အခန်း ၄၀ ။ တောအုပ်ကိုကာကွယ်စောင့်ရှောက်သော သားရဲဘုရင်များ
ရှန်းရင် လုပ်မိတာ သမ်းရုံပါပဲ။ သူမ စပြီးအသိဝင်ချိန်မှာတော့ တောအုပ်တစ်ဖက်ခြမ်းဆီ ပစ်ထည့်ခံလိုက်ရတာ သိလိုက်ရတယ်။ ဘေးပတ်လည်မှာ အပင်ကလွဲပြီး ဘာမှမရှိဘူး။ ပြီးတော့ သူမဘေးမှာ သစ်ရွက်လေးတစ်ရွက် ဝေ့ဝဲနေပြီး တစ်စုံတစ်ခုက မြေကြီးထဲ တူးနေတာ မြင်လိုက်ရတယ်…။
မုန်လာဥလား။ သူမ ရပ်လိုက်တယ်။ ဒီလောကက အားလုံးက ပုံစံခွက်အတူတူကနေ လုပ်ထားကြတာလား။ ဘာကြောင့် အားလုံးက တလှုပ်လှုပ်မုန်လာဥတွေနဲ့ တူနေရတာလဲ။ သူ မုန်လာဥကို မထိုးဆွဘဲ မနေနိုင်တော့အတွက် ပြောလိုက်မိတယ်။
“ဟဲ့ နင် ဘာလုပ်နေတာလဲ”
“ကျီ” မုန်လာဥက ဟောဟဲလိုက်နေပြီး ဖြည်းဖြည်းချင်း သူ့ဝတုတ်တုတ် အဖြူရောင်ကိုယ်လုံးကို လှည့်လာတယ်။ ရှန်းရင်ကို မြင်သွားတော့ သိသိသာသာကို လန့်သွားတဲ့ပုံ။ မြန်မြန်ပဲ ပြန်လှည့်သွားပြီး အရှိန်ပြင်းပြင်းနဲ့ ဆက်တူးနေလေရဲ့။
“ကျီကျီကျီ…”
တူးတာ လုံလောက်လားတောင် အရင်မစစ်ကြည့်ဘဲနဲ့ မုန်လာဥက တစ်ဝက်တူးထားတဲ့တွင်းထဲ သူ့ကိုယ်သူ မြှုပ်လိုက်လေတယ်။ တတ်နိုင်သမျှ အထဲတိုးဝင်ပြီးတော့ လက်နှစ်ဆုပ်စာမြေကြီးကို ဆုပ်ကာ သူ့ခေါင်းပေါ်သူ ပစ်ချတော့တယ်။ ပြီးလည်းပြီးရော ငြိမ်နိုင်သမျှငြိမ်ငြိမ်လေး နေတော့တာပဲ။
“…” ရှန်းရင် နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့တာပေါ့။ သူမ မုန်လာဥစိတ်ထဲကအတွေးတွေကိုတောင် ကြားနေရသလိုပဲ။
ငါလေးကို မမြင်ရဘူးမလား၊ ငါလေးကို မမြင်ဘူးမလားလို့၊ ဒီမုန်လာဥလေးကို မမြင်ရပါဘူးနော်… ဆိုပြီးတော့လေ။ ဒါက ထူးထူးခြားခြား တုံးအတဲ့ မုန်လာဥဝိညာဉ်လား။
သူမ နည်းနည်း အနားတိုးပြီး လေ့လာဖို့ ထိုင်ချလိုက်ရတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ဟိန်းဟောက်သံတစ်ခု သူမရှေ့ကနေ ထွက်လာတော့တယ်။ တစ်ခုခု သူမမျက်စိရှေ့ ဖြတ်သွားလေရဲ့။
ရှန်းရင် မော့ကြည့်လိုက်တော့ သူမ အမြင်အာရုံကို တောင်လောက်မြင့်တဲ့ သားရဲတစ်ကောင်က ဖုံးလွှမ်းသွားတယ်။ ဘယ်ချိန် ဘယ်လိုပေါ်လာလဲတောင်မသိဘူး။ သားရဲမျက်လုံးတွေက ကားရှေ့မီးနဲ့ တူပြီး အကြည့်တွေက တွင်းထဲက မုန်လာဥဝိညာဉ်ပေါ် အူတူတူကြည့်နေတယ်။
ရုတ်တရက်ကြီး ဖျတ်ခနဲ ပါးစပ်ဟကာ မြေကြီးဆီ လှမ်းကိုက်ပါလေရော။
မုန်လာဥခန္ဓာကိုယ်လေးက အစတုန်းက အစိမ်းရောင်သန်းနေပေမဲ့ ခုတော့ အဖြူကြီးပဲ။ မလှုပ်မယှက်အပင်လေးပဲလို့ ဆက်ပြီးဟန်ဆောင်လို့မရတော့ဘူး။ သားရဲရဲ့ သွားက မြေကြီးကို ထိတာနဲ့ မုန်လာဥဥ မြေတွင်းထဲကနေ အလန့်တကြားခုန်ထွက်လာတယ်။ ဝိုင်းကြီးပတ်ပတ်ပြေးနေပြီး “ကျီ ကျီ ကျီ…” လို့လည်း မြည်နေတယ်။
သူ ဘယ်ကိုဦးတည်နေလဲတောင် မသိတဲ့ပုံ။ တစ်ပတ်ပြည့်အောင် ပတ်ပြီးတဲ့နောက်တော့ သစ်ပင်တစ်ပင်နဲ့ တဲ့ဝင်တိုးပြီး သစ်ပင်ထိပ်က သစ်ရွက်တွေပါ လှုပ်ယမ်းသွားခဲ့လေတယ်။ မုန်လာဥက မြန်မြန်စိတ်အာရုံပြန်စုစည်းပြီး ထွက်ပြေးဖို့ လမ်းကြောင်းရှာတော့တယ်။ ဒါပေမဲ့ မချင့်မရဲဖြစ်စရာက ပုန်းစရာနေရာမရှိတာပဲ။ ရုတ်တရက်ကြီး သူက ရှန်းရင်ဆီ ပြေးလာပြီး သူမအင်္ကျီထဲ တန်းဝင်သွားလေတယ်။ ရှန်းရင် သူမရဲ့အထည်အောက်မှာ အဲမုန်လာဥ တုန်ယင်နေတာကို ခံစားလိုက်ရတယ်။ မြေကြီးထဲ ခေါင်းဖွက်ထားတတ်တဲ့ ငှက်ကုလားအုတ်လိုမျိုးပဲ မုန်လာဥကလည်း သူ့အဖြူရောင်ခန္ဓာကိုယ်တစ်ဝက်ကို ဖော်ထားလေရဲ့။
သားရဲက မတ်မတ်ပြန်ရပ်လိုက်တယ်။ ပါးစပ်ထဲမှာက မြေကြီးအပြည့်နဲ့။ မုန်လာဥက လွတ်သွားပြီးတော့ သားရဲပါးစပ်ထဲမှာ မြေကြီးတွေပြည့်နေတုန်း သားရဲ လှမ်းကိုက်လိုက်တဲ့နေရာမှာတော့ အပေါက်ကြီးတစ်ပေါက် ဖြစ်နေလေတယ်။ ဒေါသပေါက်ကွဲပြီး မျက်လုံးက ပြူးကျယ်သွားပါလေရော။ သားရဲက ဟိုဟိုဒီဒီရှာပြီး ရှန်းရင်ပေါ် အကြည့်ရောက်သွားခဲ့တယ်။ သားရဲအတွက်တော့ ရှန်းရင်က သူ့မျက်စိရှေ့အောက်က အစာကို ခိုးသွားတဲ့ရန်သူပဲ။ သူ့ခန္ဓာကိုယ်ပေါ်က ကြေးခွံတွေက ရုတ်တရက်ဖြာထွက်ကုန်ပြီး ရှန်းရင်ကို သွားတွေ ဖြဲပြကာခြောက်ဖို့ ကြိုးစားပါလေရော။
ဝေါ….
နံစော်နေတဲ့ လေက ရှန်းရင်မျက်နှာကို လာရိုက်ခတ်တော့တယ်။ သားရဲကောင်က ပါးစပ်ကို နောက်တစ်ခေါက်ဟပြီး မုန်လာဥအတွက် နောက်ထပ်အကွက်ရွှေ့ဖို့လုပ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ သားရဲက ရှန်းရင်ကိုပါ အတူတူမျိုချဖို့ ရည်ရွယ်ချက်နဲ့။
ရှန်းရင် မျက်ခုံးတွေ မြင့်တက်သွားတော့တယ်။ သူမ လက်လှမ်းမိပြီး အလိုလို ရိုက်ချမိလိုက်တယ်။
“နံလိုက်တာဟယ်”
ရိုက်သံကျယ်ကြီးနဲ့အတူ သားရဲရဲ့ခေါင်းက သံလုံးတစ်လုံးလိုအရှိန်နဲ့ မြေကြီးထဲ ရိုက်ချခံလိုက်ရတော့တယ်။ အရှိန်ပြင်းချက်က တွင်းကြီးတောင် ပိုကျယ်သွားလေရဲ့။ သားရဲကောင်ရဲ့ ခန္ဓာကိုယ်တစ်ဝက်က ခေါင်းနဲ့အတူ မြေကြီးထဲ ပျောက်သွားခဲ့တယ်။ လွယ်လွယ်နဲ့ထွက်နိုင်တော့မဲ့ပုံ မပေါ်ဘူး။
မြေကြီးပေါ် ရှိနေသေးတဲ့ ခြေထောက်ခြောက်ချောင်းကတော့ အနည်းငယ်တွန့်သွားပြီးနောက်မှာ ငြိမ်သက်သွားခဲ့လေတယ်…။
ရှန်းရင်မျက်မှောင်ကြုတ်ကြီး နှာခေါင်းရှေ့ကလေကို လက်ယမ်းလိုက်တယ်။ အနံ့က တစ်ခဏနေမှ လုံးဝပျောက်သွားတယ်။ သားရဲက တကယ့်ကို ပယ်ပယ်နယ်နယ် အသက်ရှူထုတ်ခဲ့တာပဲ။ သူမရှေ့က အသားတုံးကြီးကို လေ့လာရင်း အာပုတ်စော်နံတဲ့သားရဲတွေကို စားရမရ စဉ်းစားနေတော့တယ်။
စားဖိုမှူးက ငါနဲ့ပါမလာတာ စိတ်မကောင်းစရာပဲ။ စားဖိုမှူးနဲ့ဖေဖေနျူနဲ့ကို အရင်ရှာတာကောင်းမယ်။
သူမ သားရဲကို စားမဲ့အကြံ လက်လျှော့လိုက်ပြီး ပြန်လမ်းရှာဖို့ ဘယ်ဘက်ဦးတည်ရမလဲ စတွေးတော့တယ်။
“ဘာလို့ နင်ငါ့နောက်လိုက်နေတာလဲ” ဒါပေမဲ့ သူမ လမ်းစစလျှောက်ချင်းမှာပဲ နောက်ကနေ တန်းလန်းတစ်ခုပါလာတာ သတိထားမိသွားတယ်—မုန်လာဥဝိညာဉ်က သူမဘေးကနေ ခုန်ဆွခုန်ဆွလိုက်နေတာပဲ။
“ကျီကျီ” မုန်ခာဥက ခေါင်းပေါ်က အရွက်တွေကိုခါရင်း ပြန်ဖြေရှာတယ်။ ရှန်းရင်ကိုအမှီလိုက်ဖို့ ခုန်ဆွခုန်ဆွ အမြန်ပြေးလာပြီး စိတ်လှုပ်ရှားနေတဲ့အသံတွေဖန်တီးရင်း သစ်ရွက်တွေနဲ့ သူမခြေထောက်ကို ဖက်တော့တယ်။
ကျီကျီက ဘာကြီးတုံး။ ရှန်းရင် သူ့အရွက်တွေကိုဖယ်ဖို့ ခြေထောက်ကိုခါလိုက်တယ်။
“လိုက်ပြေးပြီး မုန်လာဥတွင်းပဲတူးနေပါ” သူ မုန်လာဥတောင် ကြိုက်တာမဟုတ်ဘူး။
“ကျီ…” မုန်လာဥလေးက အသံကိုနှိမ့်ပြီး ခေါင်းပေါ်ကသစ်ရွက်တွေက ပျော့ဖက်သွားတယ်။ စိတ်ဓာတ်ကျသွားပုံပဲ။
ရှန်းရင် စိတ်ထဲမထားမနေနိုင်ဘူး။ သူမ ဆက်ရှာတော့မဲ့ဆဲဆဲမှာတင် မလှမ်းမကမ်းကနေ ရင်းနှီးနေတဲ့အသံနှစ်သံ ကြားလိုက်ရတယ်။
“ရှန်းရင်…”
“ဆရာရေ…”
အသံတွေက အဆတ်မပြတ် တစ်သံပြီးတစ်သံထွက်လာတယ်။ ထပ်တလဲလဲဖွင့်ထားတဲ့ အသံသွင်းတိပ်ခွေအတိုင်းပဲ။
ရှန်းရင်နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး အသံလာရာဘက် လှည့်လိုက်တယ်။ သားကောင်အလောင်းဘေးက ဖြတ်သွားတုန်း သူမ မြေကြီးထဲက ဆွဲထုတ်ပြီး ဆွဲခေါ်လာခဲ့တယ်။ အလောင်းကို ဖြစ်ကတတ်ဆန်း ဆွဲလာတာမို့ ပတ်လည်က သစ်ပင်တွေ မြေကြီးပေါ် လဲကျကုန်ပြီး လေထဲ သဲတွေလွင့်ကုန်တော့တယ်။ တောအုပ်ထဲက လေထုတစ်ဝက်လောက်နီးပါးက သဲတွေနဲ့ ပြည့်သွားတယ်။ အခု သူမမှာ စားဖိုမှူးရှိနေပြီလေ။
ငါးကီလိုမီတာအကွာ အထက်ထျန်းလန်လောကမှ သုံးယောက်အုပ်စု…။
“အဲဒါဘာအသံကြီးတုံး” ချင်းယင်က ပတ်ဝန်းကျင်ကို လေ့လာကြည့်ဖို့ ရပ်လိုက်တယ်။
“အရှေ့မှာ ဘာဖြစ်နေတာလဲ၊ ဘာလို့ လေထဲ သဲတွေနဲ့ ပြည့်နေတာလဲမသိဘူး”
“ကြည့်ရတာ တစ်ယောက်ယောက် ကံမကောင်းဘဲ သားရဲတစ်ကောင်ကောင်နဲ့ တွေ့သွားပုံပဲ”
ချင်းလန်က ပြန်ဖြေတယ်။
“မြင်ရသလောက်တော့ ဒီဘုံထဲက သားရဲအများစုက သားရဲဘုရင်တွေမဟုတ်ရင်တော့ အနည်းဆုံးတော့ အဆင့်၁၂သားရဲတွေလေ”
“အာ! ဒါဆို ငါတို့…”
“သွားကြည့်ဖို့ပဲရှိတာပေါ့၊ သွားကြရအောင်!”
——————
ကူယွဲ့နဲ့ယိချင်းတို့ မြစ်တစ်ဖက်ကမ်းလေးမှာတင်ရှိနေတဲ့ တစ်စုံတစ်ယောက်သောသူကို အကျိုးနည်းအကြာကြီး ရှာလိုက်ရတဲ့ နောက်ဆုံးတစ်ခေါက်ကို သတိရနေဆဲပဲ။ သမိုင်းတစ်ကျော့ မပြန်ချင်တာမို့ အလှည့်ကျ ရှန်းရင်ကိုအော်ခေါ်ပြီး တစ်ချက်တောင်မလွတ်သွားအောင် လုပ်ကြတော့တယ်။ သူတို့ တစ်နာရီအပြည့် အော်ခေါ်နေပြီးမှ နောက်ဆုံးတော့ မျက်နှာပေါ် ပျင်းလိုက်တာဆိုပြီး အပြည့်ရေးထားတဲ့ ရှန်းရင် သူတို့ဆီ အေးအေးလူလူလျှောက်လာနေတာကို သတိထားမိသွားခဲ့တယ်။ သူ့နောက်မှာက… တောင်ကြီးကို ဆွဲလာတာလား!
(⊙_⊙)
“ဆရာ” ယိချင်းက သူ့ဆီပြေးသွားပြီး အကွာအဝေးကို အမြန်ချုံ့လိုက်တယ်။
“ဟေး စားဖိုမှူး” ရှန်းရင် လက်ယမ်းပြလိုက်တယ်။
“ဒါဘာတုံး” ကူယွဲ့ ရှန်းရင်နောက်က မိုးထိုးနေတဲ့ သားရဲကောင်ကိုလေ့လာလိုက်တယ်။ သေချာပေါက် သူတို့စောနက ကြားလိုက်ရတဲ့ ဟိန်းသံကြီးက ဒီသားရဲကနေ လာတာမဟုတ်ပါဘူးနော်…။
“ဘာလို့ ဒါကြီးကို လျှောက်ဆွဲလာတာလဲ”
“အသားလေ” သူမက ချက်ကျလက်ကျ ပြန်ဖြေပြီး ယိချင်းဘက် လှည့်ပြောလိုက်တယ်။
“နင် နေ့လယ်စာ မစားရသေးဘူးမလား၊ လုပ်ကြည့်ကြည့် စားဖိုမှူးရေ၊ ဒီသားရဲရဲ့ အကောင်းဆုံးအပိုင်းကို ရွေးကြည့်”
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားလေရဲ့။ မင်းကသာ အသားစားချင်နေတဲ့သူလေ! မင်းက တကယ့်ကိုအစားသရဲပဲ- ဦးနှောက်ထဲ အစားပဲရှိတယ်။
“ဆရာ… ဒီသားရဲကို စားလို့မရပါဘူး” ယိချင်းက နာနာကျင်ကျင်ရှင်း ပြလာတယ်။
“ဘာလို့မရတာလဲ” သူမသာ ဒါကိုစောစောသိခဲ့ရင် ဒီသားရဲကိုဆွဲလာဖို့ အဲလောက် အားထုတ်မိမှာမဟုတ်ပါဘူး။
ကူယွဲ့ကတော့ မျက်ဆန်သာလှန်လိုက်တယ်။
“ဒီသားရဲက အဆိပ်ရှိတာအသိသာကြီး၊ တစ်ကိုယ်လုံးမှာ အဆိပ်တွေကြီးပဲ၊ သေချင်နေရင်တော့ ကိုယ့်ဘာသာစားပေါ့!”
သူက သားရဲကို အနီးကပ်ကြည့်ဖို့ ရှေ့တစ်လှမ်းတက်လာပြီးမှ ဆက်ပြောလိုက်တယ်။
“ဒါပေမဲ့…”
လက်တစ်ဖက်ဝှေ့ယမ်းပြီး ကူယွဲ့က လေပြင်းတစ်ချက် ပင့်ဆောင်လိုက်တယ်။ သားရဲကောင်ရဲ့ ခေါင်းကို ပိုင်းပြီး သူ့ပါးစပ်ကြီးကို ခွဲလိုက်တော့ သားရဲကောင်ထဲကနေ အစိမ်းရောင်အလင်းကြီး ဖြတ်ခနဲလင်းသွားခဲ့တယ်။ နောက်တော့ မြစိမ်းရောင်ပုလဲလုံးတစ်လုံး မျောလွင့်လာတယ်။
ကူယွဲ့ ချက်ချင်းပဲ ဂါထာတစ်ခု ရွတ်လိုက်တယ်။ ပုလဲက နေရာမှာတင် တစ်ခဏတုန်ယင်သွားပြီး နောက်ဆုံးတော့ ကူယွဲ့လက်ဖဝါးထဲ မျောလွင့်သွားတယ်။
“ဒီအတွင်းအမြုတေက တန်ဖိုးရှိတယ်၊ အဆင့်၁၂ သားရဲကောင်ရဲ့ အတွင်းအမြုတေက အဆိပ်ရာချီအတွက် ဖြေဆေးပဲ” သူ့ရဲ့ မီးမှော်အတတ်ကို ထုတ်သုံးပြီး စက္ကန့်အနည်းငယ်အတွင်းမှာတင် မီးတောက်တွေက သားရဲကောင်ကြီးကို ဝါးမျိုသွားခဲ့တယ်။
“ဟုတ်သား၊ ဒီသားရဲကောင်ကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ”
သူ့အတွေ့အကြုံပေါ် အခြေခံရရင် အဆင့်၁၂သားရဲတွေက ရုပ်သွင်ပြောင်းရာမှာ ကျွမ်းကျင်သူတွေ။ ရည်ရွယ်ချက်မရှိဘဲ သူတို့အသွင်မှန်ကို ဘယ်တော့မှ ဖော်ထုတ်ပြမှာ မဟုတ်ဘူး။
“အဲနေရာလေးမှာတင်” ရှန်းရင် သူမနောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ဘာလို့ မေးတာလဲ”
“ဆရာ” ယိချင်းက စရှင်းပြတယ်။
“ပုံမှန်အရဆို အဆင့်မြင့်သားရဲတွေရှိတဲ့နေရာမှာ ရတနာရှိလိမ့်မယ်၊ အခု ဒီသားရဲက သေသွားပြီဆိုတော့ သူ့ရတနာတွေက အစောင့်အကြပ်မရှိတော့ဘူး၊ သူတို့ကကျွန်တော်တို့ယူဖို့ အလကားဖြစ်သွားပြီ”
“အော်…” သူမ အခုတော့သဘောပေါက်သွားပြီ။ သူမက သားရဲကို သတ်လိုက်ပြီဆိုပေမဲ့ သူ့ပစ္စည်းတွေကိုတော့ မယူရသေးဘူး။
“သေချာစဉ်းစားကြည့်၊ ဒီအဆိပ်သားရဲကိုတွေ့တဲ့နေရာမှာ တခြားဟာရှိသေးလား”
ကူယွဲ့က ရှန်းရင်ကို သားရဲရဲ့အတွင်းအမြုတေပြရင်း မေးလာတယ်။
ရှန်းရင် တိတ်တဆိတ်စဉ်းစားရင်း ရုတ်တရက် ဝတ်ရုံကို ဆွဲခွာပြီး သူမခြေထောက်က တစ်စုံတစ်ရာကို ကောက်ယူလိုက်တယ်။
“ဘာလို့ခြေထောက်ဆွဲပြားကို ချွတ်နေရတာလဲ”
“ကျီ~” မုန်လာဥက ရှန်းရင်ခြေထောက်ကနေ ခွာရလို့ ဝမ်းမြောက်သွားတဲ့ပုံ။ သူက ပရိသတ်တွေကို နှုတ်ဆက်တဲ့အနေနဲ့ အရွက်လေးတွေကို လှုပ်ပြနေတယ်။
နှစ်ယောက်သား အံ့ဩမှင်တက်စွာနဲ့ မုန်လာဥကို စိုက်ကြည့်နေတယ်။ အတူတူ သူတို့ အာမေဋိတ်ပြုမိလိုက်ကြတော့တယ်။
“အပင်ဝိညာဉ်ပဲ”
“အပင်ဝိညာဉ်ပဲ”
…