EYYJ အပိုင်း ၁၁

အပိုင်း (၁၁) လျန်းတစ်ရာ

“လျန်းတစ်ရာ…. ငါတို့မိသားစုက အဲ့လောက်ပိုက်ဆံကို ဘယ်ကရှာရမှာလဲ” အဘွားချန်သည် စိုးရိမ်တကြီးဖြင့် ချွေးတပြိုက်ပြိုက်ကျကာ ရှင်းပြရှာသည်။ မိသားစု၌ မြေဆီဩဇာကောင်းသော လယ်ဧကသုံးဆယ် ရှိသကဲ့သို့ အစိုးရအား အခွန်ခပေးရသည်မှာလည်း မနည်းမနောပင်ဖြစ်သည်။ ထွန်ယက်စိုက်ပျိုးရန် ငှားရမ်းရသည့် လူသည်လည်း များပေသည်။ ထို့အပြင် မြေးနှစ်ယောက်၏ ကျောင်းစရိတ်အတွက်ပါ ပေးဆောင်ရသည့်အတွက် သူမတို့မိသားစုသည် နှစ်စဉ် ခုနစ်လျန် ရှစ်လျန်သာ စုဆောင်းမိပေသည်။ “ပြီးတော့ မေးခွန်းလွှာကို မင်းတို့ညီအစ်ကိုနှစ်ယောက်စားအတွက် ပေါင်း၀ယ်လို့မရဘူးလား။ အတူပေါင်းဖတ်ကြလေ” အဘွားချန်၏ ငွေကြေးတွက်ချက်မှုသည် ထိပ်ဆုံးစာရင်း၀င်ဖြစ်သည်။ သူမအတွက် စုဆောင်းနိုင်သည့် ဒင်္ဂါးတစ်စေ့သည်ပင် စုဆောင်းရမည်ပင်။

မည်သို့ပင်ဖြစ်စေ ယွဲ့၀မ်ထောင်သည် မကျေနပ်စွာ ခဏမျှ သည်းညူနေတော့သည်။ “ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းက အကုန်ပေးရမယ်ပြောတာ…..”

ယွဲ့ချန်ရှို့သည် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“၀မ်ထောင် လျန်းတစ်ရာဆိုတဲ့ငွေက မနည်းဘူးနော်။ အဲ့လိုကုန်လိုက်လို့ အသုံး၀င်မယ်ဆိုတာ သေချာလား။ အလိမ်ခံရရင် ပြဿနာတက်မယ်….”

ယွဲ့တာ့ဖူသည် စိတ်တည်ငြိမ်စေရန် ဆေးတံကို မှူတ်သောက်လိုက်သည်။ လျန်းတစ်ရာသည် သေးငယ်သည့် ပမာဏ မဟုတ်သကဲ့သို့ သူ့မြေးများ၏ အနာဂတ်သည်လည်း အရေးပါပေသည်။ စဉ်းစားရခက်လှသည်။

လူကြီးများသည် အလုံးစုံငြင်းဆန်နေခြင်းမဟုတ်ကြောင်း သဘောပေါက်သည်နှင့် ယွဲ့၀မ်ဝေ့သည် အာမခံချက် ပေးလိုက်လေသည်။ “အဲလိုမဖြစ်ပါဘူး။ သူငယ်ချင်းက တရားသူကြီးမျိုးရိုးရဲ့ ဆွေမျိုးဆိုတော့ သူပြောတာ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်ပါတယ်။ အဘိုး ကျွန်တော်တို့ တုန်ရှန်းစာမေးပွဲကို နွေဦးမှာ အောင်မှ ရုံးတွင်းပိုင်းသွားပြီး အစိုးရစာမေးပွဲကို ဆောင်းဦးမှာ ထပ်ဖြေနိုင်မှာ။ အဲဒါအောင်မှ ရှို့ချိုက်ဖြစ်မှာ။ အရည်အချင်းစစ်စာမေးပွဲက နောက်နှစ်နှစ်နေမှ လာတော့မှာ အဲဒါဆို နောက်တစ်နှစ်စောင်ရဦးမယ်။ တကယ်လို့ အဲ့လိုသာဆို ကျွန်တော်တို့ နောက်ထပ် သုံးနှစ်လောက် ထပ်စောင့်နေရမှာ….”

“ဟုတ်တယ် အဘိုးရ အဲ့လိုသာဆို ငါးနှစ်လောက် စောင့်နေရမှာ” ဘေးရှိယွဲ့ချန်လုသည် သူ့အစ်ကို၏ အချက်ပြမှုကိုရသည်နှင့် ၀င်ရောက် တိုက်တွန်းလေသည်။ (တုန်ရှန်း နှစ်နှစ်တခါလာတာပါ။ တုန်ရှန်းနဲ့ အစိုးရစစ်စာမေးပွဲ ကြားကတစ်နှစ်ခြားပါတယ်။ တကယ်လို့ သူတို့တုံရှန်းကို ဒီနှစ် ‌မအောင်ရင် အစိုးရစစ်ကို မဖြေရဘဲ တစ်နှစ်ပုပ်ပါတယ်။ နောက်ထပ်စောင့်ရင် နှစ်နှစ်နဲ့ အစိုးရစစ်အတွက်တစ်နှစ်ဆို လေးနှစ်ကျော်ပါတယ်)

သူတို့လွဲချော်လျှင် နောက်ထပ်ငါးနှစ်တာမျှ စောင့်ရမည်ဖြစ်သည်။ ယွဲ့၀မ်ထောင်၏ စကားများသည် ယွဲ့တာ့ဖူ၏စိတ်ကို လှုပ်ခတ်စေသည်။ တစ်ထက်၌ ‌လျန်းတစ်ရာနှင့် တဖက်၌ ငါးနှစ်တာ စောင်းဆိုင်းရမည့် သူတို့မိသားစု၏ ကံကြမ္မာဖြစ်သည်။ ယွဲ့တာ့ဖူသည် ခဏကြာမျှ တွေးပြီးနောက် သူ၏ပေါင်အား ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။ “လျန်းတစ်ရာနဲ့ ပြီးမယ်ဆိုလဲ”

သူတို့အဘိုး၏စကားကို ကြားသည်နှင့် ယွဲ့၀မ်ထောင်တို့ညီအစ်ကို၏ မျက်၀န်းများသည် ပျော်ရွှင်မှုကြောင့် ပြူးကျယ်ကုန်သည်။ အဘွားချန်သည် ခဏမျှ အသက်ရှူဖို့ပင် မေ့လျော့သွားသည်။

“ဒီလူအိုကြီးကတော့ ရူးသွားပြီလား။ ကျွန်မတို့အိမ်မှာ အဲ့လောက်ငွေ ဘယ်မှာရှိမှာလဲ။ တစ်နှစ်တစ်နှစ် ငွေနည်းနည်းစီ စုလာတာ ‌လျန်းတစ်ရာရဖို့ ဘယ်လောက်ကြာအောင် ခက်ခက်ခဲခဲ အလုပ်တွေလုပ်ရလဲ သိရဲ့လား။ အိမ်ကို အခေါင်းပေါက်ဖြစ်အောင် လုပ်မလို့လား ဟမ်”

“ဒီမိန်းမကတော့ အတွေးခေါင်လိုက်တာ။ ဘယ်ဟာကို ဦးစားပေးရမှန်း မသိဘူးလား ပိုက်ဆံကို ကောင်းတဲ့နေရာမှာ သုံးတာပဲ။ ကလေးတွေသာ ရာထူးတစ်နေရာရလာရင် အနာဂတ်မှာ ငွေရှိဖို့က မခက်ခဲတော့ဘူး။ နားလည်ရဲ့လား” ထို့နောက် ယွဲ့တာ့ဖူသည် ငွေထုတ်ပေးရန် လက်တွန့်နေသော အဘွားချန်အား စိုက်ကြည့်လိုက်သည်။ “သွား ပိုက်ဆံသွားထုတ်ချည်”

မိသားစု၏ငွေအား မေးခွန်းလွှာ၀ယ်ရန်နှင့် သူ့သား၏ လမ်းကြောင်းအတွက် ဖြောင့်ဖြူးစေရန် သုံးလိုသော် ယွဲ့ချန်ဖူသည် အဘွားချန်ဘက်သို့ လှည့်ကာ အယုံသွင်းကာ နားချတော့သည်။ “ဟုတ်သားပဲ အမေကလည်း ဒီကလေးတွေ ရာထူးရလာပြီဆို အမေက သခင်မကြီး ဖြစ်ပြီလေ။ အဲ့အချိန်ကျ အမေ့ကို ပဏ္ဍာဆက်ဖို့ လူတိုင်းက တန်းစီနေကြမှာ”

အခြာတးစ်ဖက်၌ ယွဲ့ချန်လုနှင့်ယွဲ့ချန်ရှို့သည် မကျေမနပ်ဖြစ်နေသည်။ သူတို့မိသားစုသည် မခွဲဝေရသေး၍ ရှိသည့်ငွေကို မျှဝေသုံးရပေသည်။ ဒီလိုသာဖြစ်ရင် ခွဲတဲ့အချိန် လျန်းနှစ်ဆယ် သုံးဆယ်တောင် ရပါ့မလား။ ယွဲ့ချိန်ရှို့သည် မြို့ပေါ်၌ ကုန်ဆိုင်ရှိကာ တစ်နှစ်လျှင် လျန်းနှစ်ဆယ်သုံးဆယ်မျှ စုဆောင်းနိုင်ပေသည်။ ထို့အတွန် လျစ်နှစ်ဆယ်သုံးဆယ်မျှ ရလျှင်ပင် သူ့အတွက် အဆင်ပြေသေးသည်။ သို့သော် ယွဲ့ချန်လုသည် အလုပ်ကြမ်း တစ်လလုပ်လျှင်မှသာ ငွေတုံးအနည်းငယ်သာ ရပေသည်။ သူ၏မျက်စိ‌ရှေ့၌ လျန်းတစ်ရာအား ယူထုတ်သွားသည့်အတွက် မကျေမနပ်ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။

ယွဲ့ချန်ဖူသည် သူ၏အမေကို ဖျောင်းဖျပြီးနောက် ညီဖြစ်သူ၏ မျက်နှာပျက်ယွင်းမှုကို မြင်လိုက်ရ၍ ထပ်မံချော့မော့ ပြောရပြန်သည်။ “ငါ့ညီရာ ငွေက နည်းနည်းများတာမှန်ပါတယ်။ ဒါပေမဲ့ မင်းမှာ သားစဉ်မျိုးဆက်မှမရှိဘဲ။ မင်းတူတွေသာ ရာထူးအရာခံဖြစ်ကြည့် မင်းအတွက် အထောက်အကူ ဖြစ်မှာပေါ့။ အဲ့ကျ မင်းလည်း သခင်ကြီးတစ်ယောက်ဖြစ်လာမှာလေ။ သားမမွေးနိုင်တဲ့ မင်းမိန်းမကို ပစ်ချင်ပစ်လိုက်လို့ရတယ်။ အချိန်ကျ အာဏာရှိရင် ဘယ်ပျိုနီပန်းမဆို မင်းကို ယူချင်ကြမှာပဲ။ အဲ့ကျ သားယောက်ျားလေး မရှိမှာလည်း စိုးရိမ်စရာမလိုတော့ဘူး ဟုတ်တယ်မလား”

ပထမမိသားစုတိုင်း၏ ဉာဏ်ရည်သည် ထူးဆန်းစွာ ထက်မြက်လှပေသည်။ အခြားလူများကို မြှောက်ပင့်ကာ စိတ်ကျေနပ်မှုရအောင် ပြုလုပ်ပေးရာ၌ တစ်ဖက်ကမ်း ကျွမ်းကျင်ကြပေသည်။ အချိန်ခဏအတွင်း၌ အဘွားချန်နှင့် ယွဲ့ချန်လုတို့နှစ်ဦးသည် ပထမမိသားစု၏ စည်းရုံးသိမ်းသွင်းမှုအောက်၌ ကျရှုံးသွားလေသည်။ ယွဲ့တာ့ဖူသည် အလျင်လိုနေ၍ အဘွားချန်သည်လည်း အတွင်းဆောင်သို့ ခပ်သုတ်သုတ် ပြေးသွားရလေသည်။ ထို့နောက် ဒင်္ဂါးအချို့နှင့် တံဆိပ်ရိုက်ထားသော ငွေတုံးတစ်တုံးကို ထုတ်လာလေသည်။ “အိမ်မှာရှိတာ အကုန်ပဲ။ သင့်တော်သလို သုံးလိုက်ကြ”

အဘိုးအဘွားများမှ ငွေအသပြာများကို အလွယ်တကူ ထုတ်ပေးလာသည့်အတွက် ညီအစ်ကိုနှစ်ယောက်မှာ ပျော်မြူးနေကြ၏။ အထူးသဖြင့် ယွဲ့၀မ်ဝေ့သည် အပျော်ဆုံးဖြစ်သည်။ သူသည် အသက် တစ်ဆယ့်ငါးနှစ် ဖြစ်ကာ တုန်ရှန်း မအောင်မြင်သေးပေ။ ယခုကဲ့သို့သာ ယောင်လည်လည် ဖြစ်နေပါက ‌ရှို့ချိုက်ဖြေရန် မလွယ်ကူပါချေ။ ဤငွေများဖြင့် တုန်ရှန်းကို အေးဆေးပင် ဖြတ်ကျော်နိုင်ပေသည်။

ယွဲ့တာ့ဖူသည် ဆုံးမစကား ပြောရန်လည်းမမေ့ခဲ့ပေ။ “ စာသေချာကြိုးစားကြ။ မိသားစုရဲ့မျှော်လင့်ချက်ကို မပျက်စေနဲ့”

“စိတ်ချပါ အဘိုး။ အရာထမ်းဖြစ်အောင် ကြိုးစားပြီး မိသားစုကို ဂုဏ်ယူရအောင် လုပ်ပေးမှာပါ အဘိုး” ယွဲ့၀မ်ထောင်၏မျက်လုံးသည် စားပွဲပေါ်ရှိ ငွေများကြောင့် လင်းလက်နေခဲ့သည်။ ငါအောင်မြင်လာမှာကို စောင့်ကြည့်နေကြ။

ညနက်လာပြီဖြစ်ကာ ယွဲ့မိသားစု၏ ပင်မဆောင်၌ မီးအရောင်မှိန်ပျပျ ရှိနေသေးသည်။ အိမ်ရှိ ယောက်ျားသားများ၏ ဆွေးနွေးမှုသည် ပြီးစီးပြီဖြစ်ကာ စာသင်သားနှစ်ဦးအား ငွေပေးရန် ဆုံးဖြတ်လိုက်ကြသည်။

ယွဲ့ချန်ရှို့သည် ပင်ပန်းနေသော ကိုယ်ခန္ဓာနှင့် အရှေ့ခြံထဲထိ ‌သည်းခံလျှောက်လှမ်းလာခဲ့ရသည်။ အမျိုးသမီးဟန်သည် ခင်ပွန်းသည်ကို မြင်သည်နှင့် နှုတ်ခွန်းဆက်လိုက်ပြီး လက်မှလည်း အပေါ်၀တ်ရုံကို အလိုက်တသိ ကူချွတ်ပေးလေသည်။ “ဘာတွေ အဲ့လောက် ပြောနေကြတာလဲ” ထို့နောက် ပုဝါအစိုစဖြင့် မျက်နှာသုတ်ပေးရန် ကမ်းလိုက်ကာ မေးမြန်းလိုက်သည်။ “ရှင့်မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်ပြန်ပြီလဲ”

ယွဲ့ချန်ရှို့နှင့် အမျိုးသမီးဟန်တို့၏ အိမ်ထောင်သက်တမ်းမှာ ကြာရှည်ပြီဖြစ်ကာ သူတို့နှစ်ဦး၏ သံယောဇဉ်သည်လည်း ခိုင်မာပေသည်။ အမျိုးသမီးဟန်သည် သာမန်အမျိုးသမီးများထက် ကြံ့ခိုင်ကာ ရည်မှန်းချက်ကြီးကြောင်း သူသိပေသည်။ စီးပွားရေးကိစ္စ အများစုကိုလည်း အမျိုးသမီးဟန်က ဆုံးဖြတ်ပေသည်။ ထို့အတွက် သူမဆီမှ ဖုံးကွယ်ဖို့ရန် မဖြစ်နိုင်ပါချေ။ “ယွဲ့၀မ်ထောင်တို့ ညီအစ်ကိုနှစ်ယောက်က မြို့ပေါ်က တရားရေးရာ မိသားစုနဲ့ အဆက်အသွယ်ရှိပြီး နည်းနည်းလောက် ရင်းနှီးမြှုပ်နှံချင်နေတာ။ တစ်ယောက်ကို လျန်ငါးဆယ်တဲ့”

အမျိုးသားဖြစ်သူ သုတ်ပြီးသော လက်ကိုင်ပဝါကိုယူကာ အမျိုးသမီးဟန်သည် အနည်းငယ် တုန်လှုပ်သွားမိသည်။ “ကျွန်မတို့ဆိုင်တောင် တစ်နှစ်မှ လျန်းနှစ်ဆယ် သုံးဆယ်တင် မြတ်တာ။ အဖေနဲ့အမေက လျန်းတစ်ရာပေးဖို့ သဘောတူလိုက်တာလား”

ယွဲ့မိသားစုသည် စာသင်သားနှစ်ဦးအပေါ် အလေးထား ဆက်ဆံပေသည်။ သူမသည် တရားစီရင်သူမိသားစုကို လာဘ်ထိုးရန် မိသားစု၏ငွေကြေးများကို အကုန်သုံးလိုက်ခြင်းအပေါ် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။

“တစ်မိသားစုလုံးက ထောင်အာနဲ့ လင်အာအပေ့် မျှော်လင့်ချက်ထားနေကြတာလေ။ အမေတို့က သဘောမတူဘဲ ဘယ်နေမလဲ” ယွဲ့ချန်ရှို့သည် ဖျော့တော့သွာဖြင့် ခုတင်ပေါ်သို့ ထိုင်ချလိုက်သည်။

“အမေယူလာတဲ့ ငွေတွေက တချို့ဆို အရောင်လွင့်နေပြီ။ အဲဒါက ကိုယ်တို့မိသားစုရဲ့ငွေ အကုန်ပဲမလား”

ကျေးလက်ဒေသများ၌ လျန်းတစ်ရာသည် ပမာဏကြီးဖြစ်ပေသည်။ လျန်းနှစ်ဆယ်သည်ပင် အုပ်ကြွပ်အိမ်တစ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောက်နိုင်ကာ မြေဩဇာကောင်းသည့် လယ်တစ်ဧကလျှင်ပင် ခြောက်လျန်သာ ကျသင့်သည်။ ထို့အပြင် အိမ်၌ ကျွေးမွေးရမည့် လူများလည်း ရှိသေးသည်။ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့အတွက် လျန်းတစ်ရာထက် ပိုစုထားရမည်ဖြစ်ကာ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်တော့ချေ။

လုပ်စရာရှိသည်များကို လက်စသတ်ပြီးသည်နှင့် အမျိုးသမီးချန်သည် ယွဲ့ချန်ရှို့ဘေး၌ လှဲလိုက်တော့သည်။ “မနက်ဖြန်ကျ အဖေနဲ့အမေကို ငွေနည်းနည်းလောက် သွားပေးကြမလား”

“ကိုယ်တို့မိသားစုမှာ ငွေဘယ်လောက်ကျန်သေးလို့လဲ။ သားနှစ်ယောက်က ပညာသင်နေတုန်း။ ယွဲ့ဟယ်ကလည်း တဖြည်းဖြည်းကြီးလာဦးမယ်။ မင်းရဲ့သားနှစ်ယောက် လက်ထပ်ဖို့ရော ယွဲ့ဟယ်ရဲ့လက်ဖွဲ့ငွေရော ဘယ်ဟာက ငွေမလိုလို့လဲ” ယွဲ့ချန်ရှို့သည် အမျိုးသမီးဟန်၏ အကြံအား နှစ်ခါပင် မစဉ်းစားဘဲ ကန့်ကွက်ခဲ့သည်။

“ပြီးတော့ မိသားစုက ခွဲရသေးတာ မဟုတ်ဘူး။ ကိုယ်တို့စုဆောင်းခဲ့တာက နည်းတဲ့ငွေကြေး မဟုတ်ဘူး။ ဒီနေ့ထုတ်ပေးလိုက်တဲ့ ငွေက ကိုယ်တို့ဆီက အဓိက စီးဆင်းတာပဲ” ယွဲ့မိသားစုသည် မခွဲခြမ်းရသေးပေ။ တတိယမိသားစုခွဲသည် မြို့ပေါ်၌ သီးခြားနေကာ ကလေးသုံးယောက်အား ပျိုးထောင်ရသည့်အပြင် တစ်နှစ်လျှင် ခြောက်လျန်း ခုနစ်လျန်းမျှ အိမ်ကို ပေးပို့သေးသည်။ သူတို့၏ငွေကို လျှို့ဝှက်မစုဆောင်းထားခဲ့ပါက ရှင်သန်စားသောက်ရန် မဖြစ်နိုင်ပေ။

ခင်ပွန်းသည်ပြောသည်မှာ အကျိုးအကြောင်း ဆီလျော်သည့်အတွက် အမျိုးကမီးဟန်သည် သက်ပြင်းချကာ မည်သည်ကိုမျှ မငြင်းဆိုခဲ့ပေ။

ယွဲ့ချန်လုသည် ပင်မဆောင်မှ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကာ အနောက်ခြံထဲသို့ ဦးတည်သွားခဲ့သည်။ အိမ်ခန်းထဲရှိ ခုတင်၌ သူ့အား ပြုံးလျက်ကြည့်နေသော ရှောင်ကျို့ကို မြင်လိုက်သည့်အခါ တဒင်္ဂမျှပင် မတွေဝေဘဲ လက်ဆန့်တန်းကာ ရိုက်ချလိုက်လေသည်။

“ဆန်ကုန်မြေတွေ ‌တနေ့နေ့ စားဖို့သောက်ဖို့ပဲ တတ်တယ်”

ပျော်ရွှင်နေသည့် ရှောင်ကျို့လေးသည် အဖေဖြစ်သူ၏ ရိုက်နှက်မှုကို မျှော်လင့်မထားခဲ့ပေ။ ပါးပေါ်ရှိ နာကျင်မှုသည် သူမအား ငိုကြွေးစေရန် လုံလောက်ခဲ့လေသည်။ “ဝါး” ထိုငိုသံသည် ယွဲ့ချန်လု ခြေဆေးရန်အတွက် ရေထွက်ခပ်နေသည့် ယိုကျင့်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ယိုကျင့်သည် ရေဇလုံတစ်လုံးဖြင့် အခန်းထဲသို့ ပြေး၀င်ဘာရတော့သည်။

“အဖေ ရေရပါပြီ။ ခြေဆေးပြီး နားလို့ရပြီနော်” ယိုကျင့်သည် ဇလုံအား ယွဲ့ချန်လုရှေ့၌ ချပေးလိုက်သည်။ ထို့နောက် ရှောင်ကျို့ကို ပွေ့ချီကာ ချော့မြူရန်အတွက် ထိုလူနှင့် ဝေးရာထောင့်သို့ ခေါ်သွားရလေသည်။

အကြီးဆုံးသမီး၏ အပြုအမူကြောင့် ယွဲ့ချန်လုသည် ခုတင်ပေါ်သို့‌ အားပါပါထိုင်ချလိုက်ကာ ဖိနပ်ကို ဆွဲချွတ်ပြီး လွှင့်ပစ်လိုက်သည်။ ခြေဆေးနေရင်းပင် ဆူဆဲနေသေးပေသည်။ “ခွေးမတွေ ငိုဖို့နဲ့ စားဖို့ပဲသိတယ်။ ငါ့သားလေး နင့်ငိုသံကြောင့် ထွက်ပြေးသွားရင် နင့်ကို အသေသတ်ပစ်မယ်”

အတွင်းခန်းထဲရှိ အမျိုးသမီးစုသည် ဆူညံ‌သံများကြောင့် အိပ်ရာမှ အားပြုထကာ တံခါးဘက်ဆီသို့ လျှောက်သွားလိုက်ပြီး ဘောင်၌ မှီထားရလေသည်။

“ဘာဖြစ်ပြန်ပြီလဲ ယောက်ျားရယ်။ ရှောင်ကျို့မလိမ္မာရင် ကျွန်မသူ့ကို ဖြည်းဖြည်းချင်း သင်ပေးလိုက်ပါ့မယ်။ အဲ့လောက် ဒေါသထွက်စရာလိုလို့လား”

ယွဲ့ချန်လုသည် ဝါညစ်ညစ်မျက်နှာနှင့် ဗိုက်ပူပူမှလွဲ၍ တစ်ကိုယ်လုံးပိန်ပါးနေသည့် အမျိုးသမီးစုကို ကြည့်ကာ ပို၍ပင် ရွံရှာလာသည်။ “ဘယ်လိုသင်ပေးမှာလဲ။ နင်ပျိုးထောင်တဲ့ဟာမတွေကို ကြည့်ပါဦး။ တစ်ယောက်ချင်းစီ အရည်‌အချင်းကောင်းတွေ ရှိလိုက်ကြတာ။ ငါအပြင်မှာ ပိုက်ဆံအများကြီး ရှာနိုင်တာတောင် ပြန်လာရင် သူတို့ကြောင့် ဒေါသထွက်နေရတုန်း”

အမျိုးသမီးစုသည် မျက်ရည်များ ဝဲဝေ့လာသည်အထိ အဆူပူခံလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ကာ ယွဲ့ချန်လုဆီသို့ သွားလိုက်ပြီး ခြေထောက်ကူဆေးပေးရန် ထိုင်လိုက်သည်။ “ကျွန်မခင်ပွန်းက တစ်နေ့တစ်နေ့ အလုပ်တွေကြိုးစားရမှန်း သိပါတယ်။ အဲဒါကြောင့် ခြေဆေးပြီးတာနဲ့ စောစောနားလိုက်တော့နော်။ ရှောင်ကျို့ မလိမ္မာဘူးထား ကျွန်မမနက်ဖြန် သေချာသင်ပေးလိုက်ပါ့မယ်”

အမျိုးသမီးစုသည် သူ့အား ပြန်ခံမပြောဘဲ ပြုစုပေးနေသည့်အတွက် သူ၏မွေးရာပါ ယောက်ျားမာနမှာ ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှောင်ကျို့အား တွက်ကပ်မနေဘဲ အမျိုးသမီးစုအား ခြေထောက်အမြန်ဆေးပေးရန် ဆူဆဲနေတော့သည်။

ယွဲ့ချန်လုသည် ခြေထောက်ဆေးကြောပြီးသည်နှင့် အခန်းထဲသို့ သွားကာ အိပ်စက်တော့သည်။ ယိုကျင့်သည်လည်း မအိပ်ပျော်ခင်အထိ ငိုကြွေးခဲ့သော ရှောင်ကျို့အား အိပ်ရာပေါ်သို့ နေရာတကျ ချပေးလိုက်သည်။ ထို့နောက် ရှောင်ဝူမှာ သူမအား မျက်လုံးပြူးလေးများဖြင်း ငေးကြည့်နေကြောင်း သိလိုက်ရသည်။ ရှောင်ဝူသည် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“အစ်မသုံး သမီးပင်မခန်းရှေ့ဖြတ်ရင်း ဘိုးဘိုးနဲ့ဘွားဘွားက အကြီးဆုံးအစ်ကိုနှစ်ယောက်ဖို့ လျန်းတစ်ရာ ထုတ်ပေးလိုက်တယ်လို့ ကြားတယ်။ ပြီးတော့ အဲဒါကို တရားသူကြီးမိသားစုဆီ လာဘ်ထိုးမလို့တဲ့” ရှောင်ဝူနှင့်အခြားသူများသည် ထိုအခန်းရှေ့ ဖြတ်သွားရင်း မတော်တဆ ကြားမိခဲ့ခြင်းဖြစ်သည်။ ရှောင်ဝူသည် ရေအိမ်သွားစဉ် စကားသံများကြောင့် အခန်းထောင့်၌ နေကာ နားထောင်လာပြီး သူမ၏အစ်မကို ပြောပြခြင်းဖြစ်သည်။

ယိုကျင့်သည် ရှောင်ဝူ၏ခေါင်းကို အသာအယာပုတ်ပေးကာ ညီမဖြစ်သူ၏ အသံအတိုင်း တီးတိုးပြောလိုက်သည်။ “အခြားလူတွေကို ဒီအကြောင်း မပြောရဘူးနော်။ ဒါညီမလေးနဲ့ မမကြားက လျှို့ဝှက်ချက်ပဲ ဟုတ်ပြီလား”

“အာ” ရှောင်ဝူသည် ခုနစ်နှစ်သာရှိသေးသော်လည်း စိတ်မြန်လက်မြန်ရှိလှသည်။ သို့သော်လည်း အစ်မဖြစ်သူ ယိုကျင့်၏စကားကို နာခံဆဲဖြစ်သည်။

“နောက်ကျနေပြီ ရှောင်ဝူလေးလည်း အိပ်သင့်ပြီ။ မနက်ဖြန် အလုပ်တွေအများကြီး လုပ်ရဦးမှာ”

ယိုကျင့်သည် ရှောင်ဝူအား အိပ်ပျော်အောင် ချော့သိပ်ပြီးချန်၌ သူမသည်လည်း အိပ်မောကျသွားတော့သည်။ မနက်ဖြန်သည် အဘွားချန်၏ အသက်ငါးဆယ်ပြည့် မွေးနေ့ဖြစ်ပေသည်။ ကြီးကြီးမားမား ကျင်းပသော ပွဲမဟုတ်သော်လည်း အိမ်ထောင်ရက်ခြားကျသွားသည့် သမီးဖြစ်သူ ပြန်လာလိမ့်မည်ဖြစ်သည်။ ထို့အတွက် မနက်ဖြန်သည် အလုပ်ရှုပ်လိမ့်မည်ဟု မှန်းဆလို့ရသည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset