်ရှေ့တွင် ဆက်ငိုနေလျှင် ရှောင်ကျို့ကို ရိုက်ပေတော့မည်။

အဘွားချန်က ဆူပူရေရွတ်နေသေးသည်ကို မြင်လိုက်ပြီးနောက် ယွဲ့တာ့ဖူ၏မျက်နှာသည့် အနည်းငယ် ရှုသိုးသိုး ဖြစ်လာတော့သည်။ သည်နေ့တွင် အပြင်လူများဖြစ်သည့် သူ့သမက်နှင့် မိသားစုများရှိနေသေးသည်။ လိုက်လျောညီထွေဖြစ်အောင်ဘာကြောင့် မနေရပါသနည်း။ ထို့ကြောင့် ရုတ်တရက် ထပြောလိုက်တော့သည်။

“ တော်တော့ ဒီနေ့ ဘာနေ့လဲဆိုတာ စဥ်းစားအုံး”

ယွဲ့တာ့ဖူ ပါးစပ်ဖွင့်လာသည်ကို မြင်လိုက်ရာ အဘွားချန်သည် ညည်းညူနေသည်ကို ရပ်လိုက်တော့သည်။ သို့တိုင် ဒုတိယမိသားစုက ဆန်ကုန်မြေလေးမများကိုတော့ မုန်းနေဆဲ။ အဲဒီအပျင်းကျပြီး လောဘကြီးတဲ့ ဆန်ကုန်မြေလေးသာ ဒီလိုမလုပ်ရင် ကလေးတွေရှေ့မှာ အဘိုးကြီးဆူတာ ခံရမှာမဟုတ်ဘူး။ စိတ်ထဲက မုန်းတီးမှုက ၃၀ရာခိုင်နှုန်းလောက် တက်သွားတော့သည်။

သူမ မပျော်မရွှင် ဖြစ်နေသည်ကို မြင်လိုက်သည့် ယွဲ့ချန်ဟုန်က စကားမြန်မြန်လွှဲကာ မြို့ပေါ်တော့ အတင်းအဖျင်းများကို အဘွားချန်အား ပြောပြလေသည်။ အမျိုးသမီးများအားလုံးသည့် အတင်းဖျင်းပြောတတ်သည့် သတ္တဝါများဖြစ်လေသည်။ ထို့ကြောင့် အဘွားချန်သည် အာရုံပြောင်းသွားတော့သည်။ ကသိကအောက်အနေအထားသည် အနည်းငယ် ပုံမှန် ပြန်ဖြစ်သွားတော့သည်။ မိသားစုသည် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောဆိုရယ်မောနေကြလေသည်။ ဒုတိယမိသားစုက သမီးငါးယောက်သာလျှင် သူတို့နေရာတွင် မှိုင်တွေကာ ထိုင်နေကြလေသည်။ မလှုပ်မယှက် ငြိမ်သက်စွာဖြင့်…။

***

အဘွားချန် မွေးနေ့ပြီးနောက် နောက်တစ်နေ့တွင် တတိယမိသားစုနှင့် ပထမမိသားစု မြေးနှစ်ယောက်သည် မြို့သို့ ပြန်သွားကြတော့သည်။ မြေးနှစ်ယောက်ကို လိုက်ပို့ပေးပြီးနောက်  အဘွားချန်၏စိတ်သည် စိုးရိမ်ပူပန်နေတော့သည်။

“ အဘိုးကြီး ကျွန်မတို့တွေ ငွေအများကြီး သုံးလိုက်ပြီးမှ အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မတုံး”

ငွေစ ၁၀၀ သည့် မိသားစုဝင်အားလုံး၏ ပိုင်ဆိုင်မှုဖြစ်လေသည်။ သူတို့ ဆယ်စုနှစ်များစွာ စုဆောင်းလာခဲ့သည့် ငွေက သည်လိုနှင့် တစ်ခါထဲ ပေးလိုက်ရသည်။ အဘွားချန် စိတ်မအေးနိုင်ဖြစ်သည်မှာလဲ ပုံမှန်ပင်။

ခုတင်ပေါ်တွင် အနားယူရင်း ဆေးတံသောက်နေသည့် ယွဲ့တာ့ဖူက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ သူကိုယ်တိုင် အနည်းငယ်စိတ်ပူနေသော်လည်း စမ်းကြည့်ဖို့ရာ တန်သည်ဟု တွေးနေမိသည်။

“ ဝမ်ထောင်က လိမ်တတ်တဲ့ကလေး မဟုတ်ပါဘူး၊ ငွေဒီလောက်အများကြီးကို ငါတို့ဆီက တောင်းရဲတယ်ဆိုတော့ တကယ်နည်းလမ်း ရှိလို့နေပါလိမ့်မယ်၊ နောက်နှစ် ထုန်ဇီစာမေးပွဲ အောင်မယ်ဆိုရင်တော့ ငွေကို သုံးရမှာပေါ့”

“ဒါပေမဲ့ အိမ်ဦးနတ်ကြီး ဒီထုန်ဇီစာမေးပွဲက ငွေစ၁၀၀ ကုန်တာ ဟုတ်ပါပြီ၊ နောက်ပိုင်းကျရင်ကော သူတို့တွေ အရာရှိစာမေးပွဲတို့ ၊ စီရင်စုစာမေးပွဲတို့ ဖြေရမယ်ဆိုရင်ကော ကျွန်မတို့ မိသားစုက ဘယ်လိုလုပ်တတ်နိုင်မှာလဲ”

အဘိုးချန်သည် စာဘယ်တော့မှ မဖတ်သော်လည်း အများအပြား ကြားဖူးလေသည်။ ကျောင်းတော်သားတစ်ယောက်ဖြစ်ရသည့် အခက်အခဲမှာ သဘာဝအားဖြင့် နောက်ပိုင်းတွင် စာမေးပွဲအတွက် ငွေပိုလိုလာမည့်အရေးကို စိုးရိမ်ရခြင်းပင်။

“ အခု ကျွန်မတို့ မိသားစုမှ ငွေစ ၁၇စ ၊ ၁၈စလောက်ပဲ ကျန်တော့တယ်၊ သူတို့တွေ ငွေထပ်သုံးချင်တယ်ဆိုရင် ကျွန်မတို့ မတတ်နိုင်တော့ဘူး”

အဘွားချန်သည် ယွဲ့တာဖူကို အကုန်ချပြလိုက်တော့သည်။

ဆေးတံကို မှုတ်ထုတ်ရင်း ယွဲ့တာ့ဖူ၏အမူအရာသည် အနည်းငယ် ရင်လေးသွားဟန် ဖြစ်သွားတော့သည်။

“ နည်လမ်းတစ်ခုကတော့ အမြဲရှိမှာပါလေ၊ အလုပ်မဖြစ်ဘူးဆိုရင်လည်း အားလုံးက ထမင်းလျှော့စားပြီး အစားအစာတချို့ကို ရောင်းဖို့ သိမ်းထားလိုက်ပေါ့”

ယွဲ့မိသားစုသည် မြေဧကများစွာ ပိုင်ဆိုင်လေသည်။ ထို့ကြောင့် သူတို့၏အစားအစာများသည် ရှိသည့်လူဦးရေထက် ပိုလျှံလေသည်။ သည်နှစ်ပိုင်းတွင် သူတို့သည် အစားအစာများကို နှစ်တိုင်း ရောင်းချပြီး ငွေစုထားခဲ့သည်။ သို့သော် ငွေစ ၁၀၀။  ယွဲ့တာ့ဖူလည်း ထိုအကြောင်းကို စဥ်းစားမိလျှင် အလွန်စိတ်ဓာတ်ကျမိလေသည်။ သားသုံးယောက်လုံးသည် အပြင်ထွက် အလုပ်လုပ်ကြ၏။ တတိယသားက တစ်နှစ်ပတ်လုံး မြို့တွင်နေရသည်။ ဒုတိယသားက ရိုးသားပြီး ဘယ်သောအခါမှ သီးခြားငွေ စုဆောင်းတတ်ခြင်းမရှိချေ။ အကြီးဆုံးလင်မယားကတော့ဖြင့် မရိုးသားကြသဖြင့် ငွေများ အများအပြား စုဆောင်းထားမည်မှာ သေချာသည်။

အဘွားချန်သည် အိမ်မှုကိစ္စကို မစီမံဘဲ ပစ္စည်းများကို စျေးဘယ်လောက် တက်နေသည်ကို မသိသည့် ယွဲ့တာ့ဖူကို မျက်နှာတင်းတင်းဖြင့် မော့ကြည့်လိုက်ပြီး

“ အစားအသောက်တွေကို သိမ်းထားဖို့ အဲလောက်မလွယ်တော့ဘူးရှင့်၊ ကျန်တာတွေကို မပြောနဲ့အုံး ဒုတိယသား မိသားစုက ဆန်ကုန်မြေးလေး ၇ယောက်နဲ့တင်… သူတို့တွေ တစ်နေ့ ဘယ်လောက်စားနေလဲဆိုတာ ဘယ်သူသိမှာလဲ”

စားဖို့သာ သိသည့် ဆန်ကုန်မြေလေးများကို စဥ်းစားမိလျှင် အဘွားချန်၏ ရင်ဘတ်သည် ဒေါသကြောင့် ပြည့်ကြပ်လာတော့သည်။ သူမ၏မျက်လုံးများ ဟိုကြည့် သည်ကြည့်ဖြင့် နောက်ဆုံး စိတ်ကူးတစ်ခု ထွက်လာလေသည်။

“ လာမဲ့ ဆောင်းဦးကောက်ရိတ်ပွဲကျရင် ဒုတိယမိသားစုက ဆန်ကုန်မြေလေးတွေကို အလုပ်လုပ်ခိုင်းမယ်ဆိုရင်ကော၊ အငယ်တွေကတော့ လုပ်နိုင်မှာမဟုတ်ဘူး၊ ကြီးကောင်ဝင်လာတဲ့ ယိုကျင့်နဲ့ ယိုရင်ကတော့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်စာ လုပ်နိုင်တယ်မလား”

ယွဲ့တာ့ဖူသည် ဒုတိယမိသားစု၏မြေးမများကို မချစ်ခင်ပေ။ ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းက ယိုကျင့်က လူကြီးများကို ပြန်ခံပြောထားကာ လီကျန်းကိုပင် ဆွဲထည့်လိုက်သေးသည်။ ယွဲ့တာ့ဖူသည် အပေါ်ယံတွင် ဘာမှမလုပ်သော်လည်း စိတ်ထဲတွင်တော့ ဆူးတစ်ချောင်းက ရှိနေဆဲ။ ဒီကလေးက အရမ်းအာခံတတ်တယ်။ နောက်ဆိုရင် ဘယ်လိုနေမလဲမသိဘူး။ ထို့သို့စဥ်းစားလိုက်ပြီးနောက် အဘွားချန်၏ အကြံဉာဏ်ကို လက်ခံလိုက်လေသည်။

“ ဒါပေမဲ့ သူတို့ကလည်း ကလေးအရွယ်ပဲ ရှိသေးတယ်၊ သူတို့လုပ်နိုင်သလောက်ပဲ ခိုင်း”

ယွဲ့တာ့ဖူ သဘောတူလိုက်ကို တွေ့လိုက်ရပြီးနောက် အဘွားချန် ပီတီဖြာသွားတော့သည်။ တစ်စုံတစ်ယောက်ကတော့ ဆောင်းဦးကောက်ရိတ်တာ ဘယ်လောက်ပင်ပန်းတယ်ဆိုတဲ့အကြောင်း သိသွားစေရမယ်။ ကြီးကောင်ဝင် မိန်းကလေးတစ်ယောက်က မသေရင်တောင် အရေပြားတွေ လန်ကုန်မှာပဲ။ သူမသည် ပြုံးကာ ယွဲ့တာ့ဖူ၏ ဆေးတံကို ကူသိမ်းပေးလိုက်ပြီး “ ဒီလိုဆိုရင်တော့ အချိန်ပိုင်းအလုပ်သမားငှားဖို့ ငွေတွေအများကြီး သက်သာသွားမှာပဲ” ဟုပြောလိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset