EYYJ အပိုင်း ၉

အပိုင်း (၉) ပါးစပ်ဖွာခြင်း

အမျိုးသမီးချန်သည် ယွဲ့ယိုကျင့်၏ တိုင်တောမှုကြောင့် ထိတ်လန့်သွားသော်လည်း သူမ၏ ယောက္ခမဖြစ်သူသည် ယခင် အလားတူအဖြစ်အပျက်များ၌ သူမအား ဆူပူခဲ့ခြင်းမရှိသည့်အတွက် စိတ်သက်သာရသွားသည်။ ထို့နောက် သူမသည် ထိုကောင်မလေး ကံဆိုးကာ အပြစ်ပေးခံရမည့် အချိန်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စောင့်နေခဲ့သည်။ သို့သော် အဘွားချန်သည် သူမ၏ခေါင်းကို မာန်ပါပါဖြင့် ရိုက်ချလိုက်သောကြောင့် သူမ၏ဆံပင်များမှာ မသေမသပ် ဖြစ်ကုန်သည်။

အမျိုးသမီးချန်သည် ပြန်ရန်မတွေ့ရဲသော်လည်း သူမ၏ခံပြင်းမှုကို ထုတ်ဖော်ပြလိုက်သေးသည်။

“အမေရယ် ကျွန်မ မလုပ်ချင်လို့ မဟုတ်ပါဘူး။ အရင်နှစ်ရက်က လက်ကို ခိုက်မိထားလို့ပါ”

“အရင်တစ်ခါ ၀က်စာစုရမဲ့အချိန်ကလည်း အဲ့လိုပြောတာပဲလေ” ယိုကျင့်သည် အမျိုးသမီးဟန်၏ အနောက်၌ ပုန်းနေကာ အမျိုးသမီးချန်၏ မုသားများကို ဖော်ထုတ်နေခဲ့သည်။

“အရင်လတုန်းကလည်း ခြေထောက် ခိုက်မိထားတယ် ပြောတာပဲ”

အဘွားချန်နှင့် ယွဲ့တာ့ဖူတို့ စိုက်ကြည့်နေသောကြောင့် အမျိုးသမီးချန်သည် တုန်ရီစွာဖြင့် ဆင်ခြေပေးရန် ကြိုးပမ်းလိုက်သည်။ သို့သော် သူမ၏ အိမ်ထောင်ဦးစီးမှ ကြား၀င်နှောင့်ယှက်လိုက်သည်။ ယွဲ့ချန်ဖူသည် သူ၏တူကို စားပွဲပေါ်သို့ အားပြင်းပြင်းရိုက်ချကာ ယွဲ့ယိုကျင့်ကို စိုက်ကြည့်လိုက်သည်။

“တကယ့်ကို ဆန်ကုန်မြေမတွေ ကိုယ့်နေရာကို မသိဘဲ အကြီးကို ပြန်ပြောနေရလား။ ငါ့ညီ မင်းရဲ့ကလေးတွေကို နည်းနည်းဆုံးမသင့်ပြီ” ထိုသို့ပြောပြီးသည့်နောက် အမျိုးသမီးချန်ဘက်သို့ လှည့်ကာ ဆူငေါက်လိုက်သည်။

“အမြန်ထမင်းသွားချက်တော့”

ယောက်ျားဖြစ်သူ၏ ဆူဆဲမှုကြောင့် အမျိုးသမီးချန်၏ နှလုံးသား၌ မီးတောက်လောင်နေသည်။ သို့သော်လည်း သူမအား တည်တည်ငြိမ်ငြိမ်ဖြင့် မျက်စပစ်ပြသည်ကို မြင်သည်နှင့် သူမသည် မစားရသေးသော ထမင်းများကို ဇလုံတစ်ခုထဲ၌ ပေါင်းထည့်လိုက်သည်။ ထို့နောက် ဇလုံကို လက်တစ်ဖက်တွင်ကိုင်ကာ အခြားတစ်ဖက်မှ ယိုတင်ကိုဆွဲ၍ မီးဖိုချောင်ထဲသို့ ချက်ပြုတ်ရန် သွားလေသည်။

“အခုကြည့်ရတာ အဒေါ့်ရဲ့ ခြေလက်တွေက သွက်လက်နေတာပဲ။ ဒဏ်ရာရထားပုံလည်း မပေါ်ပါဘူး”

ယွဲ့ချန်ဖူသည် ပြဿနာပြေလည်စေရန် ပြုလုပ်ကြောင်း ယိုကျင့်သိလေသည်။ သို့သော် သူမသည် ထိုသို့ ဖြစ်စေချင်သည် မဟုတ်ပေ။

ဒုတိယမိသားစုများကို အမျိုးသမီးချန် အနိုင်ကျင့်မှုအပေါ် အဘွားချန်သည် မျက်စိမှိတ်ကာ နားစွင့်ထားလေသည်။ သို့သော် ယနေ့၌ ထိုအမိုက်မလေး ယိုကျင့်မှ လူရှေ့သူရှေ့တွင် ဖွင့်ထုတ်လာသည့်အတွက် အဘွားချန်၏ မျက်နှာမှာလည်း အခြေအနေ သိပ်မကောင်းပေ။ အခန်းထဲ၌ လူနှစ်ဆယ်ကျော် ရှိသော်လည်း အားလုံးသည် တိတ်ဆိတ်နေကြကာ အနေခက်နေကြသည်။

ယွဲ့တာ့ဖူသည် ချောင်းနှစ်ချက် ဟန့်လိုက်၏။

“ထမင်းမကျက်ရင်လည်း မကျက်ဘူးပေါ့။ ဘာတွေပြဿနာရှာနေတာလဲ။ ‌တနေ့တနေ့ အကြီးက အကြီးလို မနေဘူး။ အငယ်ကလည်း အငယ်လိုမနေဘူး” ယွဲ့တာ့ဖူသည် ယွဲ့မိသားစု၌ ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားရာ သူသည် ပြဿနာကို ထိုသို့ ပြည်ဖုံးကားချလိုက်၍ အခြားလူများသည်လည်း ထိုအကြောင်းကို ဆက်မပြောရဲတော့ပေ။

မျက်နှာပျက်နေကြသော သားကြီးနှင့်သားလတ်ကို ကြည့်ကာ ယွဲ့တာ့ဖူသည် သက်ပြင်းချလိုက်ပြီး ဆုံးမစကားဆိုလိုက်သည်။

“အလုပ်မှာပဲ အချိန်ဖြုန်းပြီး ငွေရှာမနေနဲ့။ အိမ်က ကိုယ့်မယားနဲ့သားတွေကိုလည်း သေချာပဲ့ပြင်ဦး။ ငါတို့ယွဲ့မိသားစုက ပညာတတ်လယ်သမားမျိုးရိုးလို့ သတ်မှတ်ထားကြတာ။ ဒီလိုကိစ္စတွေ အပြင်ပျံ့သွားရင် ဘယ်လောက် လူရယ်စရာဖြစ်သွားမလဲ”

ယွဲ့ချန်ဖူသည် မျက်နှာပျက်သွားသော်လည်း ရိုကျိုးစွာ ဖြေကြားလိုက်သည်။

“အဖေပြောတာမှန်ပါတယ်။ အဲ့မိန်းမပျင်းကို သားသေချာ ဆုံးမလိုက်ပါ့မယ်”

ယွဲ့ချန်လု၏မျက်နှာသည် ပို၍ပင်ဆိုးရွားနေခဲ့သည်။ သူ၏မျက်နှာသည် စိမ်းဖန့်နေကာ ယွဲ့ယိုကျင့်အား စူးစိုက်ကြည့်နေခဲ့သည်။ သူသည် မျို့စေ့မကောင်းသော မိန်းမကိုလက်ထပ်ခဲ့၍ သားလှရတနာ မွေးမထုတ်နိုင်သည့်အတွက် မိသားစု၌ မျက်နှာသာပေးခြင်း မခံရပေ။ ထိုအစား ထိုမိန်းမယုတ်သည် ဆန်ကုန်မြေများကိုသာ မွေးပေးခဲ့သည်။ ထိုအရာက သူ့အား ပို၍ပင် မျက်နှာပျက်စေသည်။ သို့သော် ညီလေးသုံးနှင့် တူလေးတူမလေးများရှိနေသည့်အတွက် သူသည် ကြမ်းကြမ်းတမ်းတမ်း မပြုလုပ်ရဲပေ။ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ယွဲ့ချန်လု၏ အကြည့်များကို ယိုကျင့်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိခဲ့ချေ။ အဘွားချန်သည် ဒေါသကိုထိန်းကာ နေရာသို့ ပြန်သွားသည်ကို တွေ့သည်နှင့် ယိုကျင့်သည်လည်း သူမနေရာသို့ ပြန်ကာ အမျိုးသမီးဟန် ထည့်ပေးထားသော အသားတုံးကို ယူကာ အနည်းငယ်ကိုက်လိုက်သည်။ သူမသည် အနည်းငယ် ခံစားရမည်ဖြစ်သော်လည်း အနာဂတ်၌ ပထမမိသားစု၏ လိုသုံးအဖြစ် အခိုင်းခံစရာအကြောင်း မရှိတော့ချေ။ ဒီလောက်ဆို တိုးတက်လာပြီမလား။

အဘွားချန်သည် ချက်ပြုတ်ကာ ပြန်လာချိန်သော အမျိုးသမီးချန်အား အခက်တွေ့အောင် မပြုလုပ်ခဲ့ပေ။ သူမသည် အငွေ့တထောင်းထောင်း ထနေသော ထမင်းပူများကို အာလုံးအတွက် ခွဲဝေထည့်ပေးလိုက်သည်။ ထိုသို့ပြုလုပ်ပြီးသည်နှင့် သူမ၏နေရာ၌ထိုင်ကာ ခေါင်းငုံ၍ စတင်စားသောက်တော့သည်။ သူမကိုယ်တိုင် ချက်ပြုတ်ထားသည် ဖြစ်သော်လည်း စားရ ခက်ခဲနေသဖြင့် အံကို တင်းတင်းကြိတ်ထားရသည်။ သူမ၏နှလုံးသည် တုန်လှုပ်နေပြီဖြစ်ကာ ယောက္ခမဖြစ်သူ ဆိုဆဲမည်ကို ဆိုး၍ မာနေသော ထမင်းခဲများကို ကြိတ်မှိတ်မျိုချရင်း သည်းခံနေရသည်။ သူမသည် မည်သည့်စကားမျှ မထွက်ရဲတော့ဘဲ ခေါင်းငုံ့နေတော့သည်။

အစီအစဉ်အရ ယိုကျင့်သည် ထိုချန်မျိုးရိုးနှစ်ဦးကို ပညာပေးရန် စီစဉ်ထားကာ သူမစီစဉ်ထားသလို ဖြစ်သည့်အတွက် ကျေနပ်နေခဲ့သည်။ သူမသည် ထမင်းကို အမြန်အပြီးသတ်ကာ ညီမဖြစ်သူများ၏ ပန်းကန်ထဲသို့ အသီးအရွက်များ ဖောဖောသီသီထည့်ပေးလိုက်သည်။ ထို့နောက် ကိုယ်၀န်အခြေတည်ရန် အိပ်ရာ၌ လှဲနေရသော အမျိုးသမီးစုအတွက် ပန်းကန်အပြည့် ဟင်းများခပ်ကာ ပျော်ရွှင်စွာ ထွက်သွားလေသည်။ အမျိုးသမီးချန်သည် အပျော်လွန်၍ အမြီးနှံ့နေသော ယိုကျင့်ကိုကြည့်ကာ စိတ်ထဲရှိ ဒေါသကို အတောမသတ်နိုင်တော့ချေ။ “အမေ အဲ့ဆန်ကုန်မြေတွေကို မထိန်းတော့ဘူးလား….”

အမျိုးသမီးချန်၏စကား မဆုံးသေးခင်ပင် ဒေါသထွက်နေသော အဘွားချန်၏လက်ဝါးသည် သူမပါးပေါ်သို့ သက်ရောက်သွားလေသည်။

“ အစားကောင်းစားပြီး ကိုယ့်၀မ်းကို ဖြည့်ဖို့ပဲ သိတာလား။ စားဖို့အပြင် နင့်ပါးစပ်က ပေါက်ကရပြောဖို့ပဲတတ်တယ်”

အမျိုးသမီးချန်သည် အဘွားချန်၏ ဒေါသကို ဆွပေးကာ ဒုတိယမိသားစုခွဲမှ ကောင်မစုတ်လေးကို ပညာပေးရန် ကြံလိုက်ခြင်းဖြစ်သည်။ မ‌ထက်မှတ်ဘဲ ကိုယ့်ရှူးကိုပြန်ပတ်မိခြင်းဖြစ်သည်။ သူမ၏ယောက္ခမဖြစ်သူသည် သူမအား ထပ်မံ‌ဆူဆဲနေတော့သည်။ သူမသည် အမှန်ပင် မျက်နှာပျက်ရသည့်အတွက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မည်သည့်စကားမျှ မဆိုတော့ချေ။

အမျိုးသမီးဟန်သည် သူမ၏တူမများ ကြောက်လန့်နေသောကြောင့် အဘွားချန်ဆီသို့ ဟင်းအချို့ ခပ်ထည့်ပေးလိုက်သည်။

“အမေ ဒီ၀က်သားကလေ မြို့တော်ဈေးထဲသွားပြီး မနက်အစောကြီး ထ၀ယ်ထားရတာ။ အမေ့သားက မြို့ပေါ်က ၀က်သားကောင်းလား အမေတို့မိသားစုက ၀က်သားက ကောင်းလားဆိုတာ မြည်းကြည့်စေချင်လို့တဲ့”

အမျိုးသမီးဟန်၏ စကားများသည် သာယာနာပျော်ဖွယ်အတိ ဖြစ်နေသည်။ သူမကို အမြင်မကြည်ခဲ့သော အဘွားချန်၏ စိတ်သည်ပင် ပြောင်းလဲသွားပေ၏။ “ငါတို့ရဲ့လောင်စန်း၀ယ်လာတဲ့ အသားက သေချာပေါက်ကောင်းတာပေါ့”

အဘွားချန်သည် ခေါင်းကို အနောက်သို့လှည့်ကာ ယွဲ့ချန်ရှို့နှင့် စကားဖလှယ်လိုက်သည်။

“အိမ်ကို ပြန်လာဖို့က ရှားတယ်။ အသီးအရွက်တွေ များများစားနော်။ အဲ့မှာ ဒီလိုလတ်ဆတ်တာတွေ စားမရတော့ဘူး”

ယွဲ့ချန်ရှို့သည်လည်း အလိုက်တသိ ခွန်းတုံ့ပြန်လိုက်သည်။

“အိုက်ယား အမေက အဲ့လိုပြောမှတော့ ဒီသားက ဗိုက်ဖွင့်ပြီး ပိုစားရုံပေါ့” အဘွားချန်၏ စိတ်သည် အနည်းငယ် ပိုမိုကြည်လင်လာပြီဖြစ်သည်။ သူမ၏သားအငယ်သည် အခြားလူကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးတတ်ပေသည်။ နေရခက်ခဲ့သော လေထုသည် ယွဲ့ချန်ရှို့တို့ ဇနီးမောင်နှံနှစ်ဦး၏ ပူးပေါင်းမှုကြောင့် ယခု၌ ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။

“ငါ့သားက ငါ့အသက်ငါးဆယ်ပြည့်အတွက် မွေးနေ့လုပ်ပေးဖို့ ပြန်လာတာလေ။ အဲ့လို အသုံးမ၀င်‌တာတွေအတွက် ငါ့နေ့ထူးနေ့မြတ်မှာ ဒေါသထွက်နေရမှာလား” အဘွားချန်သည် ထိုသို့တွေးကာ ဒုတိယမိသားစု၏ ကလေးများကို မမြင်ချင်ယောင်ဆောင်နေလိုက်တော့သည်။

အနောက်ခြံထဲ၌ လှဲလျောင်းနေသော အမျိုးသမီးစုသည် ယိုကျင့်အား အနည်းငယ် အပြစ်တင်သည့် မျက်၀န်းများဖြင့် ကြည့်နေလေသည်။

“ဒီကောင်မလေးတော့ နင့်အဘွားနဲ့အဒေါ်ကို အတိုက်အခံ လုပ်လာပြန်ပြီလား။ နင့်အဖေ ရိုက်ထားတဲ့နေရာက သက်သာသွားလို့ မမှတ်တာလား”

အမျိုးသမီးစုသည် ကိုယ့်ကိုကိုယ် အားပြုကာ ထထိုင်နေစဉ် ယိုကျင့်သည် စိတ်လွတ်လက်လွတ် ပြုံးရယ်နေခဲ့သည်။

“စိတ်မပူပါနဲ့ အမေရယ်။ ဒီနေ့ ဦးလေးသုံးတို့ မိသားစုတွေ ပြန်ရောက်နေတာမလို့ အဘွားစိတ်တိုရင်တောင် ဘယ်သူ့ကိုမှ လက်မရွယ်ရဲဘူး” အဘွားချန်သည် ဆိုးယုတ်သော်လည်း ယိုတာ့ဖူသည်လည်း ကောင်းမွန်သည့်လူ မဟုတ်‌ပါချေ။ နှစ်ဦးစလုံး၌ မျက်နှာရချင်သည့် စိတ်ရှိကာ ထိုအချက်ကို သတိပြုမိသော ယိုကျင့်သည် တတိယမိသားစုခွဲ ပြန်လာသည့်နေ့၌ ယခုကဲ့သို့ ပြဿနာရှာရဲခြင်းဖြစ်သည်။

“သမီးကတော့လေ တအား စိတ်မြန်လက်မြန်နိုင်တာပဲ။ အရင်ကအေးဆေးသလောက် အခုအမောက်ထောင်ပြနေလိုက်တာ။ ဒီနေ့ မင်းဒေါ်လေးက ကာကွယ်ပေးတယ်ထား သူ မရှိရင် မင်းကို ဘယ်သူကာပေးမှာလဲ” ယိုကျင့်သည် အိမ်အလုပ်ကိစ္စများနှင့် ညီမများအပေါ် ဂရုတစိုက်ရှိခြင်းကြောင့် ရင့်ကျက်လာပြီဟု ထင်ထားသော်လည်း သူမ၏ယနေ့လုပ်ရပ်သည် အမျိုးသမီးစုအား စိုးရိမ်ပူပန်စေခဲ့သည်။

“သမီးက တဖြည်းဖြည်း အရွယ်ရောက်လာမှာလေ။ မိန်းကလေးဆိုတာ ဂုဏ်သတင်းကို အထူးဂရုစိုက်ရတယ်။ အနာဂတ်မှာ လက်ထပ်ဖို့ လိုသေးတယ် မဟုတ်ဘူးလား”

သူမ၏ သမီးခုနစ်ယောက် လက်ထပ်ရမည့်အရေးကို စဉ်းစားမိလျှင် အမျိုးသမီးစုသည် သက်ပြင်းမချဘဲ မနေနိုင်ချေ။ သူမ၏ယောက္ခသည် ကလေးများကို မနှစ်မြို့ပေ။ သူတို့၏ အနာဂတ် မင်္ဂလာပွဲအတွက် လက်ဖွဲ့မည်မျှ ပြင်ပေးနိုင်မည်နည်း။ ယွဲ့မိသားစုသို့ လက်ထပ်စဉ်အခါက သူမ၌ လက်ဖွဲ့ငွေ နည်းပါးလှသည်။ ထိုအကြောင်းကို တွေးမိလျှင် ပို၍ စိုးရိမ်ပူပန်လေဖြစ်သည်။ ထို့ကြောင့် ပန်းကန်ကို ကိုင်လျက်ပင် စားချင်စိတ် ပျောက်ရှလျက်ရှိသည်။ ထိုပြဿနာကို ဖြေရှင်းရန် သူမနည်းလမ်း စဉ်းစားရပေမည်။

သူမ၏အမေ စိုးရိမ်သောက ရောက်နေသည်ကို မြင်သောကြောင့် ယိုကျင့်သည် စကားအနည်းငယ်ဖြင့် ဖြေသိမ့်ပေးလိုက်သည်။

“အမေရယ် ဗိုက်ထဲက မောင်လေးကိုပဲ ဂရုစိုက်လိုက်ပါ။ ကျန်တာသမီးတာ၀န်ထား”

သူမ၏ သမီးကြီးသည် ထိုသို့ အလိုက်သိနေသောအခါ အနည်းငယ် သက်သာရာရပေသည်။ ကလေးများသည် သူမ၏အပြစ်ကြောင့် ငယ်စဉ်ကတည်းကပင် ခက်ခဲပင်ပန်းခဲ့ရသည်။ သမီးခြောက်ယောက်သည် အကြီးဖြစ်သူ၏ ဆုံးမသွန်သင်မှုအောက်၌ ကြီးပြင်းလာကြကာ လိမ္မာရေးခြား ရှိလှပေသည်။ သို့သော် မိသားစုနှင့် အနေစိမ်းလှသည်။ ထိုသို့တွေးမိသော် သူမ၏စိတ်သည် မတည်မငြိမ်ဖြစ်လာပြန်သည်။

အမျိုးသမီးစု၏ မျက်မှောင်ကျုံ့နေသော သဏ္ဌာန်ကြောင့် ယိုကျင့်မှာ အလျင်အမြန်ပင် ဟန့်‌တားလိုက်ရသည်။ “အမေက မောင်လေးကို လွယ်ထားရတာနော်။ ဟိုတခါ ဆေးလာပို့တုန်းက သမားတော်မာက မှာလိုက်တယ်။ ကိုယ်၀န်ဆောင်တုန်း အတွေးမများစေနဲ့တဲ့။ မောင်လေးအတွက်ပဲဖြစ်ဖြစ် စဉ်းစားပြီးတော့လုပ်ပါ အမေရယ်။ အတွေးမများနဲ့တော့နော် ဟုတ်ပြီလား” ယိုကျင့်သည် ဗိုက်ထဲရှိကလေးအား မောင်လေးဖြစ်စေ ညီမလေးဖြစ်စေ စိတ်မ၀င်စားပါချေ။ အမျိုးသမီးစုနှင့် ယွဲ့ချန်လုသည် ထိုကလေးအား ယောက်ျားလေး ဖြစ်စေချင်၍သာ ထိုသို့ အစွဲပြုခေါ်နေရခြင်းဖြစ်သည်။

“အမေသိပါပြီ။ လူကြီးတွေ စားသောက်ပြီးလောက်ပြီ။ ကူစရာရှိမရှိ သွားကြည့်လိုက်ဦး။ မဟုတ်ရင် သမီးအဘွားက အပျင်းထူတယ်ဆိုပြီး ပြောနေဦးမယ်” ခြံ၀င်းထဲရှိ လှုပ်ရှားသံများကို နားထောင်ကာ စားသောက်ပြီးစီးပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အတွက် အမျိုးသမီးစုသည် ယိုကျင့်အား ကူညီသိမ်းဆည်းပေးရန်အတွက် အမြန်တိုက်တွန်းနေခြင်းဖြစ်သည်။

ယွဲ့ယိုကျင့်သည် ထိုအရာကို နားလည်သော်လည်း အလောတကြီး မပြုပေ။ “အမေရယ် စိတ်မပူပါနဲ့။ နှစ်သစ်ကူး ပထမရက်က ပထမမိသားစုရဲ့ အလှည့်လေ။ တကယ်လို့ သမီးသွားလုပ်ရင် အဒေါ်ကြီးရဲ့ အမှတ်တွေ ခိုးယူနေသလို မဖြစ်သွားဘူးလား”

ထို့နောက် ယိုကျင့်သည် အမျိုးသမီးစုအား ထမင်းသေချာစားရန်သာ တိုက်တွန်းတော့သည်။

“ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါအမေရယ်။ ထမင်းအမြန်ပြီးအောင်စားလိုက်ပါ။ ပြီးကျမှ ဆက်ပြော”

အမျိုးသမီးစု၏ ဒေါသသည် မြူမှုန်ကဲ့သို့ပင် ပျောက်ကွယ်သွားသည်မှာ ကြာပေပြီ။ သူမသည် ယွဲ့မိသားစု၏ အနိုင်ကျင့်မှုများကို ခုခံရန် အင်အား မရှိသော်လည်း သမီးဖြစ်သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို နားလည်သည့်အတွက် မည်သည်ကိုမျှ အပြစ်မဆိုတော့ချေ။

သူမ၏တူကိုကိုင်ကာ ပူနွေးနွေး ထမင်းဟင်းများကို စားသောက်တော့သည်။ အချိန်ခဏအတွင်းပင် အာဟာရပြည့်သော ထမင်းပန်းကန်တစ်လုံးကို ပြောင်အောင် စားပြီးသွားပြီဖြစ်သည်။

အမျိုးသမီးစု ၀၀လင်လင် စားသောက်ပြီးကြောင်း သေချာသည်နှင့် ယိုကျင့်သည် ပန်းကန်အလွတ်ကို ယူကာ အနောက်ခြံထဲမှ ထွက်လာခဲ့သည်။ ယိုရင်နှင့်ယိုထင်တို့ နှစ်ဦးသာ ပန်းကန်များကို ရှင်းလင်းနေကာ အခြားညီမများ၏ အရိပ်အယောင်ပင် မတွေ့ရ၍ ယိုရင်အား မေးလိုက်ရသည်။ “ယိုရင် ရှောင်ဝူ‌၊ ရှောင်လျှို့နဲ့ အခြားသူတွေရော”

ယိုရင်သည် တတိယအစ်မ(ယိုကျင့်) ရောက်သည်နှင့် အနားသို့တိုးကာ တီးတိုးပြောလိုက်သည်။

“ဒေါ်လေးနောက်လိုက်ပြီး အရှေ့ခြံထဲသွားကြပြီ”

“မင်းရော လိုက်မသွားဘူးလား” ယိုကျင့်သည် ယိုရင်၏လက်ထဲရှိ တူများကို စားပွဲပေါ်ချပြီးနောက် အမျိုးသမီးစု စားသောက်ထားသော ပန်းကန်အလွတ်နှင့် တူများကိုပါ ထိုတူများနှင့်အတူ တင်ထားလိုက်သည်။

“အရှေ့ခြံထဲသွားပြီး ညီမလေးတွေကို သွားကြည့်ချေ။ သူတို့ကို ဒေါ်လေးအခန်းထဲမှာ ခုန်ပေါက်မနေစေနဲ့”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset