EYYJ အပိုင်း ၁၀

အပိုင်း (၁၀) မျိုးဆက်ပြတ်နေတဲ့မိသားစု

ယိုရင်သည် ဒေါ်လေးက အစပိုင်းတွင် သူမကိုလည်း ခေါ်သော်လည်း ဝမ်းကွဲအစ်မကြီးက သန့်ရှင်းရေးလုပ်ရန် သူမကို ဆွဲထားခဲ့သဖြင့် လိုက်မသွားနိုင်ခဲ့သည့်အကြောင်း အစ်မဖြစ်သူကို ပြောချင်နေခဲ့သည်။ ယခုတော့ အစ်မဖြစ်သူက သူမကို သွားဖို့ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် ယိုရင်က ခက်ခက်ခဲခဲ ခေါင်းညိတ်ပြ လိုက်တော့သည်။ ခွက်တစ်ဝက်ခန့် ရေခပ်ကာ လက်ဆေးလိုက်ပြီးနောက် အရှေ့ဆောင်ဘက်သို့ သွားလိုက်လေသည်။ ယိုရင်ကို ခါးထောက်ကာ ပတ်ပြီး အမိန့်ပေးနေသည့် ယိုထင်းကျန်ခဲ့ပြီး ထိုနေရာတွင် ယိုကျင့်နှင့် အချင်းချင်း စိုက်ကြည့်နေတော့သည်။

“ ဒါဆိုရင် ကျန်တဲ့အလုပ်တွေကို ဝမ်းကွဲမကြီးကိုပဲ ဒုက္ခပေးရတော့မယ်”

ယိုကျင့်သည် မအ ပါချေ။ အခုလေးတင် သူမက သူတို့ကို မျက်နှာပျက်အောင်လုပ်ခဲ့သည်ဖြစ်ရာ သူမကို အလျင်စလို မည်သို့မျက်နှာရအောင် လုပ်နိုင်ပါမည်နည်း။

သူမသည် တောရွာတွင် မွေးဖွားလာပြီး ထိုနေရာတွင် ကြီးပြင်းခဲ့သော်လည်း ယိုထင်းသည် ငယ်ကတည်းက အမျိုးသမီးချန်၏ အလိုလိုက်ခြင်း ခံခဲ့ရလေသည်။ ထို့ထက် ဒုတိယမိသားစုတွင် လိမ္မာသည့်ကလေးတချို့ရှိလေရာ ယွဲ့ယိုထင်းက အဘယ်ကြောင့် အိမ်အလုပ်များကို ဝင်လုပ်စရာလိုပါမည်နည်း။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် ယိုထင်း၏ ချစ်စရာကောင်းသည့် မျက်နှာအမူအရာသည် ချက်ချင်းပင်အနည်းငယ် အကျည်းတန်သွားတော့သည်။

“ယွဲ့ယိုကျင့် နင်ကများငါ့ကို အလုပ်လုပ်ဖို့ အမိန့်ပေးရဲတယ်ပေါ့လေ”

ယိုကျင့် ဘာမှမဖြစ်သလို မော့ကြည့်ကာ သူမကို ကြည့်လိုက်လေသည်။ သူမ၏လေသံကို နိမ့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်တော့သည်။

“ ဝမ်းကွဲမကြီးပြောတဲ့စကားက ထူးဆန်းနေပါလား၊ ငါက ဘယ်တုန်းက ဝမ်းကွဲမကြီးကို အလုပ်ခိုင်းဖူးလို့လဲ၊ အရင်တုန်းကဆို ဝမ်းကွဲမကြီးကပဲ ငါတို့ကို ကျွဲလိုနွားလို အလုပ်ခိုင်းခဲ့တာမလား၊ ဘာလို့ မမှတ်မိတော့တာလဲ”

ထို့နောက် သူမ၏အသံကို ပြန်မြင့်လိုက်ပြီး ခပ်ကျယ်ကျယ် အော်ပြောလိုက်တော့သည်။

“ ဒီနေ့က ပထမမိသားစု အလုပ်လုပ်ရမဲ့ အလှည့်လေ၊ ဝမ်းကွဲမကြီးက မလုပ်ချင်ဘူးဆိုရင် ငါ အဘွားကို သွားပြောပေးပါမယ်၊ အဘွားဆုံးဖြတ်ပါစေပေါ့နော်”

“ သေချင်းဆိုးမ နင်လုပ်ရဲလား”

ယိုထင်းက အသံကို မြင့်လိုက်ပြီး ယွဲ့ယိုကျင့်အား ဒေါသဖြင့် အော်ငေါက်လေတော့သည်။

“ မျိုးဆက်ပြတ်နေတဲ့မိသားစုက ကောင်မ၊ နင်က ငါ့ဘေးမှာနေပြီး ငါ့ခိုင်းတာ လုပ်ဖို့လောက်ပဲ တန်တယ်”

“ယွဲ့ယိုထင်း”

မီးဖိုခန်းမှ ထွက်လာသည့် အမျိုးသမီးချန်က ဒုတိယမိသားစုအား ပုဂ္ဂိုလ်ရေးဖြင့် လှောင်ပြောင်လိုက်သည်ကို ကြားလိုက်ရလေတော့သည်။ အမျိုးသမီးစုသည် သူမကို စိုးရိမ်တကြီး စူးစူးဝါးဝါး အော်ငေါက်လေတော့သည်။

“ အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး ပြောသင့်မပြောသင့် လုံးဝမသိသေးဘူး”

ထို့နောက် သူမ၏ခေါင်းကိုလှည့်ကာ ယိုကျင့်အား အေးစက်စက်မျက်နှာဖြင့် ပြုံးပြလိုက်လေသည်။

“ ယိုကျင့် နင့်အစ်မကြီးစကားတွေကို နားမထောင်နဲ့၊ နင့်အစ်မကြီးက အရမ်းပွင့်လင်းတာ၊ စိတ်ထဲမထားနဲ့နော်”

အမျိုးသမီးချန်က ကမန်းကတန်း ထွက်လာပြီး ယိုထင်း၏စကားကို ဖြတ်ပြောလိုက်သည့် အကြောင်းအရင်းကို ယိုကျင့်က မသိဘဲ ဘယ်မှာရှိပါမည်နည်း။ ဧည့်ခန်းထဲတွင် ရှိနေသည့် ယွဲ့တာ့ဖူနှင့် အဘွားချန် ကြားသွားမည်ကို သူမ စိုးရိမ်နေခြင်းပင်။ နောက်ဆုံး ဒုတိယမိသားစုတွင် သားမရှိခြင်းက ယွဲ့ချန်လု၏စိတ်ဒဏ်ရာလည်း ဖြစ်သလို ယွဲ့တာ့ဖူနှင့် သူ့မိန်းမတို့၏ ဒဏ်ရာလည်း ဖြစ်လေသည်။ ယိုထင်း၏ စကားသည် အဘွားချန်နားထဲ ရောက်သွားခဲ့လျှင် အရိုးကိုက်ရမည့် ပြဿနာ ဖြစ်လာလိမ့်မည်။

ယိုကျင့်က ဘာမှမပြောခင်မှာပင် အဘွားချန်၏အသံက ဧည့်ခန်းဆီမှ ထွက်ပေါ်လာတော့သည်။

“ပန်းကန်ဆေးနေတာတောင် ဒီလောက်ဆူညံနေတုန်းပဲ၊ စားဖို့ကလွဲပြီး ဘာမှမလုပ်တဲ့ တကယ် ငပျင်းမပဲ”

အဘွားချန်၏ စကားလုံးများကို အကဲခတ်ရသည်မှာ သူမသည် အပြင်ဘက်က ပြောနေသည့် အကြောင်းအရာများကို ကြားဟန်မတူချေ။ အမျိုးသမီးချန် သက်ပြင်းချလိုက်ပြီး သူမ၏အသံကို မြှင့်ကာ ပြန်ဖြေလိုက်လေသည်။

“ ဪ ကျွန်မသိပါတယ်၊ အခုချက်ချင်း ဆေးလိုက်ပါမယ်”

ထို့နောက် သူမ၏အသံကို ပြန်နိမ့်လိုက်ပြီး ယိုကျင့်ကို ပြောလိုက်လေသည်။

“ ယိုကျင့် နင် အဘွားဆီမှာ အတိုင်မခံချင် အဆဲမခံချင်ရင် နင့်အစ်မကြီး ပြောခဲ့တာတွေကို မကြားသလိုနေလိုက် ဟုတ်ပြီလား၊ နင့်အမေ သားတစ်ယောက် မမွေးနိုင်တာနဲ့ နင့်မိသားစုကို ပြဿနာ မတက်စေချင်ဘူးမလား”

ယိုကျင့်သည် မရင့်ကျက်သေးသည့် မိန်းမငယ်လေးတစ်ယောက်သာဆိုလျှင် အမျိုးသမီးချန်၏ ချောမော့သည့်စကားကို နားယောင်ပေလိမ့်မည်။ သို့သော် ယိုကျင့်ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်က အရင်ဘဝတွင် အနှစ်၂၀ကျောက်လောက် နေလာခဲ့သူဖြစ်ရာ အမျိုးသမီးချန်၏ ဖြီးဖြန်းသည့် စကားနည်းနည်းလောက်ဖြင့် လွယ်လွယ် လှည့်စားခံရလိမ့်မည် မဟုတ်ပေ။ သို့တိုင် ယိုကျင့်သည် တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်လေသည်။

“သမီးဘာမှ မပြောချင်ပါဘူး၊ သမီးတို့ကို ဆန်ကုန်မြေလေးလို့ ခဏခဏခေါ်ပြီး သမီးအဖေက သားတစ်ယောက်တောင် မမွေးနိုင်ဘူးလို့ပြောနေတာ ဝမ်းကွဲမကြီးလေ၊ ပြောသေးတယ် သမီးတို့က သူ့အတွက် ကျွဲနွား ဖြစ်ရအုံးမယ်တဲ့၊ သမီးတို့လည်း ယွဲ့မိသားစုရဲ့မျိုးဆက်တွေပါ၊ ဝမ်းကွဲမကြီးက ဘယ်လိုများ သမီးတို့ကို အမြဲတမ်း ခိုင်းစားနိုင်ရတာလဲ”

ယိုကျင့်၏စကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးချန်က မြန်မြန် ဖြည့်ပြောလိုက်လေသည်။

“နင့်အစ်မကြီးက မသိတတ်ဘူး၊ ကြီးတော် သူ့ကို ဆုံးမလိုက်မယ်နော်၊ ကဲကဲ ဒီနေ့က ငါတို့ပထမမိသားစုရဲ့ လုပ်ရမဲ့အလှည့်ဆိုတော့ နင့်ကို လာခိုင်းပြီး လက်ပေအောင် လုပ်လို့ ဘယ်ဖြစ်မလဲ၊ စောစောပြန်ပြီး နားတော့၊ ဒီမှာ နင့်အစ်မကြီးနဲ့ ငါရှိရင်ရပြီ၊ မြန်မြန်ပြန်တော့”

နောက်ဆုံးတွင် ယိုကျင့် ပြန်သွားသည်ကို မြင်လိုက်ပြီးနောက် ပြန်လှည့်လာကာ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက်မှ အမျိုးသမီးချန် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ယိုထင်း၏ခေါင်းကို ဖတ်ခနဲ နာနာရိုက်လိုက်လေသည်။

“ ကောင်မလေး နင့်ပါးစပ်လေ ဘာလို့ ပိတ်မထားနိုင်ရတာလဲ၊ နင့်အဘွားသာ ကြားသွားရင် နင်အရေခွံဆုတ်ခံရမှာ သေချာတယ်”

“သမီးမှ မမှားတာ၊ ဒုတိယမိသားစုက သားတစ်ယောက်တောင်မရှိလို့ မျိုးဆက်ပြတ် အိမ်ထောင် ဖြစ်နေတာလို့ အမေပဲ ပြောတာလေ…”

ယိုထင်းသည် အနည်းငယ်မကျေမနပ် ဖြစ်သွားလေသည်။ ဒါက သူ့စကားလည်း မဟုတ်ပါဘူး။ ပြီးတော့ သူတို့တွေ သားတစ်ယောက် မမွေးနိုင်တာလည်း သိသာနေတာပဲ။ ဒါနဲ့များ တခြားသူတွေကို ပြောခွင့်မပေးဘူးတဲ့လား။

သူမ ဆုံးမစကားကို နားမလည်သည်ကို မြင်လိုက်ရပြီးနောက် အမျိုးသမီးချန်သည် ဆက်ပြောချင်စိတ် ပျောက်သွားတော့သည်။

“ ဒီအကြောင်းကို နင့်အဘွား သိလို့မဖြစ်ဘူးဆိုတာသာ မှတ်ထား၊ အခု ပန်းကန်နဲ့တူတွေကို မြန်မြန်သိမ်းပြီး မီးဖိုထဲယူခဲ့”

ယိုကျင့်သည် ပထမမိသားစု၏ သားအမိနှစ်ယောက်ကို စိတ်မဝင်စားချေ။ အနောက်ဆောင်သို့သာ တန်းပြန်လာခဲ့တော့သည်။ ညီမငယ်လေးများ မရှိတုန်း သူမ အခန်းကို သန့်ရှင်းရေးလုပ်ရမည်။ အမျိုးသမီးစု၏ခန္ဓာကိုယ်သည် မကြံခိုင်သော်လည်း သူမသည် အမြဲတမ်း သန့်သန့်ရှင်းရှင်း ဖြစ်နေသည်ကို သဘောကျလေသည်။ သူမ၏လွှမ်းမှုအောက်တွင် သမီး၇ယောက်ကလည်း အလွန်အသန့်ကြိုက်ကြလေသည်။ ပုံမှန်နေ့များတွင် သူတို့ဝတ်သည့်အဝတ်အထည်းများက စုတ်ပြတ်ကာ ဟောင်းနွမ်းနေသော်လည်း အဝတ်အစားတိုင်းကို သေသေချာချာ လျှော်ဖွတ်ထားလေသည်။ ညီမငယ်များသည် အနည်းငယ်ပိန်ကြသော်လည်း ရွာထဲက ဆင်းရဲသားမိသားစု၏ ညစ်ပတ်သည့်ကလေးများထက်တော့ အများကြီးပိုသာလေသည်။

နေ့လယ်က အမျိုးသမီးဟန် ယူလာပေးသည့် အဝတ်ထုပ်ကို ထုတ်လိုက်ပြီး တစ်ထည်စီကို သေသေချာချာ စစ်ဆေးလိုက်လေသည်။ အားလုံးမှာ အဝတ်အစားအဟောင်းများ ဖြစ်သော်လည်း သေသေချာချာချုပ်ထားသည့် အကောင်းစားချည်သားဖြင့် ပြုလုပ်ထားသည်။

“ အားလုံးက မိသားစုတစ်ခုထဲ ကဖြစ်နေတာတောင် ကွာခြားချက်ကာ တကယ်မသေးတာပဲ”

ယိုကျင့် တစ်ယောက်ထဲ ရေရွတ်လိုက်ပြီး အပ်နှင့် အပ်ချည်ကို ယူကာ ရှောင်ကျို့၏ အဝတ်အစားများကို ပြင်ချုပ်နေလိုက်လေသည်။

သူမ၏စကားလုံးများတွင် မည်သည့် မလိုတမာစိတ်မှ မပါပေ။ ယိုကျင့်သည် အမျိုးသမီးဟန်ကို အမှန်ပင် ကျေးဇူးတင်ရပါသည်။ ဦးလေးသည် ပါးနပ်ပြီး ဒုတိယမိသားစုကို အထင်သေးသော်လည်း အမျိုးသမီးဟန် သူတို့နှင့် ရင်းနှီးလာသည်ကိုတော့ မတားမြစ်ချေ။

အတိတ်ဘဝက ယိုကျင့်သည် ငယ်စဥ်ကတည်းက အဝတ်အစားများကို ကိုယ်တိုင် ဖာထေးချုပ်လုပ်ခဲ့ရသည်။ သည်ဘဝတွင်လည်း သူမ၏ညီမငယ် ၇ယောက်အတွက် အဝတ်အစားများကို ချုပ်ပေးရလေသည်။ အချုပ်အလုပ်ပညာမှာ အလိုလို ကျွမ်းကျင်နေတော့သည်။ မကြာလိုက်ပေ ရှောင်ကျို့၏အဝတ်အစားများကို ပြင်ဆင်ချုပ်လုပ်ပြီး သွားတော့သည်။

“ ရှောင်ကျို့ ကြီးလာတဲ့အထိစောင့်နော်၊  သီစာတွေကို ဖြည်လိုက်ရင် ဝတ်လို့ရသေးတယ်”

ခေါင်းအုံးကို မှီကာ ခုတင်ပေါ်တွင် ထိုင်နေရင်း အမျိုးသမီးစုသည် သမီးဖြစ်သူ၏ လျင်မြန်သွက်လက်သည့် လက်ချောင်းများထဲတွင် ဟိုမှသည် သွားလာနေသည့် အပ်လေးကို ကြည့်နေမိလေသည်။ သူမလည်း အဝတ်တစ်ထည်ကို ယူလိုက်ကာ ပြင်ချုပ်ပေးနေလေသည်။ သူမ ပြုံးရင်း ပြောလိုက်၏။

“ ကျင့်အာက အခုဆို ပိုပြီး တော်လာပြီ”

အရွယ်မတိုင်ခင် ရင့်ကျက်ခဲ့ရသည့် အကြီးဆုံးသမီးအတွက် အမျိူးသမီးစု ရင်နာရပါသည်။ သူမသာ အရည်အချင်းရှိခဲ့လျှင် သမီးဖြစ်သူမှာ ကစားရင်း ရယ်မောပျော်ရွှင်နေရမည့် အရွယ်ဖြစ်လိမ့်မည်။ သို့သော် သူမ၏အကြီးဆုံးသမီးလေးမှာ နည်းနည်းကြီးပြင်းလာရုံရှိသေး အလွန်ရင့်ကျင့်နေတော့သည်။

ယိုကျင့်မှာ အမျိုသမီးစု၏စိတ်ထဲက အတွေးများကို မသိပါချေ။ သိခဲ့ပါလျှင် သေလောက်အောင် နေရခက်ပေလိမ့်မည်။ သူမသည် ယခုတွင် အသက်၁၁နှစ် ဆိုသော်ငြား သူမ၏စိတ်ဝိညာဉ်က အသက် ၃၀နား နီးနေပြီဖြစ်သည့် လူကြီးတစ်ယောက်။ အသက်၃၀နား နီးသည့် ယောက်ျားလျာတစ်ယောက်ပင်။ ချစ်စဖွယ်အမူအရာကို လုပ်ခိုင်းရသည်က တစ်စုံတစ်ယောက်ကို သ-တ်ခိုင်းရသည်ထက် ပိုခက်သေးသည်။

ယိုကျင့် မော့ကြည့်လိုက်ရာ ချစ်မေတ္တာများဖြင့် ပြည့်နေသည့် မျက်လုံးများဖြင့် သူတို့၏ အဝတ်အစားများကို ကူချုပ်ပေးနေသည့် အမျိုးသမီးစုကို တွေ့လိုက်ရ၏။ ယိုကျင့်၏ နှုတ်ခမ်းထောင့်များသည့် အပြုံးတစ်ခုအသွင် ကွေးတက်သွားတော့သည်။ အမျိုးသမီးစု၏ စိတ်နေစိတ်ထားသည့် အားနည်းကာ သည်းခံတတ်သော်လည်း ပုရိသဝါဒီကြီးစိုးသည့် ပတ်ဝန်းကျင်ကြောင့်တော့ သမီးများကို မကျေမနပ် မဖြစ်ခဲ့ချေ။ ဆန့်ကျင့်ဘက်အနေဖြင့် အားနည်းချိနဲ့လျက်ပင် အဘွားချန်နှင့် ယွဲ့ချန်လု ရိုက်နှက်နေသည့်ကြားက သမီးများကို မကြာခဏ ရှေ့မှနေ၍ ကာကွယ်ပေးတတ်လေသည်။ ထို့ကြောင့်ပင် သမီး၇ယောက်လည်း သက်သာရလေသည်။ သူမ၏ကိုယ်ပိုင် ဝေစုကို ကလေးများကို ပေးရန် မကြာခဏဆိုသလို တိတ်တိတ်လေး သိမ်းထားတတ်သေးသည်။ ဒါသည် မိခင်တစ်ယောက်၏ မွေးရာပါခွန်အားတစ်ခု ဖြစ်သည် မဟုတ်ပါလား။

***

ယိုကျင့်နှင့် ယိုထင်းတို့ ကြားက ရန်ပွဲကို ပြန်ပြောရလျှင်ဖြင့် အဘွားချန်သည် အပြင်ဘက်က ဆူညံသံကိုသာ ကြားရပြီး ဘာပြောနေကြသည်ကိုတော့ မကြားလိုက်ပေ။ သို့သော် ခုတင်ဘေးက ခုံပေါ်တွင် ထိုင်နေသည့် ယွဲ့ချန်လုသည် အလွန်နားပါးလေသည်။ ယွဲ့ယိုထင်းပါးစပ်မှ ပြောလိုက်သည့် ‘မျိုးဆက်ပြတ်နေတဲ့မိသားစု’ ဆိုသည့် စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်လေသည်။ သူ့မျက်နှာမှာ ချက်ချင်း ပြောင်းသွားတော့သည်။ အဘိုးယွဲ့က သူ့အား ပြောနေသည့်စကားကိုပင် မကြားနိုင်တော့ချေ။

“ လောင်အာ့ (ဒုတိယသား) အဖေ မင်းကို စကားပြောနေတယ်လေ”

ဘေးတွင် ထိုင်နေသည့် ယွဲ့ချန်ဖူက ငေးငိုင်သွားသည့် လောင်အာ့ကို တွန်းလိုက်ပြီး

“ မင်းဘယ်လိုများ စိတ်နဲ့ကိုယ်မကပ်ဖြစ်နေတာလဲ”

ယွဲ့ချန်လု သတိပြန်ဝင်လားပြီး

“ အာ အဖေဘာပြောလိုက်တာလဲ”

တစ်နည်းနည်းဖြင့် မှိုင်တွေနေသည့် ဒုတိယသားကိုကြည့်ရင်း ယွဲ့တာ့ဖူစိတ်ထဲမှ သက်ပြင်းချမိလေသည်။ သည်မိသားစုထဲတွင် ဒုတိယမိသားစုက အလားအလာအနည်းဆုံးဖြစ်ပြီး သားလည်း မရှိပေ။ ဒုတိယသားသည် နည်းနည်းထုံထိုင်းပြီး ရိုးသားလေသည်။ အလွန်လိမ္မာပါးနပ်ကြသည့် သားကြီး၊ သားအငယ်ဆုံးတို့နှင့် လုံးဝမတူပေ။ စိတ်နှင့်ကိုယ် မကပ်သည့် သားဖြစ်သူကို ကြည့်ရင်း ယွဲ့တာ့ဖူသည် ဒုတိယသားကို ပို၍ အထင်မြင်သေးလာတော့သည်။

“ကောက်ရိတ်ချိန် ရောက်တော့မယ်၊ အိမ်မှာက လယ်မြေတွေအများကြီး၊ မင်းရဲ့ အလုပ်သမားခေါင်းဆောင်က ကောက်ရိတ်ပြန်ဖို့ မင်းကို ဘယ်တော့ အိမ်ပြန်လွှတ်မယ်လို့ ပြောလဲ”

“ ဪ သူခွင့်ပြုပြီးပြီ နောက်ငါးရက်နေရင် အိမ်ပြန်ပြီး ကောက်ရိတ်နိုင်အောင် လူတိုင်းကို ၃ရက်ကနေ ၅ရက်လောက် ခွင့်ပေးမယ်လို့ ပြောတယ်” ယွဲ့ချန်လုက မြန်မြန် ပြန်ဖြေသည်။

သူသည် မြို့အနီးရှိ ဆောက်လုပ်ရေးတစ်ခုတွင် တွင်းတူးသည့်အလုပ်ကို လုပ်နေသည်။ ပင်ပန်းသည့်အလုပ် ဖြစ်သော်လည်း တစ်လလျှင် နှစ်ရာ၊ သုံးရာလောက် ရလေသည်။ သို့သော် မြို့ပေါ်က စျေးဆိုင်တွင် စာရင်းကိုင်လုပ်သည့် သားကြီး၊ စျေးဆိုင်ဖွင့်ထားသည့် သားငယ်တို့နှင့် ယှဥ်လျှင် ဒုတိယမိသားစုသည် အကြပ်တည်းဆုံးဖြစ်လေသည်။

“ အဖေ ကျွန်တော်တို့ လောင်အာ့နဲ့ ယှဥ်လို့ မရဘူးလေ၊ ကျွန်တော်တို့ဆိုင်က အခုတလော အရမ်းရောင်းကောင်းနေတာ၊ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို အရေးပေးတယ်၊ ကျွန်တော် အိမ်ပြန်လာပြီး အလုပ်တွေ ကူပေးနိုင်ပါ့မလားမသိဘူး” သားအကြီးဆုံးက တစ်လုံးစီ ပြန်ဖြေလေသည်။

ထိုစကားကို ကြားလိုက်ပြီးနောက် ယွဲ့တာ့ဖူက ခေါင်းညိတ်ပြလိုက်၏။

“ တကယ်တော့လည်း ဆိုင်က အလုပ်က ပိုအရေးကြီးပါတယ်၊ ကောက်စရိတ်တဲ့နေ့ကျရင် ငါတို့တွေ အလုပ်သမားနည်းနည်းလောက် ငှားလိုက်လို့ရပါတယ်”

ယွဲ့မိသားစုသည် လယ်ဧက ၃၀ခန့် ရှိသည့်အိမ်ထောင်တစ်ခု ဖြစ်လေသည်။ ယွဲ့ချန်လု တစ်ယောက်ထဲနှင့် မလုံလောက်သည်မှာ ပြောရန်ပင် မလိုချေ။ အခြေခံအားဖြင့် အလုပ်သမားကို သုံးလေးရက်စာ နှစ်တိုင်းငှားရသည်။

“ တကယ်တော့လေ ကျောင်းက ကောက်ရိတ်သိမ်းဖို့ အားလပ်ရက်ပေးထားတယ်၊ ညီလေးနဲ့ ကျွန်တော် ပြန်လာပြီး အဘိုးကို ကူညီပေးမယ်လေ” ယွဲ့တာ့ဖူ၏အချစ်ဆုံး အကြီးဆုံးမြေး ယွဲ့ဝမ်ထောင်က တလေးတစား အဆိုပြုလာလေသည်။

သူ့စကားကို နားထောင်လိုက်ပြီးနောက် ကျန်လူများက မပြောခင် အဘွားချန်က ဖြတ်ပြောလိုက်တော့သည်။

“ ဘယ်လိုလုပ်ဖြစ်မှာလဲ၊ မင်းတို့ညီအကိုက နောက်ဆိုရင် ထိပ်တန်းအရာရှိတွေ ဖြစ်လာတော့မှာ၊ ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့ ဘယ်လို ပြန်လာခိုင်းလို့ရမှာလဲ၊ ဒုတိယမိသားစုမှာ ဆန်ကုန်မြေလေးတစ်ပုံလုံး ရှိတယ်မလား၊ အားလုံး အလုပ်သွားရလိမ့်မယ်”

ဒုတိယသားဖြစ်သူ၏မျက်နှာ အနည်းငယ်ညှိုးသွားသည်ကို မြင်လိုက်သည့် ယွဲ့တာဖူက သူ့မိန်းမကို မျက်ရိပ်ပြလိုက်ပြီး

“ အဲကလေးတွေက ငယ်သေးတယ်၊ သူတို့ ဘာလုပ်နိုင်မှာလဲ၊ ငါတို့တွေ နှစ်တိုင်း အချိန်ပိုင်းအလုပ်သမား ငှားနေကျပဲဟာ ဘာလို့ စကားတွေအများကြီး ပြောနေတာလဲ”

ကောက်ရိတ်မည့်ကိစ္စကို ဤသို့ဆုံးဖြတ်လိုက်ကြတော့သည်။

“ ဝမ်ထောင်နဲ့ ဝမ်လီ မြို့မှာ စာကိုပဲ ကြိုးစားကြ၊ နောက်နှစ် ထုန်ရှန့်စာမေးပွဲက မျက်စိတမှိတ်ဆို ရောက်လာတော့မှာ၊ မင်းတို့ရဲ့ အရေးကြီးဆုံး ဦးစားပေးရမှာက တော်ဝင်စာမေးပွဲပဲ၊ ကောင်းကောင်း လေ့လာကြ၊ ပြီးရင် တတ်နိုင်သလောက်မြန်မြန် ရာထူးလေးတစ်ခု ရအောင်ယူကြ”

ယွဲ့တာ့ဖူသည် သူ့မြေးနှစ်ယောက်ကို အလွန်မျှော်လင့်ထားလေသည်။ ဝမ်ထောင်သည် သည်နှစ် ထုန်ရှန့်စာမေးပွဲကို ကျခဲ့သော်လည်း သူ့မြေးနှစ်ယောက်လုံးက အလွန်ဉာဏ်ထက်ကြပြီး စာမေးပွဲကို အောင်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယွဲ့ဝမ်ထောင်လည်း သူ့အဘိုးက သူ့ကို အလွန်မျှော်လင့်ထားသည်ကို သိလေသည်။ ပြီးခဲ့သည့် နှစ်ရက်က သူ့အတန်းဖော် ပြောခဲ့သည့်စကားကို အမှတ်ရသွားပြီး တွန့်ဆုတ်ကာ ပြောလိုက်လေသည်။

“ တစ်နေ့က အခန်းဖော်တွေပြောတာ မြေးကြားခဲ့တယ်၊ စီရင်စုအမတ်နဲ့ တွေ့နိုင်ဖို့ နည်းလမ်းရှိတယ်တဲ့၊ ဒါပေမဲ့ အဆက်အသွယ်ရဖို့ ငွေနည်းနည်းတော့ သုံးရမယ်တဲ့၊ ဒီနှစ် မြေးလည်း ဆောင်းပါးကို ကောင်းကောင်း မရေးခဲ့တာ မဟုတ်ပါဘူး၊ ကျောင်းက ဆရာကတောင် ပြောနေတာ ကျွန်တော် အောင်နိုင်တယ်တဲ့၊ နောက်ဆုံးတော့လည်း ကျွန်တော်မှ မေးခွန်းမရခဲ့တာ ၊ အဆက်အသွယ်လုပ်ဖို့ရာ ငွေကမရှိလို့လေ…”

ကလေးနှစ်ယောက်၏ အနာဂတ်ကို ထုတ်ပြောလိုက်သည်နှင့် ယွဲ့တာ့ဖူသည် စိတ်လှုပ်ရှားလာတော့သည်။

“ ဒီလိုဆိုမှတော့ ငါတို့မိသားစုက ငွေနည်းနည်း သုံးပေးရမှာပေါ့ ဟုတ်လား”

“ ကျွန်တော့်အတန်းဖော် ပြောတာတော့ ကျွန်တော်တို့ ဆန္ဒရှိရင် တစ်ယောက်ကို လျန်း ၅၀လောက် နဲ့ အဆက်အသွယ်ရဖို့ လုပ်နိုင်တယ်တဲ့၊ ကံကောင်းရင်ကျွန်တော်တို့ အဖြေလွှာတွေပါ ရနိုင်တယ်၊ ညီလေးနဲ့ ကျွန်တော် ငွေစ ၁၀၀ လိုတယ်….”

ငွေအကြော င်းပြောလိုက်သည်နှင့် ယွဲ့ဝမ်ထောင်၏အသံသည် တဖြည်းဖြည်း တိုးသွားတော့သည်။ သူ့မိသားစုအခြေအနေနှင့် အနေအထားက တော်တော်ကောင်းသည်ကို သိထားသော်လည်း ကျေးလက်မိသားစုတစ်ခုအတွက် လျန်း ၁၀၀ သည် အလွန်များသည့်ပမာဏတစ်ခု ဖြစ်နေသေးလေသည်။

အပိုင်း (၁၁) လျန်းတစ်ရာ

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset