EYYJ အပိုင်း ၈

အပိုင်း (၈) မနပ်တဲ့ထမင်း

အမျိုးသမီးစုသည် အမျိုးသမီးဟန်နှင့် အချိန်အကြာကြီး စကားပြောရန် သူမ၏အင်အားများကို တွန်းတင်ထားရလေသည်။ သူမ အမှန်ပင်ပန်းနေပြီကို သတိပြုမိသည့် အမျိုးသမီးစုက ဆက်မနေလိုက်တော့ပေ။

“ ယောက်မ ရှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါနော်၊ ရှင့်အတွက် မဟုတ်ရင်တောင် ရှင့်သမီးတွေအတွက်တော့ ဂရုစိုက်ပါ”

လေးလံသည့် ခံစားချက်တို့ဖြင့် သူမ လှိုက်လှိုက်လှဲလှဲ အကြံပေးလိုက်လေသည်။ ထို့နောက် အမျိုးသမီးစုသည် အနောက်ဆောင်မှ လက်ဗလာဖြင့် ထွက်လာပြီး သူမနေထိုင်ရာ အရှေ့ဆောင်၏ အောက်ဘက်အခန်းသို့ ပြန်လာခဲ့တော့သည်။

အခန်းထဲက ကုလားထိုင်ပေါ်တွင် သတိဖြင့် ထိုင်နေသည့် ယွဲ့ယိုဟယ်သည် သူမအမေပြန်လာသည်ကို မြင်လိုက်သည်နှင့် မြန်မြန်ထကာ သူမလက်ကို ဖက်လိုက်လေသည်။

“ အမေ နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်၊ မောင်လေးတွေကလည်း ပထမမိသားစုက အကိုတွေနဲ့ ကစားဖို့ ထွက်သွားတယ်၊ အခန်းထဲမှာ သမီးတစ်ယောက်ပဲ ကျန်ခဲ့တာ၊ ပျင်းလိုက်တာ”

အမျိုးသမီးဟန်က သမီဖြစ်သူကို ဆွဲကာ ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ရေတစ်ခွက်ထည့်ကာ ပြုံး၍ မေးလိုက်လေသည်။

“ ယိုထင်း သမီးနဲ့ စကားလာမပြောဘူးလား၊ အခု သူ ဘာလို့ ပြန်သွားတာလဲ”

သူမအမေက ယွဲယိုထင်းအကြောင်း ထုတ်ပြောလာသည်ကို ကြားလိုက်ပြီး ယိုဟယ်သည် နူးညံ့သည့် ပန်းရောင် နှုတ်ခမ်းလေးကို စူလိုက်ကာ

“ အမေရယ် အဲအကြောင်း မပြောပါနဲ့၊ ဝမ်းကွဲအစ်မက သူရောက်လာတော့ ဟိုကြည့်လိုက် သည်ကြည့်လိုက်နဲ့၊ သမီးရဲ့အဝတ်အစားတွေများ သူနဲ့ တန်ရင် ယူသွားတော့တာပဲ၊ သူ့ကို မြင်ရတာ အရမ်းစိတ်ရှုပ်လို့ အကြောင်းပြပြီး သူ့ကို ပြန်ခိုင်းလိုက်တာ”

အမျိုးသမီးဟန်ဘေးတွင် ထိုင်ရင်း သူမ ဆက်ညည်းညူလိုက်လေသည်။

“ မြို့မှာတုန်းကဆို ဘယ်လောက်ကောင်းလိုက်သလဲ၊ ဒီတောကလူတွေက အပြင်လောကကြီးကို ဘယ်တော့မှ မမြင်ဖူးကြဘူး၊ အဲဒါကိုမြင်ရတာ သမီး စိတ်ပျက်လွန်းလို့ပါ”

အစပိုင်းတွင် အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ညည်းညူနေသည့်စကားကို ပြုံးလျက် နားထောင်နေသေးသည်။ သို့သော် သမီးဖြစ်သူကို ထိုသို့မြင်လိုက်ရသည်တွင် သူမ၏မျက်နှာမှာ အနည်းငယ် ခက်ထန်သွားတော့သည်။

“ ဘာ တောကလူတွေလဲ၊ သမီးက ဒီအတိုင်း မြို့မှာရှိနေလို့ မြို့မှာမွေးလာတာ၊ ဒီနေရာက အမြဲတမ်း သမီးရဲ့အိမ်ပဲ၊ သမီးကိုယ်တိုင်ကလည်း တောကလူပဲ၊ ဒီလို အဆင့်မြင့်တဲ့သူကို ဦးညွှတ်၊ အဆင့်နိမ့်တဲ့သူကို ချနင်းတတ်တာ ဘယ်ကရောက်လာတဲ့ အတွေးအခေါ်တွေလဲ”

အမျိုးသမီးစုသည် ကုန်သည်မိသားစုငယ်လေးတစ်ခုတွင် မွေးဖွားလာခဲ့သော်လည်း သူမသည် မိသားစုလေး၏ တစ်ဦးတည်းသောသမီး ဖြစ်လေသည်။ ထို့အပြင် သူမ၏အမေက သန်မာသူ ဖြစ်လေသည်။ သူမ၏အဖေမှာ ကိုယ်လုပ်တော်များကို မတော်ကောက်ရဲခဲ့ပေ။ ထို့ကြောင့် သူမသည် ယောက်ျားလေးတစ်ယောက်လို သင်ကြားခံခဲ့ရ၏။ ထို့ကြောင့်ပင် သူမသည် အမျိုးသမီးအများစုထက် ပို၍ ရည်မှန်းချက် ကြီးလေသည်။ ဒုတိယမိသားစု၏ သမီးများကိုလည်း ကိုယ်ချင်းစာမိသည်။ ထို့ကြောင့် မကြာခဏဆိုသလို အမျိုးသမီးစုကို တိတ်တဆိတ် ကူညီပေးခဲ့သည်။ အိမ်ဦးနတ်က မြို့တွင် နေသော်လည်း သူမ၏မိသားစုထဲသို့ မဝင်ခဲ့သည်ကိုလည်း သူမ သိပြီးဖြစ်သည်။ သူမ၏မိသားစုသည် ယွဲ့မိသားစုဝင်များ ဖြစ်နေသေးသည်။ သမီးဖြစ်သူ၏စကားများက အမှန်ပင် မှားနေလေသည်။ ယောက္ခမသာ ကြားသွားလျှင် ပြဿနာတက်ပေတော့မည်။

သူမအမေက သူမကို ရုတ်တရက် ဤသို့ပြောလိုက်သည်ကို မြင်လိုက်ရပြီး ယွဲ့ယိုထင်း မငြင်းဆန်ရဲသော်လည်း စိတ်ထဲတွင်တော့ မကျေနပ်နေချေ။ သူမ၏အမှားကို လိမ်လိမ်မာမာ ဝန်ခံလိုက်လေသည်။

“ သမီးအမှားကို သိပါပြီ”

အမျိုးသမီးဟန် သက်ပြင်းချက်လိုက်၏။ သူမ တဖြည်းဖြည်း ပျော့ပြောင်းလာပြီး သူမကို ရှင်းပြလိုက်လေသည်။

“ သမီးမှာ မောင်လေးနှစ်ယောက် ရှိသေးတယ်၊ ပြီးတော့ အခု မြို့မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေနေရတယ်၊ ဒါပေမဲ့ ဒီမိသားစုက နောက်ဆို သမီးရဲ့တောင်ကြီး ဖြစ်လာလိမ့်မယ်၊ မိသားစု တိုးတက်ဖို့အတွက် အရေးကြီးဆုံးက မောင်နှမတွေ အတူတူလုပ်ကိုင်ကြဖို့ပဲ၊ အမေက သမီးကြီးတော်ကြီးရဲ့ အကျင့်တွေကို မကြိုက်ပေမဲ့ သမီးမောင်လေးနှစ်ယောက်ကို ပထမမိသားစုက ဝမ်းကွဲတွေနဲ့ သွားမလည်ဖို့ တားခဲ့ဖူးလား၊ သမီးရဲ့ဝမ်းကွဲအစ်မ ယိုထင်းကလည်း ငယ်ငယ်ကတည်းက ရွာမှာပဲ နေလာတာလေ၊ သူက သမီးလောက် အပြင်လောကကို ဘယ်မြင်ဖူးပါ့မလဲ၊ ဒီလိုဆိုရင်တောင် သမီးက လူတွေကို အထင်မသေးရဘူး နားလည်လား၊ သူ့ကို တစ်ခုခု ထူးဆန်းတာ ပြလိုက်တာပဲလေ၊ သမီးမှာ လျော့သွားတာမှ မရှိတာ၊ ဘာစိုးရိမ်စရာလိုလို့လဲ”

ယွဲ့ယိုဟယ်သည် ငယ်စဥ်ကတည်း အမျိုးသမီးစု ဂရုတစိုက် ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူ ဖြစ်လေသည်။ သူမသည် သဘောထားသေးသူတစ်ယောက် မဟုတ်ပေ။ ယွဲ့ယိုထင်း၏ ဟိုလှန်သည် လှန်လုပ်ရပ်ကို ဒေါသထွက်ပြီး ဘာမှမစဥ်းစားဘဲ ပြောထွက်သွားခြင်းဖြစ်သည်။ အမျိုးသမီးစု၏ စကားကို နားထောင်လိုက်ပြီးနောက် သူမ၏ပြဿနာကို သဘောပေါက်သွားပြီး သူမ၏အမှားကို လိုလိုချင်ချင် ဝန်ခံလိုက်တော့သည်။

“ အမေ သင်ပေးတာ မှန်ပါတယ်၊ သမီး မှားမှန်းသိပါပြီ”

သမီးဖြစ်သူ၏ သဘောထားကို မြင်လိုက်ရပြီးနောက် အမျိုးသမီးစု သက်ပြင်းချလိုက်ပြန်သည်။

“ အခုဆို သမီးက ၁၃နှစ်ရှိပြီ၊ လက်ထပ်ဖို့ အရွယ်လည်း ရောက်ပြီ၊ သမီး စကားတွေသာ အပြင်ရောက်သွားရင် တခြားသူတွေသမီးကို ဘယ်လိုထင်ကြမလဲ စဥ်းစားကြည့်၊ သူတို့တွေ အမေတို့ ယွဲ့မိသားစုက သမီးကို ဘယ်လိုမြင်ကြမလဲ”

သမီးဖြစ်သူ၏ ဆံပင်ရှည်လေးများကို သပ်ပေးရင်း နူးညံ့စွာပြောလိုက်လေသည်။

“ မိန်းမတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံးက သူ့ကိုယ်တိုင်ရဲ့လက်ထပ်ပွဲပဲ၊ မရှက်ပါနဲ့လေ၊ ဒီစကားကို သိထားတာက မသိတာထက်စာရင် ပိုကောင်းတယ်”

ယိုဟယ်မှာ အနည်းငယ် ရှက်နေသေးသည်။ အမျိုးသမီးဟန်၏ စိတ်ထဲကလာသည့် ဆုံးမစကားများကို နာခံရင်း ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်လေသည်။

“ အမေ ပြောတာ မှန်ပါတယ်၊ သမီးသိပါပြီ”

***

မီးဖိုခန်းထဲတွင် ယိုရင်နှင့်အတူ မိသားစုညစာအတွက် ပြင်ဆင်နေသည့် ယိုကျင့်သည် ပင်မအိမ်တော်တွင် ဘာတွေဖြစ်နေမှန်း မသိပေ။ ယောက်မကြီးတစ်ခုကို ကိုင်ကာ အိုးထဲက မကျက်သေးသည့်အသီးအရွက်များကို မွှေနေလိုက်သည်။ ယိုကျင့်သည် ပြည့်သိပ်ကျပ်ညပ်နေသည့် မီးဖိုခန်းကို ကြည့်လိုက်၏။ သူမနှင့် ယိုရင်သာ မီးဖိုထဲတွင် ချက်ပြုတ်နေလေသည်။ စိတ်ထဲတွင် ရေရွတ်နေလိုက်တော့သည်။ ဒီအဘွားချန်ရဲ့ မေတ္တာက တကယ်ကြီးမားလေရဲ့နော်။ မိသားစုတစ်ခုလုံး အိမ်မှာ ထမင်းလာစားတာကို ကလေးနှစ်ယောက်ထဲနဲ့ လွှတ်ထားပြီး စိတ်ချနိုင်သတဲ့။

တတိယမိသားစုနှင့် ပထမမိသားစုက အဖိုးတန်မြေးလေးနှစ်ယောက် ပြန်လာသည့်အတွက် အဘွားချန်သည် သည်နေ့ညစာ ပြင်ဆင်ရန် ငွေအများအပြားသုံးခဲ့လေသည်။ တတိယအိမ်တော်က ဝယ်လာသည့် ဝက်သား သုံးပိဿာလုံးကို ဟင်းပွဲအနည်းငယ် ပြင်ဆင်ရန် မီးဖိုခန်းသို့ ယူလာခဲ့သည်။ သူမ၏အဖိုးတန်မြေးလေးများ ဆာလောင်နေမည် စိုးသောကြောင့်ပင်။ သို့သော် သူမကတော့ ဘာမှမလုပ်ဘဲ ရှိနေလေသည်။ သူမသည် မီးဖိုခန်းက ထွက်လာချိန်၌ အာဟာရမဲ့နေသည့် ညီအစ်မနှစ်ယောက်ကို ကြောက်စရာကောင်းလောက်အောင် ခပ်စိမ်းစိမ်းကြည့်လိုက်သေးသည်။

“ ငါတို့အတွက် ကောင်းကောင်းလေးဖြစ်အောင် သေချာချက်နော်၊ ခိုးစားရဲလို့ကတော့ နင်တို့အသားတွေ သတိသာထားတော့”

အဘွားချန်ကို တလေးတစားဖြင့် နှုတ်ဆက်လိုက်ပြီးနောက် နှုတ်ခမ်းများ ကွေးတက်သွားတော့သည်။ ယိုကျင့်တွင် ညစ်ကျယ်ကျယ် စိတ်ကူးလေးတချို့ ရောက်လာလေသည်။ သူမသည် ဟင်းပွဲနှစ်ခုကို အနည်းငယ် ဆားငန်သွားအောင် ဆီပူထိုးလိုက်ပြီး ဆန်လုံးညိုကို မကျက်တကျက်ဖြစ်အောင် ပေါင်းလိုက်လေသည်။ ယိုရင်က အိုးထဲက ဆန်များကို ကြည့်လိုက်ပြီး သူမ၏လက်ကို စိုးရိမ်တကြီး ပွတ်သပ်ကာ ပြောတော့သည်။

“ စန်းကျဲ ထမင်းမကျက်ဘူး၊ ဘာလုပ်ရမလဲ အဘွားတော့ ခဏနေ စိတ်ဆိုးတော့မှာပဲ”

ယိုကျင့်မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဖြစ်သွား၏။

“ မကြောက်ပါနဲ့၊ မိုးပြိုရင်တောင် အစ်မ ထောက်ခံထားပေးမယ်၊ စားတဲ့အချိန်ကျရင်သာ ဘာအသံမှ မထွက်နဲ့၊ မကြီးကို ယုံထားလိုက်”

ယိုရင်သည် အဘွားချန်ကို ငယ်ကတည်းက ကြောက်ရွံ့ရလေသည်။ သို့သော် အစ်မဖြစ်သူက အလွန်ယုံကြည်ချက် ရှိနေသည်ကို မြင်လိုက်ရပြီးနောက် သူမ၏ မသက်မသာဖြစ်နေသည့် စိတ်တို့သည် ထူးထူးဆန်းဆန်း တည်ငြိမ်သွားတော့သည်။ သူမ အားတက်သွားကာ ခေါင်းညိတ်ပြလိုက်လေသည်။

“အွန်း ညီမ စန်းကျဲကို ယုံတယ်”

အိုးမှ နောက်ဆုံးကျန်သည့် ဝက်အာလူးဟင်းပွဲကို ထုတ်လိုက်ပြီးနောက် ယိုကျင့်က ယိုရင်ကို ထမင်းခူးဖို့ အချက်ပြလိုက်လေသည်။

“ အစားအသောက်တွေအားလုံးကို စားပွဲပေါ်ချလိုက်၊ ပြီးရင် အားလုံးကို စားသောက်ဖို့ ခေါ်လိုက်တော့”

သည်နေ့အစားအသောက်များသည် အလျှံပယ်ဖြစ်သည်ဟု ဆိုရမည်။ သည်တစ်ကြိမ်တွင် ယွဲ့ချန်ရှို့က အဆီပြည့်ပြည့် ဝက်သုံးပိဿာကို ဒကာခံလေသည်။ ယောက်ျားများကို ဦးစားပေးတတ်သည့် ယွဲ့တာ့ဖူနှင့် လောဘကြီးပြီး ဒုတိယမိသားစုကို အနိုင့်ကျင့်ရသည်ကို သဘောကျသည့် ယွဲချန်ဖူထက်စာလျှင် တတိယမိသားစုသည် ဒုတိယမိသားစုနှင့် အရင်းနှီးဆုံးဟု ဆိုနိုင်လေသည်။ ယွဲ့ချန်ရှို့က ဖာသိဖာသာ နေတတ်သော်လည်း အမျိုးသမီးဟန်သည် အမျိုးသမီးစုနှင့် အမြဲလိုလို ရင်းရင်းနှီးနှိး နေတတ်ပြီး သူမနှင့် ညီမငယ်လေးများကိုလည်း အလွန်ဖော်ဖော်ရွေရွေ ရှိလေသည်။

ယိုကျင့်စကားကို နားထောင်လိုက်ပြီး ယိုရင်သည် အစားအသောက်များကို မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်လေသည်။

မူလက ပြောင်ရှင်းနေသည့် ယွဲ့မိသားစုခြံဝင်းသည် မကြာမီတွင် အရသာရှိသည့် ရနံ့များ ပြည့်သွားတော့သည်။ အစောပိုင်းက ပျောက်သွားသည့် ပထမမိသားစုမှ သားအမိသည်  အဘွားချန်လက်ထဲက ဇွန်းကို ကြည့်ရင်း ဇွန်းတစ်ဝက်လောက် ဒေါသများ ထွက်ကျလာမည်ကို ကြောက်ရွံလျက် ငေးကြည့်နေကြသည်ကို မြင်လိုက်ရာ ယိုကျင့်သည့် မျက်လွှာချထားလိုက်ပြီး စိတ်ထဲက မကျေမနပ်ပြောလိုက်လေသည်။

အမျိုးသမီးစုသည် အသီးအရွက်များ အပြည့်ထည့်ထားသည့် စားပွဲပေါ်က အိုးကြီး လေး-ငါးလုံးမှစကာ ပြာများ တင်နေသည့်ဆံပင်နှင့် ဝါဝါညစ်ညစ် အသားအရေရှိသည့် ညီအစ်မနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမ ပြုံးလိုက်ပြီး ယိုကျင့်အတွက် အသားတုံးနှင့်အာလူးကြော်ကို ခပ်ထည့်ပေးလိုက်တော့သည်။

“ ညီအစ်မတွေ ကြိုးစားပေးခဲ့လို့ ကျေးဇူးပဲနော်၊ ဒေါ်လေးကို ကူညီပေးပါလို့ ခေါ်ရမယ်ဆိုတာ မသိဘူးလား၊ များများစားနော်၊ ခန္ဓာကိုယ်ကို မပင်ပန်းစေနဲ့”

ထို့နောက် သူမသည် ယိုရင်အတွက် အသားခပ်ထည့်ပေးလိုက်ပြန်သည်။ အဘွားချန်၏ နီရဲနေသည့် မျက်လုံးများက သူမကို ကြောက်စရာကောင်းလောက်ကို ကြည့်နေသည်ကိုတော့ လုံးဝသတိမထားမိပေ။

အဘွားချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယိုရင်က အဘွားဖြစ်သူ၏မျက်နှာပေါ်က ရင်းနှီးပြီးသား အကြည့်ကို သတိထားမိသွားတော့သည်။

ကြောက်ရွံ့ကာ အနည်းငယ် တုန်ယင်သွားသည့် ယိုရင်းက ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး စားရန် ကြိုးစားလိုက်တော့သည်။ သို့သော် ယိုကျင့်က သူမကို တားလိုက်၏။

“ ညီမလေး ဒေါ်လေးကို ကျေးဇူးတင်စကား မပြောသေးဘူးလား”

ထို့နောက် သူမ ယိုရင်၏အင်္ကျီလက်ကို စားပွဲအောက်မှ လှမ်းဆွဲလိုက်လေသည်။

သူမ၏လှုပ်ရှားမှုကို မြင်လိုက်ရသည့် ယိုရင်မှာ ကြွေပန်းကန်လုံးကို တွန့်ဆုတ်ကာ ပြန်ချလိုက်ပြီးနောက် လေသံဖြင့် ပြောလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ဒေါ်လေး”

အဘွားချန်သည် သည်းခံနေလာရင်းမှ နောက်ဆုံးတော့ ကုလားမနိုင် ရခိုင်မဲလေတော့သည်။

“ အားလုံး စားကြတော့၊ ဘယ်အလုပ်မှ ပျက်စီးရာပျက်စီးကြောင်း မရှိဘူး၊ နေ့နေ့ ညည စားဖို့ပဲသိတယ်”

ဘေးစားပွဲတွင်တော့ ယွဲ့တာ့ဖူသည် တတိယသား မြို့က ယူလာသည့် အရက်ကို သားသုံးယောက်နှင့် ပျော်ပျော်ရွှင်ရွှင် သောက်နေလေသည်။ အဘွားချန် အော်ငေါက်နေသည်ကို ကြားလိုက်ပြီး မကြည်မလင်ဖြင့် သောက်လက်စ အရက်ခွက်ကို ချလေသည်။ သူ အော်ပြောလိုက်၏။

“ ကဲပါ အဘွားကြီးရယ် တစ်နေ့လုံး မနားသေးဘူး၊ ဒီနေ့ တစ်နေ့လုံးလည်း အဲလိုပဲ လုပ်နေတော့တာပဲ”

စိတ်ထဲတွင် ဒေါသထွက်နေပြီးဖြစ်သည့် အဘွားချန်သည် ယောက်ျားဖြစ်သူ၏ အဆူခံလိုက်ရသဖြင့် ပိုဒေါသထွက်လာတော့သည်။ သူမ ပေါက်ကွဲတော့မည့်ဆဲဆဲ ယိုထင် ပြောလိုက်သည့်စကားကို ကြားလိုက်ရတော့သည်။

“ ဟင် ဒီနေ့ ထမင်းက မကျက်ဘူး”

အဘွားချန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း ဒေါသူပုန်ထသွားတော့သည်။ သူမ၏ တူအစုံကို စားပွဲပေါ်သို့ ဗြန်းခနဲ ချလိုက်၏။ ဒုတိယမိသားစုက ဆန်ကုန်မြေလေးနှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။

“ ဒီည ဘယ်သူ ထမင်းချက်တာလဲ”

ထိုကြောက်စရာကောင်းလှသည့်စကားလုံးများသည် အရိုးထိအောင် ထိုးဖောက်သွားပြီး ယိုရင်ကို လန့်ဖျပ်သွားစေရာ နှုတ်ဆိတ်နေမိတော့သည်။ စားပွဲအောက်က သူမ၏လက်များသည် အင်္ကျီလက်ထဲတွင် တင်းကြပ်စွာ ဆုပ်ထားမိလေသည်။ ဘာလုပ်ရမည် မသိတော့ပေ။

အဘွားချန်သည် စားပွဲပေါ်က တူကို ကောက်ကိုင်ကာ ယိုကျင့်မျက်နှာဆီ ပစ်ပေါက်လိုက်ပြီး ဆူပူလေတော့သည်။

“ အရှက်ကမရှိ၊ စားဖို့ပဲ သိပြီ ဘာမှမလုပ်တတ်တဲ့ ဆန်ကုန်မြေလေးတွေ၊ တကတည်း ငါတို့ ယွဲ့မိသားစုကို ဒုက္ခလာပေးမဲ့ ဂြိုဟ်ဆိုးဝင်စားတဲ့ဟာတွေ၊ ဒီလောက်ကောင်းတဲ့ ဆန်လုံးညိုတွေကို မကျက်တကျက် ဖြစ်အောင်လုပ်တယ်၊ ဒီနေ့မှ နင်တို့ကို ငါ မသတ်ရင် နင်တို့တွေ စိတ်ကြီးဝင်ပြီး အသိတရားဆိုတာ ဘာမှန်းသိမှာ မဟုတ်တော့ဘူး”

ပြောရင်းဆိုရင် ထရပ်ကာ ယိုကျင့်ကို ရိုက်ဖို့ ပြင်တော့သည်။

အဘွားချန်၏ ဒေါသကို သိကြသဖြင့် မည်သူမှ စကားမပြောရဲကြပေ။ အားလုံးက ခေါင်းငုံ့ကာ ငြိမ်ငြိမ်သက်သက် ထိုင်နေကြလေသည်။ ဘေးစားပွဲက အဖေဟု ခေါ်သည့်လူ အထင်သေးသည့်အကြည့်ကို မြင်လိုက်ရသည်တွင် ယိုကျင့်၏မျက်လုံးထဲ၌ သရော်သည့် အရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။ အဘွားချန်ပစ်လိုက်သည့် တူကို ရှောင်လိုက်ပြီးနောက်တွင် သူမကို ရိုက်ဖို့ ခပ်မြန်မြန် လျှောက်လာသည့် အဘွားချန်ကို မြင်လိုက်ရာ ယိုကျင့် မြန်မြန်ထရပ်လိုက်ပြီး သူမကို ကာကွယ်ပေးဖို့ လက်လှမ်းနေသည့် အမျိုးသမီးဟန်၏အနောက်သို့ ပြေးသွားလိုက်တော့သည်။ ထို့နောက်တွင်တော့ သူမကိုယ်သူမ စတင် ခုခံပြောဆိုလေတော့သည်။

“ ဒီထမင်းမကျက်တာ မြေးအပြစ်ပါ၊ သမီးက အရင်က ဒီလောက်လူအများကြီးအတွက် တစ်ခါမှ မချက်ခဲဖူးတော့ ရေကို မှန်အောင် မချိန်တတ်လို့ပါ….”

ခေါင်းကိုလှည့်လိုက်ပြီး သေနတ်ပြောင်းကို အမျိုးသမီးစုထံ ချိန်ပေးလိုက်တော့သည်။

“ဒီနေ့က ပထမမိသားစုက ချက်ပြုတ်ရမဲ့အလှည့်ပါ၊ ကြီးတော်သာ ချက်ရင် ဒီလိုပြဿနာဖြစ်မှာ မဟုတ်ဘူး…”

ယောက္ခမဖြစ်သူ၏ ဒေါသထွက်နေသည့်မျက်နှာကို မြင်လိုက်သည်တွင် အမျိုးသမီးဟန်သည့် သူမကို မြန်မြန်တားလိုက်ပြီး စကားလုံးလှလှဖြင့် ဖျောင်းဖျ ချောမော့လိုက်လေသည်။

“ အမေရယ် ထမင်းမကျက်တာပဲ ပြန်ယူသွားပြီး ရေနည်းနည်း ထပ်ထည့်ပြီး ပြန်ချက်လိုက်လို့ရပါတယ်၊ ပြီးတော့ ယိုကျင့်တို့ ညီအစ်မကလည်း ငယ်ပါသေးတယ်၊ သူတို့တွေ ဂရုမစိုက်မိတဲ့အခါလည်း ရှိမှာပေါ့၊ အမေက အမြဲတမ်း သားသမီးနဲ့ မြေးတွေကို ချစ်လာခဲ့တာ၊ ကိစ္စသေးသေးလေးကြောင့် ကလေးတွေကို ရိုက်ရင် ကျွန်မတို့ ယွဲ့မိသားစုရဲ့မျက်နှာ ပျက်ရလိမ့်မယ်၊ ဟုတ်တယ်မလားရှင်”

အဘိုးချန်၏မျက်နှာထားသည် အကျည်းတန်ပြီ ဖြစ်လေသည်။ အမျိုးသမီးဟန်က ဆန်ကုန်မြေလေးများကို ကာကွယ်ပေးပြီး စကားလုံးများသုံးကာ သူမကို တားမြစ်လိုက်သည်ကို တွေ့လိုက်ရသည်တွင် အဘွားချန်၏မျက်လုံးများသည် ဒေါသကြောင့် မီးဝင်းဝင်း တောက်သွားတော့သည်။ သို့သော်ငြား အဘိုးကြီးက သဘောမတူသည့် မျက်နှာထားဖြစ်နေလေရာ ပစ်မှတ် ပြောင်းလိုက်ပြီး အမျိုးသမီးချန်၏ခေါင်းကို ဖြန်းခနဲ ရိုက်လိုက်တော့သည်။

“ အစားကြူး ငပျင်းမ အိမ်မှာ ချက်ပြုတ်ရမဲ့အလှည့်ကို အခန်းထဲမှာ အိပ်နေပြီး အလုပ်ကို ရှောင်နေတယ်၊ ထမင်းတွေကို ယူပြီး သွားပြန်မပေါင်းသေးဘူးလား၊ ဒီနေ့ည နင် ထမင်းကောင်းကောင်း မချက်ရင်တော့ ဒီအဘွားကြီးက နင့်အရေခွံတွေကို ခွာပစ်ရလိမ့်မယ်”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset